မုံရွာတွင် အိမ်စီးကားပါဝင်သည့် ၃ စီးပါ စစ်ကောင်စီတပ်ယာဉ်တန်းကို ကာကွယ်ရေး တပ်ဖွဲ့မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် အိမ်စီးကားတစ်စီးပါဝင်သည့် သုံးစီးပါ စစ်ကောင်စီတပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ကားတစ်စီး ပျက်စီးခဲ့ကြောင်း South Monywa PDF တာဝန်ရှိသူထံက သိရသည်။

စက်တင်ဘာလ ၁၆ ရက်နေ့၊ ည ၁၀ နာရီ ၄၅ မိနစ်အချိန်က မုံရွာ- မန္တလေး လမ်းမကြီးပေါ်တွင် စစ်ကိုင်းမြို့နယ်မှ မုံရွာမြို့နယ်ဘက်သို့ ဦးတည်ကာ အရှိန်ဖြင့် မောင်းနှင်လာသည့် သုံးစီးပါ စစ်ကောင်စီတပ်ယာဉ်တန်းကို မုံရွာ ချောင်းဦး လမ်းပိုင်းတစ်နေရာတွင် ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ စစ်ကိုင်းကနေ မုံရွာကို လာတဲ့ ကားတွေပါ။ ည ၁၀ နာရီ ၄၅ မိနစ်လောက်မှာ ပွိုင့်နားကို ရောက်လာကြတာ။ သတင်းကြိုရထားတာလည်း မရှိဘူး။ မောင်းတာကလည်း အရှိန်တော်တော်မြန်တယ်။ ကျွန်တော်တို့လည်း သတင်းကို အနီးကပ်မှရတာ။ နောက်ဆုံးကားကိုတော့ မိုင်းဆွဲလိုက်နိုင်တယ်” ဟု South Monywa PDF မှ တာဝန်ရှိသူ Daung Karyan က မဇ္ဈိမကို ပြောသည်။

ကာကွယ်ရေးတပ်ဖွဲ့က လမ်းမကြီးများပေါ် ဖြတ်သန်းသွားလာခွင့်တားမြစ်ထားသည့် ညအချိန်တွင် စစ်ကောင်စီတပ်က ဖောကားတစ်စီး၊ မှန်လုံကားတစ်စီး၊ Mark II အမျိုးအစားအိမ်စီးကားတစ်စီး ပါဝင်သည့် ယာဉ်တန်းဖြင့် ဖြတ်သန်းသွားလာခဲ့ခြင်း ဖြစ်သည်။

“ နောက်ဆုံးကားကို ဆွဲလိုက်နိုင်ခဲ့တယ်။ Mark II လေး။ ကားက မှန်တွေပါ ကွဲကြေပြီးတော့ တစ်ခါတည်းကို ထိုးရပ်သွားတာ။ ရှေ့ဆက်မောင်း လို့ မရတော့လို့ ရှေ့ကားတွေကနေကြိုးနဲ့ ပြန်ဆွဲခေါ်သွားကြတယ်။ ကားတွေပေါ်မှာက အကုန် အင်အားအပြည့်ပါတယ်။ သုံးစီးပေါင်းဆိုရင် စခ(စစ်ကောင်စီတပ်ဖွဲ့ဝင်) ၈၀ ကျော် လောက်ပါလာတယ်။ မိုင်းဆွဲပြီးတဲ့နောက် ဒီကောင်တွေဘက်က ပြန်လည်ပစ်ခတ်မှုတွေ လုပ်တာတော့ မရှိဘူး” ဟု Daung Karyan က ဆက်လက်ပြောကြားသည်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ထိမှန်ခဲ့သည့် Mark II ကားမှာကြီးကြီးမားမား ထိခိုက် ပျက်စီးခဲ့သည့်အတွက် အဆိုပါ ကားပေါ်တွင် လိုက်ပါလာသူများ ထိခိုက်သေဆုံးနိုင်ပြီး အတိအကျကိုမူ မသိရသေးကြောင်း ကာကွယ်ရေးတပ် တာဝန်ရှိသူက ဆိုသည်။

ပြည်သူများအနေဖြင့် သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန် ကြေညာချက်မအျားကို လိုက်နာကြရန်နှင့် စစ်ကောင်စီတပ်၊ ရဲ ၊ ပျူစောထီးများနှင့် အနီးကပ်မနေကြရန် South Monywa PDF က တိုက်တွန်းထားသည်။

PDF South Monywa အနေဖြင့် ၎င်းတို့ စိုးမိုးလှုပ်ရှားရာနယ်မြေတစ်ဝိုက်တွင် စက်တင်ဘာလ ၁ ရက်နေ့မှ ယနေ့အချိန်အထိ မိုင်းဆွဲတိုက် ခိုက်မှု လေးကြိမ်နှင့် သွားရောက်ပစ်ခတ်တိုက်ခိုက်မှု ငါးကြိမ်လုပ်ဆောင်ထားသည်။ စစ်ကောင်စီ တပ်သားနှင့် ပျူစောထီး ၂၆ ဦးကို ရှင်းလင်းနိုင်ခဲ့ပြီး ထိခိုက်မှုအခြေအနေကို မသိရသည့် တိုက်ခိုက်မှု သုံးကြိမ်ရှိကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုများ လုပ်ဆောင်ရာတွင် ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် လက်နက်ခဲယမ်းမပြည့်စုံမှုများနှင့် ရန်ပုံငွေအခက်အခဲများ ရင်ဆိုင်နေရသည့်အတွက် ကူညီထောက်ပံ့မှုများလုပ်ဆောင်ပေးကြရန် PDF South Monywaက ပြည်သူလူထုထံ မေတ္တာရပ်ခံထားသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s