ငါးပုံးများတင်ဆောင်မောင်းနှင်လာသည့် မော် တော်ယာဉ်ကို တားဆီးကာ လိုက်ပါစီးနင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲ တိုက်ခိုက်ခံရ၊ ၃ ဦးသေ

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်တွင် ငါးပုံးများတင်ဆောင်မောင်းနှင်လာသည့် မော်တော်ယာဉ်ကို တားဆီးကာ လိုက်ပါစီးနင်းလာသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး သုံးဦး သေဆုံးခဲ့ကြောင်း အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့(PAFD) တပ်ဖွဲ့ထံမှ သိရသည်။

ယမန်နေ့ စက်တင်ဘာလ ၂၀ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် မြင်းမူမြို့နယ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်ဦးသည် မုံရွာမြို့နယ်သို့ သွားရောက်ရန်အတွက် မြင်းမူမြို့ အနောက်ဘက်အထွက် မြို့ရှောင်လမ်းဆုံသို့ ကားဖြင့် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ဖြတ်သန်းမောင်းနှင်လာသည့် ငါးပုံးများသယ်ဆောင်လာသည့် Light Truck အမျိုးအစား မော်တော်ယာဉ်ကို တားဆီးကာ ငါးပုံးများပေါ်တွင်နေရာယူပြီး မုံရွာမြို့နယ်ဘက်သို့ စီးနင်းလိုက်ပါလာခဲ့ခြင်းဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

“ မြင်းမူမြို့နယ်အတွင်းက ခွေး(စစ်ကောင်စီတပ်ဖွဲ့ဝင်) ၁၀ ကောင်က မြင်းမူမြို့ရှောင်လမ်းမှာ မုံရွာဘက်သွားမယ့် ငါးတွေကို သေတ္တာနဲ့ သယ်ဆောင်လာတဲ့ ကားကို တားဆီးပြီး လ်ိုက်ပါလာတာ။ အဲ့ကား မောင်းနှင်ပြီး ငါးမိနစ်လောက်အကြာမှာ ဝမ်းပြည့်ကျေးရွာနှင့် အလ္လကပ္ပကျေးရွာကြားမှာ မိုင်းဆွဲလိုက်တာပါ” ဟု PAFD တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မဇ္စျ်ိမကို ပြောသည်။

ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်မှုတွင် ကားပေါ်တွင် လိုက်ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး နေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။

ထို့အပြင် ထိခိုက်ဒဏ်ရာရရှိသည့် စစ်ကောင်စီတပ်သားအချို့လည်းရှိခဲ့ကာ ၎င်းတို့ လိုက်ပါစီးနင်းလာသည့် မော်တော်ယာဉ်တွင်လည်း ပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။

“သုံးကောင်ကတော့ နေရာမှာပဲ ပွဲချင်းပြီး သေတယ်။ အဲ့ဒါကတော့ အတိအကျ သိရတာ။ ဒဏ်ရာရသူတွေလည်း ရှိတယ်။ ငါးကားပေါ်မှာက ယာဉ်မောင်းပဲပါတယ်။ သူကတော့ ထိခိုက်မှုမရှိဘူးလို့ သိရတယ်။ ကားကတော့ ပျက်စီးမှုရှိခဲ့တယ်။ တအားကြီးတော့ မပျက်စီးပါဘူး” ဟု PAFD တာဝန်ရှိသူက ဆက်ပြောသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို People’s Army to Fight Dictatorship အာဏာရှင်စနစ်တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ (PAFD)တပ်ခွဲDK PDF-MMU၊ People’s Knight Defence Force(PKDF-MMU) ၊ TAUNGTHA People Defense Force (TTAPDF)နှင့် D.B.B.F-MMU စသည့် မဟာမိတ်အဖွဲ့များက ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ လမ်းမကြီးများပေါ်တွင် စစ်ကောင်စီတပ်က ဖြတ်သန်းသွားလာမှု ပြုလုပ်ရာတွင် ကွန်တိန်နာယာဉ်များ၊ အိမ်စီးကားများ အသုံးပြုကာ ဖြတ်သန်းသွားလာခြင်းများ ပြုလုပ်နေပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များက ၎င်းတို့ စိုးမိုးလှုပ်ရှားနေသည့် နယ်မြေအလိုက် မိုင်းဆွဲတိုက်ခိုက်မှုများကို ဆက်တိုက်လုပ်ဆောင်နေသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s