မြောက်ဦးမြို့ရှိ စကစ လက်အောက်ခံ ၅၄၀ တပ်ရင်းက ပရဟိတကားကို လိုက်လံပစ်ခတ်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်နှင့် မောင်တောမြို့နယ်တို့မှ စစ်ဘေးရှောင်များကိုကူညီပေးရန်သွားရောက်သည့် ပရဟိတကားကို မြောက်ဦးမြို့ (၅၄၀) တပ်ရင်းရှိတပ်သားများက လိုက်လံပစ်ခတ်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၁၆ ရက်နေ့၊ နံနက် ၉ နာရီခွဲခန့်တွင် မင်းပြားမြို့ဘက်မှ မောင်တောမြိုြဘက်သို့ မောင်းနှင်လာသည့် ကိုအမ်းသားကြီးပရဟိတအဖွဲ့ပိုင်ကား ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်။

အဆိုပါကားကို မြောက်ဦးမြို့ (၅၄၀) တပ်ရင်းမှ စစ်ဆေးရန်တားမြစ်ပြီးနောက် တပ်သားများက အဖွဲ့ခေါင်းဆောင် ကိုအမ်းသားကြီး၏ မှတ်ပုံတင်နှင့် နာမည်အရင်းတောင်းပြီး အထက်အရာရှိများသို့ ဖုန်းဆက်မေးမြန်းနေချိန် အခြေအနေမှုမမှန်သည့်အတွက် ထွက်ပြေးလာခဲ့ခြင်းဖြစ်သည်ဟု ကာယကံရှင်က ပြောသည်။

“ (၅၄၀) တပ်ရင်းမှာ စစ်ဆေးရန် သူတို့က တားပါတယ်။ ကျနော်တို့ကလည်း ရပ်ပေးပါတယ်။ ကျနော့်ကို အကို့နာမည်က ဘာလဲလို့ လာမေးတယ်။ ကျနော်လည်းနာမည်အရင်းကို ပြောပြလိုက်တယ်။ ကျနော့်နာမည်ကို သူ့တို့က သတင်းတစ်ခေါက်ပို့ပါသေးတယ်။ သူတို့သတင်းပို့ပြီးတာနဲ့ တပ်ထဲက သုံးလေး ယောက်ထွက်လာပြီးတော့ သူတို့ဖုန်းတွေဆက်ကြပါသေးတယ်။ ကျနော့်ကို နောက်ပြီး လာမေးတယ် ။ ဘယ်ကလာတာလည်းတဲ့ ကျနော်ကမင်းပြားကလာတာလို့ပြောလိုက်တယ်။ သူတို့က ဖုန်းဆက်ပြီး အကြောင်းကြားနေကြတော့ မြောက်ဦးမြို့က ကိုရင်ဆို့ကို လည်းဖမ်းထားတယ်။ တခြားလူတွေကိုလည်း သူတို့ကဖမ်းထားတယ်ဆိုတော့ ကျနော်လည်း အဲ့တာကိုအတွေးဝင်လာပြီး ကြောက်ပြီး ထွက် ပြေးလာပါတယ် ” ဟု ကိုအမ်းသား ကြီးကပြောသည်။

ကိုအမ်းသားကြီးတို့ စီးနှင်းလာသည့်ကားပေါ်တွင် ကိုအမ်းသားကြီး အပါအဝင် သုံးဦးပါရှိပြီး (၅၄၀) တပ်ရင်း စစ်ဆေးရေးဂိတ်မှ ထွက်ပြေးလာချိန် သေနတ်ဖြင့် ငါးချက်ခန့် ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ယခုကဲ့သို့ ပစ်ခတ်ခဲ့ရာတွင် ကားပေါ်ပါလာသည့်သူများ ထိခိုက်ခြင်းမရှိဘဲ ကားအောက်ပိုင်းသာ ထိမှန်ခဲ့သည်ဟု သူကဆိုသည်။

စစ်ကောင်စီဘက်မှ ကိုအမ်းသာကြီးတို့ စီးနှင်းလာသည့် ပရဟိတကားမှာ မူးယစ်ဆေးဝါးများတင် ဆောင်လာသည်ဟု စွပ်စွဲပြောဆိုထားကြောင်းလည်းသိရပြီး မဇ္ဈိမအနေဖြင့် နောက်ဆက်တွဲအခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s