Monthly Archives: Sep 2022

မင်းပြားတွင် ပြည်သူ ၃ ဦးကို စစ်တပ်က ဖမ်းဆီး၊ ဘဏ်ငွေထုတ်ပြန်လာသူများကို ဓားပြတိုက်

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်က ပြည်သူ ၃ ယောက်ကို စက်တင်ဘာ ၂၁ ရက် ညနေပိုင်းမှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားသလို မင်းပြားမြို့က ဘဏ်ငွေထုတ်ပြီး ပြန်လာတဲ့သူတွေဆီကနေ ငွေကြေးတွေကိုလည်း အဓမ္မသိမ်းယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မင်းပြားမြို့နယ် နရမ်းရမ်းလမ်းဆုံက ပြည်သူတယောက်ကို စက်တင်ဘာ ၂၁ ရက် ညနေ ၃ နာရီကျော်လောက်မှာ စစ်ကောင်စီတပ်ဖွဲ့အင်အား ၇၀ လောက်က အမျိုးသား ၂ ယောက်နဲ့ ညနေ ၆ နာရီလောက်မှာ အမျိုးသားတယောက်ကို ULA/AA နဲ့ ဆက်စပ်တယ်လို့ စွပ်စွဲပြီး မတရား ဖမ်းဆီးခေါ်ဆောင်သွားကြတာလို့ မင်းပြားမြို့ခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“ပထမအဖမ်းခံရတဲ့ နှစ်ယောက်ကတော့ ကားဘော်ဒီဆေးမှုတ် အလုပ်သမားတွေဖြစ်ပြီး နောက်တယောက်ကလည်း သာမန်ပြည်သူသာဖြစ်ပြီး စစ်(…)တွေက အေအေနဲ့ ဆက်စပ်တယ်လို့ စွပ်စွဲပြီး မတရားဖမ်းဆီးသွားကြတာ။”

တောင်ရှည်ပြင်ရွာသားတယောက်က “မင်းပြားမြို့ကနေ ဘဏ်ငွေထုတ်ပြီး ဆိုင်ကယ်နဲ့ ပြန်လာတဲ့ တောင်ရှည်ပြင်ရွာသား နှစ်ယောက်ဆီကနေ ငွေကျပ် သိန်း ၇၀ နဲ့ ဆိုင်ကယ်တစီးကိုလည်း စစ်(…)တွေက မတရား သိမ်းယူထားတယ်” လို့ ပြောပါတယ်။

မင်းပြားမြို့ ရာမောင်တံတားမှာလည်း စစ်ကောင်စီတပ်သား အင်အားအများအပြား နေရာယူထားပြီး ခရီးသွားပြည်သူတွေနဲ့ မော်တော်ယာဥ်တွေကို ပိတ်ဆို့စစ်ဆေးတာတွေ နေ့စဥ် ပြုလုပ်နေပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ နေ့စဥ်ရက်ဆက် တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က အများအပြားသေဆုံးနေပါတယ်။

စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ပေမဲ့ စစ်ကောင်စီတပ်စခန်း အများအပြားနဲ့ ရေယာဥ် နှစ်စီးကို အေအေက သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း အများအပြားနဲ့ စစ်သုံ့ပန်းတချို့လည်း ဖမ်းမိထားပါတယ်။ DVB

ဘန်ကောက်လေဆိပ်တွင် ခေတ္တ ထိန်းသိမ်းခံထားရသော မော်ဒယ် အလှမယ် ဟန်လေး UNHCR ၏ ကာကွယ်မှု အပြည့်အ၀ရရှိပြီး မြန်မာပြည် ပြန်ပို့ရန် မရှိဟု ထိုင်းဘက်ကပြော

ထိုင်းနိုင်ငံ၊ ဘန်ကောက်လေဆိပ်တွင် ခေတ္တ ထိန်းသိမ်းခံထားရသော မော်ဒယ်အလှမယ် ဟန်လေးသည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ (UNHCR) နှင့် အဆက်အသွယ်ရရှိပြီဖြစ်ပြီး ထိုင်းအာဏာပိုင်များဘက်ကလည်း မြန်မာပြည်သို့ ပြန်မပို့ရန် ကတိ ကဝတ် ရရှိပြီးဖြစ်ကြောင်း သရုပ် ဆောင် ဟန်လေး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

“မနေ့ညကတော့ ညီမကို လေဆိပ် ထိန်းသိမ်းရေးအဆောင် Detention Center မှာထားတယ်။ ဗီယက်နမ်ကို ပြန်သွားခိုင်းတယ်။ အခုတော့ UNHCR ရဲ့ ကာကွယ်မှုအောက်မှာ အပြည့်အ၀ ရှိနေပါတယ်။ ထိုင်းဘက်က မြန်မာပြည်ကို ပြန်မပို့ပါဘူး ဆိုတဲ့ ကတိကဝတ်ရပါပြီ။ ၁၀၀ ရာခိုင်နှုန်း အာမခံချက်ရှိတယ်။ အခုမနက်မှာက Departure မှာ နေလို့ရတယ်။ လွတ်လွတ်လပ်လပ်သွားလို့ရတယ်။ အခုက အခြားနိုင်ငံတစ်ခုကို သွားရမလား၊ ထိုင်းထဲပဲ ပြန်ဝင်ခွင့်ပေးမလားမသိရသေးဘူး။ အကုန်အဆင်ပြေပါတယ်။ စိတ်ပူနေသူတွေ စိတ်မပူကြပါနဲ့။ အခုထက်ထိလည်း စိတ်ဓာတ် ခိုင်ခိုင်မာမာရှိပါတယ်” ဟု မော်ဒယ်ဟန်လေး က ပြောသည်။

အကြမ်းဖက်စစ်ကောင်စီက မော်ဒယ် အလှမယ်ဟန်လေးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ၁၂၄ ဖြင့် အမှုဖွင့်ထားပြီး မော်ဒယ် အလှမယ် ဟန်လေးသည် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် ပါဝင်ခဲ့သူလည်းဖြစ် သည်။

“ညီမကို ၁၂၄ နဲ့ အမှုဖွင့်ထားတယ်။ မြန်မာနိုင်ငံပြန်လို့လည်းမရဘူး။ ထိုင်းမှာလည်း ပြစ်မှုကျူးလွန်ထားတာလည်းမရှိဘူး ဆိုတော့ အခုက အဆင်ပြေပါတယ်” ဟု မော်ဒယ် အလှမယ် ဟန်လေးက ဆိုသည်။ khit thit

တမူးမြို့နယ် ၄မိုင်ဂိတ်တိုက်ပွဲတွင် ဒဏ်ရာရရှိထားသော ရဲဘော် ၁ဦး ဆေးကုသစရိတ် အ ခက်အခဲဖြစ်နေ

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၌ ဖြစ်ပွားခဲ့သော လေးမိုင်ဂိတ်တိုက်ပွဲ၌ ခြေထောက်တွင် နင်းမိုင်း ဒဏ်ရာရရှိထား သော Fighter Police CDM (Tamu) မှ ရဲဘော် နဂါးကြီး အတွက် ဆေးကုသစရိတ်အခက်အခဲ ဖြစ်နေ ကြောင်း သိရှိရသည်။

“ရဲဘော် က နင်းမိုင်းထိသွားတာပါ၊ လိုအပ်တဲ့ ဆေးကုသစရိတ်အတွက် တတ်နိုင် သလောက်ဝိုင်းဝန်းကူညီပေးကြဘို့ မေတ္တာရပ်ခံချင်ပါတယ်” Fighter Police CDM (Tamu) ခေါင်းဆောင် ဒီမိုထူး မှ မဇ္စျိမ ကိုပြောသည်။

စက်တင်ဘာလ ၁၉ရက်နေ့ ည ၆နာရီကျော်ခန့်က တမူးမြို့အဝင် လေးမိုင်ဂိတ်အား ကာကွယ်ရေးပူးပေါင်းမဟာမိတ်များ ဝိုင်းတိုက်ခိုက်ခဲ့စဉ် ပကဖမှ ကိုလင်းယုန်နှင့် BSO မှ မောင်အာကာထက်တို့ ကျဆုံးပြီး စခန်းအားသိမ်းပိုက်စဉ် ရဲဘော် နဂါးကြီး နင်းမိုင်းထိပြီး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။

Fighter Police CDM (Tamu) တပ်ဖွဲ့နှင့် အတူ ကျောင်းသားများဒီမိုကရက်တစ် တပ်ဦး(ABSDF)တပ်ရင်း (၅) ၊ ကျောင်းသားတပ်ဖွဲ့ (BSO) နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ပကဖ) တို့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ ၆၀မမ များ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၎င်းတို့ ကင်းစခန်း ဘန်ကာအတွင်းသို့ ဝင်ရောက်နိုင်ခဲ့ကာ စခန်းရှိ စစ်ကောင်စီတပ်များကို ခံပစ်ရင်း စခန်းမှ ဆုတ်ခွာခဲ့၍ RPG အစရှိသော လက်နက်များဖြင့် ပစ်ခတ်ခဲ့ကြောင်းဆိုသည်။

ယင်းသို့ တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကူမသွားနိုင်ရေးအတွက် ထန်းတပင်ကျေးရွာ နှင့် မန်မော်ကျေးရွာအကြားသို့ တက်လာသည့် စစ်ကောင်စီစစ်ကြောင်းအား Freedom Rangers Tamu မှ ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အထိအခိုက်အကျအဆုံးများ ရှိသော်လည်း အရေ အတွက် အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

အဆိုပါ လေးမိုင်စခန်းတွင် ပုံမှန်စစ်ကောင်စီတပ်သား ၂၀ ဝန်းကျင်ခန့် တပ်စွဲနေရာယူ ထားပြီး မြို့အဝင်အထွက်ပြည်သူများကို စစ်ဆေးပြီး ငွေတောင်းခံခြင်း ၊ ရိုက်နှက်ခြင်း စသဖြင့် ပြည်သူများအပေါ် မတရားပြုကျင့်နေသော စခန်းဂိတ်တစ်ခုဖြစ်ကြောင်း ကိုဒီမိုထူးက ဆက်လက်ပြောဆိုသည်။

၎င်းတို့ဝင်ရောက်တိုက်ခိုက်ချိန်တွင် ကလေးမြို့မှ တက်လာသော တင့်ကားတစ်စီးနှင့် ဂျန်မာကားတစ်စီးအပါအဝင် စစ်ကောင်စီစစ်ကြောင်းအား ကြိုဆိုရန် အင်အားပိုမိုချထားပြီး အင်အား ၄၀ကျော်ခန့်ရှိနေကြောင်းသိရသည်။

အဆိုပါ ကလေးမြို့မှတက်လာသော စစ်ကောင်စီ စစ်ကြောင်းသည် စက်တင်ဘာ ၁၉ရက် နံနက်ပိုင်းကလည်း တမူးမြို့နယ် ကလေး – တမူးလမ်းပေါ်ရှိ ရန်လင်းဖိုင် ၊ ခွန်မွန်းနွန်နှင့် နန်မွန်တား ရွာမှ လူနေအိမ် ၁၀လုံးအား မီးရှို့ဖျက်ဆီးခဲ့ပြီး ပန်းသာ ရွာ တွင် ညအိပ်ရပ်နားကြောင်းသိရှိရသည်။ mizzima

စက်တင်ဘာ ၂၁ တရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ခန့် သေဆုံး

စက်တင်ဘာ ၂၁ ရက် မနေ့ကတရက်တည်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီ အကြမ်းဖက်တပ်ဖွဲ့ဝင် အယောက် ၆၀ နီးပါးသေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

အခုထုတ်ပြန်ထားတဲ့ အချက်အလက်ဟာ မြေပြင်အခြေအနေမှာ ပိုများနိုင်ပြီး တရက်တည်း ထိခိုက်ဒဏ်ရာရရှိတဲ့သူ အရေအတွက်ကတော့ ၂၄ ယောက်ထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက် နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

NUG အစိုးရကတော့ ပြည်သူ့ခုခံတွန်းလှန်စစ်ပွဲ စတင်ခဲ့တဲ့ ၁ နှစ်အတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်ပေါင်း ၂၀,၁၅၀ ကျော်သေဆုံးကာ ဒဏ်ရာရသူ ၇,၀၀၀ ကျော်လောက်ရှိလာပြီး စစ်ကောင်စီ စိုးမိုးအုပ်ချုပ်နိုင်တဲ့နေရာဟာ တိုင်းပြည် နယ်မြေအကျယ်အဝန်းရဲ့ ထက်ဝက်တောင် မရှိတော့ဘူးလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်နေ့ ပြည်သူ့ခုခံတော်လှန်စစ် ကြေညာခြင်း တနှစ်ပြည့် အထိမ်းအမှတ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက  နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားရာမှာ ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပြီး ၁ နှစ်တာကာလအတွင်း ခန့်မှန်းခြေစာရင်းအရ PDF တွေနဲ့ မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် သူရဲကောင်းရဲဘော်တွေ စုစုပေါင်း ၁,၅၀၀ ကျော် ကျဆုံးခဲ့တယ်လို့လည်း သူက ပြောပါတယ်။

လူထုသပိတ်တိုက်ပွဲတွေအနေနဲ့ မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာ ၅ ကြိမ်နဲ့ အများဆုံးဖြစ်ပွားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးမှာ ၂ ကြိမ်၊ မကွေးတိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီး တို့မှာ ၁ ကြိမ်စီ ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက်စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

ဒါ့အပြင် စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်တာခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည်အထက်ပိုင်း လမ်းပိုင်းတွေရဲ့ ၉၀ ရာ ခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ NUG အစိုးရက ပြီးခဲ့တဲ့ ဇွန် ၂၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ DVB

တန့်ဆည်၊ ခင်ဦး၊ ပခုက္ကူ၊ ရေဦးတို့တွင် စစ် တပ်က ကျေးရွာ ၈ ရွာကို မီးတင်ရှို့ဖျက်ဆီးနေပြီး ပြည်သူများ ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း တန့်ဆည်၊ ခင်ဦး၊ ပခုက္ကူနှင့် ရေဦးမြို့နယ်တို့ ရှိ ကျေးရွာ ၈ ရွာကို စစ်တပ်က ယနေ့ နံနက်ပိုင်းမီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံ ပြည်သူများ ရွာလုံး ကျွတ် ထွက်ပြေးနေရကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် တန့်ဆည်မြို့နယ် အတွင်းရှိ ဂွေးကုန်း၊ အင်းပတ်၊ အိုးသည်ကုန်း၊ ပေကုန်း၊ နဘက်ငယ် ကျေးရွာတို့ကို စက်တင်ဘာလ ၂၀ ရက်နေ့မှ စတင်ကာ ယနေ့ ၂၂ ရက်နေ့ထိ ဝင်ရောက် စီးနင်းမီးရှို့နေကြောင်း သိရသည်။

စက်တင်ဘာလ ၂၀ ရက်နေ့တွင် ဂွေးကုန်း၊ အင်းပတ်နှင့် အိုးသည်ကုန်း ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ စက်တင်ဘာလ ၂၁ ရက်နေ့တွင် နံနက်ပိုင်းတွင် ဂွေးကုန်း ထပ်မံ မီးရှို့ပြီးနောက် နဘက်ငယ်ရွာကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ စက်တင်ဘာလ ၂၂ ရက်နေ့တွင် ပေကုန်းရွာကို စီးနင်း မီးရှို့လျက်ရှိကြောင်း သိရသည်။

” တန့်ဆည်မှာ စစ်ကြောင်း ၂ ကြောင်းက ရွာတွေကို ပတ်ပြီး ရှို့နေတာ ၃ ရက် ဆက်တိုက်လောက်ရှိပြီ ပျက်စီး ဆုံးရှုံးမှုတွေတော့ အတည်မပြုနိုင်သေးဘူး။ စစ်ခွေး စစ်ကြောင်းတွေက တော်တော် ခြေရှုပ်နေတာ ဒေသခံ တွေလည်း ရွာတွေထဲ ပြန်မဝင်နိုင်သေးဘူး။ ပြေးနေရတယ်။ ဖုန်းလိုင်းတွေပါ ဖြတ်ခံထားရတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

ယနေ့ နံနက် ခင်ဦးမြို့နယ်တွင် သာဂရကျေးရွာ၊ ပခုက္ကူမြို့နယ်တွင် ဂဝံလေးတိုင်ကျေးရွာ၊ ရေဦးမြို့နယ်တွင် ရေဦးကုန်းကျေးရွာတို့ကို စစ်တပ်က မီးရှို့လျက်ရှိကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ khit thit

တင်းမာမှုများကြား ရိုဟင်ဂျာများ စီးဝင်မလာရေးအတွက် ဘင်္ဂလားဒေ့ရှ်က မြန်မာနယ်စပ်ကို ပိတ်ထား 

အိမ်နီးချင်း မြန်မာနိုင်ငံ၌ ဖြစ်ပွားဆဲ မတည်ငြိမ်မှုများကြားတွင် လူနည်းစု မွတ်စလင်အသိုင်းအဝိုင်းဖြစ်သည့် ရိုဟင်ဂျာများ စီးဝင်လာနိုင်ခြေကို တားဆီရန် မြန်မာနှင့် နယ်စပ်ကို လုံးလုံး ပိတ်ထားပြီးဖြစ်သည်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အေကေ အဒူလ် မိုမန်က ပြောသည်။ 

၇၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ရောက်ရန် အမေရိကန်သို့ ခရီးစဉ်သွားရောက်သည့် ဝန်ကြီးချုပ် ရှိတ် ဟာစီနာအား ရှင်းလင်းတင်ပြရန် အင်္ဂါနေ့ ညပိုင်းက နယူးယောက်ရှိ သတင်းစာရှင်းလင်းပွဲတွင် မိုမန်က ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်ပြီး အသံဖိုင်ကို ဒါကာရှိ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခြင်း ဖြစ်သည်။ 

“ကျွန်တော်တို့ နေရာပြန်လည်ချထားရေးတွေ မစတင်ရသေးဘူး၊ ကျွန်တော်တို့ နိုင်ငံထဲ ဒုက္ခသည်အဖြစ် ခိုလှုံတဲ့ ရိုဟင်ဂျာ ဒုက္ခသည် အများအပြားကို ကိုင်တွယ်ဖြေရှင်းနေရတယ်၊ နောက်ထပ် ရိုဟင်ဂျာ တစ်ဦးတစ်ယောက်ကိုမျှ ကျွန်တော်တို့ လက်ခံတော့မှာ မဟုတ်ဘူး”ဟု မိုမန်က ပြောပြီး ဘင်္ဂလားဒေ့ရှ်စစ်တပ်နှင့် နယ်ခြားစောင့်တပ် BGB တို့က နယ်စပ်တစ်လျှောက်တွင် တပ်လှန့်အသင့် ရှိနေသည်ဟု ဖြည့်စွက်ဆိုသည်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် လက်ရှိ၌ ဖိနှိပ်ခံ ရိုဟင်ဂျာ ၁ ဒသမ ၂ သန်းကို လက်ခံထားရပြီး အများစုမှာ ၂၀၁၇ ဩဂုတ်လက ရခိုင်ပြည်နယ်တွင် လူမျိုးတုံး သတ်ဖြတ်မှုမှ ထွက်ပြေးလာကြသူများ ဖြစ်သည်။ 

ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်း ဘန်ဒါဘန်ခရိုင်နှင့် ကပ်လျက် မြန်မာနိုင်ငံက တောင်ထူထပ်သော တောများတွင် စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်များကြား လက်နက်ကိုင်တိုက်ပွဲများ ဖြစ်ပွားနေကြောင်း ၎င်းက ဆိုသည်။ 

“ဒါဟာ မြန်မာရဲ့ ပြည်တွင်းရေးပါ၊ ဘင်္ဂလားဒေ့ရှ် ပိုင်နက်ထဲနဲ့ no man’s land ဇုန်ထဲ မော်တာကျည်တွေ ကျရောက်ပေါက်ကွဲဟာ မတော်တ ဆ ဖြစ်တာပါလို့ သူတို့ဘက်က ကျွန်တော်တို့ကို အာမခံပြောလာပါတယ်”ဟု နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။ 

ပြီးခဲ့သည့် သီတင်းပတ်က ၂၀၁၇ ဩဂုတ်မှစပြီး နိုင်ငံမဲ့ ရိုဟင်ဂျာ ၄,၅၀၀ နီးပါး ရှိနေရာ no man’s land ထဲ မြန်မာစစ်တပ် ပစ်ခတ်သည့် မော် တာကျည် ကျရောက်ပေါက်ကွဲ၍ ရိုဟင်ဂျာ လူငယ်တစ်ဦး သေဆုံးကာ အခြားသူ ငါးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ 

မြန်မာစစ်တပ်၏ အကြိမ်ကြိမ် နယ်စပ်ဖြတ်ကျော်လာသည့် လက်နက်ကြီး ပစ်ခတ်မှုအကြောင်း မေးမြန်းသည်ကို အိမ်နီးချင်း နိုင်ငံ၏ မည်သို့သော စစ်ပွဲအတွင်းမဆို ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် ပါဝင်ရန် အစီအစဉ် မရှိကြောင်းနှင့် ဖြစ်ပွားနေသော ပဋိပက္ခကို သံတမန် လမ်းကြောင်းများမှပဲ ဖြေရှင်းသွားမည်ဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။  mizzima

မရမ်းကုန်းမြို့နယ်၌ လူငယ် ၂ ဦး သေနတ်ဖြင့်ပစ်ခံရပြီး ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရ

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင် (၃) ရပ်ကွက်မှာ စက်တင်ဘာ ၂၂ ရက်  ဒီကနေ့ မနက်ပိုင်းက လူငယ်အမျိုးသားနှစ်ယောက်  သေ နတ်နဲ့ပစ်ခတ်ခံရပြီး တယောက် သေဆုံးကာ တယောက် ဒဏ်ရာရရှိခဲ့တယ်လို့  မြို့ခံတွေဆီက သိရပါတယ်။

ဘုရင့်နောင် (၃) ရပ်ကွက် အောင်သိဒ္ဓိလမ်းနဲ့ ပါမောက္ခလမ်းသွယ်ထိပ်မှာ စကားပြောနေတဲ့ အမျိုးသားနှစ်ယောက်ကို အမည်မသိအမျိုးသားတယောက်က သေနတ်နဲ့ပစ်ခတ်ခဲ့တာလို့ ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။

“ကောင်လေးနှစ်ယောက်စကားပြောနေတာ လမ်းလျှောက်လာတဲ့ လူတစ်ယောက်က အနီးကပ် သေနတ်နဲ့ပစ်သွားတာ တစ်ဦး သေတယ်၊ တစ်ဦး ဒဏ်ရာရတယ်။”

သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးသူဟာ အသက် ၂၂ နှစ်အရွယ်ရှိ မောင်ဇွဲသူအောင်ဖြစ်ပြီး ဒဏ်ရာရရှိသူကတော့ မောင်လှမြင့်သိန်း ဖြစ်တယ်လို့ ရပ်မိရပ်ဖတစ်ဦးက ပြောပါတယ်။

“သေနတ်နဲ့အပစ်ခံရတာတော့ သိတယ်။ ဘာကြောင့်ပစ်လဲတော့ မသိဘူး။ သေတဲ့ကောင်လေး နောက်စေ့ကိုထိတယ်။ ဒဏ်ရာရတဲ့ကောင်လေး က ပေါင်ကိုမှန်တာ”လို့ ပြောပါတယ်။

လက်တလောမှာ ဘုရင့်နောင် ၃ ရပ်ကွက်နဲ့ သမိုင်းလမ်းဆုံမီးပွိုင့်မှာ စစ်ကောင်စီတပ်တွေနဲ့ရဲတွေ ရှာဖွေစစ်ဆေးနေပါတယ်။

ရန်ကုန်တိုင်းရှိ မြို့နယ်တချို့မှာ   စက်တင်ဘာ ၁ ရက်မှ ၂၂  ရက်အထိ ဗုံးပေါက်ကွဲမှုနဲ့ ပစ်ခတ်မှု အကြိမ် ၃၀ ဖြစ်ခဲ့ပြီး  ၇ ယောက် သေဆုံးကာ  ၁၀ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ DVB

တန်ခိုးကြီးဘုရား၊ စေတီ၊ ပုထိုး အလှူငွေများ စစ်ကောင်စီလက်အောက်ခံ မြန်မာ့စီးပွားရေးဘဏ်တွင် ဌာနဆိုင်ရာ အရာရှိတစ်ဦးနှင့်တွဲ ဖက်၍ Joint Account ဖွင့်လှစ် အပ်နှံရမည်

မြန်မာနိုင်ငံတစ်ဝန်းရှိ တန်ခိုးကြီးဘုရား၊ ပုထိုး၊ စေတီများတွင် ရရှိထားသော အလှူငွေများကို စနစ်တကျဖြစ်စေရေးအတွက်ဟုဆိုကာ စစ်ကောင် စီလက် အောက်ခံ မြန်မာ့စီးပွားရေးဘဏ်များတွင် ဌာနဆိုင်ရာ အရာရှိတစ်ဦးနှင့်တွဲဖက်၍ Joint Account စာရင်းဖွင့်လှစ်အပ်နှံထားရန် စစ်ကောင်စီကညွှန်ကြားထားကြောင်း သိရှိရသည်။

တန်ခိုးကြီးဘုရား၊ စေတီ၊ ပုထိုးများ၏ အလှူခံရရှိငွေများ စနစ်တကျဖြစ်စေရေးအတွက်နှင့် အလွဲသုံးစားမှု မဖြစ်စေရေးအတွက်ဟု အ ကြောင်းပြပြီး ရရှိသော အလှူငွေများအားလုံးကို မြန်မာ့စီးပွား ရေးဘဏ်တွင် ဂေါပကအဖွဲ့ဝင် တစ်ဦးနှင့် သာသနာရေးဦးစီးဌာန(သို့) လူဝင် မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန(သို့မဟုတ်) အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာရှိတစ်ဦး Joint Account ဖွင့်လှစ်သွားရန် ညွှန်ကြားလာခြင်းဖြစ်သည်။

ယခင်က တန်ခိုးကြီး ဘုရား၊ ပုထိုး၊ စေတီ ဂေါပကအဖွဲ့များက ၎င်းတို့ သတ် မှတ် ရေးဆွဲထားသော ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းများအ တိုင်း ရရှိငွေအလှူ ငွေများကို ကြိုက်နှစ်သက်သည့်ဘဏ်များတွင် အဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ဘဏ်စာရင်း အပ်နှံဖွင့်လှစ်ကြသော်လည်း ယခုတွင်မူ စစ်ကောင်စီအရာရှိများနှင့်တွဲဖက်၍ မြန်မာ့စီးပွားရေးဘဏ်တွင်သာ အလှူငွေများအပ်နှံရန် ညွှန်ကြားလာခြင်းလည်းဖြစ်သည်။

မြန်မာနိုင်ငံရှိ ရွှေတိဂုံ၊ ဗိုလ်တထောင်၊ ဆူးလေ၊ မဟာမြတ်မုနိကဲ့သို့ တန်ခိုးကြီးဘုရားများ၊ စေတီ၊ ပုထိုးများတွင် နှစ် စဉ် ငွေကျပ် ဘီလီယံချီ၍ အလှူငွေများ လက်ခံရရှိလျက်ရှိပြီး ရွှေတိဂုံစေတီတွင် ၂၀၁၈ ခုနှစ်စာရင်းဇယားများအရ အလှူငွေကျပ် ၆၇ ဘီလီယံနှင့် အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၂ သန်းကျော် ပိုင် ဆိုင်ရရှိထားကြောင်း သိရှိရသည်။ khit thit

ကန်ပက်လက်မြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားသေဆုံးမှုရှိဟုဆို

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်

အတွင်းတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားငါးဦး ထက်မနည်း သေဆုံးကာ ကျည်ဆန်များသိမ်းဆည်းရမိကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) က စက်တင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်သည်။

စက်တင်ဘာ ၂၀ ရက်နေ့ ညနေ ၃ နာရီမှ စတင်ပြီး ချင်းပြည်နယ်နှင့် မကွေးတိုင်းအစပ်သို့ စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးလာသဖြင့် တစ်နာရီအကြာ နှစ်ဖက်အပြန်အလှန် ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲပြီးသည့်နောက် ကာကွယ်ရေးတပ်မှ စစ်ကောင်စီတပ်သား အလောင်းသုံးလောင်းကို င်္သဂြိုဟ်ပေးခဲ့ရပြီး နယ်မြေရှင်လင်းမှုပြုလုပ်စဉ် MA ကျည်ဆန် ၂၀၁ တောင့်၊ ၄၀ မမ သုံးလုံးနှင့် ကျည်ကာတစ်ခုတို့ကို သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

သို့သော် တိုက်ပွဲဖြစ်သည့်အနေရာအတိအကျနှင့် ကျန်ရှိသော ထိခိုက်၊ သေဆုံးခဲ့ရသည့် စစ်ကောင်စီတပ်သားများ၏ အခြအနေအနေကိုမူ ထုတ်ပြန်ချက်တွင်ထည့်သွင်း ရေးသားထားခြင်းမရှိပေ။

အလားတူကာကွယ်ရေးတပ်များအနေဖြင့် စစ်တင်ဘာ ၁၁ ရက်နေ့မှစတင်ပြီး CDF – Kanpetlet , Kkei Sing တပ်ရင်းနှင့် မဟူရာတပ်ရင်းတို့ပူးပေါင်းကာ နယ်မြေရှင်လင်းရေးကိစ္စများကို ဆောင်ရွက်ခဲ့ကြောင်း ဖော်ပြထားသည်။

ယင်းသို့ နယ်မြေရှင်လင်းရာတွင် စစ်ကောင်စီတပ်ဖွဲ့မှ သတင်းရရှိပြီး စစ်ကြောင်း ထိုးလာသဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ချင်းကာကွယ် ရေးတပ်ဖွဲ့မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့သည်။

နောက်ဆုံးစုံစမ်းသိရှိရသောသတင်းများအရ စစ်ကောင်စီတပ်မှ စစ်ကြောင်း ဆက်လက်ထိုးလာနေပြီး အနီးဝန်းကျင်ရှိ ပြည်သူများသည်လည်း စစ်ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း သိရသည်။ mizzima

« Older Entries