ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်ရွေးပွဲ ရှေ့လ ဆန်းစမည်

စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) တတိယအကြိမ် ညီလာခံကို အောက်တိုဘာလဆန်းတွင် ပြုလုပ်ရန်ရှိပြီး ဥက္ကဋ္ဌ၊ ဒုက္ကဋ္ဌနှင့် ထိပ်ပိုင်းခေါင်းဆောင်နေရာများ ပြန်လည်ရွေးချယ်မည်ဖြစ်သည်။

ညီလာခံကို နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ပါတီဌာနချုပ်တွင် အောက်တိုဘာ ၄ ရက်မှစ၍ သုံးရက်ကြာ ပြုလုပ်ရန် စီစဉ်ထားကြောင်း၊ လက်ရှိ ဥက္ကဋ္ဌ ဦးသန်းဌေး အပါအဝင် ပါတီဗဟိုအလုပ်အမှုဆောင်(CEC) ၆ ဦးထက်မနည်း အနားယူရန်ရှိကြောင်း USDP သတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။

“ဦးသန်းဌေးကတော့ နားဖို့ သေချာသလောက်ပါပဲ၊ သူက ခါးခွဲထားရတာ။ ကျန်းမာရေးလည်း မကောင်းလို့ ဘာညာပေါ့။ အမှန်က မဟုတ်ဘူး” ဟု USDP သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

လက်ရှိ ဥက္ကဋ္ဌ ဦးသန်းဌေးမှာ နီးစပ်သူများကို ပါတီပိုင်ငွေများ ချေးငှားထားသည်၊ ပါတီစည်းမျဉ်းများကို တစ်ဦးတည်းသဘောဖြင့် ပြင်ဆင်ထားသည်ဟု မင်းကင်းမောင်မြင့်ဟု နာမည်ကျော်သည့် USDP ဗဟိုကော်မတီဝင်က လူသိရှင်ကြား ဝေဖန်ထားသည်။

တိုင်းနှင့်ပြည်နယ် အသီးသီးမှ ကိုယ်စားလှယ် ၁,၀၀၀ ကျော် တက်ရောက်ရန်ရှိသည့် ညီလာခံတွင် အာဏာရှင်ဟောင်း ဦးသန်းရွှေနှင့် လက်ရှိ အာဏာသိမ်းစစ်ကောင်စီတို့ထံ ထိပ်တန်းတာဝန်များ ယူဖူးသူ ဦးခင်ရီကို ဥက္ကဋ္ဌအဖြစ် တင်မြှောက်မည်ဆိုသော သတင်းများလည်း ထွက်ပေါ်နေသည်။

“ဦးခင်ရီကတော့ ယာယီဥက္ကဋ္ဌအနေနဲ့ လက်ရှိ တာဝန်ယူနေတယ်လို့ သိရတယ်။ အပြောင်းအလဲတွေကတော့ ညီလာခံကျမှ အတည်ဖြစ်မှာ” ဟု ဘူးလက်လှဆွေဟု လူသိများသည့် USDP ဗဟိုကော်မတီဝင် ဦးလှဆွေက ပြောသည်။

ဦးခင်ရီမှာ စစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးတာဝန်မှ ဩဂုတ် တတိယပတ်တွင် အနားယူကာ USDP ပါတီတာဝန်များ ပြန်လည်ထမ်းဆောင်နေသူဖြစ်သည်။

စစ်တပ်ကျောထောက်နောက်ခံဖြစ်သည့် USDP ပါတီ ဥက္ကဋ္ဌရာထူး၊ တာဝန်နှင့် ပတ်သက်၍ ထိုစဉ်က သမ္မတ ဦးသိန်းစိန်နှင့် ပြည်သူ့လွှတ် တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ကြား အငြင်းပွားမှုဖြစ်ခဲ့ဖူးသည်။ ၂၀၁၅ ဩဂုတ်တွင် သူရဦးရွှေမန်း ဖြုတ်ချခံခဲ့ရပြီး သန်းခေါင်ယံအာဏာသိမ်းပွဲဟု လူသိများသည်။

ထိုသို့ ဟိုးလေးတကျော် အရှက်ကွဲမှုမျိုး ထပ်မံမပေါ်ပေါက်စေရန် ညီလာခံပြုလုပ်၍ ခေါင်းဆောင်မှု အပြောင်းအလဲလုပ်ရန် အသက် ၆၈ နှစ်အရွယ် ဦးသန်းဌေးက တောင်းဆိုထားပြီး လက်ရှိ ယာယီ ဥက္ကဋ္ဌ ဦးခင်ရီနှင့် အဖွဲ့ကလည်း လက်ခံထား သည်ဟု USDP သတင်းရင်းမြစ်များက ဆိုသည်။

ဦးသန်းဌေး အပြောင်းအလဲလုပ်ခဲ့သည့် ပါတီစည်းမျဉ်းများကို ထိပ်ပိုင်းခေါင်းဆောင်များပါသည့် ကော်မတီတစ်ရပ်ဖွဲ့၍ ပြန်လည်သုံးသပ်ထားပြီး ညီလာခံတွင် တစ်ပါတည်း အတည်ပြုမည်ဟု အမည်ထုတ်မပြောလိုသည့် USDP ထိပ်တန်းခေါင်းဆောင်တစ်ဦးထံမှ သိရသည်။

ညီလာခံမတိုင်မီတွင် ပါတီထိပ်ပိုင်းခေါင်းဆောင်များကို ထပ်မံတာဝန်ထမ်းဆောင်လိုခြင်းရှိမရှိ သဘောထားတောင်းခံပြီးဖြစ်ပြီး ဆန္ဒမရှိတော့ကြောင်း၊ အဆိုပြုသူများရှိကြောင်း၊ အသေးစိတ်ကို ထုတ်မပြောနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

USDP ဗဟိုအလုပ်အမှုဆောင် ကာကွယ်ရေးဝန်ကြီးဟောင်း အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်၊ တပ်မတော် (ကြည်း၊ရေ၊လေ) ညှိနှိုင်းကွပ်ကဲရေးမှူးဟောင်း ဗိုလ်ချုပ်ကြီး(ငြိမ်း) လှဌေးဝင်းတို့ နုတ်ထွက်ပြီးဖြစ်ကြောင်း၊ USDP အထွေထွေအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းလည်း နုတ်ထွက်ရန် ပြင်ဆင်နေကြောင်း စုံစမ်းသိရှိရသည်။ သီးခြားအတည်မပြုနိုင်သေးပေ။

ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌသစ်အဖြစ် သတင်းကြီးနေသည့် ရဲချုပ်ဟောင်း ဦးခင်ရီမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် တပ်ထောက်ခံပွဲများ စီစဉ်သည်ဟု သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိမ်း ရေးသားသည့် ဒီမိုကရေစီ ဒုတိယအစိုးရသစ်နှင့် မြန်မာနိုင်ငံ (ဒုတိယတွဲ) စာအုပ်တွင် ဖော်ပြထားသည်။

သမ္မတအိပ်မက်ကို ထုတ်ပြောထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်း၏ အစိုးရအဖွဲ့မှ နုတ်ထွက်စေ၍ USDP သို့ ပြန်ပို့ထားသည့် ဦးခင်ရီ စီစဉ်သည့် တပ်ထောက်ခံပွဲပေါင်း ၂၂ ပွဲရှိသည်ဟု ဦးစိုးသိမ်းက ရေးထားသည်။ 

ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်ဇာတိ အသက် ၇၀ အရွယ် ဦးခင်ရီမှာ ၂၀၁၅ ရွေးကောက်ပွဲတွင် ဇာတိမြေ၌ ပြည်သူ့လွှတ်တော်အမတ်အဖြစ် ဝင်ပြိုင်သော်လည်း NLD အမတ်လောင်းကို ခွက်ခွက်လန်အောင် ရှုံးနိမ့်သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း ဆိပ်ကြီးခနောင်တို၌ ပြည်သူ့လွှတ်တော်နေရာအတွက် ထပ်ပြိုင်သော်လည်း NLD ကိုယ်စားလှယ်ကို ယှဉ်နိုင်စွမ်းမရှိခဲ့ပေ။

NLD ထပ်မံအနိုင်ရသည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို စစ်တပ်က ငြင်းပယ်၍ အာဏာသိမ်းပြီးနောက်တွင် ဦးခင်ရီက စစ်ကောင်စီဝန်ကြီး၊ ထိုမှတစ်ဖန် USDP သို့ ပြန်၍ ပါတီယာယီခေါင်းဆောင်အဖြစ် တာဝန်ယူနေခြင်း ဖြစ်သည်။

USDP သည် NLD ဝင်မပြိုင်သည့် ၂၀၁၀ ရွေးကောက်ပွဲတွင်သာ အနိုင်ရဖူးသည့် ပါတီဖြစ်သည်။

USDP ညီလာခံ ပြုလုပ်ရန်ရှိသည့် နေပြည်တော်ကို စစ်ကောင်စီက လုံခြုံရေးအထူးတင်းကျပ်ထားသည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s