ဂွေးကုန်းကျေးရွာကို မီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်နှင့် PDFပူးပေါင်းအဖွဲ့များ တိုက်ပွဲဖြစ်ပွား

စစ်ကိုင်တိုင်း၊ တန့်ဆည်မြို့နယ် ဂွေးကုန်းကျေးရွာကို မီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်မှုများရှိကာ PDFဘက်မှ တစ်ဦးကျဆုံးခဲ့ကြောင်း ကျေးရွာလုံခြုံရေးအဖွဲ့ဝင်ထံမှ သိရသည်။

စစ်ကောင်စီတပ်နှင့် ပျူစောထီး စုစုပေါင်း အင်အား ၇၀ပါ စစ်ကြောင်းသည် တန်ဆည်မြို့ အရှေ့မြောက်ဘက် ရှစ်မိုင်အကွာရှိ ဂွေးကုန်းကျေးရွာကို ဝင်ရောက်ပြီး ရွာရှိအိမ်များကို မီးတင်ရှို့ကာ အထိုင်စခန်းချနေသည့်အတွက် ယမန်နေ့ စက်တင်ဘာလ ၂၀ရက်၊ ညနေ ၄နာရီ ၃၀ မိနစ်အချိန်ခန့်တွင် TPC တပ်ရင်း (၂၅) ၊ တပ်ရင်း (၆)၊ တပ်ရင်း (၇) ၊ တပ်ရင်း (၈)၊ PLA ၊ ပကဖ နှင့် ရွာလုံခြုံရေးများ စုပေါင်းပြီး လက်နက်ကြီး လက်နက်ငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားချိန် တစ်နာရီအထိ ကြာမြင့်ခဲ့သည်ဟု ဆိုသည်။

” မီးရှို့နေတဲ့ စစ်ကောင်စီတပ်တွေကို ရွာလုံခြုံရေးအဖွဲ့တွေနဲ့ ဝင်တိုက်တာ၊ အပြန်အလှန် ပစ်ခတ်တာ တစ်နာရီလောက်ကြာတယ်၊ စကစဘက်က အထိအခိုက်တော့များတယ်၊ ဘယ်လောက်သေလဲဆိုတာတော့ မသိရဘူး၊ ပြန်ဆုတ်တဲ့အချိန်မှာ ကာကွယ်ရေးအဖွဲ့က လေးယောက်ကျည်ထိတယ်၊ နှစ်ယောက်ကိုတော့ ချက်ချင်း ပြန်ကယ်ထုတ်နိုင်ခဲ့တယ်၊ တစ်ယောက်ကတော့ သေသွားတယ်၊ တစ်ယောက်ကတော့ ဒီမနက်ပြန်တွေ့တယ် ၊ ပေါင်တစ်ဖက် ဆုံးရှုံးသွားတယ်” ဟု ကျေးရွာလုံခြုံရေးအဖွဲ့ဝင်က မဇ္စျိမကို ပြောသည်။

စက်တင်ဘာလ ၁၉ရက်မှ စတင်ကာ တန့်ဆည်မြို့နယ်ရှိ ပျူစောထီးများ ကြီးစိုးသည့် ကျွန်းလည်နှင့် နားဋောင်းကျ ကျေးရွာဘက်မှ အင်အား ၁၇၀ နီးပါးနှင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်များ တိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်။

အဆိုပါ စစ်ကောင်စီတပ်သည် စစ်ကြောင်းနှစ်ကြောင်းခွဲကာ အင်အား ၇၀ကျော်သည် ဂွေးကုန်းကျေးရွာကို စစ်ကြောင်းထိုးခဲ့ပြီး အင်အား ၁၀၀ကျော်သည် အိုးသည်ကုန်း ကျေးရွာနှင့် အင်းပတ်ကျေးရွာများသို့ စစ်ကြောင်းထိုးခဲ့သည်။

အင်ပတ်ကျေးရွာသို့ ဝင်ရောက်သည့် ညနေ ၄ နာရီအချိန်ခန့်တွင်လည်း PDF ပူးပေါင်းအဖွဲ့များ၏ မိုင်းမိကာ အထိအခိုက်အကျအဆုံးများရှိခဲ့သည့်အတွက် စစ်ကောင်စီတပ်မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ပြီး အိုးသည်ကုန်းနှင့် အင်းဖက်ကျေးရွာရှိ ပြည် သူပိုင်နေအိမ်များကို မီးရှို့သွားခဲ့သည်ဟု သိရသည်။

” တိုက်ပွဲတွေက ဆက်တိုက်ဖြစ်နေတဲ့ အခြေအနေပါ၊ ဒဏ်ရာရတဲ့ ရဲဘော်တွေလည်း ရှိတယ်၊ အဓိက ထိတာက တစ်ထောင့်ထိုးပဲရှိတဲ့ ရွာလုံ ခြုံရေးအဖွဲ့တွေ ထိတာ၊ PDF ရဲဘော်တွေက ဘေးကင်းပါတယ်၊ ဒေသခံတွေလည်း ဘေးလွတ်ရာကို ရှောင်နေကြရတယ် ။” ဟု PDF တပ်ဖွဲ့ဝင်က ဆိုသည်။

ယနေ့ စက်တင်ဘာလ ၂၁ ရက် မနက်ပိုင်းတွင်လည်း အဆိုပါ စစ်ကောင်စီတပ်များသည့် တန့်ဆည်မြို့ အရှေ့မြောက်ဘက်ရှိ ကျေးရွာများကို ဝင်ရောက်မီးရှို့နေသည့်အတွက် ပြည်သူများအနေဖြင့် သတိဝီရိယဖြင့်နေထိုင်ကြရန်နှင့် လိုအပ်ပါက တိမ်းရှောင်ကြဖို့ရန် တန့်ဆည် TPC တန့်ဆည်ပြည်သူ့ရဲဘော်များအဖွဲ့က အထူးတိုက်တွန်းထားသည်။

စက်တင်ဘာ ၁၉ရက် ညနေ ၃နာရီ ၅၀မိနစ်အချိန်ကလည်း တန့်ဆည်မြို့ ရွှေဒေါင်းမင်းစစ်ဆေးရေးဂိတ်တွင် တပ်စွဲထားသော အင်အား ၄၀ခန့်ရှိ စစ်ကောင်စီတပ်ကို တန့်ဆည်PDF တပ်ရင်း(၆)နှင့် မြို့နယ် ပကဖ ပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီး သုံးကြိမ်ပစ်၍ လက်နက်ငယ်များဖြင့် အနီးကပ် ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သား ငါးဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s