ယမန်နှစ်က နိုင်ငံ၏ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရကို ဖြုတ်ချခဲ့သည့် မြန်မာစစ်တပ်၏ အာဏာသိမ်းမှု ဖြစ်ပွားပြီးကတည်းက သြစတြေးလျအစိုးရသည် အခွန်ထမ်းပြည်သူများ၏ ငွေကြေး ဒေါ်လာ ၂.၅ သန်းကျော်ကို စစ်တပ်နှင့်ပတ်သက်သော ဇိမ်ခံဟိုတယ်များ၌ သုံးစွဲခဲ့ပြီးဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ အဆိုအရ ၂၀၂၁ခုနှစ်၊ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးချိန်မှစတင်၍ လူပေါင်း ၂,၂၇၃ ဦးကို သတ်ဖြတ်ခဲ့ပြီး ၁၅,၅၀၀ကျော်ကို ဖမ်းဆီးထားသည့် စစ်ကောင်စီ၏လုပ်ရပ်များကို ဩစတြေးလျက အကြိမ်ကြိမ်ပြစ်တင် ရှုတ်ချခဲ့ပြီးဖြစ်သည်။
သို့သော် လွန်ခဲ့သည့် ၁၈ လတာကာလအတွင်း ဝန်ထမ်းများတည်းခိုရန် ရန်ကုန်မြို့ရှိ Shangri-Laအိမ်ရာ ၌ ဒေါ်လာ ၁.၅သန်းကျော်အပြင် Lotte ဟို တယ်၌လည်း ဒေါ်လာ၈၆၂,၀၀၀ ကို ဩစတြေးလျအစိုးရက သုံးစွဲထားခဲ့ပြီး ယင်း ပမာဏမှာ ABC၏သတင်းတွင် ယခင်ပါရှိခဲ့သည့် ဒေါ်လာ ၇၅၀,၀၀၀ ဟူသောကိန်းဂဏန်းထက် ပိုမိုများပြားလျက် ရှိသည်။
ထို့အတူ ဩစတြေးလျအစိုးရသည် Accor ကုမ္ပဏီက လုပ်ငန်းလည်ပတ်နေသော်လည်း Max Myanmar အုပ်စုက ပိုင်ဆိုင်သည့် မြို့တော်နေပြည်တော်ရှိ MGallery ဟိုတယ်၌ ခေတ္တတည်းခိုရန်အတွက်လည်း ဒေါ်လာ ၁၆၂,၀၀၀ သုံးစွဲခဲ့သည်။
Shangri-La နှင့် Max Myanmar တို့သည် တပ်မတော်ဟုခေါ်ဆိုသည့် မြန်မာစစ်တပ်နှင့် ငွေကြေးဆက်ဆံမှုများ ဖြတ်တောက်ရန် ကုလသမဂ္ဂ၏ မြန်မာ နိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးမစ်ရှင်က ၎င်း၏ ၂၀၁၉ ခုနှစ်အစီရင်ခံစာထဲတွင် အမည်ဖော်ပြ တိုက်တွန်းခြင်းခံထားရသော အဖွဲ့များ ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တစ်လျှောက် ခြံစည်းရိုးကာရံရန် စစ်တပ်သို့ ၂၀၁၇ ခုနှစ်အတွင်း ဧရာဝတီ ဖောင်ဒေးရှင်းမှတစ်ဆင့် ကုမ္ပဏီဥက္ကဋ္ဌ ဦးဇော်ဇော်က အမေရိကန် ဒေါ်လာ ၁ သန်းလှူဒါန်းခဲ့သည့်အတွက် Max Myanmar ကုမ္ပဏီကို ပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် အဆိုပါကုလသမဂ္ဂအစီရင်ခံစာက တောင်းဆိုထားသည်။
“နယ်စပ်အုတ်တံတိုင်းအတွက်ငွေကြေးထောက်ပံ့ခြင်းသည် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ရိုဟင်ဂျာများ၏ နေရပ်ပြန်နိုင်မှုကို လူသားချင်းစာနာမှု ကင်းမဲ့သောဟန့်တားမှု တစ်ခုဖြစ်သဖြင့် ၎င်းတို့အား ကြီးမားသည့် ဆင်းရဲဒုက္ခ အတွင်းသက်ဆင်းစေခဲ့ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်” ဟုအစီရင်ခံစာက စီစစ်ဖော်ထုတ်ခဲ့သည်။ Max Myanmar မှအရာရှိများသည် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် အခြားလူမဆန်သော ပြုမူမှုများတွင် အားပေးကူညီခြင်း၊ ကြံရာပါဖြစ်ခြင်း ၊တစ်နည်းနည်းထောက်ပံ့ခြင်းများ ပြုလုပ်ခဲ့သည်ဟု အစီရင်ခံစာက ကောက်ချက်ချသည်။
စစ်တပ်အတွက် လက်နက်ပစ္စည်းများ ထောက်ပံ့နေသဖြင့် အမေရိကန်ပြည်ထောင်စု၊ ယူနိုက်တက်ကင်းဒမ်းနှင့် ကနေဒါတို့က အရေးယူပိတ်ဆို့ထားသော စစ်ထောက်ချုပ်ရုံးထံမှ ငှားရမ်းထားသည့် မြေပေါ်တွင် Lotte ဟိုတယ်ကို တည်ဆောက်ထားခြင်းဖြစ်သည်ဟု ABCသတင်းဌာနက ယခင်ကတင်ပြခဲ့ဖူးသည်။
Shangri-Laသည်လည်းအလားတူပင် စစ်ထောက်ရုံးထံမှ မြေငှားရမ်းထားသည်။ အဆိုပါမြေငှားရမ်းမှုအတွက် ပေးချေရသည့် ငှားရမ်းခ ငွေကြေးပမာဏကို Shangri-Laကော မြန်မာစစ်တပ်ကပါ ထုတ်ဖော်ပြောကြားခြင်း မရှိကြောင်း Justice For Myanmar တက်ကြွလှုပ်ရှားသူများအဖွဲ့ကဆိုသည်။
“Lotte နဲ့ Shangri-Laတို့ဟာ လူတွေကိုသတ်ဖြတ်ဖို့ ဗုံးတွေ၊ ကျည်ဆံတွေဝယ်နေတဲ့ စစ်တပ်အတွက် ငှားရမ်းခတွေ ပေးချေနေတဲ့ အဖွဲ့တွေဖြစ်ပြီး သူတို့ဟာစစ်တပ်ရဲ့ အဓိကစီးပွားရေး မိတ်ဖက်တွေ ဖြစ်ပါတယ်” ဟု Justice For Myanmarမှ မရတနာမောင်က ပြောကြားသည်။
“ရိုဟင်ဂျာအပေါ် ကျူးလွန်တဲ့လူမျိုးတုံးသတ်ဖြတ်မှုမှာ Max Myanmarက ပါဝင်ပတ်သက်ခဲ့တဲ့အတွက် သူတို့ကို တာဝန်ယူစေရမှာဖြစ်ပါတယ်”ဟု သူကဆက်လက်ပြောဆိုသည်။
“ဩစတြေးလျဟာ မြန်မာပြည်သူတွေအပေါ် တာဝန်ပျက်ကွက်လျက်ရှိပါတယ်။ မြန်မာစစ်ရာဇဝတ်မှုကျူးလွန်သူများနှင့် ၎င်းတို့ရဲ့လုပ်ငန်းများကို အရေးယူပိတ်ဆို့ဖို့ အစဉ်ငြင်းဆန်နေရုံသာမက နိုင်ငံတကာရာဇဝတ်မှုတွေ ဆက်လက်ကျူးလွန်နိုင်စေအောင် မြန်မာစစ်တပ်ကို ကူညီတဲ့နေရာမှာ အခွန်ထမ်းပြည်သူတွေရဲ့ ပိုက်ဆံကိုပင် သြစတြေးလျအစိုးရက သုံးစွဲလျက် ရှိပါတယ်” ဟု သူကထောက်ပြသည်။
သြစတြေးလျ Greens ပါတီမှ အထက်လွှတ်တော်အမတ် Jordan Steele-John ၏ မေးခွန်းကို ဖြေကြားသည့်အချိန်တွင် မြန်မာစစ်တပ်နှင့် ပတ်သက်နေသော အိမ်ခြံမြေများ ငှားရမ်းရာ၌ သြစတြေးလျအစိုးရ၏ သုံးစွဲမှုများကို နိုင်ငံခြားရေးဝန်ကြီး Penny Wongက ထည့်သွင်းပြောကြားခဲ့သည်။
“မြန်မာနိုင်ငံမှာရှိတဲ့ ဩစတြေးလျအစိုးရရဲ့လုပ်ငန်းတွေဟာ မြန်မာစစ်တပ်ကို တိုက်ရိုက်ငွေကြေးထောက်ပံ့ နေခြင်းမရှိပါဘူး” ဟု ဝန်ကြီးဖြစ်သူ အထက်လွှတ်တော်အမတ် Wong ကတုံ့ပြန်ပြောဆိုသည်။
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာအချက်အလက်ရှာဖွေရေးမစ်ရှင်မှ Chris Sidoti က Lotte ထံမှ ငွေကြေး များသည် နောက်ဆုံးတွင် စစ်တပ်ဆီသို့သာ ရောက်ရှိသွားသည်ဟု ABC သို့ပြောကြားခဲ့ဖူးရာ အဆိုပါပြောကြား ချက်သည် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့မှ ဒေါ်မန်နီမောင်၏အဆိုနှင့် တစ်ထပ်တည်းကျလျက်ရှိသည်။
“ရေဘဝဲကောင်ရဲ့ လက်တံတွေက အလွန်ရှည်တယ် ဆိုတဲ့စကားလိုပါပဲ။ ဩစတြေးလျကနေ ငွေကြေးရယူနေတဲ့ လုပ်ငန်းတွေဟာ မြေပိုင်ရှင်ကို မြေခပေးကောင်းပေးနေရမယ်။ အဲ့ဒီမြေပိုင်ရှင်ဆိုတာ မြန်မာစစ်တပ်ပဲ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။
လာမည့်ရက်သတ္တပတ်များအတွင်း တာနယ်လ်အပေါ် စီရင်ချက်ချမှတ်ဖွယ်ရှိ
================
ယမန်နှစ် ဖေဖော်ဝါရီလအာဏာသိမ်းစဉ်ကတည်းက ထိန်းသိမ်းခံထားရသော သြစတြေးလျစီးပွားရေး ပညာရှင် ရှောင်တာနယ်လ်ကို လာမည့်လအတွင်း ပြုလုပ်မည့် လျှို့ဝှက်တရားရုံးစစ်ဆေးမှု၌ စီရင်ချက်ချရန် မျှော်လင့် ရသည်ဟု ပြည်တွင်းမီဒီယာများက ထုတ်ဖော်ရေးသားသည်။
၎င်းတွင် အပြစ်မရှိကြောင်း၊ မိမိလက်ဝယ်သိမ်းဆည်းရမိသော စာရွက်စာတမ်းများသည် လျှို့ဝှက်ချက်များ မဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရသို့ ၎င်းကအဆိုပြုထားသည့် စီးပွားရေးအကြံပေးချက်များသာ ဖြစ်ကြောင်း ပြီးခဲ့သည့်အပတ်ကပြုလုပ်သည့် တံခါးပိတ်စစ်ဆေးမှုအတွင်း ပါမောက္ခ တာနယ်လ်က ထွက်ဆိုခဲ့သည်ဟု အမည်မဖော်ပြသော တရားရုံးသတင်းရင်းမြစ်တစ်ခုကို ကိုးကားလျက် ဧရာဝတီသတင်းဌာနက ဖော်ပြထားသည်။
စစ်တပ်နှင့်ပတ်သက်နေသည့် ရန်ပုံငွေများကိုဖယ်ရှားရန်မှာ ပထမဦးစားပေး ဆောင်ရွက်ရမည့်ကိစ္စဖြစ်ကြောင်း အထက်လွှတ်တော်အမတ် Steele-John ကထောက်ပြသည်။
“ဒီလိုဖယ်ရှားခြင်းဟာ ကျွန်တော်တို့ဒေသအနေနဲ့ မြန်မာ့အရေးကို ကိုင်တွယ်ရာမှာ အနိမ့်ဆုံးအနေအထားအဖြစ် ဆောင်ရွက်ရမယ့်ကိစ္စ ဖြစ်ပါတယ်။ မြန်မာစစ်တပ်နဲ့အဆက်အသွယ်ရှိတဲ့ ကုမ္ပဏီတွေနဲ့ ဩစတြေးဟာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေ လုံးဝမပြုလုပ်သင့်ပါဘူး” ဟု ၎င်းကဆိုသည်။
“မြန်မာစစ်တပ်ကို စကားလုံးတွေနဲ့ ပြစ်တင်ရှုတ်ချခဲ့တဲ့ သြစတြေးလျအစိုးရအနေနဲ့ အပြောနဲ့အလုပ် လက်တွေ့ တစ်ထပ်တည်းကျအောင်လုပ်ဖို့ ကျွန်တော်တောင်းဆိုပါတယ်။ အာဏာသိမ်းမှုကို ဆန့်ကျင်နေတုန်းမှာပဲ မြန်မာစစ်တပ်ဆီ ရောက်သွားမယ့် ငွေကြေးဒေါ်လာ ၂.၅ သန်းကို သုံးစွဲခဲ့တယ်ဆိုတဲ့သတင်းဟာ တကယ့်ကိုအပြောနဲ့ အလုပ်တခြားစီ ဖြစ်နေတဲ့လုပ်ရပ်ပါပဲ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ဝန်ကြီး Wong ကမူ အိမ်ခြံမြေငှားရမ်းပေးအပ်သူများသည် ဩစတြေးလျက ဘဏ္ဍာရေးအရ ပိတ်ဆို့အရေးယူ ခံထားရသူများမဟုတ်ကြောင်း နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန(DFAT)က အတည်ပြုထားသည်ဟု ပြန်လည်ဖြေကြားသည်။
အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက မြန်မာစစ်တပ်အပေါ် ဩစတြေးလျက အရေးယူပိတ်ဆို့မှုအသစ်များ ထပ်မံချမှတ်ခြင်းမရှိသေးပေ။
“မြန်မာနိုင်ငံရှိ ကျွန်ုပ်တို့ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံမှုသည် ကျွန်ုပ်တို့၏ ပထမဦးစားပေးတာဝန်ဖြစ်ကာ လက်ရှိ မြန်မာနိုင်ငံလုံခြုံရေး အခြေအနေများအရ သြစတြေးလျဝန်ထမ်းများအတွက် သင့်တော်ပြီးလုံခြုံမှုရှိသည့် နေရာထိုင်ခင်းအရေအတွက်သည် အကန့်အသတ်များ ရှိနေပါသည်” ဟု DFATပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ချက်တစ်ခုတွင်ဖော်ပြခဲ့သည်။
“သြစတြေးလျဝန်ထမ်းများအတွက် နေရာထိုင်ခင်းစီစဉ်မှုသည် အခြားသံရုံးများနည်းတူ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အချို့သံရုံးများမှာ အလားတူကုမ္ပဏီ သို့မဟုတ် ဝန်ဆောင်မှုပေးသူများထံမှတစ်ဆင့် ငှားရမ်းခများ ပေးချေလျက် ရှိပါသည်။ နေရာထိုင်ခင်း စီစဉ်ပေးနိုင်မည့်ရွေးချယ်စရာများကို ကျွန်ုပ်တို့ဆက်လက်သုံးသပ်နေပါသည်” ဟုလည်း ရေးသားထားသည်။
သြစတြေးလျသံရုံးသည် တရားဝင်ရုံးလုပ်ငန်းများ ဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့်အသုံးပြုခဲ့သော MGallery ဟိုတယ်နှင့် တိုက်ရိုက်ပတ်သက်မှုရှိသည့် စာချုပ်ချုပ်ဆိုငှားရမ်းထားမှု မရှိကြောင်းလည်း ၎င်းတို့က ဖြည့်စွက် ပြောကြားသည်။
အဆိုပါ အဖွဲ့နှစ်ခုလုံးသည် အရေးယူခံထားရသည့် စာရင်းတွင် မပါဝင်သော်လည်း ၎င်းတို့ကို မြန်မာနိုင်ငံအတွင်း၌ ခရိုနီကြီးများ၊ စစ်တပ်နှင့်ပတ်သက်သူများအဖြစ် အလွန်လူသိများ ကျော်ကြားကြသည်မှာ အမှန်ပင်ဖြစ်ကြောင်း၊ နိုင်ငံခြားသားများအနေဖြင့် ၎င်းတို့နှင့် ခပ်ဝေးဝေးရှောင်ရှားရန် ကြိုးပမ်းရမည်ကို သိရှိထားသင့်ကြောင်း၊ Curtin တက္ကသိုလ်၊ နိုင်ငံတကာစီးပွားရေးဌာနမှ ပါမောက္ခဖြစ်သူ ဒေါက်တာထွေးထွေးသိန်းက ထောက်ပြသည်။
“သူတို့ဒီထက် ပိုကောင်းကောင်း သိရှိထားသင့်တယ်။ ဒီကုမ္ပဏီတွေဟာ စစ်တပ်ထိပ်ပိုင်းဗိုလ်ချုပ်ကြီးတွေနဲ့ ပတ်သက်နေတယ်ဆိုတာ လမ်းဘေးက ကလေးတောင် သိနေတဲ့ကိစ္စမျိုးပါ” ဟု သူကဆိုသည်။
အဆိုပါကိစ္စအတွက် မှတ်ချက်ပြုနိုင်ရန် Max Myanmar နှင့် Shangri-La တို့ကိုလည်း ဤသတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့သည်။
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးမစ်ရှင်၏ အစီရင်ခံစာအရ Max Myanmarအပေါ် မည်သည့်အရေးယူပိတ်ဆို့မှုမျှ မလုပ်ခဲ့သလို မည်သည့်အစိုးရအာဏာပိုင်မျှလည်း တရားဝင် စုံစမ်းစစ်ဆေးမှုများ မပြုလုပ်ခဲ့ဘဲ အစီရင်ခံစာတွင် စွပ်စွဲထားသည့် ကိစ္စများအား အတည်ပြုနိုင်ခြင်း၊ တရားစွဲဆိုနိုင်ခြင်းများ မရှိကြောင်း MGallery ဟိုတယ်နှင့် လုပ်ငန်းများဆောင်ရွက်နေသော Accorကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြား သည်။
“စုံစမ်းစစ်ဆေးမှုတစ်ခုခု စတင်ဆောင်ရွက်ပြီး Max Myanmarအပေါ် အရေးယူပိတ်ဆို့မှုတွေ ရှိလာမယ်ဆိုရင် Accorအနေနဲ့ မိမိတို့ရဲ့ဥပဒေဆိုင်ရာ တာဝန်ဝတ္တရားတွေနဲ့အညီ ဆောင်ရွက်သွားမှာပါ” ဟု ၎င်းကဆက်လက် ပြောဆိုပြီး မြန်မာနိုင်ငံ၌ မိမိတို့စီမံခန့်ခွဲနေသော ဟိုတယ်များတွင် စစ်တပ်၏ အကျိုးစီးပွားများရှိနေသည်ဟု Accor က မသိရှိကြောင်း ဖြေကြားသည်။
“ပြည်တွင်းဖြစ်ပေါ်တိုးတက်မှုတွေကို ကျွန်တော်တို့ နီးကပ်စွာ စောင့်ကြည့်နေတာနဲ့အတူ အခုလိုဖရိုဖရဲဖြစ်နေချိန်မှာ နိုင်ငံခြားသား၊ သတင်းထောက်၊ အင်န်ဂျီအိုအပါအဝင် ဧည့်သည်တွေအားလုံးအတွက် Accor ဟိုတယ်တွေဟာ ခိုလှုံစရာနေရာ ဖြစ်တယ်ဆိုတာလည်း ကျေးဇူးပြုပြီး သတိပြုမိစေချင်ပါတယ်” ဟု ဆက်လက်ပြောဆိုသည်။
ထိန်းသိမ်းထားစဉ် သေဆုံးမှုများနောက်ကွယ်တွင် အဆိုးတကာ့အဆိုးဆုံး အခြေအနေများရှိနေသလား
==================
ဩစတြေးလျအစိုးရ၏ အသုံးစရိတ်ကိစ္စသတင်းသည် စစ်ကောင်စီက ထိန်းသိမ်းထားစဉ် သေဆုံးခဲ့သူ ၆ ဦး အကြောင်းအစီရင်ခံစာအသစ်ကို လူ့အခွင့်အရေးစောင့်ကြည့်သူများအဖွဲ့က ယခုအပတ်အတွင်း ထုတ်ပြန်ခဲ့ချိန်နှင့် တိုက်ဆိုင်လျက်ရှိသည်။
အကျဉ်းထောင်၊ ရဲစခန်း သို့မဟုတ် စစ်တပ်စစ်ကြောရေးစခန်းများ၌ ထိန်းသိမ်းခံထားရစဉ် သေဆုံးသူအနည်းဆုံး ၇၃ ဦး ရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့က ဖော်ထုတ်ရရှိသော်လည်း ၎င်းမှာ လုံခြုံရေးတပ်ဖွဲ့များ၏ ဖမ်းဆီးခံရပြီး မကြာမီအသတ်ခံရသည်ဟု ယုံကြည်ရသော လူ ၇၀၀ နီးပါးအနက် ရာခိုင်နှုန်းအနည်းငယ်မျှသာ ဖြစ်သည်။
“လူအခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က မှတ်တမ်းတင်ထားတဲ့ သေဆုံးသူ ၆ ယောက်ဆိုတာ မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ ထိန်းသိမ်းနှိပ်စက်ခြင်းကို ခံစားခဲ့ရသူ အများအပြားအနက် ကနဦးပေါ်ထွက်လာတဲ့ အစွန်းအထွက် ပမာဏလေးမျှသာ ဖြစ်ပါတယ်” ဟု မရတနာမောင်ကဆိုသည်။
အများအပြားမှာ ညဖက်အချိန်၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်တာ ရိုက်နှက်၍နှိပ်စက်ခံရမည်ကို မိသားစုများက စိုးရိမ်လျက်ရှိပြီး “သက်သေဖျောက်ဖျက်ရန် ရည်ရွယ်ချက်ဖြင့်” အချို့အလောင်းများကို ချက်ခြင်းမီးသင်္ဂြိုလ်ခဲ့ဖွယ်ရှိ သည်ဟု သတင်းများကဆိုသည်။
၎င်းဖမ်းဆီးခံရသူများအနက်တစ်ဦးမှာ အာဏာသိမ်းမှုဆန့်ကျင်ရေးကို ထောက်ခံသည့် Facebook ပို့စ်တစ်ခုကို မျှဝေသောကြောင့် “သတင်းအတုများ” ဖြန့်ဝေသည်ဟူသော စွပ်စွဲချက်ဖြင့် အဖမ်းခံခဲ့ရသော အသက် ၅၅နှစ်အရွယ် ဦးကျော်ဆွေငြိမ်းဖြစ်သည်။
“ကျွန်မအရမ်း စိတ်ပူတယ်။[သူ ထောင်ထဲမှာ သေဆုံးရတာဟာ] သွေးရိုးသားရိုး ဓမ္မတာအတိုင်းသေတာဆိုရင် ကျွန်မဖြေသာပါသေးတယ်။ ဒါပေမဲ့ ဘာကြောင့်မှန်းမသိရတော့ ကျွန်မစိတ်တွေ ဂယောက်ဂယက် ဖြစ်နေရတယ်” ဟု ၎င်း၏မိသားစုဝင်တစ်ဦးက လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကို ပြောသည်။
ထိန်းသိမ်းထားစဉ် သေဆုံးသွားသူနောက်တစ်ဦးမှာ အသက်၄၃ နှစ်အရွယ်ကဗျာဆရာ ခက်သီဖြစ်သည်။ “သူတို့က ခေါင်းကိုပစ်တယ်။ တော်လှန်ရေးက နှလုံးသားမှာရှိတာ သူတို့မသိကြဘူး” ဟူသော၎င်း၏ ရေးသားချက်မှာ စစ်အုပ်ချုပ်မှုဆန့်ကျင်ရေး၏ တိုက်ပွဲဝင်စာသားတစ်ခု ဖြစ်လာခဲ့သည်။
သေဆုံးသွားသူများ၏ ဓာတ်ပုံများကို ဆန်းစစ်အဖြေရှာရန် အရေးပေါ်ကုသရေးဆရာဝန် ဒေါက်တာ Rohini Haar နှင့်လည်း လူ့အခွင့်အရေးအဖွဲ့က မေးမြန်းဆွေးနွေးခဲ့သည်။
“အဆိုပါပုဂ္ဂိုလ်ငါးဦး သေဆုံးပြီးနောက် ဓာတ်ပုံများနှင့် ဗီဒီယိုများကို ကြည့်ရှုသည့်အခါ ၎င်းတို့၏ကိုယ်ခန္ဓာပေါ် တွင် ဒဏ်ရာအမှတ်အသားများကို တွေ့ရှိရပြီး အဆိုပါပုဂ္ဂိုလ်များသည် အပြင်းအထန် ခံစားခဲ့ရကာ ညှင်းပန်း နှိပ်စက်မှုများဖြစ်ပွားခဲ့ကြောင်း အထင်အရှားတွေ့ရှိရသည်” ဟု Dr Haar ၏အစီရင်ခံစာတွင်ဖော်ပြသည်။
“ညှင်းပန်းနှိပ်စက်ခံထားရသည့် လက္ခဏာအများအပြားတွေ့ရှိရကာ မည်သည့်ဒဏ်ရာကြောင့် ၎င်းတို့သေဆုံး ခဲ့ရသည်ကို အတိအကျပြောဆိုရန် ခဲယဉ်းသည်” ဟုလည်းဆက်လက်ရေးသားသည်။
မြန်မာစစ်တပ် သတင်းပြန်ကြားရေးဌာနသို့ ABC ကဆက်သွယ်မေးမြန်းခဲ့သော်လည်း နောက်ဆုံးအချိန်အထိ ပြန်လည်ဖြေဆိုခဲ့ခြင်းမရှိပါ။
ရက်စက်သော အကြမ်းဖက်မှုများရှိသည်ဟူသော စွပ်စွဲမှုများကို မှတ်တမ်းတင်နေသည့်အချိန်၌ သြစတြေးလျအစိုးရ၏ ငွေကြေးသုံးစွဲမှုကိစ္စအကြောင်း ကြားသိရခြင်းမှာ စိတ်မချမ်းမြေ့စရာဖြစ်သည် ဟု လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့မှ မရတနာမောင်က ဆိုသည်။
“ဒီကိစ္စက ထိတ်လန့်တုန်လှုပ်စရာကောင်းပါတယ်။ စစ်တပ်ရဲ့ဘဏ္ဍာတိုက်ကို ရွှေချပေးနေမယ့်အစား ဩစတြေးလျဟာ အခြားသဘောထားတူညီတဲ့ အစိုးရတွေနဲ့အတူ ဒီအပြစ်သားတွေကို ပိုပြီးချမ်းသာမသွားစေအောင် ပိတ်ဆို့ အရေးယူမှုတွေ ဆောင်ရွက်နေရမှာဖြစ်ပါတယ်” ဟုသူမကပြောကြားသည်။
“ဩစတြေးလျဟာ အပြောတစ်မျိုး အလုပ်တစ်မျိုးနဲ့ အတော့်ကို တလွဲတချော်ဖြစ်နေတဲ့အချက်ကို သိလိုက်ရတာ မြန်မာပြည်သူတွေအတွက် အလွန်အမင်းကို ထိခိုက်နာကျင်ခံစားရပါတယ်” ဟု ၎င်းကဆက်လက်ပြောဆိုသည်။
(ABC NEWS ပါ Erin Handley ၏ “Australian government reveals $2.5 million spend at Myanmar military-linked hotels in bloody aftermath of coup” ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်)။ khit thit
Like this:
Like Loading...