မုံရွာမြို့တွင် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ် အနီးကပ်ပစ်ခတ်ခံရပြီး ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ စီးပွားရေးတက္ကသိုလ်အနီးတွင် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်ဖွဲ့အား အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးသွားကြောင်း Black Dragon Special Task Force မှ စက်တင်ဘာလ ၁၄ရက် ယနေ့တွင် ထုတ်ပြန်သည်။

စက်တင်ဘာလ ၁၃ရက်၊ ည ၁၀နာရီအချိန်ခန့်တွင် မုံရွာ – စီးပွားရေးတက္ကသိုလ်အနီး ဇလုပ်အဝိုင်းပတ်နား ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ရှောင်တခင် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ညက အဲဒီနားမှာ ကင်းပုန်းဝပ်တယ်ဆိုပြီး သတင်းရတဲ့အတွက် အနီးကပ် လက်နက်တစ်ကမ်း အလစ်အငိုက်ယူပြီးဝင်ပစ်ခဲ့တာပါ” ဟု Black Dragon Special Task Force မှ K.M.S.G က မဇ္စျိမသို့ ပြောသည်။

အနီးကပ် အလစ်အငိုက်ပစ်ခတ်ခံရသဖြင့် ပြန်လည်တုံ့ပြန်ပစ်ခတ်မှု ကောင်းစွာ မပြုလုပ်နိုင်ဘဲ၊ သေဆုံးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လက်နက်များကို ကောက်ယူရန်ကြိုးစားခဲ့သော်လည်း စစ်ကူရောက်ရှိလာကာ ၆၀မမ ၊ ၄၀မမ နှင့် လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် လက်နက်ရမည့် အခွင့်အရေးဆုံးရှုံးခဲ့ရကြောင်း ဆိုသည်။

ယင်း ပစ်ခတ်တိုက်ခိုက်သည့်အနီးရှိ စစ်ကူလာသောတပ်မှာ မုံရွာ – စီးပွားရေး တက္ကသိုလ်တွင် တပ်စွဲထားပြီး အင်အား ၄၀ခန့်ရှိကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို Black Dragon Special Task Force နှင့် God Of Monywa People Defense Force မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ကာကွယ်တပ်ဖွဲ့များမှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ကြောင်းဖော်ပြထားသည်။

စက်တင်ဘာလ ၁၂ရက်နေ့ မနက် ၁၂နာရီ ၃၀မိနစ်ခန့်က မုံရွာမြို့အဝင် မအူစစ်ဆေးရေးဂိတ်အား Black Dragon Special Task Force နှင့် အတူ မဟာမိတ် တပ်ဖွဲ့ ၁၄ဖွဲ့မှ ပူးပေါင်း၍ လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ စစ်သား လေးဦးနှင့် ရဲ တစ်ဦး သေဆုံးသွားကြောင်း သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s