ထီးလင်းတွင် ပြီးခဲ့သည့် လပိုင်းအတွင်းက စစ်ကောင်စီတပ် ဖမ်းဆီးခဲ့သည့် အမျိုးသမီး ၂ ဦး ၏ ပုပ်ပွသေဆုံးနေသည့် ရုပ်အလောင်းများပြန်လည်တွေ့ရှိ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်တွင် လွန်ခဲ့သည့် တစ်လကျော်က စစ်ကောင်စီတပ် ဖမ်းဆီးသွားသည့် အမျိုးသမီးနှစ်ဦး၏ ပုပ်ပွ သေဆုံးနေသည့် ရုပ်အလောင်းများကို ထီးလင်းမြို့အဝင်အနီးရှိ ချောက်အတွင်း ပြန်လည်တွေ့ရှိခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။

ယမန်နေ့ စက်တင်ဘာလ ၁၇ ရက်နေ့က ထီးလင်းမြို့အဝင် ဖျာဒိတ်ကုန်း အရှေ့ဖက်၊ ဝါးရင်းချိုင်ရွာလမ်းကွဲမှ အရှေ့တောင်ဘက် ၂ ဖာလုံခန့်အကွာရှိ ချောက်အတွင်းတွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၅ ရက်နေ့က ထီးလင်းမြို့နယ်မှ ခုနှစ်တန်းကျောင်းသား နှစ်ဦး ပျောက်ဆုံးသွားခြင်းကြောင့် ဒေသခံများက တောအတွင်း ဝင်ရောက်ရှာဖွေမှု ပြုလုပ်ခဲ့ရာမှ စစ်ကောင်စီတပ်က ဖမ်းဆီး၍ ပျောက်ဆုံးနေသည့် အမျိုးသမီးနှစ်ဦးကို သေဆုံးလျက် ပြန်လည် တွေ့ရှိခဲ့ရကြောင်း သိရသည်။

“ဖမ်းခံရတာက လွန်ခဲ့တဲ့ တစ်လကျော်လောက်ကပါ။ PDFတွေနဲ့ ဆက်သွယ်တယ်ဆို ပြီး မသင်္ကာမှု နဲ့ ဖမ်းတာ။ သေသွားပြီ သတ်လိုက်ပြီလို့ ကြားနေရတဲ့ သတင်းတွေ ပျံ့နေတာက ဖမ်းခံရပြီး တစ်ပတ်လောက်ကတည်းက။ အခုအလောင်းတွေ့တယ်ဆိုတဲ့ နေရာကိုလည်း ဘယ်သူမှ သွားမကြည့်ရဲဘူး။ မိုင်းထောင်ထားမှာ စိုးတာရယ် စစ်တပ်အန္တရာယ် ကြောက်တာရယ်လည်း ပါတယ်” ဟု ထီးလင်းဒေသခံ သတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီတပ်သည် ထီးလင်းမြို့ပေါ်တွင် ယက်ကန်းခတ်အလုပ် လုပ်ကိုင်နေသည့် အမျိုးသမီးနှစ်ဦးကို ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် အဆက်အသွယ်ပြုလုပ်သည် ဟုဆိုကာ ပြီးခဲ့သည့် သြဂုတ်လ အစောပိုင်းအတွင်းက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်က ဖမ်းဆီး၍ သတ်ဖြတ်ခဲ့သည့် အမျိုးသမီးနှစ်ဦးသည် ထီးလင်းမြို့နယ် ကျားခဲကျေးရွာတွင် နေထိုင်သည့် ကလေးနှစ်ယောက်မိခင် အသက် ၃၂ နှစ်အရွယ် မပုလေးနှင့် ထီးလင်းမြို့နယ် ဝက်သက်မြောက်ကုန်းကျေးရွာတွင် နေထိုင်သည့် အသက် ၂၇ နှစ်ဝန်းကျင်အရွယ် မဝါဝါဆန်းတို့ ဖြစ်ကြောင်း သိရသည်။

ဒေသခံများက ပြန်လည်တွေ့ရှိခဲ့သည့် အမျိုးသမီးနှစ်ဦး၏ ရုပ်အလောင်းတွင် လည်ပင်းလှီး၍ သတ်ဖြတ်ခံထားရသည့် အထောက်အထားအချို့ကို တွေ့ရှိခဲ့ပြီး စစ်ကောင်စီတပ်က မုဒိမ်းကျင့် သတ်ဖြတ်ထားသည်ဟု ဆိုသော်လည်း ပုပ်ပွ နေသည့်အတွက် အတည်ပြုနိုင်ခြင်း မရှိကြောင်း သတင်းရင်းမြစ်က ဆိုသည်။

စစ်ကောင်စီတပ်က ဖမ်းဆီး သတ်ဖြတ်ခဲ့သည် အမျိုးသမီးနှစ်ဦးသည် ၎င်းတို့ နေထိုင်သည့်ကျေးရွာများမှ ထီးလင်းမြို့ပေါ် ကန်တော်လေး ရပ်ကွက်တွင် ယက်ကန်း ခတ်သည့်လုပ်ငန်း လာရောက် လုပ်ကိုင်ကြသူများဖြစ်ကာ ယောထည်၊ ချည်ထည်များ ကို ရောင်းဝယ်မှုများ ပြုလုပ်ကြောင်း ဒေသခံသတင်းရင်းမြစ်ထံက သိရသည်။

အသက်မွေးဝမ်းကြောင်းကြောင့် လူအများနှင့် ဆက်ဆံမှုရှိသလို ကျေးရွာများသို့ ဆင်းကာ အထည် ရောင်းချမှုများ ပြုလုပ်ရသည့်အတွက် စစ်ကောင်စီတပ်က ထောက်ပို့ ဟုစွပ်စွဲကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ဒေသခံများက အမျိုးသမီးနှစ်ဦး၏ ပုပ်ပွသေဆုံးနေသည့် ရုပ်အလောင်းများကို ပြန်လည်တွေ့ရှိခဲ့ သော်လည်း ထီးလင်းမြို့နယ်တွင်ရှိသည့် နာရေးကူညီမှုအသင်းများ အပါအဝင် မည်သူကမျှ သွားရောက်သယ်ဆောင်ခြင်း မပြုလုပ်ရဲကြကြောင်း ဒေသတွင်း သတင်းဌာန ယောအလင်းတန်းသတင်းတွင် ဖော်ပြထားသည်။

ထီးလင်းမြို့နယ်တွင် အရပ်သားများ ဖမ်းဆီးခံရကာ သတ်ဖြတ်ခံရမှု ဖြစ်စဉ်များတွင် ယခုအကြိမ်သည် ဒုတိယအကြိမ်ဖြစ်ပြီး စစ်ကောင်စီတပ်သည် မင်္ဂလာဆောင်မှ ပြန်လာသည့် ကျောက်အုပ်ရွာမှ အမျိုးသားနှစ်ဦးကို ဖမ်းဆီး၍ သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်သည် ထီးလင်းမြို့နယ်ရှိ မြို့ပေါ်နေရာနှင့် ထီးလင်းမြို့နယ် မြောက်ပိုင်းမှ ရေမျက်နီကျေးရွာများတွင်သာ ထိန်းချုပ်ထားနိုင်ပြီး ကျန်ရှိသည့် ဒေသများတွင် ကာကွယ်ရေးတပ်ဖွဲ့များ စိုးမိုးထိန်းချုပ်လှုပ်ရှားလျက်ရှိ သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s