Monthly Archives: Sep 2022

ပုသိမ်မြို့ အမှတ် ၅ ရပ်ကွက်ရုံးနား ဗုံးပေါက် ကွဲ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၅ ရပ်ကွက်ရုံးနားမှာ စက်တင်ဘာ ၁၇ ရက်နေ့ ည ၈ နာရီ ၁၅ မိနစ်လောက်က ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရပ်ကွက်ရုံးနားက ဓမ္မာရုံးထောင့်မှာ ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ဆိုပါတယ်။

“အသံကတော့ ကျယ်တယ်၊ အနားကပ်နေလို့လည်းဖြစ်နိုင်တယ်။ ထိခိုက်တာ မရှိဘူးဆိုတာက လူနာတင်ကားလာတာ မတွေ့လို့ ပြောတာပါ။ ခုတော့ ရပ်ကွက်ထဲ ပိတ်စစ်နေတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

ဗုံးပေါက်ကွဲပြီးနောက်ပိုင်း စစ်ကောင်စီတပ်သားတွေရောက်လာပြီး ရပ်ကွက်ထဲ ပိတ်ဆို့စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

ရပ်ကွက်ရုံးနား ဗုံးပေါက်ကွဲတာနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်တယ်ဆိုတာ မသိရသေးဘဲ စုံစမ်းနေဆဲဖြစ်တယ်လို့ ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြော တယ်။ DVB

တန့်ဆည်တွင် စစ်တပ်က ဒေသခံ ၁၀ ဦးကို သတ်ဖြတ်ကာ မီးရှို့ထားခဲ့ 

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ကို စစ်ကြောင်းထိုးနေသည့် စစ်တပ်က ယမန်နေ့ (စက်တင်ဘာ ၁၆) တွင် ဒေသခံကာကွယ်ရေးအဖွဲ့ဝင် ၄ ဦး အပါအဝင် ၁၀ ဦးကို သတ်ဖြတ်ကာ မီးရှို့ သွားကြောင်း ဒေသခံများထံမှ သိရသည်။ 

တန့်ဆည်မြို့မြောက်ဘက် ၅ မိုင်ခန့်အကွာ အုတ်ဖိုအိုင်ရွာကို ယမန်နေ့ နံနက် ၅ နာရီဝန်းကျင်တွင် ရောက်ရှိလာသည့် စစ်တပ်က ကင်းစောင့်နေသည့် ရွာလုံခြုံရေးအဖွဲ့ဝင် ၆ ဦးနှင့် ဒေသခံကာကွယ်ရေး အဖွဲ့ဝင် ၄ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ 

“အုတ်ဖိုအိုင်မှာ ကင်းစောင့်နေတုန်းမှာ …..တွေ တက်ခဲ့တာကို မသိလိုက်တာ။ မနက်ခင်း အစောပိုင်း ၅ နာရီလောက်ကတည်းက ရွာခြေကို ကပ်နေတယ်ထင်တာပဲ။ အဲ့ဒီမှာ ကင်းသမားတွေ ပိတ်မိသလိုဖြစ် ပြီးတော့ တစ်ခါတည်း အရှင်းခံရသလိုဖြစ်တယ်။….ရွာခံပျူ ပါလောက်တယ်။ အဲဒါကြောင့်လည်း ဒီကောင်တွေ လမ်းကျွမ်းတာနေမှာ” ဟု တန့်ဆည်မြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 

နေအိမ် ၄ လုံးလည်း မီးရှို့ဖျက်ဆီးခံရကာ ညနေဘက် စစ်ကြောင်း ပြန်ထွက်သွားချိန်တွင် ဒေသခံ ကာကွယ်ရေးအဖွဲ့များက ဝင်ရောက်ကြည့်ရှုရာ ရွာအတွင်း မီးလောင်ကျွမ်းနေသည့် ရုပ်အလောင်း များကို တွေ့ရှိခဲ့သည်။

“ရဲဘော်တွေ ရုပ်အလောင်းတွေကို မီးရှို့ထားတာ။ အသားကို ကင်ထားသလိုဖြစ်နေတာ။ အရိုးတွေ၊ ခေါင်းရိုးတွေဆို ပေါ်နေတော့တာ။ သတ်ပြီးတော့ မီးရှို့ထားတာ။ တလင်းပြင်မှာ ကုတင်ဆွဲထုတ်ပြီးတော့ ကုတင်ပေါ်မှာ ရှို့ထားခဲ့တာ။

“စတွေ့တာက ၄ လောင်း အရင်တွေ့တာ။ နောက်ထပ် ၆ လောင်း တွေ့တာ။ ရွာကကျဉ်းကျဉ်းလေး ရွာငယ်ဆိုတော့ တစ်နေရာနဲ့ တစ်နေရာကမဝေးဘူး” ဟု အထက်ပါ တန့်ဆည်မြို့နယ်ပကဖ တာဝန်ရှိသူက ပြောသည်။ 

သတ်ဖြတ်ခံရသည့် ဒေသခံကာကွယ်ရေးအဖွဲ့ဝင် ၄ ဦးမှာ အသက် ၃၀ ဝန်းကျင်အရွယ်များဖြစ်ပြီး ယမန်နေ့ ညနေ၌ပင် သင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။

အုတ်ဖိုအိုင်ရွာကို စီးနင်းစဉ် အပြန်လှန်ပစ်ခတ်မှု ဖြစ်ပွားပြီး PDF ၇ ဦးကို လက်နက်ခဲယမ်းများနှင့် အသေဖမ်းမိကြောင်း စစ်ကောင်စီက ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် စက်တင်ဘာ ၉ ရက်က တန့်ဆည်မြို့နယ် ဘောလုံးကွင်းတွင် တပ်မ ၃၃ လက်အောက်ခံ အင်အား ၆၀ ခန့်ကို ရဟတ်ယာဉ်ဖြင့် လာရောက်ချထားခဲ့ပြီး ထိုစစ်ကြောင်းသည် တန့်ဆည်မြို့တောင် ဘက်ခြမ်း ခပေါင်း ကြိုင်နှင့် ကုန်းရိုး(အရှေ့)ရွာကို စစ်ကြောင်းထိုးခဲ့သည်။

ထို့နောက် စက်တင်ဘာ ၁၅ မှ စတင်၍ တန့်ဆည်မြို့ မြောက်ပိုင်းရွာများကို စစ်ကြောင်းထိုးလာပြီး ချောင်းဆုံ၊ ဖလံချိုင်ရွာတို့မှတဆင့် အုတ်ဖိုအိုင်ရွာကို စစ်ကြောင်း ရောက်ရှိလာခြင်းဖြစ်သည်။

အုတ်ဖိုအိုင်ရွာမှ ယမန်နေ့ ညနေပိုင်းက ပြန်ထွက်သွားသည့် စစ်တပ်သည် အင်ကုက္ကားရွာတွင် ညအိပ်တပ်စွဲပြီး နောက် ယနေ့ (စက်တင်ဘာ ၁၇) နံနက်က ချောင်းဆုံ (တောင်)ရွာကို ဦးတည် ထွက်ခွာသွားသည်။

အောင်ချမ်းသာရွာအနီး ဒေသခံကာကွယ်ရေးအဖွဲ့များက စစ်ကြောင်းကို ပဒေသာမိုင်း ၃ လုံးဖြင့် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှထိခိုက်သေဆုံးမှုများ ရှိနိုင်သည်ဟု အထက်ပါတာဝန်ခံက ပြောသည်။

ယခင်က တန့်ဆည်မြို့နယ်အတွင်း စစ်ကောင်စီဘက်က အင်အား ၁၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုး လေ့ရှိ သော်လည်း ယခုအကြိမ်စစ် ကြောင်းတွင် အင်အားလျှော့ချသည့်နည်းတူ ဗျူဟာပြောင်းလဲ အသုံးပြုနေသည်ဟု ကာကွယ်ရေးအဖွဲ့များက သုံးသပ်သည်။

“အင်အား နည်းနည်းနဲ့ ကျစ်ကျစ်လျစ်လျစ်သိုသိုသိပ်သိပ်နဲ့ ထိုးမယ်ပေါ့။ မြောက်ဘက်ကို ထွက်မယ် ဆိုရင် တခြားဘက်ကို ထွက်မယ့်အရိပ်အ ယောင်ပြပြီးတော့ သူတို့ထွက်ချင်တဲ့ နေရာကို မရရအောင် ထွက်တာ။ ကျွန်တော်တို့ မြင်အောင်ပြပြီးတော့ သူတို့သွားချင်တဲ့ နေရာကို သိုသိုသိပ်သိပ်လေး သွားတယ်” 

“အရင်ကလို တစ်ရက်တစ်ရက် ရွာတွေအများကြီးမထိုးဘဲ နဲ့ သူတို့ သွားချင်တဲ့ နေရာလေးကို တစ်ရက်ချင်း တစ်ရက်ချင်းနဲ့သွားနေတာ” ဟု အထက်ပါ တာဝန်ခံက ပြောသည်။ 

တန့်ဆည်မြို့နယ် မြောက်ပိုင်းကို စစ်ကြောင်း စတင်ထွက်လာသည့် လွန်ခဲ့သည့်ရက်ပိုင်းတည်းက အုတ်ဖိုအိုင်ရွာ အပါအဝင် နဘက်ကြီး၊ ဖလံချိုင်၊ နှောကုန်း၊ အောင်ချမ်းသာစသည့် ကျေးရွာများမှ  ရာနှင့်ချီသည့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။

“နွားတွေကအစ လှည်းနဲ့ အကုန်ရှောင်ရတာ။ သူတို့ လာရင်ပြေးရတာပဲ။ သူတို့ သတ်ရင် တော့ ခံရတာပဲ။ အင်အားလည်း မမျှတော့ သူတို့ပြုသမျှ နုရသလိုဖြစ်နေတာပေါ့” ဟု တန့်ဆည်မြို့ ဒေသခံတစ်ဦးက ပြောသည်။

ဒေသခံကာကွယ်ရေးအဖွဲ့များ နယ်မြေစိုးမိုးမှုအားကောင်းပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အုပ်ချုပ်ရေးယန္တရားကို ဖော်ဆောင်နေသည့် တန့်ဆည်မြို့နယ် ကျေးရွာများကို စစ်တပ်က မကြာခဏ စစ်ကြောင်းထိုးနေသည်။  myanmar now

အမေရိကန်၊ နယူးယောက်မြို့ရှိ UN သံရုံးရှေ့တွင် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂက ဆက်လက်ထားရှိရေးအတွက် မြန်မာတိုင်း ရင်းသား ​ထောင်ချီ ချီတက်ဆန္ဒပြ

khit thit

မြင်းခြံမြို့ တဇောင်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ကာကွယ်ရေးတပ်ဖွဲ့ ဝင်ရောက်ပစ်ခတ်

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တဇောင်းကျေးရွာအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ပျူစောထီးများအား စက်တင်ဘာလ ၁၆ ရက်နေ့ည ၈နာရီ ၈မိနစ်အချိန်ခန့်တွင် MGN Tiger အဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

တဇောင်းကျေးရွာတွင် စစ်ကောင်စီတပ်သားကိုးဦးနှင့် ပျူစောထီး ငါးဦးရှိပြီး တပ်စွဲထားသည်မှာ တစ်လခွဲခန့် ကြာမြင့်ပြီဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ဝင်ပစ်တော့ ခွေး(စစ်ကောင်စီတပ်သား)လေးကောင်သေတယ်။ ပျူတစ်ကောင်သေတယ်။ အဲ့ထဲမှာ ဗိုလ်တစ်ကောင်ပါတယ်။ ဒဏ်ရာရတဲ့သုံးကောင်ကတော့ သေခြင်းတရားကိုရင်ဆိုင်နေ ရတယ်”ဟု MGN Tiger အဖွဲ့တာဝန်ရှိသူကပြောသည်။

အပြန်အလှန်ပစ်ခတ်မှု နာရီဝက်ခန့် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီမှ ဗိုလ်တစ်ဦးအပါအဝင် လေးဦးသေဆုံးကာ ပျူစောထီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ယင်းလုပ်ဆောင်မှုကို MGN Tigerအဖွဲ့၊YSO အဖွဲ့နှင့် Wolf Brother အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး ကာကွယ်ရေးအဖွဲ့များ အန္တရယ်ကင်းစွာဆုတ်ခွါနိုင်ခဲ့ကြောင်း သိရသည်။ mizzima

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလအ မြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်ခန့်ထားရန် ကနေဒါတွင် ဆန္ဒပြ

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်ခန့်အပ်ထားဖို့နဲ့ NUG အစိုးရကို ကုလသမဂ္ဂက တရားဝင်အသိအမှတ်ပြုဖို့ စက်တင်ဘာ ၁၇ ရက်က ကနေဒါရောက် မြန်မာ့ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူတွေနဲ့ တိုင်း ရင်းသားပြည်သူတွေ ကနေဒါနိုင်ငံ၊ ဗန်ကူးဗားမြို့လယ်ရှိ  အနုပညာပြတိုက်ရှေ့မှာစုရုံး ဆန္ဒပြတောင်းဆိုကြပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာဆက်လက်ခန့်ထားရေးဟာ ဒီကနေ့ မြန်မာပြည်အရေးအတွက်၊ တော်လှန်ရေးအတွက် အင်မ တန်မှ သေရေးရှင်ရေးတမျှအရေးကြီးတယ်လို့ ဗန်ကူးဗားမြို့ ဆန္ဒပြပွဲဖြစ်မြောက်ရေး ဦးဆောင်သူတဦးဖြစ်တဲ့  ဦးဌေးအောင်က ပြောပါတယ်။ 

“ဒီနေ့ ကျနော်တို့လုပ်ရတဲ့ ရည်ရွယ်ချက်ကလည်း အင်မတန်မှ မြန်မာပြည်အတွက် အရေးကြီးတဲ့ နိုင်ငံရေး သံတမန်ရေးအရ ထိုးဖောက်နိုင်မယ့်တိုက်ပွဲကို ဦးဆောင်သွားမယ့် NUG နဲ့ အဲဒီမှာ  NUG ကို ကိုယ်စားပြုပြီးတင်သွင်းထားတဲ့ ဦးကျော်မိုးထွန်းကို မြန်မာပြည်ရဲ့ ကိုယ်စားကုလသမဂ္ဂ သံအမတ်ကြီးအဖြစ် ဝိုင်းဝန်းထောက်ခံပြီးတော့ တရားဝင် သံအမတ်အဖြစ် ရပ်တည်နိုင်ဖို့အတွက် ကျနော်တို့လုပ်တဲ့ ကန်ပိန်းဖြစ်ပါတယ်။ မနှစ်ကဆိုရင် ကျနော်တို့ ဦးကျော်မိုးထွန်းက တရားဝင်သံအမတ်ဆိုပေမယ့်လုပ်ပိုင်ခွင့် အင်မတန်မှ အားနည်းခဲ့ပါတယ်။ အားနည်းခဲ့တဲ့ အဓိကအကြောင်းရင်းကလည်း  Credentials Committee  (ကိုယ်စားလှယ်စိစစ်ရေးအဖွဲ့) အနေနဲ့ မြန်မာပြည်ရဲ့ သံအမတ်ကို ဘယ်သူ့ကိုပေးရမလဲဆိုတာကို မဆုံးဖြတ်ဘဲနဲ့ လက်ရှိသံမတ်တာဝန်ကိုပဲဆက်ပြီး   ရပ်တည်နေတဲ့အတွက် ဦးကျော်မိုးထွန်းအနေနဲ့ အင်မတန်မှ လုပ် ပိုင်ခွင့်အားနည်းခဲ့ပါတယ်။ ဒါကြောင့် တကမ္ဘာလုံးအတိုင်းအတာအနေနဲ့ ကျနော်တို့ ဦးကျော်မိုးထွန်းကို   Credentials Committee ကနေ  သံအမတ်အဖြစ် ရွေးချယ်ပြီးတော့ ယူအန်ကနေ အသိအမှတ်ပြုတဲ့  သံအမတ်ကြီးအဖြစ် ရပ်တည်နိုင်ဖို့ ဒီကနေ့ကမ်ပိန်းကို ကျနော်တို့  တကမ္ဘာလုံး အုန်းအုန်းကျွက်ကျွက် ပြည်တွင်းပြည်ပ အင်အားစုတွေစုပေါင်းပြီးတော့ လုပ်နေတာဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဆန္ဒပြပွဲမှာ ပူးပေါင်းပါဝင်သူတဦးဖြစ်တဲ့ မဇင်မာလွင်ကလည်း “ဦးကျော်မိုးထွန်းက ယူအန်ရဲ့ မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်ဖြစ်တယ်။ ယူအန်ကို  ညီမတို့က ပြောချင်ပါတယ်။ ဦးကျော်မိုးထွန်းကို  ဆက်လက်ခန့်ပေးဖို့အတွက် ထောက်ခံတဲ့ဆန္ဒပြပွဲကိုလာပြီး တက်ရောက်တာ ဖြစ်ပါတယ်။ ဒါကအရမ်းအရေးကြီးပါတယ်။ ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံမှာ တကယ်ဖြစ်ပျက်နေတဲ့ အရာတွေကို မှန်မှန်ကန်ကန်နဲ့ ညီမတို့ဘက်ကနေရပ်တည်ပြီးတော့ တင်ပြပေးနိုင်တဲ့ ယူအန်ရဲ့ ပထမဦးဆုံးသော တဦးတည်းသောကိုယ်စားလှယ်ဖြစ်ပါတယ်။   အဲတော့ Military (စစ်တပ်) ဘက်ကလည်း သူတို့ကလည်း သူတို့ရဲ့ကိုယ်စားလှယ်ကို  ယူအန်မှာ အစားထိုးဖို့ လုပ်နေတဲ့အတွက် ညီမတို့ကလည်း ပြောချင်ပါတယ်၊ ဦးကျော်မိုးထွန်းကို ဆက်လက်ပြီးတော့ ခန့်ပေးဖို့အတွက် အဲဒါကြောင့်လို့ ဒီပွဲကိုလာရတာဖြစ်ပါတယ်”လို့ပြောပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့အနေနဲ့ ဆန္ဒလာပြတာဖြစ်ပြီး  ယူအန်ကနေ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို အန်ယူဂျီကိုယ် စား အသိအမှတ်ပြုပေးဖို့လည်းတောင်းဆိုတယ်လို့  ၈၈ ကျောင်းသားဟောင်း 2021 Burma Action Group Vancouver အဖွဲ့က ကိုမင်းနိုင်က ပြောပါတယ်။

“ဘာကြောင့်ထောက်ခံလဲဆိုတော့ ဒါက ကျနော်တို့ရဲ့ တော်လှန်ရေးအတွက် အရမ်းအရေးကြီးတယ်။ ဦးကျော်မိုးထွန်းကို ဒီလိုထောက်ခံရုံနဲ့ ပြီးပြီလားဆိုတော့ မပြီးသေးဘူးပေါ့နော်။ အဓိကက  အန်ယူဂျီကိုထောက်ခံလိုက်ပြီဆိုရင် ဦးကျော်မိုးထွန်းက ယူအန်ရဲ့ သံအမတ်ကြီးတိုက်ရိုက်ဖြစ်ပေမဲ့ အန်ယူဂျီက တရားဝင်အစိုးရမဖြစ်သေးပါဘူး။ ကျနော်တို့က ဆက်ပြီးတော့ တဆင့်ချင်းသွားရမှာဖြစ်တယ်။ ဒါက ပထမခြေလှမ်းပေါ့ ဦးကျော်မိုးထွန်းကို အရင်ဆုံးကျနော်တို့ ထောက်ခံရမယ်။ နိုင်ငံတကာကလည်း အသိအမှတ်ပြုပေးရမယ်။ ဒါမှသာ တဆင့်တက်ပြီးတော့ အန်ယူဂျီကို ဒီမိုကရေစီအစိုးရအဖြစ် နိုင်ငံတကာအသိအမှတ်ပြုလာမယ်။ ဒါမှ ကျနော်တို့ရဲ့ နွေဦးတော်လှန်ရေးက အမြန်ဆုံးအောင်မြင်မယ်လို့ယုံကြည်တဲ့အတွက်၊  ဦးကျော်မိုးထွန်းကို လာထောက်ခံတယ်၊ ဦးကျော်မိုးထွန်းကတဆင့် အန်ယူဂျီကို ထောက်ခံဖို့  ကျနော်တို့ ဆက်ပြီးတိုက် တွန်းသွားမှာဖြစ်ပါတယ်။” 

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်ခန့်အပ်ဖို့ ကုလသမဂ္ဂ ကျွမ်း ကျင်ပညာရှင်တွေပါဝင်တဲ့    မြန်မာနိုင်ငံ ဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) ကလည်း တိုက်တွန်းထားသလို  မြန်မာပြည်တွင်းနဲ့ ပြည်ပနိုင်ငံအသီးအသီးမှာ မြန်မာပြည်သူတွေက တောင်းဆို ဆန္ဒပြနေကြတာဖြစ်ပါတယ်။

ကုလသမဂ္ဂရုံးစိုက်ရာ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာလည်း  သံအမတ်ကြီးဦးကျော်မိုးထွန်းကို ကုလသမဂ္ဂ အမြဲတမ်း ကိုယ် စားလှယ်အဖြစ် ဆက်လက်တည်ရှိရေးအတွက် ထောက်ခံဆန္ဒပြတဲ့ လှုပ်ရှားမှုကို စက်တင်ဘာ ၁၇ ရက်က ကျင်းပရာမှာ ဦးကျော်မိုးထွန်းကိုယ်တိုင် ပါဝင် တက်ရောက်ခဲ့ပါတယ်။ DVB

လောင်စာဆီ ဗိုက်ဟောင်းလောင်းဖြစ်ချိန် ရု ရှားဆီနှင့် လေလည်ပြ

ဒေါ်လာရှားပါးမှုနှင့်အတူ စက်သုံးဆီပြတ်လပ်ခြင်း၊ ဈေးကြီးမြင့်ခြင်းများ အလျဉ်မပြတ်ဖြစ်လာချိန်တွင် အာဏာသိမ်းစစ်ကောင်စီက ရုရှားနိုင်ငံမှ ဆီတင်သွင်းမည်ဖြစ်ကြောင်း ထုတ်ပြောသည်။ ထိုသို့ပြောသည်မှာ အတန်ကြာပြီဖြစ်သော်လည်း ရုရှားဆီ ရောက်မရောက် မသိရပေ။

ရုရှားဆီတင်သွင်းရေး အတော်ခရီးရောက်နေပြီဖြစ်ကြောင်း မကြာသေးမီက ရုရှားခရီးစဉ်အတွင်း အာဏာသိမ်းခေါင်းဆောင်ကိုယ်တိုင် ထုတ်ဖော်ပြောဆိုခဲ့သည်။ 

“ခရီးအတော်ရောက်နေပါပြီ။ အခုလည်း တချို့ရက်ပိုင်းအတွင်းမှာ မြန်မာနိုင်ငံကို ရောက်မှာဖြစ်ပါ တယ်။ ဆက်တိုက် ဝယ်ယူသွားဖို့ ရှိပါတယ်” ဟု ရုရှားနိုင်ငံပိုင် သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် မင်းအောင်လှိုင်က ထည့်သွင်းပြောဆိုခဲ့သည်။

စက်သုံးဆီဝယ်ယူ တင်သွင်းရာတွင် ရုရှားနိုင်ငံက လက်ခံသည့် ငွေကြေးဖြင့် ပေးချေနိုင်အောင် စီစဉ်သွားမည်ဖြစ်သော်လည်း ရူဘယ်ငွေနှင့် ပေးလိုကြောင်းလည်း ၎င်းက ပြောသည်။ အခြားသော ငွေကြေးနှင့် ပေးချေရန် အခက်အခဲရှိသည်ဟုလည်း ဝန်ခံခဲ့သည်။

ရုရှား – ယူကရိန်းပဋိပက္ခကြောင့် ကမ္ဘာတစ်ဝန်း လောင်စာဆီဈေးနှုန်းမြင့်တက်လာကာ အကျိုးဆက်အနေဖြင့် နိုင်ငံအချို့တွင် နိုင်ငံရေးအရပါ အကျပ်အတည်းဆိုက်နေသည်။ 

အမေရိကန်နှင့် ဥရောပသမဂ္ဂ၏ ဘက်ပေါင်းစုံပိတ်ဆို့ အရေးယူများကြောင့် အခြားသောနိုင်ငံများထက် အကျပ်အတည်းဆိုက်လာသော ရုရှားက ရေနံစိမ်းနှင့် ချက်လုပ်ပြီး လောင်စာဆီကို ဈေးပေါပေါနှင့် ထုတ်ရောင်းသည်။ အဓိကဝယ်ယူနေသည်မှာ တရုတ်ဖြစ်သည်။

ရေနံချက်စက်ရုံ ကောင်းကောင်းမရှိသည့်အပြင် သယ်ယူစရိတ်နှင့် သိုလှောင်နိုင်စွမ်း အားနည်းသော နိုင်ငံငယ်များအတွက်မူ ရုရှားရေနံစိမ်းမှာ ဈေးပေါသော်လည်း ပြောသလောက် မလွယ်လှပေ။​ အထူးသဖြင့် မြန်မာနိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံတွင် တန်ချိန်သိန်းနှင့်ချီ၍ ချက်လုပ်နိုင်သော ရေနံချက်စက်ရုံ မရှိသည့်အပြင် စက်သုံးဆီ သို့မဟုတ် ရေနံစိမ်းအလုံအလောက် သိုလှောင်နိုင်သည့် အခြေခံအဆောက်အအုံများလည်း မရှိပေ။

အတိအကျ မသိရသော်လည်း စစ်ကောင်စီအနေဖြင့် ရုရှား မှလောင်စာဆီ တင်သွင်းရာတွင် တန်ချိန်သုံးသောင်းဝန်းကျင်သာဖြစ်နိုင်သည်ဟု သိရသည်။ ဈေးပေါပေါဖြင့် ရနိုင်သော်လည်း မိုင်ပေါင်းများစွာ ရှည်လျားသည့် ရေလမ်းကြောင်းမှတစ်ဆင့် ထိုပမာဏတင်သွင်းနိုင်သည်ဆိုပါက အလုပ်မဖြစ်နိုင်ကြောင်း၊ တန်ချိန်သုံးသောင်းသည် ပြည်တွင်းလောင်စာဆီဈေးကွက်တွင် ရက်ပိုင်းမျှသာ လုံလောက်မည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက ဆိုသည်။ 

“လောလောဆယ် ရုရှားကဝယ်မှာက Finishing Products (စက်သုံးဆီ) ပေါ့။ ရေနံစိမ်း မဟုတ်ဘူး။ ဆီတန်ချိန် သိန်းချီသယ်နိုင်တဲ့ သင်္ဘောက ရှားတယ်။ နောက်ပြဿနာတစ်ခုက ရန်ကုန်မဝင်နိုင်ဘူး” ဟု စွမ်းအင်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ပြည်ပမှစက်သုံးဆီ တင်သွင်းခွင့်ရထားပြီး ပြည်တွင်း၌ အကြီးအကျယ်ဖြန့်ဖြူးရောင်းနေသည့် စက်သုံးဆီလုပ်ငန်းရှင်ကြီးတစ်ဦး၏ အဆိုအရလည်း တန်ချိန်များများ တင်ဆောင်သည့် သင်္ဘောကြီးများ ရန်ကုန် ဝင်ရောက်နိုင်ခြင်း မရှိပေ။

“တန်ချိန်ကတော့ ကန့်သတ်ချက်မရှိပါဘူး။ အဓိက ရေစူးပါပဲ။ ရေစူးက ကိုးမီတာခွဲပေါ့။ သင်္ဘောရဲ့ ဒီဇိုင်းပေါ် မူတည်တာပေါ့” ဟု ထိုလုပ်ငန်းရှင်က ဆိုသည်။

စစ်ကောင်စီ တင်သွင်းမည့် ရုရှားဆီ ရောက်မရောက် စုံစမ်းရာတွင် ထိုလုပ်ငန်းရှင်က သူတို့နှင့် မဆိုင်ကြောင်း ပြောခွင့်မရှိကြောင်း ဆိုသည်။

မိုင်ပေါင်းများစွာ ကွာဝေးသော ရုရှားနိုင်ငံမှ ဆီသွင်းမည့်ကိစ္စမှာ “ဆင်ဖိုးထက် ချွန်းဖိုးကြီး” မည့်ကိစ္စဖြစ်နိုင်ကြောင်း သုံးသပ်မှုများလည်းရှိသည်။ 

ရုရှားနိုင်ငံ မည်သည့်ဆိပ်ကမ်းမှနေ၍ ဆီတင်သွင်းမည်ကို မသိရသော်လည်း မင်းအောင်လှိုင် သွားရောက်ခဲ့ရာ အရှေ့ဘက်ကမ်းရိုးတန်း ဗလာဒီမာဗော့စတော့ဆိပ်ကမ်းမှ ရန်ကုန်အထိ ရေမိုင်ပေါင်း ၅၀၀၀ ကျော် ရှိပြီး ရေလမ်းခရီးအားဖြင့် ရက်ပေါင်း ၂၀ ထက်မနည်း ကြာမြင့်နိုင်သည်။

သို့လောသို့လော တွေးဆချက်များ၊ သုံးသပ်ချက်များရှိနေသော်လည်း လက်ရှိတွင် စစ်ကောင်စီတင်သွင်းမည့် ရုရှာလောင်စာဆီမှာ ဘယ်နားရောက်နေမှန်း မသိရပေ။ 

စစ်ကောင်စီ၏ ရုရှားဆီနှင့် ပတ်သက်၍ ပြည်တွင်းရှိ စက်သုံးဆီလုပ်ငန်းရှင်အချို့ကို ဆက်သွယ်မေးမြန်းသော်လည်း မသိရသေး၊ မကြားရသေးဟုသာ ဖြေကြသည်။

လုပ်ငန်းရှင်တစ်ဦးကမူ “ဆီဈေးကို ကြည့်ရင် သိပါတယ်။ လောလောဆယ် မရောက်သေးဘူးပဲ သတ်မှတ်ရမယ်။ ရောက်ပြီဆိုရင် ဆီသွင်းတဲ့သူတွေ အရင်ဖွမှာ” ဟု မှတ်ချက်ပြုသည်။

ပြည်တွင်းစက်သုံးဆီဈေးကွက်တွင် ဓာတ်ဆီနှင့် ဒီဇယ်ဆီဈေးနှုန်းမှာ လက်ရှိအချိန်ထိ ကျပ် ၂၀၀၀ ကျော် အထက်တွင် ရှိနေဆဲဖြစ်သည်။ အာဏာမသိမ်းမီက ကျပ် ၆၀၀ မှ ၇၀၀ ဝန်းကျင်သာ ရှိခဲ့သော်လည်း လက်ရှိပေါက်ဈေး ကျပ် ၂၀၀၀ အထက်ရောက်နေသည်မှာ လနှင့်ချီရှိပြီဖြစ်သည်။

စစ်ကောင်စီက အမေရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်းကို ကျပ် ၁၈၅၀ မှ ၂၁၀၀ အထိ တရားဝင်သတ်မှတ်လိုက်ပြီးနောက် စက်သုံးဆီဈေးမှာ နေ့ချင်းညချင်း ခုန်တက်ခဲ့သည်။ 

ရုရှားမှ စက်သုံးဆီတင်သွင်းရေးအတွက် စစ်ကောင်စီက ဩဂုတ်လဆန်းပိုင်းတွင် ကော်မတီဖွဲ့ခဲ့သည်။ စစ်တပ်၏ အဓိကစီးပွားရေးလုပ်ငန်းကြီးဖြစ်သော မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးညိုစော ဦးဆောင်မည်ဖြစ်သည်။ ဌာနဆိုင်ရာလူကြီးအချို့အပြင် စစ်တပ်နှင့် နီးစပ်သော ပုဂ္ဂလိကကုမ္ပဏီအချို့ကိုလည်း ကော်မတီတွင် ထည့်သွင်းထားသည်။

ထိုကော်မတီဖွဲ့စည်းသည့် နေ့မှာပင် ဗဟိုဘဏ်ကလည်း စက်သုံးဆီဈေး တည်ငြိမ်ရေးအတွက် အမေရိကန်ဒေါ် လာသန်း ၂၀၀ ထောက်ပံ့မည်ဖြစ်ကြောင်း ထုတ်ပြန်သည်။ 

ထိုဒေါ်လာသန်း ၂၀၀ မှာ ရုရှားမှာ စက်သုံးဆီတင်သွင်းရာတွင် တိုက်ရိုက်အသုံးပြုမည်လော၊ ပြည်တွင်းရှိ ပုဂ္ဂလိကစက်သုံးဆီတင်သွင်းသူများထံ ဖြန့်ရောင်းမည်လောဆိုသည်ကို ကွဲကွဲပြားပြား မသိရပေ။

အထက်ပါ စက်သုံးဆီလုပ်ငန်းရှင်ကြီး၏ အဆိုအရမူ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်တွင်းစက်သုံးဆီဈေးကွက်အတွက် လစဉ် ဆီတန်ချိန်လေးသိန်းခန့် ပြည်ပမှ တင်သွင်းနေရပြီး ခန့်မှန်းချေအားဖြင့် တန်ဖိုးအားဖြင့် ဒေါ်လာသန်း ၄၀၀ ခန့်ရှိသည်ဟု ဆိုသည်။ 

မြန်မာနိုင်ငံအနေဖြင့် စွမ်းအင်ကဏ္ဍအတွက် နှစ်စဉ် ရေနံနှင့် ရေနံထွက်ပစ္စည်း တင်သွင်းမှု ဒေါ်လာ ၁ ဒသမ ၃ ဘီလျံဝန်းကျင်ရှိပြီး တင်သွင်းမှုလျှော့ချရန် လိုအပ်ကြောင်း စစ်ခေါင်းဆောင်က ဩဂုတ်လဆန်းပိုင်းတွင် ထုတ်ဖော်ပြောဆိုသည်။

တရားဝင်စာရင်းဇယားများအရ ပြီးခဲ့သည့် ၂၀၂၀-၂၁ ဘဏ္ဍာနှစ်တွင် လောင်စာဆီတန်ချိန် ၄ ဒသမ ၁၂ သန်း တင်သွင်းခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၆ ဘီလျံရှိသည်။​ မြန်မာနိုင်ငံတွင် စွမ်းအင်အရင်းအမြစ်အချို့ရှိသော်လည်း ကိုယ့်နိုင်ငံသုံးအတွက် လုံလောက်အောင် ဖန်တီးနိုင်ခြင်း မရှိသေးပေ။

စစ်ရေး၊ စီးပွားရေးနှင့် နိုင်ငံရေးနှင့် သံတမန်ရေးရာအထိ ဘက်ပေါင်းစုံတွင် အကျပ်အတည်းများ ရင်ဆိုင်နေရသည့် စစ်ကောင်စီအတွက် လောင်စာဆီပြဿနာက ခေါင်းခဲစရာဖြစ်သည်။

ပြည်တွင်း၌ နေ့စဉ်နှင့်အမျှ စက်သုံးဆီပြဿနာ အမေးအမြန်းထူလာချိန်တွင် ရုရှားမှ ဆီတင်သွင်းရန် စစ်ကောင်စီ ကြံစည်ခြင်းဖြစ်သည်။ ရုရှားသမ္မတပူတင်နှင့် တွေ့ဆုံစဉ် ကမ္ဘာ့ခေါင်းဆောင်ကြီးဟု မင်းအောင်လှိုင်က မြှောက်ပင့်ပြောဆိုခဲ့သော်လည်း ရုရှားဆီ ရောက်မလာသေးပေ။​ myanmar now

အနောက်မြောက်တိုင်း စစ်ဌာနချုပ် ကွပ်ကဲရေးမှူး လက်အောက်ခံ တပ်ကြပ်ကြီး လက် နက်အပြည့်အစုံနှင့် ပြည်သူရင်ခွင်ခိုလှုံ

အနောက်မြောက်တိုင်း စစ်ဌာနချုပ် ကွယ်ကဲရေးမှူး လက်အောက်ခံ ကိုယ်ပိုင်နံပါတ် -၃၄၅၁၇ ဖြင့် တပ်ကြပ်ကြီး ကိုမင်းသူသည် စက်တင်ဘာ လ ၁၄ရက်နေ့တွင် အမိမြေတော်လှန်ရေးတပ်ဖွဲ့ နှင့် ချိတ်ဆက်၍ လက်နက်အပြည့်အစုံဖြင့် ပြည်သူ့ရင်ခွင်သို့ ခိုလှုံကာ CDMပြုလုပ်ခဲ့သည်ဟု သိရသည်။

တပ်ကြပ်ကြီး ကိုမင်းသူသည် စစ်ကောင်စီတပ် တွင် တာဝန်ထမ်းဆောင်နေခဲ့သည်မှာ လေးနှစ်ခန့် ရှိပြီး တပ်မှထွက်ပြေးခဲ့ရသည့် အကြောင်းအရင်း ကို ယခုကဲ့သို့ ပြောပြလာသည်။

“စစ်တပ်ကနေ ထွက်ပြေးတာက ဒုတိယအကြိမ် ဖြစ်တယ်ဗျ။ စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက်မှာ တစ်ကြိမ်ထွက်ပြေးခဲ့သေးတယ် မအောင်မြင်ခဲ့ဘူး။ အာ့မှာ ကျနော် ရာထူးလျော့သွားတယ်။ အခုက ဘန့်ဘွေးကျေးရွာကနေ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်ပိုင်းနဲ့ ချိတ်ဆက်ပြီး ထွက်ခဲ့ရတယ်။ တပ်ထဲမှာကတော့ တပ်ပျက်နေပြီ ပြောရမှာဗျ။ ဘာဖြစ်လို့လဲဆိုတော့ အကြီးတွေကလည်း တပ်သားတွေကို မယုံဘူး။ တပ်သားတွေ အနေနဲ့ကလည်း အကြီးတွေကို ယုံကြည်မှုမရှိတော့ဘူးဗျ။ ချိတ်ဆက်မှုနဲ့ လုံခြုံ မှု ရှိမယ်ဆိုရင် ထွက်ပြေးချင်တဲ့သူတွေ အတော်ကိုများနေပြီဗျ။ အဓိကကတော့ ပြည်သူက်ို ရန်သူလိုဆက်ဆံနေတာက အဆိုးဆုံ” ဟု တပ်ကြပ်ကြီး ကိုမင်းသူက ဆိုသည်။

CDMတပ်ကြပ်ကြီး ကိုမင်းသူသည် မိမိနှင့်အတူ ပါလာသည့် MA2 တစ်လက်နှင့် ကျည် ၁၂၀ကို အမိမြေတော်လှန်ရေးတပ်ဖွဲ့ထံတွင် အပ်နှံခဲ့သည်ဟု သိရသည်။

အမိမြေ တော်လှန်ရေး တပ်ဖွဲ့အနေဖြင့် ပြည်သူ့ရင်ခွင်သို့ လက်နက်နှင့်အတူ ခိုလှုံလာသည့် တပ်ကြပ်ကြီး ကိုမင်းသူကို မြန်မာကျပ်ငွေ သိန်း ၈၀တိတိ ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။ mizzima

တန့်ဆည်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံး၊ မင်းကင်းတွင် စစ်သား ၂ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စက်တင်ဘာလ ၁၇ ရက်နေ့ ဖြစ်ပွားသော တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးကြောင်း တန့်ဆည် PDF က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

တန့်ဆည်မြို့နယ် အောင်ချမ်းသာရွာကို မီးရှို့နေသော စစ်ခွေးများကို တန့်ဆည်PDF တပ်ရင်း(၆)၊ တပ်ရင်း(၇)၊ တပ်ရင်း(၈)၊ တပ်ရင်း(၁၀)၊ တပ်ရင်း(၁၆)၊ တပ်ရင်း(၂၅)၊ တပ်ရင်း(၂၆)၊ KPK၊ PLAနှင့် ပကဖရဲဘော်များက ယနေ့နံနက်၁၁နာရီခန့်တွင် လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားသေဆုံးမှု များပြားခဲ့ကြောင်း သိရှိရသည်။

ထို့နောက် ရေဦးကုန်းရွာဘက်သို့ စစ်ကြောင်းထိုးလာသော တပ်မ(၃၃)စစ်ခွေးများကို တန့်ဆည်PDF တပ်ရင်း(၆)နှင့် တပ်ရင်း(၇)တို့က ယနေ့နေ့လယ် ၁၂နာရီ၂၀မိနစ်တွင် စောင့်ကြိုတိုက်ခိုက်ရာ ၁၀မိနစ်ခန့် တိုက်ပွဲပြင်းထန်စွာဖြစ်ပြီး ‌စစ်သား ၁၀ ဦးခန့် သေဆုံးခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်များသည် ရေဦးကုန်းရွာမှ သာယာကုန်းရွာဘက်သို့ ထွက်ခွာလာရာ တန့်ဆည်PDF တပ်ရင်း(၆) ရဲဘော်များက ညနေ၅နာရီခွဲအချိန်တွင် ၁၀မိနစ်ခန့် ပျောက်ကြားတိုက်ခိုက်ခဲ့ပြီး စစ်သားအများအပြား သေဆုံးနိုင်ကြောင်း ၊ တိုက်ပွဲအပြီးတွင် ဒဏ်ရာရစစ်သားများကို ဒေသခံပြည်သူတို့၏ လှည်း၂စီး‌ပေါ်တင်၍ သယ်ဆောင်သွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်များ ချေမှုန်း သုတ်သင်ခြင်းသည် အုတ်ဖိုအိုင်ရွာတွင် စစ်အာဏာရှင်ကိုတော်လှန်ရင်း အသက်ပေးဆပ်သွားခဲ့ကြသော ပြည်သူ့ရဲဘော်များအတွက် သွေးကြွေးပြန်ဆပ်ခြင်း ဖြစ်ကြောင်း တန့်ဆည် PDF က ဆိုသည်။

အလားတူ စက်တင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၁နာရီအချိန် မင်းကင်းမြို့နယ် တောင်လက်ဒေသ အရှေ့ကူလဲတွင်တပ်စွဲထားသော စစ်တပ်နှင့်ပျူစောထီးများကို မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ရင်း(၂)၊ တပ်ခွဲ(၂)၊ မဟာ မိတ်အဖွဲ့များဖြစ်သော ရွှေတြိဂံတပ်ရင်း၊ ဒေသခံပကဖအဖွဲ့ဖြစ်သည့် တိမ်လွှာဒေါင်းမင်းတပ်ဖွဲ့များထိတွေ့မှုဖြစ်ပွားခဲ့ကြောင်း ၊ အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၂ ဦးသေဆုံးကြောင်း သိရှိရသည်။ khit thit

မင်းအောင်လှိုင်ကြိုဆိုပွဲ ကားငှားလိုက်သူများ ငွေမရဖြစ်နေ

ရုရှားမှ စက်တင်ဘာ ၁၁ ရက်တွင် ပြန်ရောက်လာသည့် အာဏာသိမ်းစစ်ခေါင်းဆောင်ကို နေပြည်တော်လေဆိပ်၌ ကြိုဆိုရာတွင် စစ်တပ်ထောက်ခံသူများ အသုံးပြုခဲ့သည့် မော်တော်ယာဉ် ငှားရမ်းခငွေများ ၅ ရက်ကြာသည်အထိ မရသေးဟု စုံစမ်းသိရှိရသည်။

စစ်တပ် ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ထောက်ခံသည့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးအချို့က ကြိုဆိုပွဲကို  စီစဉ်သည်ဟု ယာဉ်ပိုင်ရှင်များနှင့် နီးစပ်သည့် သတင်းရင်းမြစ် နှစ်ဦးထံမှ သိရသည်။

Light truck (ကုန်တင်၊ လူစီးယာဉ် အသေး) တစ်စီးလျှင် ကျပ်သုံးသောင်းမှ ငါးသောင်း၊ ခရီးသည်တင် မှန်လုံကား တစ်စင်းလျှင် ကျပ်တစ်သိန်းမှ တစ်သိန်းခွဲပေးမည်ဟု စစ်တပ်ထောက်ခံသူတို့က မက်လုံးပေးသည်ဟု ဆိုသည်။

ကြံ့ခိုင်ရေးနှင့် မဘသ အားကောင်းသည့် ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်ရွာနှင့် လယ်ဝေးမြို့နယ် စုရပ်နေရာအချို့တွင် ညနေ ၄ နာရီဝန်းကျင်အရောက် သွားခေါ်ရပြီးနောက် စစ်တပ်ထောက်ခံသူတို့က ည ၇ နာရီကျော်အထိ အသုံးပြုခဲ့ကြောင်း၊ အသေးစိတ်ကို လုံခြုံရေးအရ မပြောလိုကြောင်း ၎င်းတို့က ပြောသည်။

“လာငှားတဲ့ (ရပ်/ကျေး) အုပ်ချုပ်ရေးမှူးတွေကို ‌မေးကြည့်တာတော့ သက်ဆိုင်ရာကို စာတင်တောင်းထားတယ်လို့ ပဲသိရတယ်။ အဲဒီက ရရင် ပေးမယ်ဆိုပြီး ပြောတယ်” ဟု ပထမသတင်းရင်းမြစ်က ပြောသည်။

ယာဉ်ပိုင်ရှင် အချို့မှာ ငှားရမ်းခငွေရပြီးဖြစ်သည်ဆိုသော်လည်း အများစုမှာ မရကြသေးဟု ဒုတိယသတင်းရင်းမြစ်က ပြောသည်။

“ပိုက်ဆံစိုက်ပေးနိုင်တဲ့ (ရပ်/ကျေး) ဥက္ကဋ္ဌ အချို့ကတော့ ကားခပေးပြီးပြီ ပြောတယ်။ ဒါကလည်း နှစ်ယောက် သုံးယောက်ပါပဲ” ဟု ၎င်းက ဆိုသည်။

ထိုနေ့ညနေတွင် လေဆိပ်သို့ သွားသည့် ယာဉ်တန်းကို ရိုက်ကူးထားသည့် ရုပ်သံဖိုင်ကို စစ်တပ် ထောက်ခံသည့် တယ်လီဂရမ် ချန်နယ်များတွင် ဖြန့်ဝေသည်။ ယာဉ်တန်းတွင် ကုန်တင်၊ လူစီးယာဉ်ငယ်နှင့် ခရီးသည်တင် မှန်လုံယာဉ် စုစုပေါင်း ၃၀ ခန့် ပါဝင်ကြောင်း တွေ့ရသည်။

အထက်ပါ ကိစ္စနှင့် ပတ်သက်၍ အသေးစိတ်ကို သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ယူကရိန်းကို စစ်ပြု၍ နိုင်ငံတကာတွင် နာမည်ပျက်နေသည့် ရုရှားသမ္မတကို ကမ္ဘာ့ခေါင်းဆောင်ကြီးအဖြစ် အမွှမ်းတင်ပြီး ပြန်လာသည့် ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တပ်ထောက်ခံသူများနှင့် စစ်ကောင်စီမီဒီယာတို့က မြန်မာ့ဂုဏ်ဆောင်သဖွယ် အိုးစည်ဗုံမောင်းဖြင့် ကြိုဆိုခဲ့ကြခြင်း ဖြစ်သည်။

အင်အား ၁၀၀၀ ကျော်ဖြင့် ကြိုဆိုသည်ဟု တပ်ထောက်ခံသည့် လူမှုကွန်ရက်စာမျက်နှာအချို့တွင် ဖော်ပြထားသည်။ ထိုသူတို့ကို ငွေပေးရခြင်းရှိမရှိ အတည်မပြုနိုင်သေးပေ။ ထိုသို့ တပ်ထောက်ခံပွဲ၊ ကြံ့ခိုင်ရေးထောက်ခံပွဲ လာသူတို့မှာ ၅၀၀၀ စား (တစ်ပွဲလျှင်ရသည့် အခကြေးငွေ) အဖြစ် အများသူငါကြား နာမည်ကျော်သည်။

အရပ်သားအစိုးရကို ဖြုတ်ချပြီးနောက် ကမ္ဘာ့နိုင်ငံများ၏ အရာသွင်းမှုကို မရရှာသော စစ်ခေါင်းဆောင်မှာ အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်အ တွင်း ရုရှားသို့ ၃ ကြိမ်တိုင် သွားခဲ့ဖူးရာ ယခု နောက်ဆုံးတစ်ကြိမ်တွင်မှ သမ္မတပူတင်နှင့် စီးပွားရေးဖိုရမ်ငယ်တစ်ခုတွင် တွေ့ခွင့်ရခြင်းဖြစ် သည်။ myanmar now

« Older Entries Recent Entries »