ဟားခါးမြို့နယ်တွင် ၁၈လတာအတွင်း တိုက်ပွဲရာချီဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၄၀၀ ကျော် သေဆုံး

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်တွင် ၁၈လတာ တိုက်ပွဲများ အတွင်း စစ်ကောင်စီတပ်သား ၄၁၉ယောက် သေဆုံးခဲ့ကြောင်း CDF-Hakha Council က စက်တင်ဘာလ ၁၇ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည်။

CDF – Hakha သည် စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ၁၀၃ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၄၁၉ ယောက် သေဆုံးကာ ၁၂၉ ယောက် ဒဏ်ရာရရှိ၍ မြို့တွင်း စစ်ဆင်ရေး ၅၀ ကျော်ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့ (ဟားခါး) CDF – Hakhaသည် ၂၀၂၁ခုနှစ် မတ်လ ၂၁ရက်နေ့တွင် ဟားခါးမြို့နယ် ဒေသစုံညီအစည်းအဝေး၏ ဆုံး ဖြတ်ချက်အရ လက်နက်ကိုင် တော်လှန်ရေးစတင်ရန် ဖွဲ့စည်းခဲ့ပြီး ၁၈လအတွင်းသေဆုံးသည့် စစ်ကောင်စီ တပ်သားအရေအတွက်ကို ယခု ကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၉ရက်နေ့က ဟားခါးမြို့နယ်တော်လှန်ရေးအင်အားစုများ စုပေါင်း၍ ကိုယ်စားလှယ် ၃၀၀ ဦးဖြင့် ညီလာခံကျင်းပခဲ့ပြီး တော်လှန်ရေးကို အရှိန်မြှင့်ဆောင်ရွက်သွားမည်ဟု ဆိုထားသည်။

အဆိုပါ ညီလာခံတွင် ချင်းလူမျိုးနှင့် ချင်းပြည်နယ်သည် မတရား အာဏာရှင် အုပ်ချုပ်ရေးနှင့် လူမျိုးကြီးဝါဒ အုပ်ချုပ်ရေးမှ လွတ်မြောက်သည် အထိ တော်လှန်ရေး ဆက်လက် ပြုလုပ်ရန်နှင့် ချင်းအမျိုးသားတပ်ဦး/တပ်မတော် CNF/A နှင့် အတူတကွလက်တွဲ ဆောင်ရွက်ရန်ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

CDF-Hakha Council သည် Mie ဒေသ ၊ Senthang ဒေသ ၊ Zokhua ဒေသနှင့် ဟားခါးမြို့ပေါ်ဒေသဟူ၍ ဒေသ လေးခုဖြင့်ဖွဲ့စည်းထားပြီး တော်လှန်ရေးကာလအတွင်း တရားဝင်ကိုယ်စားပြုကာ အခြားမည်သည့်လက်နက်ကိုင်အဖွဲ့ (သို့) အုပ်ချုပ်ရေး အဖွဲ့များ ဖွဲ့စည်းခြင်း မပြုကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။

စက်တင်ဘာလ ၉ ရက်နေ့က ပြုလုပ်ခဲ့သည့် ညီလာခံပြီးစီးသည့်အချိန်မှစ၍ CDF-Hakha Council သည် President ဦးဆောင်မှုစနစ်ကျင့်သုံးမည်ဖြစ်သည်။ ထို့ပြင် ကာကွယ်ရေး ၊ လုံခြုံရေး ၊ ဥပဒေပြုရေး ၊အုပ်ချုပ် ရေးနှင့် တရားစီရင်ရေး ကိစ္စအားလုံး တာဝန်ယူ ဆောင် သွားမည်ဖြစ်ကာ မြို့နယ်၏ နယ်မြေစုစုပေါင်း ၉၀ရာခိုင်နှုန်းကျော်ကို ထိန်းချုပ် နိုင်ပြီ ဖြစ်ကြောင်းသိရသည်။

CDF-Hakha Council က တော်လှန်ရေးအတွက် အတည်ပြုသည့် ဥပဒေများအတိုင်း ဆောင်ရွက်သော ကိစ္စနှင့် ဖြစ်စဉ်များသည် တော်လှန် ရေးအကျိုးဆက်ကြောင့် ပေါ်ပေါက်လာသော တရားဝင်အစိုးရက ဆက်ခံရမည်ဖြစ်ပြီး နောက်ကြောင်းပြန် ပြန်လည်စီရင်းခြင်းနှင့် အပြစ်ဒဏ်ချမှတ်ခြင်းများ မပြုလုပ်ရဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဟားခါးမြို့နယ်အတွင်း ယခင်က စုဖွဲ့ခဲ့သော တော်လှန်ရေးအစုအဖွဲ့များအားလုံးကို လူထုညီလာခံက တရားဝင်ဖျက်သိမ်းခဲ့ပြီး CDF -Hakha Council နှင့် ဆက်စပ်သော အစုအဖွဲ့များသာ တရားဝင်အဖြစ်အသိအမှတ်ပြုမည်ဖြစ်သည်။ အခြားဒေသမှ တော်လှန်ရေးအဖွဲ့ များအနေဖြင့် ဟားခါးမြို့နယ် တော်လှန်ရေးကိစ္စများအတွက် ကောင်စီကို သာ တိုက်ရိုက်ချိတ်ဆက်ရန် အသိပေးထားသည်။

ဟာခါးမြို့နယ်အတွင်းတွင် အကြမ်းဖက်စစ်ကောင်စီ၏ မတရားဖမ်းဆီးခြင်းခံထားရသူ ၃၃၇ ဦးရှိခဲ့ပြီး ယခုအချိန်ထိ ၃၀၉ ဦး ပြန်လည်လွတ် မြောက်လာပြီဖြစ်ကာ ၂၈ ဦးမှာ အချုပ်နှောင်ခံနေရဆဲဖြစ်ကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်၏ လက်ချက်ကြောင့် အပြစ်မဲ့ပြည်သူ ခြောက်ဦး သေဆုံးရပြီး နေအိမ် ၂၇လုံး မီးရှို့ဖျက်ဆီးခံရကာ ၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နေအိမ် သုံးလုံးပျက် စီးခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် အသိပေးထားသည်။

အကြမ်းဖက်စစ်ခေါင်းဆောင်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှစ၍ တိုင်းပြည်အာဏာကို မတရားရယူခဲ့သည်။ ထိုအချိန်မှစတင်၍ နွေ ဦးတော်လှန်ရေး အစပြုခဲ့ပြီး ဟားခါးမြို့နယ် လူထုသည်လည်း အဆက်မပြတ်ရက်ပေါင်း ၅၉၀ ရက်တိုင် တော်လှန်ခဲ့ပြီးဖြစ်သည်။ တော် လှန်ရေး အတွက် အဖက်ဖက်မှ ရပ်တည်၍ ပါဝင်ပေးဆပ်ခဲ့ကြသည့် ပြည်တွင်းပြည်ပမှ ပြည်သူအား လုံးအပေါ် ကျေးဇူး အထူးတင်ရှိသည်ဟု CDF -Hakha Council ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s