တမူး – ကလေးလမ်း ရွာမီးရှို့ထွက်လာသည့် စစ်ကောင်စီတပ် မိုင်းဆွဲခံရပြီး ၅ယောက်သေဆုံး

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် ကလေး – တမူးလမ်းပေါ်ရှိ ကျေးရွာများအား မီးရှို့ထွက်ခွာလာသည့် စကစယာဉ်တန်းအား မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ငါးဦး သေဆုံးပြီး ဒဏ်ရာရရှိသူများရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တမူးမြို့) တပ်ရင်း (၃) ပြန်ကြားရေး တာဝန်ခံမှပြောသည်။

“မီးရှို့ပြီးထွက်လာတဲ့ ယာဉ်တန်းကို ရွာအထွက်က တံတားအကျော်မှာ စောင့်ပြီး ရှေ့ထွက် မိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာပါ ကားတွေကို သေချာထိမှန်အောင် ဖောက်ခွဲနိုင်ခဲ့ပါတယ်” ဟု ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

စက်တင်ဘာ ၁၅ရက်နေ့က ကလေးမြို့မှ တင့်ကားတစ်စီး ၊ ဂျန်မာ ကားတစ်စီးနှင့် စစ်ကောင်စီကား သုံးစီး၊ အင်အား ၅၀ကျော်ပါသော ယာဉ်တန်းမှာ တပ်ရင်း (၃) နယ်မြေအတွင်းသို့ စက်တင်ဘာ ၁၉ရက်နေ့ နံနက်ပိုင်းက စတင်ဝင်ရောက်လာကြောင်း သိရသည်။

နံနက် ၈နာရီအချိန်တွင် စတင်ပြီး ရန်လင်းဖိုင်ရွာရှိ လူနေအိမ် လေးအိမ် ၊ ခွန်မွန်းနွန်ရွာမှ နှစ်အိမ်နှင့် နန်မွန်တားရွာမှ လူနေအိမ် လေးလုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်းဆိုသည်။

ယင်းသို့ မီးရှိုဖျက်ဆီးခဲ့သော ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်မှ လက်နက်ကြီးငယ်များဖြင့် ပတ်ဝန်းကျင်သို့ ရမ်းသန်းပစ်ခတ်ခဲ့သော်လည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာလာနိုင်ကြောင်း သိရသည်။

အဆိုပါ မီးရှို့ခံရသော ရွာများမှ ဒေသခံများသည် လွန်ခဲ့သည့် နှစ်လ အကျော်မှ စ၍ ၎င်းတို့ ကျေးရွာများကို စွန့်ခွာပြီး ရှောင်တိမ်းနေရကြောင်းနှင့် လူနေအိမ် ကျဲသော ခြံဝန်းများဖြင့် နေထိုင်ကြသည့်အတွက် အိမ်ခြေများများ မဆုံးရှုံးခဲ့ရခြင်းဖြစ်ကြောင်း ပြန်ကြားရေးတာဝန်ခံမှ ဆိုသည်။

ယင်းနေ့ စက်တင်ဘာ ၁၉ရက် ညပိုင်းတွင် တမူးမြို့အဝင်ရှိ လေးမိုင် ဂိတ်အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) နှင့် BSO ကျောင်းသားတပ်တို့မှ ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

“ကျနော်တို့ ဂိတ်စခန်းထဲအထိ ဝင်စီးမိခဲ့ပါတယ်၊ သူတို့ဖက်က စခန်းစွန့်ထွက်ပြေး သွားခဲ့ကြတယ်၊ ကျနော်တို့ ပကဖ ရဲဘော်တစ်ဦးနဲ့ ကျောင်းသားတပ်ဖွဲ့ ကတစ်ဦးတို့ ကျဆုံးခဲ့ပါတယ်” ဟု တမူးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး တာဝန်ရှိသူတစ်ဦးမှ ပြောသည်။

တမူးမြို့အဝင် လေးမိုင်ဂိတ်တိုက်ပွဲတွင် ကလေးမြို့ ပကဖ တပ်ရင်း(၅) တပ်ရင်းမှူးဖြစ်သူ ကိုလင်းယုန် (အသက် ၄၀) တိုက်ပွဲတွင် ကျန်ရစ်ခဲ့ပြီး နောက်နေ့ တမူးမြို့ နာရေးအသင်းတစ်ခုမှ ကောက်ယူသင်္ဂြိုဟ်ပေးခဲ့ကြောင်းသိရသည်။

၎င်းအပြင် ကျောင်းသားတပ်ဖွဲ့ Burmese Students Orgnization (BSO) မှ မောင်အာကာထက် (အသက် ၁၈ နှစ်) ကျဆုံးခဲ့ကြောင်းသိရှိရသည်။

ယင်း လေးမိုင်ဂိတ်စခန်းသည် ယခင်က အကောက်ခွန် ၊ ရဲ ၊ ယာဉ်ထိန်းရဲများအပါအဝင် စုပေါင်းထိန်းသိမ်းရေးဌာနပေါင်းစုံဝန်ထမ်းများ စခန်းချလေ့ရှိပြီး ယခု နောက်ပိုင်းတွင် ရဲနှင့် စစ်ကောင်စီတပ်များ နေရာယူ စစ်ဆေးလျက် ရှိကြောင်း ဆိုသည်။

တမူးမြို့အဝင် လေးမိုင်တွင် တိုက်ပွဲဖြစ်ပွားချိန် စစ်ကူမသွားနိုင်ရေးအတွက် ထန်းတပင် ကျေးရွာနှင့် မန်မော် ကျေးရွားအကြားသို့ တက်လာသည့် စစ်ကောင်စီ စစ်ကြောင်း အား Freedom Rangers Tamu မှ ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက် ခဲ့ပြီး အထိအခိုက်အကျအဆုံးရှိနိုင်သော်လည်း အရေအတွက်အတည်မပြုနိုင်သေး ကြောင်းသိရှိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s