စစ်ကောင်စီတပ်၏ အကြောင်းမဲ့ ဖမ်းဆီးနှိပ် စက်ခံရမည်စိုး၍ တိမ်းရှောင်လာသည့် တွံ တေးမြို့နယ်မှ မိသားစု ၄ စု အမြန်လမ်းပေါ်တွင် ဖမ်းဆီးခံရ

ရန်ကုန်တိုင်း၊ တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ် ဇီးဖြူကုန်းကျေးရွာရှိ မိသားစု လေးစု ရန်ကုန်- မန္တလေး အမြန်လမ်းပေါ်တွင် ဖမ်းဆီးခံလိုက်ရကြောင်း ဒေသတွင်း သတင်းရင်းမြစ်ထံမှ သိရသည်။

စစ်ကောင်စီတပ်က တွံတေးမြို့နယ် ဇီးဖြူကုန်းကျေးရွာအတွင်း တပ်စွဲကာ ကျေးရွာအတွင်းရှိ ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီးနှိပ်စက်မှုများရှိနေသည့်အတွက် စိုးရိမ်ပြီး တိမ်းရှောင်လာစဉ် စက်တင်ဘာလ ၄ ရက်နေ့တွင် ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။

“ပြီးခဲ့တဲ့ ရက်ပိုင်းက မြကန်သာမှာ အုပ်ချုပ်ရေးမှူးကား အပစ်ခံလိုက်ရတဲ့ ကိစ္စဖြစ်ပြီး စစ်ကောင်စီက တွံတေးတစ်ဖက်ကမ်း ဇီးဖြူကုန်းရွာကို မွှေတာပါပဲဗျ။ ရွာသားအချို့က ကြောက်လန့်ပြီး ရှောင်တိမ်းကြတာပေါ့။ မိသားစုလိုက် ရှောင်တိမ်းတဲ့ အခါကျတော့ လမ်းမှာတင် အဖမ်းခံရတာပါဗျ။ ” ဟု သတင်းရင်းမြစ်က မဇ္စျိမကို ပြောသည်။

အမြန်လမ်းတွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံလိုက်ရသည့် မိသားစု လေးစုတွင် လူဦးရေ အယောက် ၂၀ ခန့်ပါဝင်ပြီး ၎င်းတို့ထဲမှ အချို့ကို ပြန်လွှတ်ပေးမှုများ ရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ဆက်လက်ဖမ်းဆီးခံထားရသူများလည်း ရှိနေပြီး စစ်ကောင်စီတပ်က တွံတေးမြို့နယ်ရှိ စစ်ကြောရေးကို ခေါ်ဆောင်လာကြောင်းလည်း မြို့နယ်အတွင်း သတင်းများ ထွက်ပေါ်နေကာ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးကြောင်း ၎င်းက ဆက်ပြောသည်။

“ အဓိက ဖမ်းတာကတော့ ပကဖနဲ့ ဆက်နွယ်တယ်ဆိုပြီး ဖမ်းတာလို့ သိထားရတယ်၊ ဖမ်းခံထားရတဲ့သူ အချို့ကတော့ ပြန်လွှတ်တယ်လို့ သိရတယ်၊ သတင်းက ပျောက်နေတယ်၊ တွံတေးစစ်ကြောရေးကို ခေါ်လာတယ်လို့ အရပ်ပြောစကားတွေ ကြားထားရတယ်၊ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးဘူး” ဟု သတင်းရင်းမြစ်က ဆိုသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၂ ရက်နေ့၊ ညနေပိုင်းက တွံတေးမြို့ပေါ်တွင် အစည်းအဝေးတက်ပြီးပြန်လာသည့် ဇီးဖြူကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးအပါအဝင်၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ စီးနင်းလာသည့် မော်တော်ယာဉ်ကို မြို့ပြပြောက်ကျားတပ်ဖွဲ့(တွံတေး)၏ ပစ်ခတ်မှုအတွင်း ခြောက်ဦးသေဆုံးကာ ဆယ်အိမ်မှူးတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

အဆိုပါ ပစ်ခတ်မှု ဖြစ်စဉ်ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ဇီးဖြူကုန်းကျေးရွာရှိ ကျောင်းသစ်ဘုန်းတော်ကြီးကျောင်းတွင် တပ်စွဲကာ ကျေးရွာအတွင်းရှိ ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီးမှုများ ကြောင့် ယခု အမြန်လမ်းတွင် ဖမ်းဆီးခံရသည့် မိသားစုလေးစုအပါအဝင် ပြည်သူ အယောက် ၃၀ ကျော် ဖမ်းဆီးခံခဲ့ရသည်။

ထို့သို့ ဖမ်းဆီးခံထားရသူများကို စစ်ကောင်စီတပ်က တွံတေးမြို့နယ် မီးသတ်စစ်ကြောရေးတွင် မအင်္ဂါ၊ ကျားအင်္ဂါအပေါ် ပလပ်စတစ်ဗူးခွံ မီးရှို့ အစက်ချခြင်းအပြင် မတရားညှဥ်းပန်းနှိပ်စက်မှုများကြောင့် ပြည်သူနှစ်ဦး စစ်ကြောရေးတွင် သေဆုံးခဲ့ကာ အလောင်းပြန်လည်ရရှိခြင်း မရှိခဲ့ကြောင်း တွံတေးဒေသတွင်း သတင်းဌာနဖြစ်သည့် Twantay Daily News တာဝန်ရှိသူထံမှ သိရသည်။

ထို့အပြင် တွံတေးမြို့နယ်၊ ဇီးဖြူကုန်းရေတံခါးတွင် ဓာတ်ဆီရောင်းသည့် အမျိုးသားတစ်ဦးကို ၎င်း၏ မိသားစုအရှေ့တွင်ပင် စစ်ကောင်စီတပ်က ရက်ရက်စက်စက်ရ်ိုက်သတ်ခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့ကာ လက်ရှိအချိန်အထိလည်း စစ်ကောင်စီတပ်က တွံတေးမြို့နယ် ဇီးဖြူကုန်းကျေးရွာအတွင်း အထိုင်စခန်းချ တပ်စွဲထားမှုများ ရှိနေဆဲဖြစ်ကြောင်း သိရသည်။

တွံတေးမြို့ပေါ်တွင်လည်း စစ်ကောင်စီတပ်က အင်အားများစွာချထားကာ ပြည်သူများကို ဖိနှိပ်မှုမျိုးစုံပြုလုပ်နေပြီး ပြည်သူအချို့ ဖမ်းဆီးခံရမှုများလည်းရှိနေသလို တွံတေးမြို့နယ် အနီးတစ်ဝိုက်ရှိ ကျေးရွာများတွင်လည်း မကြာခဏ ဝင်ရောက်မွှေနှောက်မှုများ ပြုလုပ်နေကြောင်း ဒေ သခံများထံမှ သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s