Monthly Archives: Sep 2022

မန္တလေးတွင် NLD အယောင်ဆောင်ပြီး၊ NUG CRPH နှင့် PDF ရှုတ်ချကြောင်းဆန္ဒပြပွဲပြု လုပ်

မန္တလေးမြို့တွင် NLD ပါတီအမှတ်တံဆိပ်ပါသော တူညီဝတ်စုံဝတ်ထားသည့်လူတစ်စုက ယနေ့ စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် ဆန္ဒပြပွဲတစ်ခု ပြုလုပ်ခဲ့သည်။

ချမ်းအေးသာစံမြို့နယ် ၃၅ လမ်းထိပ်၊ မြို့ပတ်လမ်းပေါ်ရှိ မြို့နယ် NLD ပါတီရုံးရှေ့တွင် ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး ဆန္ဒပြသူများသည် မြို့ခံများမဟုတ်သည့် ပါတီဝင်အယောင်ဆောင်များ ဖြစ်ကြကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့ကြသူများက မဇ္ဈိမသို့ပြောသည်။

“ ဟိုတစ်ခါ (လမ်း ၃၀ ပစ်ခတ်မှုဖြစ်စဉ်) လိုပဲဗျ။ အခုဟာက NLD အယောင်ဆောင်ပြီး NLD ရုံးရှေ့ဆန္ဒပြ ပွဲလုပ်တဲ့ဇာတ်လမ်း။ အမေစုကျန်းမာပါစေ ဘာညာရေးထားပြီး အဓိက NUG နဲ့ PDF ကိုဆော်ချင်တာ” ဟု မြို့ခံတစ်ဦးက သုံးသပ်သည်။

စုစုပေါင်း လူဦးရေ ၁၅ ဦးခန့်ပါဝင်သည့် ၎င်းအဖွဲ့သည် “NLD သည် အကြမ်းဖက်လုပ်ရပ်များကို အားမပေးပါ ရှုတ်ချပါသည်” “အမေစု ကျန်းမာပါစေ” “NUG CRPH နှင့် PDF တို့၏ အကြမ်းဖက်လုပ်ရပ်များကို ဆန့်ကျင်ရှုတ်ချသည်” ဟူသော စာတန်းပါဗီနိုင်းပိုစတာများ ကိုင်ဆောင်ကာ ဆန္ဒပြပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ချမ်းအေးသာစံမြို့နယ် NLD ရုံးရှေ့တွင် စက်တင်ဘာ ၂၁ရက် နံနက်ပိုင်းက ဟုဆိုကာ NLD ပါတီ အင်္ကျီဝတ်ဆင်ထားသူအချို့မှ NUG ၊CRPH နှင့်PDFတို့၏ အကြမ်းဖက်လုပ်ရပ်များကိုဆန့်ကျင်ကြောင်း စစ်ကောင်စီနှင့်နီးစပ်သည့် လူမှုကွန်ယက်စာမျက်နှာများတွင် ဖြန့်ဝေထားသည်။

ထိုသို့ လုပ်ဆောင်သွားသည့် နေရာမှာ စစ်​ကောင်စီတပ်ဖွဲ့များ ပုံစံအမျိုးမျိုးဖြင့် ကင်းပုန်းဝပ် စောင့်ကြည့်နေသည့် နေရာတစ်ခုဖြစ်သည်ဟု ဒေသခံထံမှ သိရသည်။

“ကားနဲ့လာတယ်။၁၀ဦး ၁၅ဦးလောက်ရှိမယ်။ဝုန်းဆိုဆင်းလာပြီး အခုလို လုပ်သွားတယ်။ဒီပတ်ဝန်းကျင်က အစစ်အဆေးကြမ်းတဲ့နေရာပါ။အုပ်စုလိုက်ကြီး NLD အဝတ်အစား ဦးထုပ်တွေနဲ့ စဥ်းစားသာကြည့်။”ဟု ဆန္ဒပြသည့် အနီးမှ မြို့ခံတစ်ဦးမှပြောသည်။

မြို့ခံ နောက်တစ်ဦးမှလည်း”စစ်ခွေး(စစ်ကောင်စီ)ထောက်ခံတဲ့ မဘသတို့ ကြံဖွတ်တို့ပဲ ဖြစ်မယ်။NLD အင်္ကျီဝတ်ဖို့ နေနေသာနေသာ ရိုးရိုး အင်္ကျီ အနီရောင်ဝတ်ရင်တောင် ဖမ်းချင်နေကြတယ်။”ဟုပြော သည်။

ယခုလုပ်ရပ်သည် NUG၊NLDနှင့်PDFတို့ကို ပြည်သူလူထု အထင်အမြင်လွဲမှားစေရန် စစ်ကောင်စီအဖွဲ့မှ လုပ်ဆောင်ခြင်းဖြစ်ကြောင်း မြို့ခံအများစုက သုံးသပ်ကြသည်။

မန္တလေးမြို့တွင် ပြီးခဲ့သည့် ရက်ပိုင်းကလည်း လမ်း ၃၀ တွင် ဇနီးမောင်နှံနှစ်ဦး ယွင်းပစ်ခတ်ခံရမှုဖြစ်စဉ်နှင့်ပတ်သက်၍ မြို့ခံမဟုတ်သည့်လူတစ်စုက ၁၀ မိနစ်ခန့်ကြာမြင့်သည့် လမ်းလျှောက်ဆန္ဒထုတ်ဖော်ပွဲတစ်ခု ပြုလုပ်ခဲ့ကြသေးသည်။ mizzima

ကျောက်တံခါးမြို့ပေါ်တွင် ဗုံးပေါက်ကွဲပြီး ပစ် ခတ်မှုဖြစ်၊ ပျူစောထီး ၂ ဦးနှင့် စစ်သား ၁ ဦးသေဆုံးပြီး လက်နက် ၄ လက် ပါသွား

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့ပေါ်တွင် စက်တင်ဘာလ ၂၀ ရက်နေ့ ညပိုင်း ဗုံးပေါက်ကွဲပြီး ပစ်ခတ်မှုဖြစ်ကာ ပျူစောထီး ၂ ဦးနှင့် စစ်သား ၁ ဦးသေဆုံးကြောင်း၊ လက်နက် ၄ လက်ပါသွားကြောင်း ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောသည်။

စက်တင်ဘာလ ၂၀ ရက်နေ့ ည ၉ နာရီ ၅၅ မိနစ်အချိန် ကျောက်တံခါး မြို့ပေါ်တွင် ဗုံး ၂ လုံး စတင်ပေါက်ကွဲကြောင်း၊ ယင်းနောက် ည ၁၀ နာရီ ၅ မိနစ်တွင် ဒုတိယအကြိမ် ဗုံးထပ်မံပေါက်ကွဲခဲ့ပြီး ဦးပိန်ဘုန်းကြီးကျောင်းရှေ့ ထရန်စဖော်မာ တစ်စစီဖြစ်သွားကြောင်း၊ ဒုတိယအကြိမ်ပေါက် ကွဲမှုအပြီး ပျူစောထီး ၂ ဦးနှင့် စစ်သား ၁ ဦး စုစုပေါင်း ၃ ဦး လိုက်ပါစီးနင်းပြီး ကင်းလှည့်နေသော ပရိုဘောက် အဖြူ ပစ်ခတ်ခံရကြောင်း ၊ ကားပေါ်ပါ ၃ ဦးစလုံး ဦးခေါင်းချိန်ရွယ် ပစ်ခတ်ခံရသဖြင့် သေဆုံးပြီး လက် နက် ၄ လက်ပါသွားကြောင်း ခိုင်မာသည့်သတင်းရင်း မြစ်က ဆိုသည်။

“ဗုံးပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုဖြစ်တာမှန်ပါတယ်။ သေဆုံးတာတော့ ကျနော်တို့လည်း မသိရဘူး။ ဗုံးကွဲတာရော ပစ်ခတ်မှုတွေ အပြန်အလှန် ဖြစ်တာရော မနေ့ညက ဖြစ်သွားတယ်။ ဒီမနက်တော့ ကျောက်တံခါးမြို့တစ်ခုလုံး တအားစစ်တယ်” ဟု ကျောက်တံခါးမြို့ပေါ် ဆိုင်ကယ်ပြုပြင်ရေး ဆိုင်ဖွင့်လှစ်ထားသူတစ်ဦးက ပြောဆိုသည်။

ပဲခူးတိုင်းရဲတပ်ဖွဲ့ဘက်ကမူ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်း၊ သံမဏိရပ် ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့ တွင် ယမန် နေ့ညပိုင်း ဗုံးပေါက်ကွဲမှုဖြစ် ပွားခဲ့ကြောင်းကိုသာ ပြောဆိုပြီး ကျောက်တံခါး မြို့ပေါ်တွင် ဖြစ်ပွားသော ဗုံးပေါက် ကွဲမှုနှင့်ပစ်ခတ်မှုများနှင့်ပတ် သက်၍မူ တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်းမပြုပေ။ khit thit

တရက်တည်း စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၆၀ ကျော်သေ၊ ၆၀ ကျော် ထိခိုက်ဒဏ်ရာရ

စက်တင်ဘာ ၂၀ ရက် မနေ့ကတရက်တည်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီ အကြမ်းဖက်တပ်ဖွဲ့ဝင် အယောက် ၆၀ ကျော်သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

အခုထုတ်ပြန်ထားတဲ့ အချက်အလက်ဟာ မြေပြင်အခြေအနေမှာ ပိုများနိုင်ပြီး တရက်တည်း ထိခိုက်ဒဏ်ရာရရှိတဲ့သူ အရေအတွက်ကတော့ ၆၄ ယောက်ထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၂၀ ရက်က ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီ အခြေကုပ်စခန်းတခုဖြစ်တဲ့ ကြိတ်စခန်းကို KNLA ပူးပေါင်းတပ် ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာနဲ့ ဖမ်းဆီးရမိခဲ့တယ်လို့  ကရင်အ မျိုးသားအစည်းအရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်၊ ကရင်နီဒေသနဲ့  စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတွေမှာလည်း တိုက်ပွဲတွေနဲ့ မိုင်းဆွဲတိုက်ခိုက်မှုတွေကြောင့်  စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုတွေ ရှိနေတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

NUG အစိုးရကတော့ ပြည်သူ့ခုခံတွန်းလှန်စစ်ပွဲ စတင်ခဲ့တဲ့ ၁ နှစ်အတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်ပေါင်း ၂၀,၁၅၀ ကျော်သေဆုံးကာ ဒဏ်ရာရသူ ၇,၀၀၀ ကျော်လောက်ရှိလာပြီး စစ်ကောင်စီ စိုးမိုးအုပ်ချုပ်နိုင်တဲ့နေရာဟာ တိုင်းပြည် နယ်မြေအကျယ်အဝန်းရဲ့ ထက်ဝက်တောင် မရှိတော့ဘူးလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်နေ့ ပြည်သူ့ခုခံတော်လှန်စစ် ကြေညာခြင်း တနှစ်ပြည့် အထိမ်းအမှတ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ ယာ ယီသမ္မတ ဒူဝါလရှီးလက  နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားရာမှာ ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပြီး ၁ နှစ်တာကာလအတွင်း ခန့်မှန်းခြေစာရင်းအရ PDF တွေနဲ့ မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် သူရဲကောင်းရဲဘော်တွေ စုစုပေါင်း ၁,၅၀၀ ကျော် ကျဆုံးခဲ့တယ်လို့လည်း သူက ပြောပါတယ်။

လူထုသပိတ်တိုက်ပွဲတွေအနေနဲ့ မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာ ၄ ကြိမ်နဲ့ အများဆုံးဖြစ်ပွားခဲ့ပြီး မကွေးတိုင်းဒေသကြီးနဲ့ ရန်ကုန်တိုင်းဒေသကြီးတို့မှာ ၁ ကြိမ်စီ ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက်စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

ဒါ့အပြင် စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်တာခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည်အထက်ပိုင်း လမ်းပိုင်းတွေရဲ့ ၉၀ ရာ ခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ NUG အစိုးရက ပြီးခဲ့တဲ့ ဇွန် ၂၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ DVB

ကျောက်တော်တွင် စစ်ကောင်စီ သင်္ဘော ၂စီး ပစ်ခတ်ခံရပြီးနောက် ကျေးရွာများသို့ လက် နက်ကြီးများဖြင့် ပစ်ခတ်၊ ၄ ဦးဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြစ်တွင် စစ်ကောင်စီသင်္ဘောနှစ်စီးကို ရက္ခိုင့်တပ်တော် (AA) က ပစ်ခတ်လိုက်ပြီးနောက် ကျောက်တော်မြို့နှင့် ကျေးရွာများအတွင်းသို့ စစ်ကောင်စီတပ်သားများက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ဒေသခံလေးဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

စက်တင်ဘာလ ၁၉ရက်နေ့က ကျောက်တော် မြို့နှင့် သုံးမိုင်ခန့်အကွာ ကုလားတန်မြစ်အနီးတွင် အထိုင်ချထားသည့် စစ်ကောင်စီတပ်၏ နေဗီး(ရေတပ်သင်္ဘော)ကို AA က လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်ခဲ့ကြောင်း မဇ္စျိမသတင်းရင်းမြစ်တစ်ဦး က ပြောသည်။

“ ကျောက်တော်နဲ့ သုံးမိုင်ခန့်အကွာလောက်မှာ ပစ်ခတ်ခံရတာ။ ကျောက်တော်မြို့ရှေ့က ကုလားတန်မြစ်နားမှာ စစ်ကောင်စီတပ်မ စခန်းတစ်ခုရှိတယ်။ မြစ်ကြောင်းသွားနေတဲ့ သင်္ဘောတွေ ၊လောင်းတွေ၊ ဘုတ်တွေဆီက အခွန်ကောက်နေတဲ့ ဂိတ်ပေါ့။ အဲဒီဂိတ်ကနေ သတင်းပို့ရတယ်။ အဲဒီနေရာမှာ နေဗီး(ရေတပ်သင်္ဘော)က သုံး လေးစီးရပ်နေတယ်လို့သိရတယ်။ အဲဒီနေရာကို ULA/AA ဘက်က လက်နက်ကြီးနဲ့ ပစ်လိုက်တယ်” ဟု ဆိုသည်။

ယင်းကဲ့သို့ AA ကပစ်ခတ်လိုက်သည့်အတွက် စစ်ကောင်စီတပ်က ပြန်ပစ်သည့်အခါတွင် ကျောက်တော်မြို့နယ် နဂရာရွာနှင့် ရုပ်သားကျေးရွာအနီးတွင် လက်နက်ကြီးကျည် ကျခဲ့သည်ဟု သိရသည်။

ယင်းကဲ့သို့ ဖြစ်ပွားပြီးနောက် ယမန့်နေ စက်တင်ဘာလ ၂၀ရက်နေ့ ညနေ ၄နာရီ အချိန်ခန့်တွင် နဂရာကျေးရွာသို့ ကျောက်တော်မြို့ရှိ စစ်ကောင်စီတပ်တပ်က လက်နက်ကြီး၊လက်နက်ငယ်များ ပစ်ခတ်လာသည့်အတွက် နေအ်ိမ်တစ်အိမ်သို့ လက်နက်ကြီးကျည်ကျရောက်ပြီး မိသားစုလေးဦး ထိခိုက်ဒဏ်ရာ ရရှိသွားခြင်းဖြစ်သည်ဟု သိရသည်။

“ ဒဏ်ရာက လေးယောက်ရသွားပါတယ်။ ကိုယ့်အိမ်မှာ နေတဲ့အချိန် လက်နက်ကြီးကျည်ကျလာတာပါ။ ကျနော်တို့ရွာက တပ်မနဲ့ အနီးဆုံးရွာပါ ။ တိုက်ပွဲဖြစ်ပွားတာတော့မရှိပါဘူး။ ကျနော်တို့ နှစ်ဖက်အပြန်အလှန် ပစ်တာတော့မကြာပါဘူး။ သူတို့ကို ကျောက်တော်ဆေးရုံးကို ပို့လို့မရပါဘူး။ လမ်းခရီးအဆင်မပြေတာကြောင့် နီးစပ်ရာ နေရာမှာ ကုသမှုခံယူနေရပါတယ်” ဟု နဂရာကျေးရွာသားတစ်ဦးက ပြောသည်။

ယင်းအပြင် ည ၁၁ နာရီအချိန်ခန့်တွင်လည်း ကျောက်တော်မြို့ရှိ စစ်ကောင်စီတပ်သားများ နေရာယူထားသည့် နေရာများမှ မြို့ထဲသို့ လက် နက်ကြီး၊ လက်နက်ငယ်များဖြင့် စစ်ကောင်စီတပ်သားများက တစ်ဖက်သတ် ပစ်ခတ်ခဲ့ ကြောင်းသိရသည်။

“ ၁၁နာရီဝန်းကျင်မှာ သူတို့ လုံခြုံရေးကင်းယူထားတဲ့ နေရာတွေက တံတားဂိတ်တို့ ၊ ရှမ်းရွာလမ်းစျေးချေခွဆုံနားတွေနဲ့ တခြားမြို့နယ်အုပ် ချုပ်ရေးမှူးရုံး ရှိတဲ့နေရာတွေက လက်နက်ငယ်နဲ့ ပစ်တာ၊ လက်နက်ကြီးနဲ့လည်း တစ်ဖက်သတ် ၂၅ မိနစ်လောက် ပစ်တယ်။ လက် နက်ကြီးကျတဲ့နေရာက သိုင်းချောင်းဆည်လားလမ်းက စစ်မှုထမ်းဟောင်းရပ်ကွက်နားမှာ လက်နက်ကြီး လေးလုံးကျတယ်။ ထိခိုက်ဒဏ်ရာ ရတာတော့ မရှိဘူး ” ဟု ကျောက်တော်မြို့ခံ တစ်ဦးက ဆိုသည်။

လက်ရှိအချိန်တွင် ကျောက်တော်မြို့တွင် စစ်ကောင်စီတပ်သားများက လမ်းများတွင် လုံခြုံရေး အပြည့်ယူကာ ဒေသခံများအား စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

ယင်းအပြင် နဂရာရွာသားများနှင့် ရုပ်သားကျေးရွာမှ ဒေသခံများမှာလည်း နီးစပ်ရာ ကျေးရွာများတွင် တိုက်ပွဲရှောင်လျက်ရှိကြောင်း သိရသည်။

AA အနေဖြင့်လည်း ရခိုင်ပြည်နယ်တွင် နေရာမရွေး တိုက်ပွဲများ ဖြစ်လာနိုင်ကြောင်းနှင့် အဆုံးသတ်တိုက်ပွဲဖြစ်လာနိုင်ကြောင်း ပြောဆိုထား သည်။ mizzima

စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်နေသော SSPP တပ်ဖွဲ့ကို မိုင်းနောင်မြို့နယ်တွင် RCSS က ပစ် ခတ်တိုက်ခိုက်

အကြမ်းဖက်စစ်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ကြား စစ်ရေးတင်းမာတိုက်ပွဲများဖြစ်ပွားနေချိန် ရှမ်းပြည်နယ်၊ မိုင်းနောင်မြို့နယ်တွင် SSPP ကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA က စက်တင်ဘာလ ၂၁ ရက် ယ‌နေ့နံနက် ၇ နာရီခွဲခန့် စတင်ပစ်ခတ်တိုက်ခိုက်ကြောင်း SSPP က သတင်းထုတ်ပြန်သည်။

မိုင်းနောင်မြို့နယ်၊ မိုင်းရဲအုပ်စု၊ နမ့်တောင်းတံတားအနီးရှိ SSPP တပ်ဖွဲ့ကို RCSS ဘက်က လာရောက်ပစ်ခတ်ခဲ့ပြီး မိနစ် ၂၀ ခန့် တိုက်ပွဲဖြစ်ပွားကြောင်း၊ နှစ်ဖက်ထိခိုက်မှုမရှိကြောင်း သိရှိရသည်။

‘လဲချား – မိုင်းနောင် ကားလမ်းရဲ့အရှေ့ဘက်မှာ လှုပ်ရှားနေတဲ့ RCSS တပ်ဖွဲ့တို့သည် ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော်(SSPP/SSA) တို့လုပ်ရှားနေတဲ့ ကားလမ်း ရဲ့ အနောက်ဘက်ထဲထိကို အင်အား ၂၀ ဝန်းကျင်လောက်နဲ့ ဝင်ရောက်လာပြီး RCSS ဘက်ကစတင်ပစ်ခတ်လို့ နံနက် ၇ နာရီ ၃၀ မိနစ် ကနေ ၊ ၇ နာရီ ၄၈ မိ နစ်အထိ မိုင်းနောင်မြို့နယ် မိုင်းရဲအုပ်စု နမ့်တောင်းတံတားအနီးမှာ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရပါသည်။ တိုက်ပွဲဖြစ်ပွားတဲ့နေရာကနေ RCSS တပ်ဖွဲ့တို့ဘက်က မိုင်းနောင်-လဲချား ကားလမ်းရဲ့ အရှေ့ဘက်ထဲကို ပြန်ဆုတ် သွားလို့ တိုက်ပွဲပြန်ငြိမ်သွားတာဖြစ်ပြီး တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမူတော့မရှိပါ။” ဟု SSPP info က သတင်းထုတ်ပြန်ထားသည်။

လက်ရှိတွင် SSPP လှုပ်ရှားနေသော နေရများတွင် အကြမ်းဖက်စစ်တပ်နှင့် စစ်ရေးတင်းမာနေပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်အတွင်း၌ စက်တင်ဘာလ ၁၇ ရက်နေ့နှင့် ၂၀ ရက်နေ့များတွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ယင်းအပြင် ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ်ရှိ ဝမ်ဟိုင်းဌာနချုပ်နှင့် မိုင် ၂၀ ဝန်းကျင်အကွာ မိုင်းရှူးမြို့နယ်ရှိ SSPP ၏ လုံခြုံရေးတပ်စခန်းသုံးခုကို ဇွန်လ ၁၀ ရက် နောက်ဆုံးထားပြီး စွန့်ခွာရန် စစ်ကောင်စီက ပြောဆိုထားသော်လည်း SSPP ဘက်က လက်မခံကြောင်းနှင့် စစ်ရေးအသင့်ပြင်ထားကြောင်း ပြောဆိုထားသည်။

ရှမ်းပြည်နယ်တွင် အကြမ်းဖက်စစ်တပ်နှင့် ရှမ်းတပ်ဖွဲ့များကြား စစ်ရေးတင်းမာနေချိန်တွင် ယခုနှစ်ဦးပိုင်းတွင်လည်း ရှမ်းနှစ်ဖွဲ့ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ဧပြီလဆန်းပိုင်းတွင် RCSS မှ ဒုဗိုလ်မှူးကြီးအဆင့် တပ်ရင်းမှူးအပါအဝင် တပ်သား ၃၀၀ ကျော် SSPP ထံ လာရောက်ပူးပေါင်းခဲ့ကြောင်း SSPP က ထုတ်ပြန်ထားသည်။ khit thit

ရူဘယ်ငွေနှင့် ကျပ်ငွေ တိုက်ရိုက်ပေးချေနိုင်ရန် စစ်ကောင်စီက ကြိုးပမ်းနေသော်လည်း စီးပွားရေး ပြန်ကောင်းမလာနိုင်ဟု သုံးသပ်

ရုရှားငွေကြေးရူဘယ်နဲ့ မြန်မာကျပ်ငွေတို့အကြား တိုက်ရိုက်ပေးချေပြီး နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ဖို့ စစ်ကောင်စီက ကြိုးပမ်းဆောင်ရွက်နေပေမဲ့ ကျဆင်းနေတဲ့ မြန်မာ့စီးပွားရေးဟာ ပြန်ကောင်းလာမှာ မဟုတ်ဘူးလို့ သုတေသီတွေက ထောက်ပြပြောပါတယ်။

စစ်ကောင်စီခန့် ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက လာမယ့် နိုဝင်ဘာလအတွင်းမှာ ရုရှားငွေကြေး ရူဘယ်နဲ့ မြန်မာကျပ်ငွေကို တိုက်ရိုက်ပေးချေမှုတွေ ပြုလုပ်နိုင်မယ်လို့ မျှော်လင့်ရကြောင်း စက်တင်ဘာ ၂၀ ရက် နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

လာမယ့်နိုဝင်ဘာလအတွင်းမှာ တတိယအကြိမ်မြောက် ရုရှား-မြန်မာ ကုန်သွယ်ရေးနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအတွက် ကော်မရှင် အစည်းအဝေးကျင်းပဖို့ ရှိတာကြောင့် ဒီအစည်းအဝေးမတိုင်မီ ရုရှားနိုင်ငံ ဗဟိုဘဏ်က ငွေကြေးဆိုင်ရာ စာတို ပို့စနစ် SPFS ရဲ့  MIR ကတ်သုံးစွဲနိုင်ရေးအတွက် အမြန်ဆုံး ချိတ်ဆက် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ဒီအတွက် ရုရှား-မြန်မာ နှစ်နိုင်ငံရှိ ဗဟိုဘဏ်တို့အကြားမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို မြန်မာနိုင်ငံဘက်က လက်မှတ်ရေးထိုးဖို့ အသင့်ပြင်ဆင်ထားပြီး ဖြစ်တယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ဒါကြောင့် စစ်ကောင်စီရဲ့ ခြေလှမ်းတွေက ရုရှားအပေါ် စစ်ရေးအရ မှီခိုရုံတင်မက စီးပွားရေး အတွက်လည်း မှီခိုဖို့ ပြင်ဆင်လာပါတယ်။ ဒါပေမဲ့ မြန်မာ့စီးပွားရေးဟာ ရုရှားနိုင်ငံအပေါ်မှာ အခြေမတည်တဲ့အတွက် ကျဆင်းနေတဲ့ မြန်မာ့စီးပွားရေးက ပြန်ကောင်းလာဖို့ မရှိဘူးလို့ သုတေသီတွေက ထောက်ပြထားပါတယ်။

စီးပွားရေးသုတေသီတဦးက “ရုရှားပေါ်မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးက ကျနော်ထင်တယ်၊ ၅ ရာခိုင်နှုန်းအောက်မှာပဲရှိလိမ့်မယ်။ အရင်ကဆိုရင် ရုရှားနဲ့မြန်မာ ဆက်ဆံရေးမှာ စီးပွားရေးဆက်ဆံမှုကမရှိသလောက်ပဲ။ စစ်ရေးဆက်ဆံမှုပဲရှိတာ။ ရုရှားမှာ စစ်ပညာ သွားသင်တယ်။ လက်နက်ဝယ်တယ်။ ဒီလောက်ပဲ။ အခုကတော့ ရုရှားနဲ့ဆက်ဆံရေးကို ဘောင်ချဲ့လာတာပေါ့။ စစ်ရေးနဲ့ပတ်သတ်ပြီး ပူးပေါင်းဆောင်ရွက်မှုကနေ အခု စီးပွားရေးနဲ့ နိုင်ငံရေး ပါ ပူးပေါင်းဆောင်ရွက်လာတာ။ ဒါပေမဲ့ လက်ရှိအနေအထားက ပူးပေါင်းဆောင်ရွက်မယ်သာ ပြောနေတာ။ အနေအထားက ဘယ်လောက် ရာခိုင်နှုန်းလောက် ရုရှားနဲ့ ချိတ်ဆက်ထားမှု ရှိပြီလဲ။ အခုမှ စချိတ်မှာလေ။ စမချိတ်ခင်မှာ ဘာလုပ်ရမလဲဆို ဖောင်ဒေရှင်း အခြေခံတွေ တည်ဆောက်ရ ဦးမယ်။ ပေးချေမှုတွေအတွက်ရော ဘယ်လိုလုပ်မလဲ။ စာချုပ်တွေ ထိုးရဦးမယ်။ ရုရှားစကား တတ်တဲ့သူ မြန်မာပြည်မှာ ဘယ်လောက် ရှိလဲ။ အဲ့ဒါတွေက အစ အများကြီးလိုတယ်လေ။ အခြေခံတွေ အများကြီး တည်ဆောက်ရဦးမှာ။ ဒါတွေက ဒီနေ့လုပ် ဒီနေ့ ဖြစ်တာ မဟုတ်ဘူး” လို့ ပြောပါတယ်။

လက်ရှိမှာဆိုရင်လည်း မြန်မာပြည်ရဲ့ စီးပွားရေးက အိမ်နီးချင်းနိုင်ငံတွေနဲ့သာ ချိတ်ဆက်ထားပြီး ကုန်သွယ်မှုနဲ့ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအတွက် ငွေပေးချေတဲ့နေရာမှာ နိုင်ငံတကာသုံး အမေရိကန်ဒေါ်လာနဲ့သာ သုံးစွဲနေကြတာပါ။ ဒါကြောင့် အမေရိကန်ဒေါ်လာနေရာမှာ အစားထိုး သုံးစွဲဖို့က လက်ရှိအခြေအနေအရ ပြောင်းလဲလို့ မရနိုင်သေးပါဘူး။

ဘဏ္ဍာရေးနှင့်ငွေကြေးဆိုင်ရာသုတေသီတဦးက “ဟိုတလောကဆိုရင် ကျနော်တို့ကြားတာက ဒေါ်လာသုံးတဲ့ နိုင်ငံတွေက ဒေါ်လာကို အသုံးပြုပြီး အနိုင်ကျင့်တယ်လို့ စစ်ကောင်စီဘက်က ပြောတာမျိုးတွေ ရှိလာတယ်။ အဲ့တော့ ဒေါ်လာ မသုံးတဲ့ နည်းလမ်းတွေ စဉ်းစား လာကြတာပေါ့။ အခုဆိုရင် ရုရှားကို သူ အားကိုးလာတယ်။ တရုတ်နဲ့ဆိုရင် တရုတ် ယွမ်ကို အားကိုးမယ်။ ထိုင်းနဲ့ဆိုရင် ထိုင်းဘတ်ကို အားကိုးမယ်။ တနည်းအားဖြင့် ဒေါ်လာကို မသုံးရမယ့် နည်းလမ်းမျိုး သူတို့ ရှာမယ်ပေါ့။ ဒါပေမဲ့ ပြဿနာက ဒီဟာကို ဘယ်လောက်ထိ ကုစား နိုင်မှာလဲ။ ဘာကြောင့်လဲဆို ကမ္ဘာ့စီးပွားရေးမှာ ဘယ်ငွေကြေးက ဦးဆောင်နေလဲ ဆိုတာ ကြည့်ဖို့လိုတယ်။ ကမ္ဘာမှာ ဦးဆောင်နေတာက ဒေါ်လာကို ဘယ်ငွေကြေးမှ ဒီကနေ့ အထိ မယှဉ်နိုင်သေးဘူး။ နံပါတ်-၂ က ယူရိုငွေကြေး။ အဲ့တော့ ရုရှားက ဘယ်အဆင့်မှာ ရှိလဲဆိုရင် ကမ္ဘာ့နိုင်တွေ စာရင်းမှာ အဆင့် ၁၁ မှာသာ ရှိတယ်။ ပြီးတော့ သူ့ရဲ့ ရုရှားငွေ သုံးတဲ့နိုင်ငံက လက်ချိုးရေတွက်လို့ ရတယ်။ အဲ့တော့ သူ့ထက်စာရင် တရုတ်ယွမ်က နည်းနည်း ကျယ်ပြန့်သေးတယ်။ ဒါပေမဲ့ အဲ့ဒါတွေနဲ့ သွားလုပ်ရင်တော့ မြန်မာပြည်ဟာ နိုင်ငံတကာကလက်ခံတဲ့ ငွေကြေးကို မသုံးစွဲပဲနဲ့ ကိုယ် သုံးချင်တဲ့ ငွေကြေးပဲ သုံးမယ်ဆိုရင် နိုင်ငံတကာနဲ့ အပေးအယူလုပ်လို့ မရတော့ဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ရဲ့နောက်ဆုံး အပြီးသတ် စိစစ်ထုတ်ပြန်ချက်အရ  မြန်မာနိုင်ငံရဲ့ ပြည်တွင်း အသားတင် ထုတ်လုပ်မှုတန်ဖိုး (GD P) တိုးတက်မှုနှုန်းက အနုတ် ၁၈ ဒသမ ၄ ရာခိုင်နှုန်းထိုးကျသွားပြီလို့ ဖော်ပြထားပါတယ်။ ဒါက ၂၀၂၁ ခုနှစ်အတွက် ခန့်မှန်းတွက်ချက်ခဲ့တာပါ။

အလားတူ ကမ္ဘာ့ဘဏ်ကလည်း ၂၀၂၂ ခုနှစ်အတွက် နိုင်ငံအသီးသီး၏ စီးပွားရေးတိုးတက်မှုအပေါ် ထုတ်ပြန်တဲ့အစီရင်ခံစာမှာ မြန်မာနိုင်ငံကို ထည့်သွင်းတွက်ချက်နိုင်မှု မရှိတော့တဲ့အတွက် ကွက်လပ်ထားခဲ့ပါတယ်။ အကြောင်းရင်းကတော့ အာဏာသိမ်းစစ်ကောင်စီမှ ထုတ်ပြန်တဲ့ အ ချက်အလက်တွေအပေါ် အယုံအကြည် မရှိတော့ တဲ့အတွက် ချန်လှပ်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံအနေနဲ့ ကြိုးပမ်း ဆောင်ရွက်မယ်ဆိုပါက လာမယ့် ၅ နှစ် အတွင်း အာဆီယံနိုင်ငံတွေထဲမှာ အလယ်အလတ်အဆင့်ကို ရောက်ရှိမှာဖြစ်ပြီး ၁၀ နှစ် အတွင်းမှာဆိုရင် ထိပ်တန်းအဆင့်ထိ ရောက်နိုင်တယ်လို့ပြီးခဲ့တဲ့ သြဂုတ်လက နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီ အစည်းအဝေးမှာ သူ့လက်အောက်ခံ အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံစဉ် အားပေး ပြောဆိုခဲ့ပါတယ်။‌ DVB

ဂွေးကုန်းကျေးရွာကို မီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်နှင့် PDFပူးပေါင်းအဖွဲ့များ တိုက်ပွဲဖြစ်ပွား

စစ်ကိုင်တိုင်း၊ တန့်ဆည်မြို့နယ် ဂွေးကုန်းကျေးရွာကို မီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်မှုများရှိကာ PDFဘက်မှ တစ်ဦးကျဆုံးခဲ့ကြောင်း ကျေးရွာလုံခြုံရေးအဖွဲ့ဝင်ထံမှ သိရသည်။

စစ်ကောင်စီတပ်နှင့် ပျူစောထီး စုစုပေါင်း အင်အား ၇၀ပါ စစ်ကြောင်းသည် တန်ဆည်မြို့ အရှေ့မြောက်ဘက် ရှစ်မိုင်အကွာရှိ ဂွေးကုန်းကျေးရွာကို ဝင်ရောက်ပြီး ရွာရှိအိမ်များကို မီးတင်ရှို့ကာ အထိုင်စခန်းချနေသည့်အတွက် ယမန်နေ့ စက်တင်ဘာလ ၂၀ရက်၊ ညနေ ၄နာရီ ၃၀ မိနစ်အချိန်ခန့်တွင် TPC တပ်ရင်း (၂၅) ၊ တပ်ရင်း (၆)၊ တပ်ရင်း (၇) ၊ တပ်ရင်း (၈)၊ PLA ၊ ပကဖ နှင့် ရွာလုံခြုံရေးများ စုပေါင်းပြီး လက်နက်ကြီး လက်နက်ငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားချိန် တစ်နာရီအထိ ကြာမြင့်ခဲ့သည်ဟု ဆိုသည်။

” မီးရှို့နေတဲ့ စစ်ကောင်စီတပ်တွေကို ရွာလုံခြုံရေးအဖွဲ့တွေနဲ့ ဝင်တိုက်တာ၊ အပြန်အလှန် ပစ်ခတ်တာ တစ်နာရီလောက်ကြာတယ်၊ စကစဘက်က အထိအခိုက်တော့များတယ်၊ ဘယ်လောက်သေလဲဆိုတာတော့ မသိရဘူး၊ ပြန်ဆုတ်တဲ့အချိန်မှာ ကာကွယ်ရေးအဖွဲ့က လေးယောက်ကျည်ထိတယ်၊ နှစ်ယောက်ကိုတော့ ချက်ချင်း ပြန်ကယ်ထုတ်နိုင်ခဲ့တယ်၊ တစ်ယောက်ကတော့ သေသွားတယ်၊ တစ်ယောက်ကတော့ ဒီမနက်ပြန်တွေ့တယ် ၊ ပေါင်တစ်ဖက် ဆုံးရှုံးသွားတယ်” ဟု ကျေးရွာလုံခြုံရေးအဖွဲ့ဝင်က မဇ္စျိမကို ပြောသည်။

စက်တင်ဘာလ ၁၉ရက်မှ စတင်ကာ တန့်ဆည်မြို့နယ်ရှိ ပျူစောထီးများ ကြီးစိုးသည့် ကျွန်းလည်နှင့် နားဋောင်းကျ ကျေးရွာဘက်မှ အင်အား ၁၇၀ နီးပါးနှင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်များ တိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်။

အဆိုပါ စစ်ကောင်စီတပ်သည် စစ်ကြောင်းနှစ်ကြောင်းခွဲကာ အင်အား ၇၀ကျော်သည် ဂွေးကုန်းကျေးရွာကို စစ်ကြောင်းထိုးခဲ့ပြီး အင်အား ၁၀၀ကျော်သည် အိုးသည်ကုန်း ကျေးရွာနှင့် အင်းပတ်ကျေးရွာများသို့ စစ်ကြောင်းထိုးခဲ့သည်။

အင်ပတ်ကျေးရွာသို့ ဝင်ရောက်သည့် ညနေ ၄ နာရီအချိန်ခန့်တွင်လည်း PDF ပူးပေါင်းအဖွဲ့များ၏ မိုင်းမိကာ အထိအခိုက်အကျအဆုံးများရှိခဲ့သည့်အတွက် စစ်ကောင်စီတပ်မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ပြီး အိုးသည်ကုန်းနှင့် အင်းဖက်ကျေးရွာရှိ ပြည် သူပိုင်နေအိမ်များကို မီးရှို့သွားခဲ့သည်ဟု သိရသည်။

” တိုက်ပွဲတွေက ဆက်တိုက်ဖြစ်နေတဲ့ အခြေအနေပါ၊ ဒဏ်ရာရတဲ့ ရဲဘော်တွေလည်း ရှိတယ်၊ အဓိက ထိတာက တစ်ထောင့်ထိုးပဲရှိတဲ့ ရွာလုံ ခြုံရေးအဖွဲ့တွေ ထိတာ၊ PDF ရဲဘော်တွေက ဘေးကင်းပါတယ်၊ ဒေသခံတွေလည်း ဘေးလွတ်ရာကို ရှောင်နေကြရတယ် ။” ဟု PDF တပ်ဖွဲ့ဝင်က ဆိုသည်။

ယနေ့ စက်တင်ဘာလ ၂၁ ရက် မနက်ပိုင်းတွင်လည်း အဆိုပါ စစ်ကောင်စီတပ်များသည့် တန့်ဆည်မြို့ အရှေ့မြောက်ဘက်ရှိ ကျေးရွာများကို ဝင်ရောက်မီးရှို့နေသည့်အတွက် ပြည်သူများအနေဖြင့် သတိဝီရိယဖြင့်နေထိုင်ကြရန်နှင့် လိုအပ်ပါက တိမ်းရှောင်ကြဖို့ရန် တန့်ဆည် TPC တန့်ဆည်ပြည်သူ့ရဲဘော်များအဖွဲ့က အထူးတိုက်တွန်းထားသည်။

စက်တင်ဘာ ၁၉ရက် ညနေ ၃နာရီ ၅၀မိနစ်အချိန်ကလည်း တန့်ဆည်မြို့ ရွှေဒေါင်းမင်းစစ်ဆေးရေးဂိတ်တွင် တပ်စွဲထားသော အင်အား ၄၀ခန့်ရှိ စစ်ကောင်စီတပ်ကို တန့်ဆည်PDF တပ်ရင်း(၆)နှင့် မြို့နယ် ပကဖ ပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီး သုံးကြိမ်ပစ်၍ လက်နက်ငယ်များဖြင့် အနီးကပ် ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သား ငါးဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ mizzima

မုံရွာတွင် စစ်တပ်သတင်းပေးဟု သတ်မှတ်ခံရသူများ တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး၊ သာကေတတွင် ပစ်ခတ်၍ သေဆုံးသူ ရပ်ကွက်အုပ် ချုပ် ရေးမှူး ဝင်းဗိုလ် မဘသ အမာခံတစ်ဦးဖြစ်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် စစ်တပ်သတင်းပေးဟု သတ်မှတ်ခံထားရသူ များ ဆက်တိုက် ပစ်ခတ်တိုက်ခိုက်ခံနေရပြီး ၅ ဦးသေဆုံးသွားကြောင်း ဒေသခံများက ပြောဆိုသည်။

စက်တင်ဘာလ ၁၉ ရက်နေ့ နံနက် ၁၁ နာရီအချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြိုနယ်၊ ကျောက္ကာ(တောင်)ရွာ၊ ရွှေဂူနီ ဘုရားအနီးတွင် အရာတော်မြို့သို သွား မည့် လင်မယား ၂ ဦးစီးနင်းလာသည့်ကာ မိုင်းဆွဲခံရပြီး ၂ ဦးစလုံး ဒဏ် ရာရရှိကြောင်း ၊ မိုင်းထိမှန်သော ကားသည် စစ်သားတချို့ အသုံးပြုခဲ့သော အိမ်စီးကားဖြစ်သည်ဟု ဒေသခံများက ပြောဆိုကြသည်။

အလားတူ စက်တင်ဘာလ ၁၉ ရက်နေ့ နံနက် ၇နာရီခွဲကျော်ခန့်တွင် စစ် ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို၊ နန္ဒဝန်ဈေးအတွင်းတွင်တွင် ကွမ်းယာရောင်းချသူ ကျော်ကျော်နှင့် ဇနီး နှင်းအေးခိုင် တို့ နှစ်ဦးသည် စျေးလာဝယ်စဉ် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ၊ အဆိုပါ လင်မယား ၂ ဦးသည် စစ်တပ်အတွက် သ တင်း ပေးဟု သတင်းများ ထွက်ပေါ်ခဲ့ပြီး စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်တချို့က ကွမ်းယာဆိုင်သို့ အမြဲလာလေ့ရှိသည်ဟု ဒေသခံတချို့က ပြောဆိုသည်။

စက်တင်ဘာလ ၂၀ ရက်နေ့ ည ၉ နာရီခန့်က မုံရွာမြို၊ နန္ဒဝန်ရပ်ကွက်မှ ထွန်းထွန်းဝင်း၊ စက်တင်ဘာလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီခန့်အချိန် မုံရွာမြို၊ စက်မှုဇုံရပ်ကွက်၊ မြိုရှောင်လမ်းတွင် ကျော်ခိုင်ဆိုသူတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း၊ အဆိုပါ အသတ်ခံရသူ ၂ ဦးစလုံးသည် စစ်ကောင်စီသတင်းပေးအဖြစ် သတ်မှတ်ခံထားရသူများဖြစ်ပြီး ၎င်းတို့ကိုယ်တိုင် စစ်တပ်ရုံးစိုက်ရာနေရာများသို့ ဝင်ထွက်သွားလာနေကြသူများဖြစ်သည်ဟု သိရှိရသည်။

အလားတူ ရန်ကုန်၊ သာကေတတွင် ယမန်နေ့ည ၇ နာရီ ၂၀ မိနစ်အချိန် ပစ်သတ်ခံရလိုက်သော ၄/မြောက်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဝင်းဗိုလ်သည် စစ်ကောင်စီသတင်းပေး ဖြစ်ရုံမျှမက မဘသနှင့် အမျိုးသားရေး အမာခံတစ်ဦးဖြစ် ကြောင်း ဒေသခံများက ပြောဆိုသည်။

ဝင်းဗိုလ်သည် ယမန်နေ့ပိုင်း ၄/မြောက် အောင်ဇေယျလမ်းဆုံ ရိုးရိုးလေး လက် ဖက်ရည်ဆိုင် တွင် ပစ်ခတ်ခံရပြီး သေဆုံးသွားခြင်းဖြစ် ကြောင်း ၊ ၎င်းသည် မီး သတ်ဗိုလ်မှ ရပ်ကွက်ဥက္ကဌဖြစ်လာသူဖြစ်ပြီး တော်လှန်ရေး အင်အားစုများ၊ အနီးပတ်ဝန်းကျင်ရှိ UG အဖွဲ့များအား စုံစမ်းကာ စစ်ကောင်စီသို့ သတင်းပေးခြင်း ၊ကိုယ်တိုင် လိုက်လံညွှန်ပြ ဖမ်းဆီးစေခြင်း ဝင်ရောက်စီးနင်းမှုများအား ကူညီပေးခြင်းများ ကို ဦးဆောင်ကာ အင်တိုက်အားတိုက်လုပ်ကိုင်နေသူဖြစ်ပြီး ဖမ်းဆီးပြီးပါကလည်း နှိပ်စက်ခြင်း စစ်မေးခြင်းများကိုပါ လုပ်ဆောင်နေသော စစ်တပ်၏ အားထားရသော အုပ်ချုပ်ရေးမှူးဖြစ်ကြောင်း အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ခဲ့သော Soul Takers အဖွဲ့က ပြောသည်။

ဝင်းဗိုလ်၏ အိတ်ထဲ မှ နံပါတ်တုတ်များ၊ ဝေါ်ကီစကားပြောစက်၊ စာရွက်စာ တမ်း များနဲ့ စစ်တပ်သုံး ဖုန်းတစ်လုံးပါ သိမ်းဆည်း ရမိခဲ့ကြောင်း Soul Takers အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ khit thit

ဆရာစံ-PDF အဖွဲ့က မီတာ ၃၀၀ ထိပစ်နိုင်သည့် စနိုက်ပါသေနတ် ထုတ်လုပ်

စစ်ကိုင်းတိုင်းအခြေစိုက် ဆရာစံ-PDF အဖွဲ့က မီတာ ၃၀၀ အကွာအဝေး ပစ်နိုင်တဲ့ လက်လုပ် စနိုက်ပါသေနတ်ကို ကုန်ကျငွေ သိန်း ၃၀ နဲ့ ထုတ်လုပ်ထားနိုင်ပြီလို့ သိရပါတယ်။

ဆရာစံ-PDF တာဝန်ရှိသူက “စျေးနှုန်းတွေ တအားတက်နေတော့ ၃၀ လောက်ကုန်တယ်။ ပစ္စည်းရှာရတာလည်း မလွယ်ဘူး။ ပြောင်းတင် ၉ သိန်းလောက်ကျတယ်။ ဒါတောင် ဝယ်မရဘူး။ ပိုက်ဆံရှိပြန်တော့လည်း ပစ္စည်းကမရှိ၊ ပစ္စည်းရှိပြန်တော့လည်း ပိုက်ဆံကမရှိနဲ့။ ကျည်ဘောက်က ၁၀ တောင့်ဆန့်တယ်။ ၈ စကုတ်တပ်ပစ်လို့ရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိအချိန်အထိ စနိုက်ပါသေနတ် ၅ လက် ထုတ်လုပ်ထားပြီး ဘေးမြို့နယ်​က မဟာမိတ် အဖွဲ့တွေကိုလည်း မျှဝေပေးထားပြီး အရင်ကထုတ်လုပ်ထားတဲ့ စနိုက်ပါသေနတ်တွေနဲ့ တိုက်ပွဲဝင်နေတယ်လို့ ဆိုပါတယ်။

အဆိုပါ စနိုက်ပါသေနတ်ဟာ မီတာ ၂၅၀ အထိ ထိရောက်ပြီး မီတာ ၃၀၀ ကျော် အကွာအဝေးထိ ပစ်လို့ရတယ်လို့ သိရပါတယ်။

ဆက်လက်ပြီး လက်နက်အမျိုးမျိုး ထပ်မံ ကြိုးစားထုတ်လုပ်သွားမှာဖြစ်သလို ထုတ်လုပ်ထားတဲ့ လက်နက်တွေနဲ့လည်း ဖက်ဒရယ်ဒီမိုကရေစီရတဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ ဆရာစံ-PDF က ပြောပါတယ်။

ဒါ့အပြင် မီတာ ၁,၂၀၀ အထိ ရောက်အောင်ပစ်နိုင်တဲ့ ၆၀ မမတွေကို နည်းပညာမြင့် ဆရာတွေထံက သင်ယူထားပြီး အောင်မြင်စွာ ထုတ်လုပ်ထားနိုင်ပြီလို့ ဆရာစံ-PDF က ထုတ်ပြန်ထားပါတယ်။ DVB

« Older Entries