ကရင်ဒေသအတွက် KNUမပါဝင်ဘဲ ပြုလုပ်နေသည့် စစ်ကောင်စီ ငြိမ်းချမ်းရေးဆွေးနွေးပွဲ

အာဏာသိမ်းပြီးနောက်ပိုင်းတွင် တစ်နိုင်ငံလုံးငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားအဖွဲ့များနှင့် ဆွေးနွေးပွဲများကို စစ်ကောင်စီက ပြုလုပ်လာသည်မှာ ဒုတိယအကြိမ်ရှိလာပြီ ဖြစ်သည်။

ပြီးခဲ့သည့် မေလ တတိယပတ်မှ စတင်ခဲ့သည့် စစ်ကောင်စီကပြုလုပ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ကရင်‌ပြည်နယ်မှ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)နှင့် ကရင်ငြိမ်းချမ်းရေးကောင်စီ (KNLA-PC)တို့က တက်‌ရောက်ပြီးဆွေးနွေးခဲ့ကြသည်။

စက်တင်ဘာလ၁၇ရက်နေ့က နောက်ထပ်တွေ့ဆုံမှု ပြီးဆုံးခဲ့သော်လည်း ကရင်ဒေသအတွက် ထူးခြားသည့်ရလဒ် ထွက်ပေါ်လာခြင်းမရှိပေ။

ယခုတစ်ကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲ နှင့်ပတ်သက်ပြီး DKBA မှ ပြောရေးဆိုခွင့်ရှိသူ စောစိန်ဝင်းက “ဘာမှကတိပေးတာ ဘာမှမရှိဘူး။ သူက ငြိမ်းချမ်းရေးတံခါးကို အမြဲတမ်းဖွင့်လှစ် ကြိုဆိုတယ်ဆိုတဲ့စကားပဲ ပြောတယ် “ ဟုဆိုသည်။

ကရင်ဒေသငြိမ်းချမ်းရေးအတွက် သွားရောက် တွေ့ဆုံဆွေးနွေးခဲ့သည့် အဖွဲ့များတွင် ကရင်‌ဒေသ၏ အင်အားအကြီးဆုံး လက်နက်ကိုင်အဖွဲ့ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU)က လုံးဝတက်ရောက်ခြင်း မရှိပေ။

စစ်ကောင်စီ၏ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုများ စတင်သည့်နေ့မှစ၍ KNUသည် စစ်တပ်သည် နိုင်ငံရေးမှ လုံးဝထွက်သွားရေး၊ ဖက်ဒရယ်ဒီမိုကရေစီကို အကောင်အထည် ဖော်ဆောင်ရန်တရားဝင်ကြေညာရေး၊ အသွင်ကူးပြောင်းရေး ၊ကြားကာလတရားမျှတမှုဖော်ဆောင်ရေးနှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်များတွင် နိုင်ငံတကာစောင့်ကြည့်သူများ ပါဝင်ရေးတို့ကို လက်ခံရန် စစ်တပ်သည် ကတိ ပေးရမည်ဖြစ်ကြောင်း အကြိမ်ကြိမ်ပြောကြားခဲ့ပြီးဖြစ်သည်။

ယခုလက်ရှိ စစ်‌ကောင်စီနှင့် ဆွေးနွေးလျက်ရှိနေသော အဖွဲ့များမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အဖွဲ့များသာဖြင့်သဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာလည်း ထိရောက်မှုမရှိပေ။ KNUနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသည် စစ်အာဏာရှင်စနစ်ပြုတ်ကျရေးအတွက် အာဏာသိမ်းစစ်တပ်ကို ကရင်‌ဒေသအတွင်း နေ့စဉ်တော်လှန်တိုက်ခိုက်နေကြသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျင်းပသည့် မေလမှ လက်ရှိအချိန်ထိ ကရင်ဒေသတွင်နှစ်ဖက် တိုက်ပွဲကြီး၊ငယ်စုစုပေါင်း ၁,၀၀၀ကျော် ဖြစ်ပွားခဲ့ကြောင်း KNU၏ ထုတ်ပြန်ချက်များအရသိရသည်။

အဆိုပါတိုက်ပွဲများတွင် စစ်ကောင်စီဘက်က လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့မှုများရှိသည်။

ထို့ကြောင့် ကရင်ဒေသတွင် အာဏာသိမ်းစစ်ကောင်စီက စီစဉ်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် KNUပါဝင်မှဖြစ်မည်ကို အစည်းအဝေးတက်ရောက်သည့် အဖွဲ့များနှင့် စစ်တပ်အကြား လက်ခံခဲ့ကြကြောင်း သိရသည်။

“KNUမပါရင် မဖြစ်ဘူးဆိုတာ နှစ်ဖက်လုံးသဘောတူတယ်။ ပြောဆိုဖို့က နှစ်ဖက်လုံးကြိုးစားနေကြတယ်။ အချိန်ကာလတစ်ခုတော့လိုမယ် “ ဟု စောစိန်ဝင်းကဆိုသည်။

ပြီးခဲ့သည့် ဩဂုတ်လဆန်းပိုင်းတွင် ကရင်ဒေသတွင်း စစ်ရေးတင်းမာမှုများနှင့် ပတ်သက်၍လည်း ဗိုလ်ချုပ်ကြီး စောစတီးပါဝင်သည့် DKBA တာဝန်ရှိသူများနှင့် KNU ခေါင်းဆောင်ပိုင်းများ တွေ့ဆုံခဲ့ကြပြီးနောက် ပြန်လည်ပေါင်းစည်းရေးအပြင် အခြားအချက်များပါဝင်သည့် စာတစ်စောင် လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့ခဲ့ဖူးသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြီးဆုံးချိန်တွင် စစ်ကောင်စီသည် သဘောတူညီချက်များလက်မှတ်ရေးထိုးဟူသော သတင်းများဖြင့် ဝါဒဖြန်လေ့ရှိသော်လည်း ၂၁ရာစုပင်လုံမှ သဘောတူညီချက်အစိတ်ပိုင်းသုံးခုကို ပြန်လည်သုံးသပ်ဆွေးနွေးခြင်း၊အခြေခံဥပဒေပြင်ဆင်ရေးအတွက် အ လွတ်သဘော ပြောဆိုခြင်းနှင့် ၂၀၂၀ခုနှစ်အလွန် နိုင်ငံရေးကိစ္စများကို ဆွေးနွေးခြင်းများသာ ပြုလုပ်ခဲ့ကြပြီး မည်သည့်သဘောတူညီချက်မှ ထူးထူးခြားခြားမရှိခဲ့ကြောင်း သိရသည်။

ကရင်တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများဖြစ်ကြသည့် KNU, DKBA, KNU/KNLA-PC အဖွဲ့ သုံး ဖွဲ့သည် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက် နေ့တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကိုလက်မှတ်ရေးထိုးထားသည်။

စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်လျက်ရှိနေသည့် ကရင်‌ဒေသမှအဖွဲ့အစည်းတစ်ခုဖြစ်သည့် ကရင်ငြိမ်းချမ်းရေးကောင်စီ (KNLA-PC) သို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍မရရှိခဲ့ပေ။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s