လက်ယက်ကုန်းကျေးရွာတွင် ပစ်ခတ်မှု လုပ် ဆောင်ခဲ့ကြောင်း စစ်ကောင်စီဝန်ခံပြီး က လေးသူငယ်များ ထိခိုက်သေဆုံးခဲ့သည့် အခြေ အနေများကိုပြောကြားသွားခြင်းမရှိ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာအတွင်း ပစ်ခတ်မှု လုပ်ဆောင်ခဲ့ကြောင်း စစ်ကောင်စီတပ် ပြန်ကြားရေးတာဝန်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဝန်ခံပြောကြားခဲ့သည်။

ယနေ့ စက်တင်ဘာလ ၂၀ ရက်နေ့တွင် ပြုလုပ်သည့် စစ်ကောင်စီ၏ အကြိမ် ၂၀ မြောက် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် အထက်ပါအတိုင်း ဝန်ခံပြောကြားခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်အနေဖြင့် လက်ယက်ကုန်းကျေးရွာအတွင်း KIA နှင့် PDF တပ်ဖွဲ့များ ရောက်ရှိနေကြောင်း သတင်းပေးချက်အရ ကျေးရွာအ တွင်း ဝင်ရောက်ကာ ရှင်းလင်းမှုများ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထိုသို့ ကျေးရွာအတွင်း ဝင်ရောက်ရာတွင် PDF နှင့် KIA တပ်ဖွဲ့များက ရွာသူရွာသားများကို လက်ယက်ကုန်းကျေးရွာအတွင်းရှိ ဘုန်းကြီး ကျောင်း အောက်ထပ်အတွင်း ခေါ်ဆောင်ကာ လူသားဒိုင်းအဖြစ် ပြုလုပ်ပြီး စစ်ကောင်စီတပ်ကို ပြန်လည်ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း ၎င်းက စွပ်စွဲပြောကြားသည်။

“ ဝ်ိုင်းဝန်းပစ်ခတ်တဲ့ အချိန်မှာ ကျွန်တော်တို့ အနေနဲ့လည်း ဒီနေရာကို ပစ်ခတ်ခဲ့ရတာ ရှိတယ်၊ ပစ်ခတ်ခဲ့ရတာရှိတော့ကျ သူတို့ကိုယ်တိုင်ပြော ထားတဲ့ အထဲမှာ ပါပါလိမ့်မယ်။ အဲ့ဒီဘုန်းကြီးကျောင်းရဲ့ အောက်မှာပဲ သူတို့ နေရတာ ဖြစ်တယ်၊ နောက်ဆုံးမှာ ကျွန်တော်တို့ တိုက်ပွဲ ပြီးသွားတဲ့ အချိန်မှာ ဘုန်းကြီးကျောင်းအောက်ဘက်မှာ သူတို့ (PDF၊ KIA)တွေ ထွက်ပြေးသွားတဲ့ အချိန် ကလေးသူငယ်တွေပဲ ကျန်ခဲ့တယ်။ ” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

စစ်ကောင်စီတပ်က ကလေးသူငယ်များနှင့် ဒေသခံများရှိနေသည့် ဘုန်းကြီးကျောင်းဝင်းအတွင်းကို ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း ပြောကြားခဲ့သော်လည်း မည်သို့ မည်ပုံ ပစ်ခတ်ခဲ့သည်ဆိုခြင်းနှင့် ကလေးသူငယ်များ ထိခိုက်သေဆုံးခဲ့သည့် အခြေအနေများကို ထည့်သွင်းပြောကြားသွားခြင်း မရှိပေ။

ဘုန်းကြီးကျောင်းဝင်းအတွင်း ကျန်ရှိခဲ့သည့် ပြည်သူအချို့နှင့် ကလေးသူငယ်များကို စစ်တပ်က ကယ်ဆယ်မှုများ ပြုလုပ်ပြီး ရေဦးနှင့် ဒီပဲယင်း ဆေးရုံများကို တင်ပို့ပေးခဲ့ကာ ဒဏ်ရာပြင်းထန်သည့် ကလေးငယ်နှစ်ဦးကို ရဟတ်ယာဉ်ဖြင့် စစ်ဆေးရုံကို ပို့ဆောင်ပေးခဲ့ကြောင်းလည်း ဓာတ်ပုံများပြသကာ ဝါဒဖြန့် ကာကွယ်ပြောဆိုသွားခဲ့သည်။

ဆက်လက်ပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက အလေးထား ပြောကြားချင်သည်ဟုဆိုကာ အချို့မီဒီယာများတွင် ရေးသားဖော်ပြထားသည့် “ ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် ဘုန်းကြီးကျောင်းဝင်းအတွင်း ရပ်ရွာနှင့် PDF များက ယဉ်ကျေးလိမ်မာ သင်တန်းဖွင့်လှစ်နေသည့်အချိန် ဘာမှမရှိဘဲ တပ်က လာပစ်သည်ဟုဆိုကာ” ရေးသားထားမှုသည် ကလိမ်ကကျစ်ကျသည့် လုပ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

PDF များသည် ဘုန်းကြီးများ သီလရှင်များနှင့် အရပ်သားများကို သတ်ဖြတ်နေသူများဖြစ်ကာ ယဉ်ကျေးလိမ်မာသင်တန်းဖွင့်လှစ်နေသည်ဆိုသည့်အတွက် အဆိုပါ သင်တန်းတွင် ဘာတွေသင်နေကြောင်း သွားရောက်ကာ တကူးတကလေ့လာသင့်သည့် အနေအထား ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ရယ်မောကာ ပြောကြားခဲ့သည်။

ယင်းအပြင် စစ်တပ်က လက်ယက်ကုန်းကျေးရွာကို နယ်မြေရှင်းလင်းမှု ဆက်လက်လုပ်ဆောင်စဉ် ကျေးရွာအစွန်ဘက်နေရာမှ မိုင်းနှင့် ဆက် စပ်ပစ္စည်းများ၊ ဆေးဝါးပစ္စည်းများ သိမ်းဆည်းရမိခဲ့မှုများ ရှိခဲ့ကြောင်း ပြောဆိုသွားခဲ့သည်။

မီဒီယာအချို့တွင်လည်း လက်ယက်ကုန်းကျေးရွာမှ ပြည်သူများကို စစ်ကောင်စီတပ်က ဓားစာခံအနေဖြင့် ဖမ်းဆီးသွားကြောင်း မဟုတ်မမှန်ရေးသားမှုများရှိခဲ့ပြီး ထိခ်ိုက်ဒဏ်ရာရနေသူများကို ဆေးကုသပေးနေသည့် ဓာတ်ပုံများပြသကာ ၎င်းက ငြင်းဆန်ခဲ့သည်။

“ဆေးကုသပေးနေမှု ထောက်ပံ့ပေးနေမှု မှတ်တမ်းတွေကို ကြည့်ပါ ကျွန်တော်တို့ ဘယ်လို ထားတယ်ဆိုတာ သိရမှာ ဖြစ်ပါတယ်။” ဟု ၎င်းက ပြောသည်။

ထို့အပြင် ဒီပဲယင်း လက်ယက်ကုန်းကျေးရွာဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာရရှိကာ ဆေးကုသမှုခံယူနေရသူဟုဆိုသည့် အမျိုးသားတစ်ဦး နှင့် အမျိုးသမီး တစ်ဦး တိုက်ခိုက်မှုဖြစ်စဉ် ဖြစ်ပွားခဲ့သည့်နေ့က အခြေအနေများကို ပြောကြားထားသည့် ရုပ်သံဗီဒီယိုဖိုင်ကိုလည်း သတင်းစာရှင်းလင်းပွဲတွင် ဖွင့်ပြခဲ့သည်။

အဆိုပါ ဗီဒီယိုဖိုင်များတွင် ပြောကြားခဲ့သူနှစ်ဦးသည်လည်း စစ်ကောင်စီတပ်၏ သတင်းပြန်ကြားရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည့် အကြောင်းအရာများကိုသာ ပြန်လည်ပြောပြသွားခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီတပ် ပြန်ကြားရေးတာဝန်ရှိသူက သတင်းစာရှင်းလင်းပွဲတွင် ဖွင့်ပြခဲ့သည့် ဒေသခံနှစ်ဦး ပြောကြားခဲ့သည့် ဗီဒီယိုဖိုင်များကို ကိုးကားကာ ကုလသမဂ္ဂအထွေထွေ ညီလာခံရှိလာသည့်အချိန်တွင် ကုန်ကြမ်းရှာရာမှ ယခုလို ဖြစ်စဉ်နှင့် လုပ်ကြံမှုများ ဖြစ်ပေါ်လာခြင်း ဖြစ် ကြောင်း ပြောကြားခဲ့သည်။

“ ကုလသမဂ္ဂအထွေထွေ ညီလာခံရှိလာပြီဆိုရင် တချို့က ကုန်ကြမ်းရှာကြတယ်.၊ တချို့ကလည်း ကုန်ချော ထုတ်ပြီးသားကို ရှိတယ်၊ ရှာတဲ့အခါမှာလည်း ဖြစ်စဉ်တွေ လုပ်ကြံမှုတွေ ဖြစ်ပေါ်လာတာဖြစ်တယ်၊ ဒါက်ိုလည်း ပြည်သူလူထုအနေနဲ့ သိရှိပြီး မီဒီယာများအနေနဲ့ မှန်ကန်တဲ့ဘက်က မိမိနိုင်ငံဘက်က ရပ်တည်သွားနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားဖို့ မိမိအနေနဲ့ ပြောကြားလိုပါတယ်။” ဟု ၎င်းက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၆ ရက်နေ့ နေ့လယ်ပိုင်းအချိန်တွင် စစ်ကောင်စီတပ်က လက်ယက်ကုန်းကျေးရွာကို ရဟတ်ယာဉ် လေးစင်းဖြင့် ရောက်ရှိလာကာ ရဟတ်ယာဉ်နှစ်စီးပေါ်မှ စစ်ကောင်စီတပ်သား ၈၀ ကျော် ဆင်းလာပြီး ကျေးရွာအတွင်း ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် အခြား ရဟတ်ယာဉ်နှစ်စီးသည်လည်း လက်ယက်ကုန်းကျေးရွာ မဟာဓမ္မံရံသီ ဘုန်းကြီးကျောင်းဝန်းအတွင်းရှိ အလယ်တန်းကျောင်းကို အချိန် တစ်နာရီနီးပါးကြာ ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။

ထိုသို့ စစ်ကောင်စီတပ်က လက်ယက်ကုန်းကျေးရွာအတွင်း ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ကာ ဝင်ရောက်စီးနင်းမှုများကြောင့် စက်တင်ဘာလ ၁၉ ရက်နေ့အထိ ရရှိထားသည့် စာရင်းများအရ ကလေးသူငယ် ခုနစ်ဦး အပါအဝင် ဒေသခံစုစုပေါင်း ၁၃ ဦးအထိ သေဆုံးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s