မုံရွာတွင် PDF ဟန်ဆောင်၍ ပြည်သူများအား ခြိမ်းခြောက်အကျပ်ကိုင်နေသည့် တောပုကျေး ရွာမှ လက်နက်ကိုင်ပျူစောထီးအဖွဲ့ တိုက်ခိုက်ခံရ ၇ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုကျေးရွာမှ လက်နက်ကိုင်ပျူစောထီးများသည် ပြည်သူ့ကာကွယ်ရေးတပ် (PDF) အဖြစ်ဟန်ဆောင်ကာ ဒေသခံ ပြည်သူများအား ခြိမ်းခြောက်အကျပ်ကိုင်နေသည့်အတွက် South Monywa PDF အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ခုနစ်ဦး သေဆုံးခဲ့ကြောင်းသိရ သည်။

တောပုကျေးရွာအနီး ဆယ်ပေါက်တွဲဟု လူသိများသည့် နေရာတွင် PDF အဖြစ် ဟန်ဆောင်ကာ ခြိမ်းခြောက်မှုများ ပြုလုပ်နေသည့် ပျူစောထီးများကို ပြည်သူများ၏ သတင်းပေးတိုင်တန်းမှုအရ ယမန်နေ့ စက်တင်ဘာလ ၁၆ ရက်၊ မွန်းလွဲ ၁ နာရီ ၂၅ မိနစ်ခန့်က ၄ဝ မမ လက်နက်ကြီး လေးလုံးအပြင် အော်တိုဂန်းများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း South Monywa PDF အဖွဲ့ထံက သိရသည်။

“ တောပုကျေးရွာက ပျူတွေပါ၊ မနေ့က ဆိုင်ကလုန်းတစ်စီး၊ စူပါကပ်တစ်စီးနဲ့ ဖုန်းသုံးလုံးလောက်ပါသွားတယ်။ မိန်းကလေးတွေကိုလည်း ထမိန်တွေပါ ခါခိုင်းပြီး သားပြော မယားပြော ပြောတယ်။ သူတို့ကိုယ် သူတို့လည်း PDF ဆိုပြီး ပြောတယ်။ စစ်တပ်သတင်းပေးမလုပ်နဲ့ လုပ်ရင် သတ်ပစ်မယ်လို့လည်း ခြိမ်းခြောက်တယ်။ ပြည်သူတွေရဲ့ တိုင်တန်းမှုကြောင့် ကျွန်တော်တို့ ရောက်တော့ ဒီကောင်တွေ အရက်ထိုင် သောက်ပြီး မူးရူးနေတာ” ဟု South Monywa PDF အဖွဲ့မှ တာဝန်ရှိသူ Daung Karyan က မဇ္ဈိမကို ပြောသည်။

ပစ်ခတ်မှုကြောင့် အဆိုပါနေရာရှိ ပျူစောထီး ခုနစ်ဦးစလုံး သေဆုံးခဲ့ပြီး ဆယ်မိနစ်ခန့် အကြာတွင် တောပုကျေးရွာမှ ပျူစောထီးများ ထပ်မံရောက်ရှိလာသည့်အတွက် လက်နက်များကို သိမ်းယူနိုင်ခဲ့ခြင်း မရှိကြောင်း South Monywa PDF ထံက သိရသည်။

“ အနီးကပ်ပဲ ချောင်းပဲခြားတာ၊ အနားထိကပ်ပြီး ဝင်ပစ်တာပါ၊ စပစ်ပြီး ဆယ်မိနစ် လောက်အကြာမှာပဲ ဒီကောင်တွေ အုံလိုက်ခဲလိုက်ရောက်လာတာ။ ကျွန်တော်တို့လည်း သတင်းရတာ မြန်တော့ပြန်ဆုတ်ခဲ့ရတယ်။ ချောင်းခြားနေတဲ့အတွက် လက်နက်တွေတော့ မရလိုက်ဘူး၊ ပျူစောထီး ခုနစ်ယောက်ရှိတာ အကုန်သေတယ်” ဟု Daung Karyan က ဆိုသည်။

ထပ်မံရောက်ရှိလာသည့် တောပုကျေးရွာမှ ပျူစောထီး အယောက် ၅၀ ကျော်သည် လက်နက်ကြီးများ၊ သေနတ်များဖြင့် ဘေးပတ်ဝန်းကျင်သို့ ရမ်းသန်း ပစ်ခတ်ခြင်း၊ အနီးအနားရှိကျေးရွာများသို့ သေနတ်များဖြင့်ပစ်ဖောက် မွှေနှောက်မှုများပြုလုပ်ခြင်း၊ ကင်းပုန်းများချထားခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တောပုကျေးရွာမှ ပျူစောထီး ခုနစ်ဦးသေဆုံးခဲ့သည့် တိုက်ခိုက်မှုကို South Monywa PDF အဖွဲ့ကလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး PDF အဖွဲ့ဝင်များ ထိခိုက်မှုမရှိကြောင်း သိရသည်။

“မုံရွာက ရွာတွေကို စစ်ကောင်စီတပ်သားတွေ မီးရှို့ဖို့ စစ်ကြောင်းတက်လာရင် သူတို့(ပျူစောထီး) က လမ်းပြပြီး လိုက်ပါလာတတ်ကြပါတယ်။ တောပုပတ်ဝန်းကျင်က ရွာတော်တော်များများလည်း တောပုဒလန်တွေကြောင့် စခန်းမိတာတို့၊ ရွာတွေ မီးရှို့ခံရတာတို့ ခဏခဏ ဖြစ်နေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

တောပုကျေးရွာတွင် စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားသည့် ပျူစောထီးများ အထိုင်ချလျက်ရှိပြီး စစ်ကောင်စီတပ်နှင့် ပူးပေါင်းကာ ဒေသခံများအပေါ် ဖိနှိပ်မှုများ ပြုလုပ်လေ့ရှိကြောင်း ဒေသခံများနှင့် ဒေသကာကွယ်ရေးအဖွဲ့ထံက သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် လမ်းသွားလမ်းလာများကို ရံဖန်ရံခါ စစ်ဆေးမှုများရှိသော်လည်း စစ်ကောင်စီတပ်နှင့် ပျူစောထီးများကဲ့သို့ အတင်းအဓမ္မငွေကြေး တောင်းခံခြင်း၊ ပြည်သူများအား လက်နက်အားကိုးအနိုင်ကျင့်ခြင်းများ မရှိကြောင်း South Monywa PDF တာဝန်ရှိသူက ဆိုသည်။

စစ်ကောင်စီတပ်နှင့် ပျူစောထီးများ လမ်းပေါ်တက်၍ ပြည်သူ ကာကွယ်ရေးတပ် PDF ဟန်ဆောင်ကာ ငွေတောင်း ခြိမ်းခြောက်အကျပ်ကိုင်မှုများ ကြုံတွေ့လာပါက နီးစပ်ရာ ကာကွယ်ရေးတပ်ဖွဲ့များထံ အကြောင်းကြား တိုင်ကြားပေးကြရန် South Monywa PDF က ဒေသခံ ပြည်သူများကို တိုက်တွန်း ထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s