မြိုင်မြို့နယ် စိုင်ဂေါင်းရွာ၌ ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်ကြား တိုက်ပွဲဖြစ် ပခုက္ကူ PDF ရဲဘော်ကျဆုံး

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်တွင်းရှိ စိုင်ဂေါင်းရွာ၌ စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးမဟာမိတ်တပ်များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကာကွယ်ရေးတပ်သား တစ်ဦးလည်း ကျဆုံးခဲ့ရသည်။

အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီတပ်မှာ ပခုက္ကူမြို့နယ်မှ မြိုင်မြို့နယ်သို့ စက်တင်ဘာလ ၁၇ ရက်ကစ၍ ရွာစဉ်အလိုက် စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ရာ စက်တင်ဘာလ ၁၈ ရက်နေ့က စိုင်ဂေါင်းရွာသို့ ရောက်ရှိလာသည်။

ထို့နောက် ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF အပါအဝင် မြိုင်၊ ပခုက္ကူ၊ ရေစကြိုအခြေစိုက် မဟာမိတ်တော်လှန်ရေးအဖွဲ့ ၁၅ ဖွဲ့ခန့်က ထိုကျေးရွာအတွင်းသို့ ၆၀ မမ၊ ၈၀ မမ၊ ၁၂၀ မမ တို့ဖြင့် နာရီဝက်ကြာ အပြန်အလှန်ပစ်ခတ်မှု ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း အရေအတွက်ကိုမူ မသိရသေးပေ။

“သူတို့ (စစ်ကောင်စီတပ်) က မနေ့က မြို့အနောက်ဘက် (ပခုက္ကူမြို့) ကျေးရွာကနေပတ်ပြီး ထွက်ဖို့အတွက် လှည်းတွေကိုချောဆွဲပြီး သူတို့ပစ္စည်းတွေသယ်နေတယ်ဆိုတဲ့ သတင်းပဲရတယ်ခင်ဗျ၊ အဲဟာက အလောင်းတွေ သယ်တာဖြစ်နိုင်သလို ကျေးရွာတွေဆီက ယူလာတဲ့ပစ္စည်းတွေသယ်တာလည်း ဖြစ်နိုင်တယ်ဗျ”ဟု PPDF သတင်းပြန်ကြားရေးနှင့် ပြင်ပဆက်ဆံရေးတာဝန်ခံ ရဲဘော်အတီးက ပြောသည်။

ထို့အပြင် ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF မှ ရဲဘော်တိုက်ဂါးမှာ တိုက်ပွဲ၌ စစ်ကောင်စီတပ်များ၏ ဖမ်းဆီးသတ်ဖြတ်ခြင်းခံရကြောင်း အဖွဲ့ဘက်ကဆိုသည်။

“ တိုက်ပွဲပြီးတဲ့အချိန်မှာ သူကပျောက်ဆုံးနေတယ်၊ ပျောက်တာသိသိချင်း ကျွန်တော်တို့ တောနင်းပြီးလိုက်ရှာတဲ့ အခြေအနေရှိခဲ့တယ်၊ ဒါပေမယ့် ရှာမတွေ့ခဲ့ဘူး၊ မနေ့က ပြန်တွေ့တဲ့အချိန်မှာသူ့ကို Dead body ပဲ ပြန်တွေ့တော့တယ်။ သူအဓိကလုပ်ရတဲ့ တာဝန်က ကင်းထောက်အလုပ်၊ အဲဒါသွားလုပ်ရင်းနဲ့မှ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးထိန်းသိမ်းတာကို ခံရတယ်လို့ ယူဆရတဲ့ဒဏ်ရာတွေတော့ တွေ့ရတယ်” ဟု PPDF မှ အတည်ပြုပြောဆိုသည်။

ရုပ်အလောင်းပြန်တွေ့စဉ် မျက်နှာမှာဖူးယောင်ဒဏ်ရာများဖြင့် ရုပ်မပီသတော့ပေ။ ထို့အပြင် လက်ပြန်ကြိုးတုပ်ခံထားရသည့် အနေအထားတွေ့ရကြောင်း PPDF သတင်းပြန်ကြားရေးနှင့် ပြင်ပဆက်ဆံရေးတာဝန်ခံက ဆိုသည်။

PPDF မှ ကျဆုံးရဲဘော် ဗိုလ်တိုက်ဂါးမှာ ညီအကို သုံးဦးအနက် အငယ်ဆုံးဖြစ်ပြီး အသက် ၁၈ နှစ်အရွယ်တွင် စစ်အာဏာရှင်တော်လှန်ရေး၌ အသက်ပေးလှူသွားခဲ့ရခြင်းဖြစ်ပြီး သူ့ကိုပြန်တွေ့သည့် စက်တင်ဘာလ ၁၉ ရက်နေ့တွင်ပင် တပ်ဖွဲ့မှ ဈာပနပြုလုပ်သင်္ဂြိုဟ်ပေးခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးတပ်သားတွေက ပြည်သူကမွေးထုတ်ပေးလိုက်တဲ့ သားကောင်းတွေအနေနဲ့ အသက်တွေဆုံးရှုံးခဲ့ရပြီ။ ပြည်သူကလည်း ကျွန်တော်တို့နဲ့အတူ တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်ပေးကြပါ” ဟု ရဲဘော်အတီးက ပြောသည်။

ယမန်နေ့ ညအချိန်ထိ ယင်းစစ်ကောင်စီတပ်မှာ စိုင်ဂေါင်းရွာတွင်ရှိနေသေးကြောင်း သတင်းရရှိထားပြီး နောက်ဆက်တွဲကိုမူ မသိရတော့ပေ။

၎င်းအကြမ်းဖက်စစ်တပ်မှာ ကျေးရွာရှိနေအိမ် ၄၀ ဝန်းကျင်ကို ပြာကျသည်အထိ မီးရှို့ခဲ့ကြောင်း သိရသည်။

ထို့အပြင် စက်တင်ဘာလ ၁၉ ရက်နေ့ကလည်း ညောင်တွင်းရွာ (အနောက်) ရှိ နေအိမ် ၅၃ လုံးကို ထပ်မံမီးရှို့ခဲ့သေးသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s