လက်နက်အင်အားတောင့်တင်းသည့် ရေလယ်သောင်ရွာ (ပျူရွာ) ကို ဒေသခံပူးပေါင်းတပ် ဝင်တိုက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်နှင့် မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်ကြား ဧရာတီမြစ်ဘေးရှိ ပျူစောထီးကျေးရွာဟု နာမည်ကြီးသည့် ရေလယ်သောင်ကျေးရွာကို ဒေသခံပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်မှ ဝင်တိုက်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၁၃ ရက်၊ ည ၉ နာရီခွဲခန့်တွင် စကစတပ်မှ လက်နက်ထောက်ပံ့ပေးထားသည့် အဆိုပါရွာကို ပူးပေါင်းတပ်များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပျူစောထီး နှစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဆိုသည်။

“ သွားတိုက်တဲ့အချိန်၊ အဲပျူစောထီးရွာက ကင်းကအရင် မှန်ပြီး လှမ်းပစ်တာ။ သူတို့လှမ်းပစ်တဲ့နေရာကို ပြန်ပစ်တော့ နှစ်ယောက်ကျသွားတာ မြင်ရတယ်။ တစ်ယောက်က ဒဏ်ရာ ရသွားတယ်လို့ သိရတယ်။ သူတို့ဘက်ကလည်း မောင်းပြန် ၁၅ လက်လောက်နဲ့ ပြန်ပစ်တော့ ပြန်ဆုတ် ခွာလိုက်ပါတယ် “ ဟု တိုက်ခိုက်မှုမှာ ပါဝင်ခဲ့သည့် နွေဦးတံခွန် ပြည်သူ့ကာကွယ်ရေးတပ်မှ ကိုဗေဒါက မဇ္စျိမသို့ပြောသည်။

တိုက်ပွဲကြာချိန် မိနစ် ၂၀ ခန့်ရှိခဲ့ပြီး ရေလယ်သောင်ကျေးရွာသည် မြင်းမူမြို့နှင့် ပိုမိုနီးကပ်ကြောင်းနှင့် ပစ်ခတ်တိုက်ခိုက်ပြီးနောက် အထိအ ခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှု ကို Nway Oo Takhon PDF ၊ Zamani Revolution force (MMU) Myaung Zamani တပ်ခွဲ ပြည်သူ့စစ်သား၊ Leopard MMU ၊ ဇင်ယော်နီအထူးပြောက်ကျားတပ်ဖွဲ့ မီးနဂါး NZH Revolution Force ၊ Myit Nge People Defence Force တို့မှ လုပ်ဆောင်ခဲ့ခြင်းဟု သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်များ စစ်ကြောင်းထွက်လာပါက စခန်းချတည်းခိုလေ့ရှိသည့် ရေလယ်သောင် ကျေးရွာသည် ပျူစောထီးများ ကြီးစိုးသည့်ရွာဟုသိရပြီး စက်တင်ဘာလ လဆန်းပိုင်းကလည်း စစ်ကောင်စီတပ်အင်အား ၇၀ ဦးခန့်သည် တစ်ပတ်ကြာ စခန်းချနေထိုင်ခဲ့ကြောင်းလည်း သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s