သထုံမြို့နယ်တွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် အမျိုးသမီး ၂ ဦး ဒဏ်ရာရ

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဝမ်းဘဲအင်းကျေးရွာမှာ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်က ကျေးရွာအတွင်း ဝင်ရောက်ပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီး ၂ ဦး ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ KNU သထုံခရိုင်က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်နေ့က တပ်အင်အား ၈၀ လောက်ပါတဲ့ စစ်ကောင်စီတပ်ဟာ ပိန္နဲတောစစ်ကောင်စီစခန်းကနေ ဝီယော်စခန်းကိုအပြန်လမ်းမှာ KNLA တပ်ရင်း (၂) ပူးပေါင်းတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တာပါ။
အဲဒီနောက်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဝမ်းဘဲအင်းကျေးရွာအတွင်း လက်နက်ငယ်တွေနဲ့ ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် ကျေး ရွာ နေသူ နော်ဆာမိရဲ့ ညာဖက်ရင်သား ထိမှန်ခဲ့ပြီး သမီးဖြစ်သူ နော်မူမူအေးမှာလည်း ဘယ်ဖက်တင်ပါးနဲ့ ဘယ်ခြေသလုံးတို့မှာ သေနတ် ထိမှန်ခဲ့တာပါ။
မိုင်းဆွဲတိုက်ခိုက်ခံရပြီး အထိနာခဲ့တဲ့ စစ်ကောင်စီတပ်က ကျေးရွာအတွင်း ဝင်ရောက်ပစ်ခတ်မှုကြောင့် အမျိုးသမီး ၂ ဦး ထိမှန် ဒဏ်ရာရရှိခဲ့သလို အိမ်စီးကား Probox ကားတစ်စီးနဲ့ ဘီဒို ၂ လုံး ထိမှန် ပျက်စီးခဲ့တယ်လို့ KNU သထုံခရိုင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေဖြစ်တဲ့ သထုံခရိုင်ထဲမှာတော့ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ဟာ ကျေး ရွာထဲ လက်နက်ကြီး ပစ်ခတ်တာ၊ ဒေသခံတွေကို ခေါ်ယူခြိမ်းခြောက်တာတွေ ဆက်တိုက်လုပ်ဆောင်နေတာပါ။
လက်ရှိမှာတော့ သထုံခရိုင်ထဲမှာ စစ်ကောင်စီတပ်က စစ်ရေးဝင်ရောက် လှုပ်ရှားနေတာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော် KNLA ပူးပေါင်းတပ်တို့ကြား နှစ်ဖက် စစ်ရေး ဆက်လက်တင်းမာနေပါတယ်။ DVB