ကိုဗစ်ဖြစ်ပွားမှု ပြန်လည်မြင့်တက်၊ အသေအ ပျောက်ရှိလာ

လက်ရှိအခြေအနေအရ ကိုဗစ်ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် မျိုးစိတ်သစ် BA.4 နှင့် BA.5 သည်  အစုလိုက်အပြုံလိုက် ကူးစက်မှုများ ဖြစ်ပေါ်နေကြောင်း ရန်ကုန်မြို့တွင် ဆေးခန်းဖွင့်ထားသည့် အထွေထွေရောဂါကုဆရာဝန် ဒေါက်တာကျော်မင်းထွန်းက ဆိုသည်။

သူ့၏ဆေးခန်း၌  ဖျားနာခြင်းနှင့်ပတ်သက်ပြီး လာရောက်ကုသသည့် လူနာ ၁၀ ဦးကို စစ်ဆေး ကြည့်လျှင် ၈ ဦး ၉ ဦးခန့်က ကိုဗစ် ၁၉ ရောဂါဖြစ်နေကြောင်း ဒေါက်တာကျော်မင်းထွန်းက ဆိုသည်။

“အခုက Outbreak ဖြစ်ပြီလို့ ပြောလို့ရတယ် တစ်အိမ်မှာ တစ်ယောက်ဖြစ်ပြီဆိုရင် နောက်ရက် အကုန် ဆက်ဖြစ်ကြတာပဲ” ဟုပြောသည်။

စစ်ကောင်စီလက်အောက်ရှိ ကျန်းမာရေးဝန်ကြီးဌာနကလည်း စက်တင်ဘာ ၁ ရက်နေ့မှ စက်တင်ဘာ ၁၅ ရက်နေ့အထိ ၁၅ ရက်တာကာလအတွင်း ကူးစက်ခံထားရသည့် လူနာ ၂၆၈၃ ဦးရှိပြီး သေဆုံးသူ ၆ ဦးအထိ ရှိလာနေကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ ကိန်းဂဏန်းအချက်အလက်များသည် စစ်ကောင်စီ ထိန်းချုပ်မှုအောက်ရှိ ဆေးရုံ ဆေးခန်း များ၌ လာရောက်ပြသသူများကို စစ်ဆေးထားသည့် ရလဒ်ဖြစ်ပြီး ပြင်ပ ဆေးရုံဆေးခန်းများတွင် ရှိနေသည့် လူနာများ မပါဝင်ပေ။

စက်တင်ဘာလဆန်းပိုင်းကစပြီး ကိုဗစ်ရောဂါ အဖြစ်များလာနေခြင်းကြောင့် အသင်းအနေဖြင့် လူနာများကို ဆေးရုံများသို့ ကူညီပို့ဆောင်ပေးနေသည်ဟု တောင်ဒဂုံမြို့နယ် အခြေစိုက် ရှင်သန်ခွင့် လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဒေါ်သန်းသန်းစိုး ကဆိုသည်။

လက်ရှိ စားဝတ်နေရေး ကျပ်တည်းမှုများကြောင့် ပြည်သူများအနေဖြင့် ဈေးလျော့ရောင်းချ ပေးနေသည့် စားအုန်းဆီများကို တိုးဝှေ့ဝယ်ယူနေရခြင်း၊ အစားအသောက် ဆန်ဆီလှူဒါန်းပေးသည့် နေရာများတွင် လူစုလူဝေးများ ဖြစ်နေခြင်းကြောင့် ကိုဗစ်ကူးစက်မှု ပိုမိုမြင့်တက်လာမည်ကို စိုးရိမ်ကြောင်းလည်း သူကပြောသည်။

“လူတွေက စီးပွားရေးကျပ်တည်းလာတော့ ဒီလိုမျိုးတွေ ဝေပေးရင် ယူကြ တာပဲလေ တန်းစီတိုးဝှေ့နေပြီး Mask တွေက မတပ်တော့ ရောဂါပိုဆိုးလာမှာ ကြောက်နေရတယ်” ဟု ဒေါ်သန်းသန်းစိုးက ပြောသည်။

ကူးစက်မှုနှုန်း တဖြည်းဖြည်းမြင့်တက်လာနေခြင်းကြောင့် ကိုဗစ်စည်းကမ်းများကို လိုက်နာရန် စစ်ကောင်စီ လက်အောက်ရှိ ဝါဒဖြန့်မီဒီယာများ က ထုတ်ပြန်ပေးနေသော်လည်း ပြည်သူလူထုက အယုံအကြည် မရှိကြောင်း စမ်းချောင်းမြို့နယ်တွင် နေထိုင်သည့် အသက် ၂၅ နှစ်အရွယ် မချောချောဆိုသူက ပြောသည်။

“သူတို့(စစ်ကောင်စီ) ထုတ်ပြန်တာ ဘယ်သူမှ မကြည့်ဘူးလေ။ သတင်းကို ဘယ်တုန်းကမှ အမှန် မရဘူးလေ။ တောက်လျှောက်လိမ်လာခဲ့တော့ အမှန်ပြောနေပါစေဦး ဘယ်သူမှ မယုံတော့ဘူး” ဟု ၎င်းကဆိုသည်။

ယင်းအပြင် အခြေခံစားသောက်ကုန်အပါအဝင် ကုန်ပစ္စည်းများ ဈေးနှုန်းမြင့်တက်လာခြင်းကြောင့် ပြည်သူများသည် စားဝတ်နေရေးအဆင် ပြေရန် ကြိုးစားနေရပြီး ကိုဗစ်ရောဂါကို ဂရုမစိုက်နိုင်ခြင်းကြောင့် ရောဂါ ပိုမိုပြန့်နှံ့လာမည်ကိုလည်း စိုးရိမ်နေရသည်။

ယခုနှစ်ဆန်းပိုင်းတွင် ကိုဗစ်မျိုးပွား အိုမီခရွန်ရောဂါ ပြန့်နှံ့လာချိန်တွင် လူသေဆုံးခြင်း မရှိသည့်အတွက် လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်ရောဂါအပေါ် ပြည်သူများအနေဖြင့်  သာမန် ရာသီတုပ်ကွေး ကဲ့သို့သာ သဘောထားနေကြောင်း ဒေါက်တာကျော်မင်းထွန်းက မှတ်ချက်ပြုသည်။

“လူအသေအပျောက်တွေတော့ တွေ့တယ် ဘာကြောင့်လဲဆိုတော့ ပေါ့ဆလို့ပါ အိုမီခရွန်က အားပျော့ပါတယ် ဘာမှမဖြစ်ပါဘူးဆိုပြီး ပေါ့ကြတယ်ပေါ့နော် အောက်ဆီဂျင် ကျလို့ကျမှန်းမသိ ကိုဗစ်ဖြစ်လို့ဖြစ်မှန်းမသိ ပေါ့ပေါ့နေကြတာပေါ့ အချိန်မှီ ကုသမှုခံယူဖို့သင့်တယ်” ဟုပြော သည်။

ကိုဗစ်ရောဂါဖြင့် ပတ်သက်ပြီး ကာကွယ်ထိန်းသိမ်းနိုင်သည့် စွမ်းရည်အပြည့်ရှိကြောင်း NLD အစိုးရလက်ထက်တွင် အမြဲလိုလို ကြွားလုံးထုတ် ပြောဆိုလေ့ရှိသည့် စစ်တပ်သည် အာဏာသိမ်းပြီးနောက် ဖြစ်ပွားခဲ့သည့် ကိုဗစ်တတိယလှိုင်းတွင် စီမံခန့်ခွဲမှု အလွဲများ ပြုလုပ်ခဲ့ခြင်းကြောင့် နောက်ဆက်တွဲအနေဖြင့် ပြည်သူများ အသေအပျောက်များခဲ့သည်။

စစ်ကောင်စီ၏ စီမံခန့်ခွဲမှု အလွဲများကြောင့် အောက်ဆီဂျင် မလုံလောက်ခြင်း ဆေးဝါးများ အဆမတန် ဈေးမြင့်မားခြင်းတို့ကို ဝန်မခံဘဲ အာ ဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ကျန်းမာရေးဝန်ထမ်းများကြောင့်ဟု ဆိုကာ စစ်ကောင်စီက အပြစ်ပုံချခဲ့သည်။

လက်ရှိ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းဆောင်ရွက်မှုတွေကို သိရှိနိုင်ရန် စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရ ဒေါက်တာသန်းနိုင်စိုးကို Myanmar Now က ဆက်သွယ် မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပေ။

မြန်မာနိုင်ငံတွင် ကာကွယ်ဆေးထိုးပြီးသူ ၁၈ နှစ်နှင့် အထက် သန်း ၃၀ ကျော် (၃၀,၄၆၁,၀၆၃) နှင့် ၁၈ နှစ်အောက် ခြောက်သန်းကျော် (၆,၅ ၁၅,၅၂၂) စုစုပေါင်း ၃၆ သန်းကျော် ရှိပြီဖြစ်ကြောင်း စစ်ကောင်စီကျန်းမာရေးဝန်ကြီး ဌာနက စက်တင်ဘာ ၁၄ ရက်နေ့တွင် ထုတ်ပြန်ထား သည်။

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နှင့် သူ၏အစိုးရအဖွဲ့ဝင်များ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက်က တွေ့ဆုံသည့် အစည်းအဝေးတွင် ကိုဗစ်ရောဂါပြန်လည်ဖြစ်ပွာနိုင်ကြောင်း သတိပေးထားသည်ကို တွေ့ရသည်။ ကိုဗစ်စတင်ဖြစ်ပွားချိန်မှစ၍ ယခုနှစ် ဩဂုတ်လ ၂၁ ရက်အထိ လူပေါင်း ၁၉,၀၀၀ သေဆုံးခဲ့သည်ဟုလည်း အာဏာသိမ်းခေါင်းဆောင်က ထည့်ပြောသွားသည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s