နယူးယောက်ဖက်ရှင်ပွဲတွင် မြန်မာဒီဇိုင်နာက နွေဦးတော်လှန်ရေးကို ဖော်ဆောင်ပြီး မြန်မာ့အရေးကို မီးမောင်းထိုးပြ

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ပြုလုပ်ခဲ့သည့် ယခုနှစ် နယူးယောက်ဖက်ရှင်ပွဲ NYFW SS22 တွင် မြန်မာ ဒီဇိုင်နာတစ်ဦးက ၎င်းဖန်တီးထားသည့် ရိုးရာချိတ်ဒီဇိုင်းများဖြင့် နွေဦးတော်လှန်ရေးကို ဖော်ဆောင်ပြီး မြန်မာ့အရေးကို မီးမောင်းထိုးပြခဲ့သည်။

အဆိုပါ ဖက်ရှင် ဒီဇိုင်းများကို အမေရိကန်ရောက် မြန်မာ ဒီဇိုင်နာဖြစ်သူ အင်ကြင်းစံက မြန်မာ့ရိုးရာချိတ်အဆင်များဖြင့် အခြေခံဖန်တီးထားပြီး ၎င်း၏ဖက်ရှင်ဒီဇိုင်းများကို ဝတ်ဆင်ထားသော မော်ဒယ်များမှ လက်ရှိမြန်မာနိုင်ငံအခြေအနေများကို ထင်ဟပ်စေသော စာတန်းများကိုင်ပြီး နယူးယောက်ဖက်ရှင် လျှောက်လမ်းပေါ်တွင် အလှပြခဲ့ကြသည်။

မော်ဒယ်များက “မြန်မာနိုင်ငံမှာ လူမျိုးတုံး သတ်ဖြတ်မှု ဂျီနိုဆိုက် အဆုံးသတ်ပါ” ၊ ”အာဏာရှင်ကို တိုက်ထုတ်နေသော မြန်မာနှင့် အတူရပ်တည်ပါ”၊ ”မြန်မာနိုင်ငံကိုကာကွယ်ဖို့ R2P ကို တာဝန်ယူမှုရှိရှိ ကျင့်သုံးပါ”၊ “အာဏာရှင် အဆုံးသတ်ရေး ၊ မြန်မာပြည် လွတ်မြောက်ပါစေ” အစရှိသည့် စာသားများ ကိုင်ဆောင်ပြီး မြန်မာပြည်သူများ၏ သတင်းစကားကို ကမ္ဘာကို ဖြန့်ဝေခဲ့သည်။

”ကိုယ်တိုင်လည်း ပွဲအတွက် ဒီဇိုင်းတွေပြင်ဆင်ချုပ်လုပ်နေချိန် ဒီ သုံး၊ လေး လ အတွင်းမှာ နေ့စဉ်နဲ့အမျှ မြန်မာပြည်တွင်းမှာ ဖြစ်ပျက်နေတာတွေ၊ မြင်နေကြားနေရသမျှအတွက် ဝမ်းနည်းနာကျည်း ခံပြင်းလို့ ကျတဲ့မျက်ရည်တွေနဲ့ ခရီးဆက်ခဲ့ရတာပါ”ဟု ဒီဇိုင်နာ အင်ကြင်းစံက သူမ၏ လူမှုကွန်ရက်စာမျက်နှာတွင် ယမန်နေ့က ရေးသားထားသည်။

ထို့အပြင် ”အလုပ်လုပ်နေရင်းနဲ့ YouTube က C2D Channel လေးတွေက ဝတ္ထုတွေ နေ့စဉ်နားထောင်ပေးရင်း ခံစားချက်အပြည့်နဲ့ အကုန်ပုံအောထည့်ခဲ့သမျှ အခုတော့ NYFW Runway ပေါ်ကနေ ချပြနိုင်ခဲ့ပါပြီ။ ဒီဇိုင်း details လေးတွေကစလို့ Runway performance တွေအထိ ကျေနပ်အားရသဘောကျ ကြိုက်နှစ်သက်တယ်ဆိုရင်ပဲ တစ်ကုပ်ကုပ်နဲ့ ကြိုးစားခဲ့ရသမျှအတွက် ပင်ပန်းရကျိုးနပ်လှပါပြီ”ဟုလည်း သူမက ရေးသားထားသည်။

ကမ္ဘာ့အကြီးဆုံး Fashion Week များထဲတွင် ပါဝင်သည့် နယူးယောက် ဖက်ရှင်ပြပွဲမှာ တစ်နှစ်လျှင်နှစ်ကြိမ် ပြုလုပ်လေ့ရှိပြီး ယခုနှစ်တွင် စက်တင်ဘာလ ၉ ရက်မှ ၁၄ ရက်အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ New York Fashion Week 2022 ပြပွဲတွင် ဒီဇိုင်နာ အင်ကြင်းစံက Everything will be OK စာတန်းပါ တီရှပ်အမည်းကို ဝတ်ဆင်ကာ ပြပွဲတက်ရောက်ခဲ့သည်။

၎င်းတီရှပ် ပုံစံအမည်းမှာ ၂၀၂၁ ခုနှစ်၊ မတ်လ ၃ ရက်၌ စစ်အာဏာရှင် ဆန့်ကျင် ဆန္ဒပြသည့် မန္တလေးမြို့ သပိတ်တွင် အကြမ်းဖက် စစ်ကောင်စီဘက်က ပစ်ခတ်သည့် သေနတ်ဒဏ်ရာဖြင့် ကြွေလွင့်ခဲ့ရသူ အသက် ၁၉ နှစ်အရွယ် အိန်ဂျယ် ကြယ်စင် နောက်ဆုံးဝတ်ဆင်ခဲ့သော တီရှပ်အမည်းပုံစံ ဖြစ်သည်။

ယနေ့စက်တင်ဘာလ ၁၇ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ UN ရုံးချုပ်ရှေ့တွင် ပြုလုပ်သည့် မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်း ကုလသမဂ္ဂတွင် ဆက်လက်တည်ရှိရေးအတွက် ဆန္ဒပြပွဲ၌ ဒီဇိုင်နာ အင်ကြင်းစံ သွားရောက်အားဖြည့်ခဲ့ကြောင်းလည်း သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s