Monthly Archives: Sep 2022

‘ဝ’ ဦးဆောင်သော မြောက်ပိုင်းမဟာမိတ်များနှင့် တွေ့ဆုံမှု ရလဒ်ကောင်းဟု AA ပြော

‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဦးဆောင်သော မြောက်ပိုင်းမဟာမိတ်အဖွဲ့များနှင့် လတ်တလော တွေ့ဆုံဆွေးနွေးခဲ့ရာတွင် ရလဒ်ကောင်းများ ရရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA) တာဝန်ရှိသူများက ယနေ့ (စက်တင်ဘာ ၁၉) ထုတ်ဖော်ပြောဆိုလိုက်သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အာဏာသိမ်းစစ်တပ်နှင့် တိုက်ပွဲအပြင်းအထန်ဖြစ်နေချိန် ရခိုင်လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်ပိုင်းက ဝဒေသ ပန်ဆန်းမြို့သို့ သွားရောက်ကာ UWSA ဦးဆောင်သော မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းဖြစ်သည်။

ဆွေးနွေးသည့် အကြောင်းအရာအသေးစိတ်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း တွေ့ဆုံပွဲ ရလဒ်ကောင်းသည်ဟု အွန်လိုင်းမှတစ်ဆင့် ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲကို ဦးဆောင်သည့် AA ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်နှင့် ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခတို့က ဆိုသည်။

“စစ်ရေးကိစ္စတွေကိုတော့ အသေးစိတ်ထုတ်ပြန်ဖို့တော့ မရှိဘူး။ ဒီလူတွေနဲ့ တွေ့ဆုံမှုရှိတယ် ဆိုရင်တော့ ဒီကိစ္စတွေကို ဆွေးနွေးကြမယ်ဆိုတာကိုတော့ သိပြီးသား နားလည်သဘောပေါက်ပြီးသားပါ။ အတိုချုပ်အနေနဲ့ ပြောရမယ်ဆို ကောင်းတယ်ပေါ့” ဟု ဒေါက်တာညိုထွန်းအောင်က ပြောသည်။ 

ယခုလ ၁၆ ရက်က ဝဒေသတွင် မြောက်ပိုင်းအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များတွေ့ဆုံခဲ့ရာတွင် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုကော်မတီ (FPNCC) အဖွဲ့ဝင် မိုင်းလား၊ ကိုးကန့်၊ ရှမ်းအဖွဲ့ SSPP နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကိုယ်စားလှယ်လည်း ပါဝင်သည်ဟု AA တာဝန်ရှိသူက ဆိုသည်။

“ကျွန်တော်တို့ FPNCC ၇ ဖွဲ့ဟာ တွေ့ဖြစ်သွားတယ်။ သတင်းတွေထဲမှာ ရေးနေကြသလို FPNCC ဥက္ကဋ္ဌရဲ့ ညစာစားပွဲမှာ KIA မပါတာတော့ မဟုတ်ပါ။ KIA ကတော့ လက်ရှိ ပန်ဆန်းမှာ ထိပ်ပိုင်းခေါင်းဆောင်တွေ ရုံးထိုင်မရှိလို့။ KIA ရုံးတာဝန်ခံ တက်ပါတယ်” ဟု AA ဒုစစ်ဦးစီးချုပ်က ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်အဖွဲ့များအကြား ယခင်ကထက် ပူးပေါင်းဆောင်ရွက်ရေးနှင့် လတ်တလော နိုင်ငံတွင်းဖြစ်ပျက်နေသည့် အခြေအနေများ ဆွေးနွေးကြောင်းလည်း ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် နယ်မြေချင်း ထိစပ်နေသော ချင်းပြည်နယ်တောင်ပိုင်းတွင် ဖြစ်ပွားနေသော တိုက်ပွဲများအတွင်း ၎င်းတို့ဘက်က စစ်ရေးအသာစီးရနေသည်ဟုလည်း AA ပြောရေးဆိုခွင့်ရှိသူက ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုသည်။

စစ်ကောင်စီအနေဖြင့် စိတ်ကြိုက် စစ်ကစားနိုင်ခြင်း မရှိဘဲ အကျပ်အတည်းဆိုက်နေသည့်အပြင် တိုက်ပွဲများအတွင်း ၎င်းတို့ထံ လက်နက်ချ အညံ့ခံကာ ခိုလှုံလာသူများလည်း ရှိသည်ဟု ဆိုသည်။​

၂၀၂၀ ရွေးကောက်ပွဲမတိုင်မီမှစ၍ တစ်နှစ်နီးပါး စစ်ပွဲမရှိခဲ့သော ရခိုင်ပြည်နယ်တွင် တစ်ကျော့ပြန် တိုက်ပွဲများဖြစ်လာပြီး စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေသော်လည်း တပ်စခန်းများ ဆက်တိုက်ဆုံးရှုံးနေသည်။

စစ်ကောင်စီက တိုက်လေယာဉ်နှင့် ရဟတ်ယာဉ်များ ဆက်တိုက်အသုံးပြု တိုက်ခိုက်နေချိန်တွင် AA ခေါင်းဆောင်ပိုင်းက ၎င်း၏မဟာမိတ် အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်များနှင့် သွားရောက် တွေ့ဆုံခြင်းဖြစ်သည်။

တရုတ်နယ်စပ်တစ်လျှောက်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ၏ FPNCC ကို ဦးဆောင်နေသည့် ‘ဝ’ အဖွဲ့သည် အာဏာသိမ်းစစ်တပ်နှင့် ၎င်းကို ဆန့်ကျင်သူများအကြား ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခတွင် မည်သည့်ဘက်မှ ပါဝင်မည်မဟုတ်ကြောင်း ကြေညာထားသည့်အဖွဲ့ ဖြစ်သည်။

ယခုနှစ် မေလအတွင်းက ဝပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော အဖွဲ့တစ်ခု နေပြည်တော်သို့ သွားရောက်ကာ အာဏာသိမ်းခေါင်းဆောင်နှင့် တွေ့ဆုံခဲ့သော်လည်း ထိုသို့ တွေ့ပြီးရက်ပိုင်းအတွင်း၌ပင် မည်သည့်ဘက်မှ ပါဝင်မည်မဟုတ်ကြောင်း ဝအဖွဲ့က ထုတ်ပြန်ခဲ့သည်။​

ရက္ခိုင့်တပ်တော် အပါအဝင် မြောက်ပိုင်းအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သ ဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးထားခြင်း မရှိပေ။

ထို့ပြင် ‘ဝ’ အဖွဲ့မှလွဲ၍ ကျန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှာ အာဏာသိမ်း စစ်ကောင်စီနှင့် ဒေသအလိုက် တိုက်ပွဲများဖြစ်ပွားနေသည်။myanmar now

လက်နက်ကျည်ဆန်များ ထပ်မံနယ်ကျော်လာပါက ကုလသမဂ္ဂတွင် ဖြေရှင်းရမည်ဟု ဘင်္ဂလားဒေ့ရှ် ပြော

မြန်မာဘက်နေ လက်နက်ကျည်တွေ ကြိမ်ကြိမ် နယ်ကျော်ကျရောက်မှုကြောင့် မြန်မာသံအမတ်ကို ဘင်္လားဒေ့ရှ်အစိုးရက ထပ်မံဆင့်ခေါ် သ တိပေးကန့်ကွက်လိုက်ပြီး ဘင်္ဂလားဒေ့ရှ် နယ်နိမိတ်အတွင်းကို ပစ်ခတ်မှုတွေ ဆက်ရှိနေဦးမယ်ဆိုရင် ကုလသမဂ္ဂမှာ ဖြေရှင်းရမယ်လို့ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။

မြန်မာဘက်မှာ တိုက်ပွဲတွေဖြစ်ပြီး နိုင်ငံနယ်နိမိတ်အတွင်း လက်နက်ကျည်တွေ ကျရောက်ပေါက်ကွဲမှုတို့ကြောင့် မြန်မာသံအမတ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက တစ်လအတွင်းမှာ လေးကြိမ်မြောက်အဖြစ် ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၈ ရက်က ထပ်မံဆင့်ခေါ် သတိပေးခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံနယ်နိမိတ်အတွင်းသို့ လက်နက်ကျည်တွေ အကြိမ်ကြိမ်ကျရောက်နေမှုအတွက် ကန့်ကွက်ရှုတ်ချကြောင်း သဘောထားမှတ်ချက်သဝဏ် လွှာကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာသံအမတ် အောင်ကျော်မိုးကို ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးက တောင်ကုန်းတွေမှာ ရက္ခိုင့်တပ်တော် (အေအေ)နဲ့ မြန်မာအာဏာသိမ်းစစ်တပ်တို့ တိုက်ပွဲဖြစ်နေကြတာ လနဲ့ချီ ကြာနေပြီဖြစ်ပါတယ်။ အခုလို လက်နက်ကျည်တွေ တဖက်နိုင်ငံထဲ ကျရောက်တာနဲ့ ပတ်သက်ပြီး တဖက်နှင့်တဖက် အပြန်လှန် စွပ်စွဲနေကြတာလည်း ဖြစ်ပါတယ်။

တိုက်ပွဲတွေအတွင်း မြန်မာစစ်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကျည်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း အကြိမ်ကြိမ် ကျရောက်လာခဲ့တာကြောင့် ဒေသခံတွေသာမက နယ်စပ်တလျှောက် ခိုလှုံနေကြတဲ့ ရိုဟင်ဂျာတွေကိုပါ ထိတ်လန့်စေခဲ့ပါတယ်။

စက်တင်ဘာလ ၁၆ ရက်က ဘင်္ဂလားဒေ့ရှ်တောင်ပိုင်းက ဘန်ဒါဘန်နယ်မြေအတွင်း နယ်စပ်အနီးက ရိုဟင်ဂျာဒုက္ခသည်စခန်းနားကို မြန်မာစစ်တပ်က ပစ်ခတ်လိုက်တဲ့ မော်တာကျည် ကျရောက်ပေါက်ကွဲပြီး ရိုဟင်ဂျာလူငယ် တယောက် သေဆုံးကာ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁ ဦး အပါအဝင် နောက်ထပ် ၆ ဦး ဒဏ်ရာရရှိခဲ့ကြပါတယ်။

စက်တင်ဘာလ ၁၇ ရက် စနေနေ့မှာတော့ ပြည်ထဲရေးဝန်ကြီး အဆာဒူဇာမန်ခန်းက  မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ပြဿနာတွေကို ဘင်္ဂလားဒေ့ရှ်က နိုင်ငံရေးနည်းလမ်းတွေနဲ့သာ ဖြေရှင်းသွားဖို့ မျှော်လင့်ထားကြောင်းနဲ့ တကယ်လို့သာ အခြေအနေတွေက ကောင်းမွန်တိုးတက်လာခြင်းမရှိဘဲ ဘင်္ဂလားဒေ့ရှ်နယ်နိမိတ်အတွင်းကို ပစ်ခတ်မှုတွေ ဆက်ရှိနေဦးမယ်ဆိုရင်တော့ ကုလသမဂ္ဂမှာ တိုင်ကြားသွားမယ်လို့ ပြောပါတယ်။

နယ်စပ်တလျှောက်မှာလည်း မြန်မာဘက်ကလာမယ့် မလိုလားအပ်တဲ့ အန္တရာယ်တွေကို တားဆီးနိုင်ဖို့ အစောင့်စစ်ဆေးရေးစခန်းအသစ်တွေ တိုးချဲ့တည်ဆောက်ထားကြောင်း ဘန်ဒါဘန်နယ်မြေ ရဲမှူးကလည်း ပြောပါတယ်။ 

သောကြာနေ့က လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့ပြီးနောက်ပိုင်း နယ်မြေအာဏာပိုင်တွေဟာ ဒေသခံတွေကို သတိနဲ့နေထိုင်ကြဖို့နဲ့ မလိုအပ်ဘဲ နယ်စပ်နားမှာ သွားလာလှုပ်ရှားခြင်းမပြုဖို့ သတိပေးချက် ထုတ်ပြန်ထားပါတယ်။ DVB

AA အာဏာသက်ရောက်မူ အားနည်းသည့်နေရာများတွင် နေထိုင်သူ အရပ်သားများကို စကစ က ဖမ်းဆီးမှုများ ပိုမိုလုပ်ဆောင်

ရခိုင်ပြည်နယ်အတွင်းရှိ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/ AA) ၏ အာဏာသက်ရောက်မူ အားနည်းသည် နေရာများတွင် အ ရပ်သားပြည်သူများအား ဖမ်းဆီးတရားစွဲဆိုခြင်းများကို စစ်ကောင်စီတပ်က ပိုမိုလုပ်ဆောင်လာနေသည်ဟု ယနေ့ စက်တင်ဘာလ ၁၉ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် AA ကပြောဆိုခဲ့သည်။

စစ်ကောင်စီတပ်သည် ULA/ AA အာဏာသက်ရောက်မူ အားနည်းသည့် နေရာများတွင် အရပ်သားများအား လိုက်လံဖမ်းဆီးခြင်းများကို ပိုမို လုပ်ဆောင်နေကြောင်း ရက္ခိုင့် တပ်တော်၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဆိုသည်။

“ကျွန်တော်တို့ရဲ့ အာဏာသက်ရောက်မူ အားနည်းတဲ့ နေရာတွေအပါအဝင် နယ်မြေတချို့မှာ မြန်မာစစ်တပ်က ဝင်ရောက်နှောက်ယှက်တာ၊ ကျွန် တော်တို့ ULA/AA အဖွဲ့ဝင်တွေကို လိုက်ဖမ်းတာ၊ သံသယရှိတဲ့လူတွေရဲ့ နေအိမ်တွေကို စီးနင်းဝင်ရောက် ရှာဖွေတာ၊ ပြည်သူတွေကို ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်(ULA) လို့ ခေါင်းစဉ်တပ်ပြီးတော့ မတရားဖမ်းဆီး နေတာတွေကို ဒီရက်ပိုင်းတွေမှာ အရင်ကထက် ပိုမိုလုပ်ဆောင်လာ တယ်”ဟု ဦးခိုင်သုခက ပြောသည်။

ရခိုင်ပြည်နယ် တောင်ကုတ်၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ အမ်း ၊သံတွဲစသည့် မြို့နယ်များတွင် ဖမ်းဆီးမူများကို ယခု စက်တင်ဘာလအ တွင်း ပိုမိုလုပ်ဆောင်လာခြင်း ဖြစ်ပြီး ULA/AA နှင့် ဆက်စပ်သည့် လူများကို လိုက်လံရှာဖွေ၍ ဖမ်းဆီးနေသည်မှာ အနည်းဆုံး ၁၃ ဦးခန့်ရှိကြောင်း သိရသည်။

“အထူးသဖြင့် ကျောက်ဖြူ၊ သံတွဲ၊ ရမ်းဗြဲ၊ တောင်ကုတ်၊ မာန်အောင်၊ အမ်းစတဲ့ မြို့နယ်တွေမှာဆိုရင် ကျွန်တော်တို့ရဲ့ ULA လူကြီးတွေအပါ အဝင် AA နဲ့ ဆက်စပ်တဲ့လူတွေကို လိုက်ဖမ်းနေသလို အရပ်သားပြည်သူတွေကိုလည်း မတရား ဖမ်းဆီးနှိပ်စက်တာတွေ လုပ်နေတယ်။ အခုနှစ်ပတ်အတွင်း ULA/ AA ဆိုပြီး မတရားဖမ်းဆီးခံရတဲ့ အပြစ်မဲ့ အရပ်သားပြည်သူပေါင်း အနည်းဆုံး ၁၃ ယောက် ရှိနေပါတယ်” ဟု AA၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။

ထို့အပြင် ရခိုင်ပြည်သူလူထုများက ယုံကြည်အားကိုး၍ ULA/ AA ဖက်သို့ အမှု တိုင်ကြားနေသူများကိုလည်း ခြိမ်းခြောက်ခြင်းများ ပြုလုပ်နေပြီး တချို့နေရာများတွင် ရက္ခိုင့်တပ်တော် (AA) ၏ တရားရေးရုံးများကို ပိတ်ထားရမူများရှိကြောင်း သိရသည်။

“တရားစီရင်ရေး ကဏ္ဍမှာဆိုလည်း မြန်မာစစ်တပ်က ကျွန်တော်တို့ တရားရေးဌာနတွေကို ဝင်ရောက် ရှာဖွေတာတွေ၊ တရားရေး ဝန်ထမ်းတွေကို ရှာဖွေ ဖမ်းဆီးတာတွေရှိတယ်။ အဲ့ဒါတွေအပြင် ကိုယ့်သဘောနဲ့ ကိုယ် ယုံကြည်ပြီးတော့ ကျွန်တော်တို့ ULA တရားရေးဌာနမှာ လာရောက်အမှုဖွင့်တဲ့ ပြည်သူတွေကို ခြိမ်းခြောက်တာတွေ ဆက်တိုက်ပြုလုပ်နေတဲ့အတွက် တချို့မြို့နယ်တွေမှာဆိုရင် တရားရေးလုပ်ငန်းတွေကို ရက်အနည်းငယ် ပိတ်ထားလိုက်ရတာတွေ ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ တရားရေးဌာနကတော့ အမှုတွေကို နေရာဒေသပေါ်မှာ မူတည် ပြီးတော့ အချိန်နဲ့ တစ်ပြေးညီ စုံစမ်းအရေးယူ ဆောင်ရွက်ပေးလျက်ရှိပါတယ် ” ဟု ဦးခိုင်သုခက ဆိုသည်။

ရခိုင်ပြည်နယ်ရှိ တချို့မြို့နယ်များတွင် စစ်ကောင်စီတပ်က နေအိမ်များကို အင်းအား အလုံးအရင်းဖြင့် ဝင်ရောက်ပြီး ULA/AA နှင့် ဆက်စပ်သူ များဟုဆိုကာ ဖမ်းဆီးခြင်းများရှိနေသည်။ ထိုသို့ ဖမ်းဆီးခံရသူများကို နိုင်ငံတော်ဆူပူလှုံ့ဆော်မှုပုဒ်မ ၅၀၅(က)အပါအဝင် တခြားကြီးလေးသည့် ဥပဒေပုဒ်မများနှင့် တရားစွဲဆိုထားပြီး ဖမ်းဆီးခံရသည့်အချို့ ဒေသခံများမှာ မိသားစုနှင့် အဆက်အသွယ်မရကြောင်း သိရသည်။mizzima

တောင်ကုတ်မြို့တွင် ဒေသခံ ၁ ဦးနှင့် ရဲသ တင်းပေး ၂ ဦးကို စစ်ကောင်စီ ဖမ်းဆီး

ရခိုင်ပြည် တောင်ကုတ်မြို့က ဒေသခံ ၁ ဦးနဲ့ရဲသတင်းပေး ၂ ဦးကို စက်တင်ဘာ ၁၈ ရက်နေ့မနက်မှာ စစ်ကောင်စီက ဖမ်းဆီးသွားခဲ့တယ်လို့ မိသားစုဝင်တွေနဲ့ မြို့ခံတွေက ပြောပါတယ်။  

ဖမ်းဆီးခံလိုက်ရသူတွေကတော့ တောင်ကုတ်မြို့ ချောင်းကောက်ရပ်ကွက်က ဦးထွန်းချစ်၊ တောင်ကုတ်မြို့ ဂူတာရပ်က ကိုဦးနဲ့ စိုးဝင်းချေတို့ ဖြစ်ကြတယ်လို့ ဆိုပါတယ်။ 

ဦးထွန်းချစ်ကို မနက် ၂ နာရီလောက်မှာ နေအိမ်ကနေ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေက လာရောက်ဖမ်းဆီးသွားတာလို့ မိသားစုဝင်တယောက်က ပြောပါတယ်။ 

“ဖမ်းဆီးသွားတာက ဟုတ်ပါတယ်။ မနက် ၂ နာရီလောက်မှာ အိမ်ကိုလာပြီးတော့ စစ်သားနဲ့ ရဲသား အင်အား ၂၀ လောက်ပါတယ်။ နောက် ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတွေပါတယ်။ အခုအချိန်အထိတော့ သူ့ကို ဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာ မသိရသေးဘူး။ ရဲစခန်းကို သွားမေးတော့လည်း မရှိဘူးပြောတယ်။ ဖမ်းတဲ့အခါ ပါလာတဲ့ရပ်ကွက်က လူကြီးတွေ မေးတော့လည်း တခါတည်း ခေါ်သွားတယ်လို့ ပြောတယ်။ ဘယ်ကို ခေါ်သွားတယ်ဆိုတာ ဘယ်သူမှ မသိကြဘူး။”  

ဦးထွန်းချစ်ဟာ လက်သမားအလုပ် လုပ်ကိုင်နေသူတယောက်ဖြစ်ပြီး ရပ်ကွက်တွင်း သာရေးနာရေး အဖွဲ့တွေမှာ ပါဝင်လုပ်ကိုင်နေသူတယောက်ဖြစ်တယ်လို့ သူက ဆိုပါတယ်။ 

ဒါ့အပြင် နောက်ထပ်ဖမ်းဆီးခံလိုက်ရတဲ့ ကိုဦးနဲ့ စိုးဝင်ချေတို့ကတော့ ရှုထောင့်သတင်စုံဂျာနယ်မှာ လုပ်ကိုင်နေကြတဲ့ ရဲသတင်းပေးတွေလို့ ဒေသခံတွေက ပြောပါတယ်။ တောင်ကုတ်မြို့ခံတယောက်က “သူတို့ကို စစ်သားတွေက ဖမ်းဆီးသွားတာက ဟုတ်တယ်ဗျာ။ ဘာကြောင့် ဖမ်းဆီးသွားတယ်ဆိုတာတော့ မသိဘူး။ ခမရ ၅၄၄ တပ်ရင်းဘက်ကို ခေါ်သွားတယ် လို့သိရတယ်” လို့ ပြောပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့ ကိုဦးဆိုသူဟာ တောင်ကုတ်ခရိုင်အတွင်း စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာက လုပ်ဆောင်ချက်တွေကို သူ့ရဲ့ Facebook အကောင့်ပေါ်မှာ ရေးသားလေ့ရှိပြီး ရဲအငြိမ်းစားတွေ စုပေါင်းတည်ထောင်ထားတဲ့ (ရှူထောင့်သတင်းစုံဂျာနယ်) မှာလည်း လုပ်ကိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

တောင်ကုတ်မြို့မှာ စက်တင်ဘာ ၁၆ ရက်နေ့က စစ်ကောင်စီ  သင်္ဘောတစီးကို အေအေက တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထားတယ်လို့ သိရပါတယ်။ DVB

မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တို့တွင် စစ်ကောင်စီမှ တပ်အင်အား ၉,၀၀၀ ကျော် ချထား

တိုက်ပွဲများပြင်းထန်နေသည့် မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တို့အတွင်း စစ်ကောင်စီဘက်မှ တပ်အင်အား ၉,၀၀၀ ကျော်အထိ တပ်ဖြန့်ချထားကြောင်း ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခကဆိုသည်။

ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ နှစ်နိုင်ငံ နယ်စပ်ဖြစ်သည့် မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တို့တွင် နယ်ခြားစောင့်တပ်အင်အား ၆,၀၀၀ ကျော်ရှိနေပြီး စစ်ကောင်စီလက်အောက်ခံ တပ်ရင်း (၁၀) ရင်း ရှိထားသည်။

ထို့အပြင် ထပ်တိုး တပ်မ (၇၇) နှင့် အခြားတပ်မများမှ ထုတ်နုတ်ပို့ဆောင်လာသည့် စကစ တပ်သားများလည်း ထပ်မံရောက်ရှိနေသည်ဟု သတင်းစာရှင်းလင်းပွဲတွင် ဦးခိုင်သုခက သတင်းထောက်များကိုပြောပြသည်။

“ ယင်း ထုတ်နုတ်သည့်အင်းအားတွေကိုပါ ပေါင်းမယ်ဆိုရင် မောင်တောမြို့နယ်ထဲမှာ ရန်သူ့အင်အားစု ၉,၀၀၀ ကျော် လောက်ရှိနေပါတယ်” ဟု ဦးခိုင်သုခက ဆိုသည်။

ယခုကဲ့သို့ စစ်ကောင်စီတပ်ဘက်မှ အင်အားအမြောက်အများချထားသည့်အတွက် ရက္ခိုင့်တပ်တော် (AA) ဘက်မှလည်း တပ်အင်အားထပ်တိုး ချထားရမှုများလည်းရှိနေသည်ဟု ၎င်းကပြောဆိုခဲ့သည်။

“ အားလုံးစုစုပေါင်းဆိုရင် ၉,၀၀၀ နှင့် ၁၀,၀၀၀ ကြားအထိရှိနေတယ်လို့ အနီးစပ်ဆုံးခန့်မှန်းလို့ရပါတယ်။ အဲ့ဒါကြောင့်အတွက် ကျနော်တို့တပ်တွေလည်း အဲ့ဒီနေရာမှာ အမြောက်အများ ဆိုင်ထားရတာတွေလည်း ရှိနေပါတယ် ” ဟု ဦးခိုင်သုခကပြောသည်။

ယခုကဲ့သို့ တပ်အင်အား ၉,၀၀၀ ကျော်ချထားသည့်ကြားမှနေ၍ မောင်တောမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းအများအပြားကို ရက္ခိုင့်တပ်တော် (AA) ကသိမ်းပိုက်ရရှိထားသည်။

ဩဂုတ်လ ၃၀ ရက်နေ့ကလည်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မိုင်တိုင် (၄၀) အနီးရှိ တပ်စခန်းနှင့် စက်တင်ဘာလ ၁၀ ရက်နေ့တွင် ခမရ (၃၆၂) တပ်ရင်းစခန်းကုန်းတစ်ခုကိုလည်း သိမ်း ပိုက်ရရှိခဲ့သည်။ mizzima

ရေး-သဲဖြူဇရပ်ကားလမ်းပေါ်ရှိ ခလရ ၁၀၆ ကို YGF က ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်

မွန်ပြည်နယ် ရေး – သံဖြူဇရပ်ကားလမ်းပိုင်းက အခြေစိုက်တပ်ရင်းတွေဖြစ်တဲ့ ခလရ-၁၀၆ ကို စက်တင်ဘာ ၁၈ ရက် ညနေ ၅ နာရီလောက်က ၄၀ မမ ဗုံးပစ်လောင်ချာနဲ့  ၂ ချက် ပစ်ခတ်ခဲ့တယ် လို့  ရေးပြောက်ကျားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YGF တာဝန်ရှိသူက ပြောပါတယ်။

“အဓိကတော့ တပ်ရင်းမှူး နေအိမ်ကို ပစ်တာ။ ပစ်တဲ့အချိန်မှာ တပ်က စစ်သားတွေ စုဝေးနေတဲ့ အချိန်ဖြစ်တော့ လူ ထိခိုက်သေဆုံးတာတွေ ရှိနိုင်တယ်”

YGF ပြောက်ကျားတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုအပြီး စစ်တပ်က လက်နက်ကြီးနဲ့  ၄ ချက်လောက် ပြန်လည်ပစ်ခတ်ပေမဲ့ YGF အနေနဲ့ ထိခိုက်မှု မရှိဘူးလို့ ဆိုပါတယ်။

ဒေသခံ တဦးက “PDF တွေက ပစ်တယ်။ စစ်တပ်ဘက်ကလည်း ပြန်ပစ်တယ်။ လက်နက်ကြီး တွေက ဘယ်မှာ ထိမှန်ပြီး ကျတာ မသိရပေမဲ့ စိုးရိမ်ရတယ်”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်က ရေးပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့တွေက စက်တင်ဘာ ၁၄ ရက် မနက်ကလည်း စစ်ကောင်စီတပ်ရင်း ၄ ခု ကြားကနေ နယ်မြေရှင်းလင်းရေး ပြုလုပ်သွားခဲ့ပြီး ရေး-သံဖြူဇရပ်ကားလမ်းက အာရှလမ်းမကြီးပေါ်က Mytel တိုင်ကို ပါဖျက်ဆီးခဲ့သလို ခရီးသွား ကားတွေကို စစ်ဆေးရေးလုပ်တယ် ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ ရေး-သံဖြူဇရပ်ကားလမ်းနေရာမှာ PDF တွေရဲ့ မကြာခဏဆိုသလို ချုံခို တိုက်ခိုက်တာခံရလေ့ရှိပြီးစစ်တပ်ဘက်က အထိအခိုက် အကျအဆုံး များပြားနေပါတယ်။ DVB

စားသောက်ကုန် ကမ္ဘာလုံးဆိုင်ရာ အဖွဲ့ချုပ်-IUF မှ အမျိုးသား ညီညွတ်ရေး အစိုးရကို ထောက်ခံကြောင်း လှုပ်ရှားမှု ပြုလုပ်

စားသောက်ကုန် ကမ္ဘာလုံးဆိုင်ရာ အဖွဲ့ချုပ် – IUF ( International Union of Food, Agricultural, Hotel, Resturant, Catering, Tobacco and Allied Worker’s Associations ) မှ ဦးဆောင်ကာ ခေါင်းဆောင်များ​၏ ကုလသမဂ္ဂ သံတမန်တိုက်ပွဲအတွက် မြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေးအစိုးရကို ထောက်ခံသော ဓာတ်ပုံ လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း သိရသည်။ khit thit

လောင်းလုံးမြို့ မင်းရပ်ကျေးရွာနေ လူငယ် ၄ ဦး ဖမ်းဆီးခံရ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ပန္ဒလဲကျေးရွာအနီး စက်တင်ဘာ ၁၈ ရက် ညနေပိုင်းက လူငယ် ၄ ယောက်ကို ပျူစောထီးအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဖမ်းခံရသူတွေဟာ မင်းရပ်ကျေးရွာနေ အသက် ၂၀ ဝန်းကျင်ရှိတဲ့ ကိုကျော်စွာသိန်း၊ ကိုပြည့်ဝအောင်၊ ကိုသူရိန်ထွန်း၊ ကိုပိုင်အိတို့ ဖြစ်ကြပြီး ထားဝယ်မြို့ဘက်ကို ကားနဲ့ခေါ်သွားပေမဲ့ ဘယ်ကို ခေါ်သွားတာလဲဆိုတာကိုတော့ အတိအကျ မသိရသေးဘူးလို့ မင်းရွာခံ တဦးက ပြောပါတယ်။

“ဆိုင်ကယ် တစီးကို နှစ်ယောက်စီ စီးသွားလို့ အခုလို ဖမ်းဆီးသွားတာ ဖြစ်နိုင်ပေမဲ့ သေချာတော့ မသိရဘူး”

အဖမ်းခံရ​တဲ့ လူငယ်တွေကို ပျူစောထီးကားပေါ်မှာ မျက်နှာကို အဝတ်နဲ့စည်းပြီး ခေါ်သွားသလို လူငယ်တွေရဲ့ ဆိုင်ကယ်နှစ်စီးကိုလည်း ကားပေါ်တင်သွားတာ တွေ့ရတယ်လို့ ပြောပါတယ်။

ထားဝယ်ဒေသအတွင်းမှာ စစ်ကောင်စီတပ်က ဆိုင်ကယ် တစီးမှာ အမျိုးသား နှစ်ယောက် စီးနင်း ခွင့်မပြုဘဲ စီးနင်းတာတွေ့ရင် ပစ်ခတ်ဖမ်း ဆီးတာ၊ ဆိုင်ကယ်သိမ်းဆည်းတာတွေ ပြုလုပ်လေ့ ရှိပါတယ်။

စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားတဲ့ ပျူစောထီးအဖွဲ့ဝင် ၁၅ ဦးလောက် စခန်းချ နေထိုင်တဲ့ ပန္ဒလဲကျေးရွာမှာ  စက်တင်ဘာ ၁၂ ရက်က ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ တိုက်ခိုက်မှုကြောင့် ပျူစောထီးအဖွဲ့ဝင် ၂ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။ DVB

ရှမ်းတောင် (၁၀၀၈) တပ်ရင်းမှ ရှေ့တန်းရဲ ဘော်များအတွက် ၁၅ ရက်အတွင်း သိန်း ၄၇၀ ရရန်လိုဟုဆို

ရှမ်းတောင် အမှတ် (၁၀၀၈) တပ်ရင်း (SSRY) မှ ရှေ့တန်းရောက် ရဲဘော်များအတွက် လက်နက်ခဲယမ်းဖြည့်တင်းရေး ၁၅ ရက်အတွင်း သိန်း ၄၇၀ ရရန် လိုအပ်နေသည်ဟု ဗဟိုဦးဆောင်ကော်မတီဝင် နိုင်းနိုင်းက ပြောသည်။

၎င်းတပ်ဖွဲ့သည် NUG လက်အောက်ခံအဖွဲ့အစည်းဖြစ်ပြီး ရှမ်း-ကရင်နီ ပြည်နယ်အစပ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းဒေသများတွင် တိုက်ပွဲဖော်ဆောင်နေကာ စက်တင်ဘာလ ၁၈ ရက်ကစ၍ “M4 Carbine တစ်လက်၊ ကျည် ၁၀,၀၀၀ Challenge” ဟူသည့် ခေါင်းစဉ်ဖြင့် ရန်ပုံငွေကမ်ပိန်းပြုလုပ်နေခြင်းဖြစ်သည်။

M4 Carbine တစ်လက်လျှင် ကာလပေါက်ဈေးခန့်မှန်း ကျပ်သိန်း ၁၂၀ ဝန်းကျင်နှင့် 5.56 mm ကျည် အတောင့် ၁၀,၀၀၀ အတွက် ခန့်မှန်းတန်ဖိုး သိန်း ၃၅၀ ကျသင့်နိုင်ကြောင်း ၎င်းတပ်ရင်းဘက်ကဆိုသည်။

ယင်းကမ်ပိန်းအတွက် ကြာချိန် ၁၅ ရက်သတ်မှတ်ထားသည်ဖြစ်၍ ထိုကာလအတွင်း စုစုပေါင်း ကျပ်သိန်း ၄၇၀ ဝန်းကျင်ရရှိအောင် ကြိုးပမ်းရန်လိုကြောင်းလည်း ဗဟိုဦးဆောင် ကော်မတီဝင် နိုင်းနိုင်းက ပြောသည်။

“ ၁၅ ရက်အတွင်းလိုအပ်သော target ရောက်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ပြည်သူတွေကို အဆုံးထိပါဝင်မယ်ဆိုတာ ယုံကြည်ထားလို့ ပြည့်ကိုပြည့်မှာပါ” ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၂ ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်ထောဝ်ဒေသရှိ စစ်ကောင်စီတပ်စခန်း နှစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့သည့်တိုက်ပွဲတွင် အမှတ် (၁၀၀၈) တပ်ရင်း (SSRY) လည်း အပါအဝင်ဖြစ်သည်။

“ စက်တင်ဘာလ ၁၂ ရက်နေ့က ကျွန်တော်တို့ USSFU မဟာမိတ်တပ်ရင်း တပ်ပေါင်းစုက ပထမဆုံးအကြိမ်ထိုးစစ်ဆင်ခဲ့တယ်ဗျ၊ ဒီပွဲမှာ ကြီး မားတဲ့ အခက်အခဲက ကျည်မလောက်တာနဲ့ ကျွန်တော်တို့ဘက်က လက်နက်ကြီး အားနည်းတဲ့ အခက်အခဲပါပဲဗျ၊ ယခု လက်ရှိမှာလည်း ကျည်လက်ကျန် အားနည်းတဲ့ပြဿနာ ဖြစ်နေတဲ့အတွက် တပ်ရင်းကျည်ဖြည့်ပြီး နောက်ထပ်မစ်ရှင်တွေအတွက် ကျည်အရေးပေါ်လိုအပ်ချက်အ တွက် challenge ကို လ အလယ်လောက်ဖြစ်နေပေမဲ့ ပြန်စ လိုက်ရခြင်းဖြစ်ပါတယ်ဗျ ”ဟု ကိုနိုင်းနိုင်းက ပြောသည်။

စစ်အာဏာရှင်အမြစ်ပြတ်ရေးအတွက် အဆိုပါကမ်ပိန်းတွင်ပါဝင်လိုသည့် ပြည်သူများအနေဖြင့် @1008Infantry နှင့် @nineninenovem စသည့် Telegram account များအပြင် Ninenine Novem အမည်ရှိ Facebook account သို့ဆက်သွယ်ကာ လှူဒါန်းနိုင်ကြောင်းလည်း သ တင်းစကား ပါးထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်အောက်ရှိအမှတ် (၁၀၀၈) ရှမ်းတောင်တပ်ရင်းကို ၂၀၂၂ ခုနှစ် မေလတွင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ mizzima

« Older Entries