မုံရွာတွင် ဒေသကာကွယ်ရေးအဖွဲ့စခန်းများ စီးနင်းခံရ၍ ရဲဘော် ၂ ဦးကျဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာတွင် Monywa Fighter Group နှင့် ပုဏ္ဏက ပြောက်ကျားအဖွဲ့တို့၏ ပူးပေါင်းစခန်းနှစ်ခုကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းခဲ့ပြီး ရဲဘော်နှစ်ဦး ကျဆုံးခဲ့ကြောင်း Monywa Fighter Group က ယနေ့ စက်တင်ဘာလ ၁၈ ရက်တွင် သတင်းထုတ်ပြန်သည်။

မုံရွာမြို့၊ ညောင်ပင်ရွာ အရှေ့ဘက်ရှိ ဒေသကာကွယ်ရေးအဖွဲ့ လက်နက်ထုတ် လုပ်ရေးစခန်း၊ လူနေဆောင်နှင့် လက်နက်ထားရှိသည့် စခန်းတို့ကို ယမန်နေ့ စက်တင်ဘာလ ၁၇ ရက် နံနက် ၅ နာရီ ၃ဝ မိနစ်ခန့်တွင် စစ်ကောင်စီတပ်အင်အား ၆ဝ ခန့်က အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲဘော်နှစ်ဦးကျဆုံးခဲ့ပြီး ဒေသကာကွယ်ရေးစခန်း လက်နက် နှင့် ထုတ်လုပ်ရေးပစ္စည်းများ ဖျက်ဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အင်အားမမျှသည့်အတွက် ရဲဘော်နှစ်ဦးကျဆုံးကာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်များ ဆုတ်ခွာခဲ့ရပြီး ဘေးလွတ်ရာသို့ ဆုတ်ခွာနိုင်ခဲ့ကြောင်း Monywa Fighter Group အဖွဲ့ခေါင်းဆောင် ဗိုလ်ဇာနည်ထံက သိရသည်။

“တစ်ဖွဲ့က တောပုပျူရွာမှာ သွားတိုက်နေတယ်။ တစ်ဖွဲ့က ကနီဘက်မှာ ရေကြောင်း တိုက်ပွဲ အတွက်သွားတော့ ကျွန်တော်တို့ ဘက်က အင် အားနည်းနေတယ်။ အဲ့ဒီလိုအချိန် မနက်အစောကြီး သူတို့က မုံရွာ – အရာတော်လမ်းကနေ တောက်လျှောက်လာပြီးတော့ အလစ်အငိုက် ကားနှစ်စီးနဲ့ နှစ်ဖက်ညှပ်ပြီး တိုက်တာ။ စခန်းကို သူတို့စပစ်တဲ့အချိန် ထွက်သွားနိုင်ကြတယ်။ ဒါပေမဲ့ အဖွဲ့ထဲက နှစ်ယောက်က သူတို့နဲ့ ပက်ပင်းတိုး သွားတာ” ဟု Monywa Fighter Group အဖွဲ့ခေါင်းဆောင် ဗိုလ်ဇာနည်က ပြောသည်။

ဒလန်သတင်းပေးမှုကြောင့် စခန်းတည်နေရာနှင့် သတင်းအချက်အလက်ကို စစ်ကောင်စီတပ်က ရရှိပြီး ဝင်ရောက်စီးနင်းရခြင်းဖြစ်ကြောင်း ပုဏ္ဏကပြောက်ကျား အဖွဲ့ခေါင်းဆောင်က ဆိုသည်။

“စစ်ခွေး (စစ်ကောင်စီတပ်) တွေက လာတာလည်း ရွာကို မွှေဖို့ လာတာမဟုတ်ဘူး။ သတင်းပေးဒလန်က အတိအကျပြပြီး ခိုင်းလို့ သူတိုင်တဲ့ ကျွန်တော်တို့ခေါင်းဆောင်တွေ၊ အဖွဲ့ဝင်တွေရဲ့ အိမ်ရယ်၊ စခန်းနေရာရယ်ကို ဦးတည်လာတာ” ဟု ပုဏ္ဏကပြောက်ကျား အဖွဲ့ခေါင်းဆောင်က ပြောသည်။

ဆိုင်ကယ်လေးစီး၊ ဂလိုက်ဒါဖြတ်စက် လေးခု၊ ဝရိန်ပုံး တစ်လုံး၊ ဖျက်စက်နှင့် ဘတ်ထရီ ၂၂ လုံး၊ ယမ်းအမျိုးမျိုး၊ ကြိုးခွေများ၊ တာဝေးပစ်ရှော့တိုက်ဒုံးများ၊ ရှေ့ထွက်ပြောင်းများ၊ မိုင်းများ၊ ဗုံးသီးပစ်သေနတ်၊ ဗုံးသီးများနှင့် အခြားအရာများ ပျက်စီးဆုံးရှုံးခဲ့ရပြီး လက်နက်ခဲယမ်းအသုံး အဆောင်ပစ္စည်းတန်ဖိုးမှာ ကာလတန်ကြေး ကျပ်သိန်း ၁၇ဝ ကျော်ဖြစ်ကြောင်း Monywa Fighter Group က ထုတ်ပြန်ထားသည်။

ဒေသကာကွယ်ရေးအဖွဲ့များသည် ကျဆုံးရဲဘော်နှစ်ဦး၏ ရုပ်အလောင်းများကို ကောက်ယူနိုင်ခဲ့ပြီး ကောင်းမွန်စွာသင်္ဂြိုဟ်ပေးခဲ့ကြောင်းနှင့် ဒေသကာကွယ်ရေး အဖွဲ့များ ပြန်လည်ထူထောင်ရေးအတွက် အများပြည်သူများအနေဖြင့် တတ်အားသရွေ့ ပါဝင်ကူညီကြရန် မေတ္တာရပ်ခံထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s