အင်းတော်တွင် အသတ်ခံရသူများမှာ စစ်မှု ထမ်းဟောင်းဦးဆောင်သည့် ပျူများဖြစ်နေ 

ပြီးခဲ့သည့်လကုန်ပိုင်းက စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့နယ်တွင် ပရဟိတသမားများ အသတ်ခံရသည်ဟု စစ်ကောင်စီဝါဒဖြန့် လူမှုကွန်ရက်စာမျက်နှာများက သတင်းဖြန့်ခဲ့သော်လည်း ထိုသူများမှာ စစ်မှုထမ်းဟောင်း ဦးဆောင်သည့် ပျူစောထီးအဖွဲ့ဝင်များဖြစ်သည်ဟု သိရသည်။

အင်းတော်နှင့် ကသာအကြား နဘားလမ်းခွဲအနီးတွင် ဖမ်းဆီးသတ်ဖြတ်ခံရသူများမှာ ဖြူစင်မေတ္တာ သက်ကြီးရွယ်အို ကူညီထောက်ပံ့ရေးအသင်းမှ ပရဟိတသမားဖြစ်သည်ဟု ထိုဖြစ်စဉ်အပြီး ရက်အတန်ကြာ ဩဂုတ် ၂၅ ရက်တွင် စစ်ကောင်စီလိုလားသည့် လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြကြသည်။

ထိုသူများမှာ ပျူစောထီးအဖွဲ့ဝင်များဖြစ်ကြောင်း၊ ကသာမြို့ရှိ စစ်ကောင်စီတပ်ထံ လက်နက်သွားယူစဉ် ဩဂုတ် ၂၁ ရက်နေ့က လုပ်ကြံခဲ့ခြင်းဖြစ်ကြောင်း အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က ဆိုသည်။

အင်းတော်မြို့နယ်ရှိ ပျူစောထီးအဖွဲ့ခေါင်းဆောင် ဦးကောင်းမြတ်ဇော်ဆိုသူနှင့် ကျန်အမျိုးသား ၄ ဦးသည် ကသာမြို့ရှိ အမှတ် ၃၀၉ ခြေလျင်တပ်ရင်းသို့ လက်နက်သွားထုတ်ခြင်းဖြစ်ကြောင်း အင်းတော် PDF အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“ကျွန်တော်တို့က သတင်းတွေ ကြိုရထားပြီးသား၊ သူတို့လုပ်နေကိုင်နေတာတွေကို။ အဲဒီနေ့ကလည်း သူတို့ ပျူတွေကို တပ်ဆင်ပေးဖို့ ကသာ ၃၀၉ တပ်မှာ လက်နက်သွားတောင်းတာ၊ အဲဒီမှာ ဖမ်းပြီး သုတ်သင်လိုက်တာ” ဟု ၎င်းက ပြောသည်။

အသတ်ခံရသည့် ပျူစောထီးအဖွဲ့ဝင်များမှာ ခေါင်းဆောင် ဦးကောင်းမြတ်ဇော်၊ ဦးလုံးတော်၊ ဦးဇော်ထွန်း၊ ဦးကျော်ရွှေဦးနှင့် ဦးဝင်းဦးတို့ဖြစ်ကာ အင်းတော်မြို့နယ်ရှိ ကြံ့ခိုင်ရေးပါတီအမာခံများနှင့် စစ်မှုထမ်းဟောင်းများဖြစ်သည်ဟုလည်း ဆိုသည်။

ပျူစောထီးခေါင်းဆောင် ဦးကောင်းမြတ်ဇော်မှာ စစ်တက္ကသိုလ်အပတ်စဉ် ၄၃ တက်ရောက်ခဲ့သူဖြစ်ပြီး ဧရာဝတီရေတပ်စခန်းတွင် ဒုဗိုလ်အဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း၊ ရုရှားနိုင်ငံသို့ ပညာတော်သင်သွားရောက်ခဲ့သူဖြစ်ကြောင်းလည်း အင်းတော် PDF က ဆို သည်။

ထိုအချက်အလက်များနှင့် ပတ်သက်၍ သီးခြား အတည်မပြုနိုင်ပေ။ 

ဦးကောင်းမြတ်ဇော်သည် အာဏာသိမ်းပြီးနောက် အင်းတော်မြို့နယ်အတွင်း အင်အား ၇၀ ကျော်သည့် ပျူစောထီးများကို ဦးဆောင်ခဲ့ပြီး အင်းတော်မြို့နယ်အတွင်း တော်လှန်ရေးသတင်းများကိုလည်း စစ်ကောင်စီထံ ပေးပို့လေ့ရှိသည်ဟု PDF ဆိုက ပြောသည်။

“သူတို့ကြောင့်မို့လို့ အင်းတော်မှာ တော်တော်များများ ဖမ်းခံရတယ်ဗျ၊ အဲဒီ လုံးတော်ဆိုတဲ့ တစ်ယောက်ဆိုရင် သူ့ကို အရင်ကတည်းက ဒီလိုတွေ ဆက်မလုပ်ဖို့ သတိပေးတာတွေ လုပ်ထားတာရှိတယ်” ဟု အထက်ပါ PDF ရဲဘော်က ပြောသည်။

အသတ်ခံရသူများထဲမှ တစ်ဦးဖြစ်သည့် ဦးကျော်ရွှေဦးမှာလည်း အလွတ်တန်းဓာတ်ပုံသမားတစ်ဦးဖြစ်ပြီး စစ်ကောင်စီတပ်၊ ပျူစောထီးများနှင့် နီးနီးကပ်ကပ်ဆက်ဆံရေးရှိခဲ့သည်ဟု ဆိုသည်။

အသက် ၅၀ ကျော်အရွယ် ကသာဒေသခံ အမျိုးသမီးတစ်ဦးကလည်း ဦးကောင်းမြတ်ဇော် အပါအဝင် အသတ်ခံရသူများမှာ ပရဟိတအမည်ခံ၍  စစ်ကောင်စီတပ်ကို သတင်းပေးခြင်း စစ်တပ်မှ လူနာများကို သယ်ယူပို့ဆောင်ပေးခြင်းများ ပြုလုပ်သည်ဟု ဆိုသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ဖြစ်ပွားလာသည့် လက်နက်ကိုင်တော်လှန်ရေးနှင့်အတူ အပြန်အလှန် လုပ်ကြံသတ်ဖြတ်မှုများ အဆက်မပြတ်ရှိနေသည်။ 

စစ်ကောင်စီတပ်က PDF ထောက်ခံသူ၊ ထောက်ပံ့သူနှင့် CDM ပြုလုပ်သူများကို ဖမ်းဆီးသတ်ဖြတ်ခဲ့သလို တော်လှန်ရေးအဖွဲ့များကလည်း စစ်ကောင်စီထောက်တိုင် သတင်းပေးများ၊ အုပ်ချုပ်ရေးမှူးများနှင့် ပျူစောထီးအဖွဲ့ဝင်များကို လုပ်ကြံသတ်ဖြတ်လေ့ရှိသည်။

လက်နက်ကိုင် ခုခံတော်လှန်မှု အားကောင်းသည့် စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီက ၎င်းတို့ကို ထောက်ခံသူများနှင့် ပြည်သူ့စစ်အမည်ခံ အဖွဲ့များဖွဲ့စည်းနေသည်။ ထိုလက်နက်ကိုင်အဖွဲ့များကို ပျူစောထီးဟု ဒေသခံများက ခေါ်ဝေါ်လေ့ရှိသည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s