ရန်ကုန်တွင် ဂျိုးဖြူရေမရသည့် ပြဿနာ ကြုံနေရ

ရန်ကုန်မြို့နေ ပြည်သူတွေဟာ ဂျိုးဖြူရေမရတဲ့ ပြဿနာကို ရင်ဆိုင်နေရတာ ၂ ပတ်လောက်ရှိ နေပြီလို့ မြို့ခံတွေ က ပြောပါတယ်။

လွန်ခဲ့တဲ့ စက်တင်ဘာ လဆန်းပိုင်းလောက်ကစတင်ပြီး ဒီနေ့အထိ ရေ မရတာဖြစ်ပြီးတော့ ရေလိုချင်ရင် ညသန်းခေါင်ယံနဲ့ မနက်အစောပိုင်း အချိန်တွေမှာ မော်တာမောင်းရင်တော့ တနေ့တာ သုံးလို့ရမယ့် ရေလောက်တော့ ရရှိတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့မှာ ဂျိုးဖြူရေလိုချင်ရင် မော်တာတပ်ထားတဲ့ နေအိမ်တွေကတော့ ညပိုင်းအချိန်တွေမှာ ရရှိနေပြီး မော်တာတပ်မထားဘဲ ဂျိုးဖြူရေသွယ်တန်းထားတဲ့ နေအိမ်တွေကတော့ မီးပျက်တဲ့ အချိန်တွေနဲ့ ညနက်တဲ့အချိန်တွေမှာပဲ ရေရရှိနေတာပါ။

ရန်ကုန်မှာရှိတဲ့ ပြည်သူတွေအနေနဲ့ ဂျိုးဖြူရေကို နေ့လယ်ပိုင်းမှာ လိုအပ်ပေမယ့် မော်တာနဲ့ မောင်းလို့တောင်မရဖြစ်နေပြီး ဘာကြောင့် ရေပြတ်တောက်နေလဲ ဆိုတာကိုတော့ ရန်ကုန်စည်ပင်က အသိပေးထားတာမျိုး မရှိသေးပါဘူး။

ဒီလိုရေပြတ်လတ်တဲ့ ပြဿနာကိုကြုံနေရတဲ့ ရန်ကုန်မြို့ခံတွေအနေနဲ့ မိုးရေကို အားထားနေရပြီး မိုးမရွာတဲ့ ရက်တွေဆိုရင် ရေကို ချွေတာသုံးစွဲတာ ဒါမှမဟုတ် ရေကိုဝယ်ယူသုံးစွဲတာနဲ့ ရေပေးဝေတဲ့ နေရာတွေထံက ရယူတာမျိုးတွေကို လုပ်ဆောင်နေရတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ရေမီတာတပ်ထားတဲ့ နေအိမ်တွေကို ငွေကောက်ခံရမယ့်အချိန်ရောက်ရင်တော့ မြို့နယ်အလိုက် ရေမီတာကောက်ခံသူတွေက လစဉ်မှန်ကန်စွာကောက်ခံနေပြီး တအိမ်ထောင်စုကို တလ ကျပ်နှစ်ထောင်လောက် ရေမီတာခ ပေးဆောင်နေရတယ်လို့ ရန်ကုန်မြို့ခံတွေက ဒီဗွီဘီကို ပြောပါတယ်။

ဂျိုးဖြူရေလှောင်ကန်ဟာ ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်မှာရှိပြီး ဂျိုးဖြူရေကန်၊ ရေပိုက်လိုင်းနဲ့ ရေပေးဝေရေးတွေကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ရေသန့်ဌာနက စီမံခန့်ခွဲနေတာ ဖြစ်ပါတယ်။

အရင် ဂျိုးဖြူရေပေးရေးစနစ်မှာ ရန်ကုန်မြို့လယ်ခေါင် (DowntownArea) ကို ရေလုံလောက်စွာ ပေးဝေနိုင်ခဲ့ပေမဲ့ ၁၉၉၀ နောက်ပိုင်း ရန်ကုန်မြို့ဧရိယာ ကျယ်ပြန့်လာပြီး တိုးတက်လာတဲ့ လူဦးရေ ကြောင့် ဂျိုးဖြူရေကို ကုက္ကိုင်းကန်၊ ရွှေတိဂုံဘုရားကန်တို့မှတဆင့် တာမွေ၊ မရမ်းကုန်း၊ ကမာရွတ်၊ ဒဂုံ၊ မင်္ဂလာတောင်ညွန့်၊ အလုံ၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ ဗဟန်း စတဲ့ မြို့နယ်တွေကို ရေတိုးချဲ့ပေးဝေနိုင်ခဲ့တယ်လို့ ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီက သိရပါတယ်။

နောက်ပိုင်းမှာ ဂျိုးဖြူကန်နဲ့ ကုက္ကိုင်းရေလှောင်ကန်ကြား ဂျိုးဖြူပိုက်လိုင်းမှ ရေဖောက်ယူမှုတွေ ရှိခဲ့တာကြောင့်  ရေအလုံအလောက်ပေးဝေနိုင်ဖို့ ရေကူးရေတွန်းစက်ရုံက ထပ်ဆင့်ရေတွန်းပို့ခဲပြီး ရေကူးရေတွန်းစက်ရုံနဲ့ ကုက္ကိုင်းရေကန်အကြား လူနေထူထပ်လာတဲ့အတွက် ဂျိုးဖြူပိုက်မှ ဖောက်ပြီး ရေပေးဝေခဲ့တယ်လို့ သိရပါတယ်။ 

ရေဖောက်ယူတာတွေကြောင့် နေ့စဉ်ကုက္ကိုင်းကန်ကြီးကို ရေပြည့်အောင် ပေးပို့နိုင်ခြင်း အားနည်း ခဲ့သလို ဂျိုးဖြူပိုက်လိုင်းတလျှောက် မင်္ဂလာ ဒုံ၊ မြောက်ဥက္ကလာ၊ မရမ်းကုန်းစတဲ့ မြို့နယ်တွေက လည်း ဂျိုးဖြူရေကို မဖြစ်မနေထုတ်ယူသုံးစွဲ နေရတဲ့အတွက် ရန်ကုန်မြို့လယ် Downtown Area ကို ရေပေးဝေမှု အားနည်းခဲ့တာကြောင့် ဂျိုးဖြူရေပေးရေးစနစ်ရဲ့ တရက် ရေဂါလန် ၂၇ သန်း ပေးဝေမှုဟာ အားလုံးကို မျှပြီး ပေးဝေနေရတဲ့အတွက် အချိန်ပိုင်းရေပေးရေးစနစ်ဖြစ်လာခဲ့ တယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ရေနှင့်သန့်ရှင်းရေးဌာန (အင်ဂျင်နီယာ) ၂၀၂၀ ခုနှစ်စစ်တမ်းအရ သိရပါတယ်။

အဲဒီလို ရေပေးဝေမှုအတွက် ပြည်သူတွေထံက အိမ်သုံး၊ စီးပွားသုံးဆိုပြီး ခွဲခြားကာ အခွန်ကောက်ခံနေတာဖြစ်ပြီး အိမ်သုံးကို တဂါလန် ပြား ၄၀ နှုန်းကောက်ခံနေပြီး စီးပွားသုံးကို တဂါလန် ပြားငါးဆယ်နှုန်းကောက်ခံနေသလို ရေမီတာတပ်ဆင်ပြီး ကျခံရတဲ့စနစ်တခုရှိကာ ပုံသေကောက်ခံတဲ့နှုန်းနဲ့လည်း ကောက်ခံနေပါတယ် ။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s