မန္တလေးတွင် NLD အယောင်ဆောင်ပြီး၊ NUG CRPH နှင့် PDF ရှုတ်ချကြောင်းဆန္ဒပြပွဲပြု လုပ်

မန္တလေးမြို့တွင် NLD ပါတီအမှတ်တံဆိပ်ပါသော တူညီဝတ်စုံဝတ်ထားသည့်လူတစ်စုက ယနေ့ စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် ဆန္ဒပြပွဲတစ်ခု ပြုလုပ်ခဲ့သည်။

ချမ်းအေးသာစံမြို့နယ် ၃၅ လမ်းထိပ်၊ မြို့ပတ်လမ်းပေါ်ရှိ မြို့နယ် NLD ပါတီရုံးရှေ့တွင် ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး ဆန္ဒပြသူများသည် မြို့ခံများမဟုတ်သည့် ပါတီဝင်အယောင်ဆောင်များ ဖြစ်ကြကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့ကြသူများက မဇ္ဈိမသို့ပြောသည်။

“ ဟိုတစ်ခါ (လမ်း ၃၀ ပစ်ခတ်မှုဖြစ်စဉ်) လိုပဲဗျ။ အခုဟာက NLD အယောင်ဆောင်ပြီး NLD ရုံးရှေ့ဆန္ဒပြ ပွဲလုပ်တဲ့ဇာတ်လမ်း။ အမေစုကျန်းမာပါစေ ဘာညာရေးထားပြီး အဓိက NUG နဲ့ PDF ကိုဆော်ချင်တာ” ဟု မြို့ခံတစ်ဦးက သုံးသပ်သည်။

စုစုပေါင်း လူဦးရေ ၁၅ ဦးခန့်ပါဝင်သည့် ၎င်းအဖွဲ့သည် “NLD သည် အကြမ်းဖက်လုပ်ရပ်များကို အားမပေးပါ ရှုတ်ချပါသည်” “အမေစု ကျန်းမာပါစေ” “NUG CRPH နှင့် PDF တို့၏ အကြမ်းဖက်လုပ်ရပ်များကို ဆန့်ကျင်ရှုတ်ချသည်” ဟူသော စာတန်းပါဗီနိုင်းပိုစတာများ ကိုင်ဆောင်ကာ ဆန္ဒပြပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ချမ်းအေးသာစံမြို့နယ် NLD ရုံးရှေ့တွင် စက်တင်ဘာ ၂၁ရက် နံနက်ပိုင်းက ဟုဆိုကာ NLD ပါတီ အင်္ကျီဝတ်ဆင်ထားသူအချို့မှ NUG ၊CRPH နှင့်PDFတို့၏ အကြမ်းဖက်လုပ်ရပ်များကိုဆန့်ကျင်ကြောင်း စစ်ကောင်စီနှင့်နီးစပ်သည့် လူမှုကွန်ယက်စာမျက်နှာများတွင် ဖြန့်ဝေထားသည်။

ထိုသို့ လုပ်ဆောင်သွားသည့် နေရာမှာ စစ်​ကောင်စီတပ်ဖွဲ့များ ပုံစံအမျိုးမျိုးဖြင့် ကင်းပုန်းဝပ် စောင့်ကြည့်နေသည့် နေရာတစ်ခုဖြစ်သည်ဟု ဒေသခံထံမှ သိရသည်။

“ကားနဲ့လာတယ်။၁၀ဦး ၁၅ဦးလောက်ရှိမယ်။ဝုန်းဆိုဆင်းလာပြီး အခုလို လုပ်သွားတယ်။ဒီပတ်ဝန်းကျင်က အစစ်အဆေးကြမ်းတဲ့နေရာပါ။အုပ်စုလိုက်ကြီး NLD အဝတ်အစား ဦးထုပ်တွေနဲ့ စဥ်းစားသာကြည့်။”ဟု ဆန္ဒပြသည့် အနီးမှ မြို့ခံတစ်ဦးမှပြောသည်။

မြို့ခံ နောက်တစ်ဦးမှလည်း”စစ်ခွေး(စစ်ကောင်စီ)ထောက်ခံတဲ့ မဘသတို့ ကြံဖွတ်တို့ပဲ ဖြစ်မယ်။NLD အင်္ကျီဝတ်ဖို့ နေနေသာနေသာ ရိုးရိုး အင်္ကျီ အနီရောင်ဝတ်ရင်တောင် ဖမ်းချင်နေကြတယ်။”ဟုပြော သည်။

ယခုလုပ်ရပ်သည် NUG၊NLDနှင့်PDFတို့ကို ပြည်သူလူထု အထင်အမြင်လွဲမှားစေရန် စစ်ကောင်စီအဖွဲ့မှ လုပ်ဆောင်ခြင်းဖြစ်ကြောင်း မြို့ခံအများစုက သုံးသပ်ကြသည်။

မန္တလေးမြို့တွင် ပြီးခဲ့သည့် ရက်ပိုင်းကလည်း လမ်း ၃၀ တွင် ဇနီးမောင်နှံနှစ်ဦး ယွင်းပစ်ခတ်ခံရမှုဖြစ်စဉ်နှင့်ပတ်သက်၍ မြို့ခံမဟုတ်သည့်လူတစ်စုက ၁၀ မိနစ်ခန့်ကြာမြင့်သည့် လမ်းလျှောက်ဆန္ဒထုတ်ဖော်ပွဲတစ်ခု ပြုလုပ်ခဲ့ကြသေးသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s