Monthly Archives: Sep 2022

နေပြည်တော်တွင် ရွေးကောက်ပွဲအတွက် စစ်ကောင်စီ ပြင်ဆင်နေ

အာဏာသိမ်း စစ်ကောင်စီဟာ ရွေးကောက်ပွဲအသစ်ကျင်းပဖို့အတွက်  မဲစာရင်းစိစစ်တာနဲ့ မဲရုံအရေအတွက် လျာထားသတ်မှတ်တာနဲ့ပတ် သက်တဲ့  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မှာ စက်တင်ဘာ ၂၁ ရက်က ကျင်းပပါတယ်။

စစ်ကောင်စီ လက်အောက်ခံ ရွေး‌ကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကျင်းပနိုင်ရေးလုပ်ငန်းစဉ်တွေကို ဆက်တိုက်ပြုလုပ်နေတာဖြစ်ပြီး ပြည်သူတွေကတော့ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု မရှိသလောက်ဖြစ်နေတယ်လို့ ဆိုပါတယ်။

ပုဗ္ဗသီရိမြို့နယ်မှာနေထိုင်သူတဦးက “ဒီလောက်ဗျာ စားဝတ်နေရေးတွေ ကျပ်တည်းနေချိန်ကြီး ဘယ်သူက စိတ်ဝင်စားနိုင်မှာတုန်း။ ပြီးတော့သူတို့လုပ်မယ့်ရွေးကောက်ပွဲ သမာသမတ်ကျမယ် မျှတမယ်လို့လည်း ဘယ်သူက ယုံကြည်မှာလဲ။ အဲ့ဒီတော့ ဘယ်သူမှ စိတ်မဝင်စားဘူး။ ခင်ဗျားမယုံရင် အရပ်ထဲပတ်မေးကြည့်” လို့ ပြောပါတယ်။

စစ်ကောင်စီကလာမယ့် ၂၀၂၃ ခုနှစ်အတွင်းမှာ ရွေးကောက်ပွဲသစ်ကျင်းပမယ်လို့ ဆိုထားပြီး ရွေးကောက်ပွဲစနစ်ကို နိုင်သူအကုန်ယူ FTTP စနစ်ရော  အချိုးကျကိုယ်စားလှယ် PR စနစ်ကိုပါ ပူးတွဲအသုံးပြုမယ်လို့ ပြောထားပါတယ်။

အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင်ကတော့ ရွေးကောက်ပွဲပြုလုပ်နိုင်ဖို့ မသေချာသေးဘူးလို့ ပြီးခဲ့တဲ့ ရုရှားခရီးစဉ်အတွင်းပြောကြားထားပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်းမှားတယ်လို့ အကြောင်းပြချက်နဲ့ စစ်ကောင်စီက အာဏာ သိမ်းယူခဲ့တာဖြစ်ပြီး အခု စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲစာရင်းတွေ မှန်ကန်မှု ဘယ်လောက်ရှိမယ်ဆိုတာကိုတော့ စစ်ကောင်စီက အာမခံပြောကြားနိုင်ခြင်းမရှိပါဘူး။ DVB

မန္တလေး စည်ပင်အရာရှိရိပ်သာဝင်းအတွင်း ဗုံးပေါက် ကွဲပြီး စစ်တပ်က ရမ်းသမ်းပစ်ခတ်၊ စစ်တပ်ဘက်မှ ၂ ဦးထိခိုက်ဒဏ်ရာရ

မန္တလေး၊ ၃၆ ၆၉ လမ်းရှိ စည်ပင်အရာရှိရိပ်သာဝင်းအတွင်း ယနေ့ ညနေ ၄ နာရီ ၄၅ မိနစ်အချိန် ဗုံးပေါက်ကွဲပြီး စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုများလုပ်ဆောင်နေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

စက်တင်ဘာလ ၂၃ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်အချိန် မန္တလေးစည်ပင်အရာရှိရိပ်သာတွင် ယခင်အပတ်က စစ်ကောင်စီတပ်များ ဘန်ကာများဖြင့် အခိုင်အမာတပ်စွဲခဲ့ကြပြီး ယနေ့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်ကြောင်း၊ စစ်တပ်က ဗုံးပေါက်ပြီးနောက် သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်ကြောင်း သိရှိရသည်။

“ပေါက်ကွဲမှုဖြစ်ပြီးတော့ သေနတ်သံ ၂ ချက် ၃ ချက် ဆက်တိုက်ကြားရတယ်။ အထိအခိုက် ၂ ဦးရှိတယ်။ လမ်းတွေပိတ်သွားပါပြီ။ သွားလို့မရတော့ဘူး။ အရပ်ဝတ်နဲ့ခွေးများလမ်းပေါ်မှာရှိနေကြပါတယ်။ စစ်ခွေးကားတချို့လည်းမြင်ရတယ်” ဟု မန္တလေးဒေသခံတစ်ဦးက ဆိုသည်။

မန္တလေးကင်းထောက် VOMDY က စည်ပင်ဝင်းထဲဗုံး​​ပေါက်ပြီးနောက် စစ်တပ်က ပစ်ခတ်နေ၍ ပြည်သူများ ယင်းနေရာကို ရှောင်တိမ်းသွား လာကြရန်နှင့် လက်ရှိအချိန်တွင် လမ်းများပိတ်ဆို့ထားကြောင်း ပြည်သူများကို သတိ ပေးချက် ထုတ်ပြန်ထားသည်။ khit thit

ချောင်းဦးမြို့နယ် ကံဇီးကျေးရွာ အနီးတွင် ထိတွေ့တိုက်ပွဲဖြစ်ပွား စစ်ကောင်စီ တပ်သားသေ ဆုံး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့၊ အနောက်ဘက်ခြမ်း၊ ကံဇီးကျေးရွာမှ တပါယ်အင်း ကျေးရွာဘက်သို့ ထွက်ခွါလာသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်း အဖွဲ့ကို အောင်ဆန်းတပ်ဖွဲ့ (A.S.F) တပ်ခွဲ (၁) နှင့် တပ်ခွဲ (၂) ရဲဘော်များက ယနေ့ စက်တင်ဘာလ ၂၃ရက် နံနက် ၈ နာရီခန့်တွင် ကင်းပုန်းဝပ်၍ စောင့်ကြို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကင်းပုန်းဝပ်၍ အသင့်စောင့်ကြို တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးခဲ့ကြောင်း အောင်ဆန်းတပ်ဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးထံက သိရသည်။

“ကံဇီး ကျေးရွာ ကနေ ပျူနှင့်စစ်ကောင်စီတပ်သား ၃၀ လောက်က တပါယ် အင်းကျေးရွာ ဘက်ကို ဦးတည်ပြီး ထွက်လာတယ်။ ရှေ့ပွိုင့် အနေနဲ့ ထွက်လာတဲ့ စစ်သား ငါး ဦးကို ကျနော်တို့ ကင်းပုန်းကနေ အသင့်စောင့် တိုက်ခဲ့တာပါ။ စစ်ကောင်စီ တပ်သား တစ်ဦးကတော့ နေရာတင်သေဆုံးတယ်။ ကျန်လေးယောက်ကတော့ ပြင်းပြင်း ထန်ထန် ဒဏ်ရာရနိုင်တယ်။ သေမသေတော့ မသိရသေးဘူး။ အဲ့ဒီမှာ နောက်ရောက်လာ သူတွေက ပြန်ပစ်ပြီး သူတို့ လူတွေကို တွဲခေါ်သွား တယ်ဗျ။ တိုက်ပွဲကြာချိန် ကတော့ မိနစ် ၂၀ လောက်ပဲရှိပါတယ်” ဟု အောင်ဆန်းတပ်ဖွဲ့ သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။

ကံဇီးကျေးရွာ နှင့် တပါယ်အင်း ကျေးရွာများသည် ပျူရွာများဖြစ်ပြီး နီးစပ်ရာ ကျေးရွာများရှိ ပြည်သူပိုင် ပစ္စည်းများကို မွှေနှောက်ခြင်း ၊ ခိုးယူခြင်းများ ပြုလုပ်လျက် ရှိကြောင်း သိရပါသည်။ mizzima

မတ္တရာတွင် နယ်မြေရှင်းလင်းရေးလုပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ မိုင်းခွဲတိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အရှေ့ခြမ်းမှာ နယ်မြေရှင်းလင်းရေး လှည့်လည်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့  စက်တင်ဘာ ၂၂ ရက် နေ့လယ် ၁၂ နာရီက မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

စစ်ကောင်စီအဖွဲ့ကို ရုံးပင်ကျေးရွာနဲ့ သဖန်းကိုင်းကျေးရွာကြားမှာ နဂါးညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ MDYPDF Mongoose Squadron တပ်ခွဲ၊ ဇာမဏီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဒေါင်းစစ်သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပဒေသာမိုင်းခွဲ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

မိုင်းခွဲတိုက်ခိုက်အပြီး ပြည်သူ့ကာကွယ်ရေး မဟာမိတ်အဖွဲ့တွေ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကာ စစ်ကောင်စီဘက်က အထိအ ခိုက် အကျအဆုံး မသိရသေးဘူးလို့ နဂါးညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မတ္တရာမြို့နယ် ဖယောင်းတောင် ရွှေလုပ်ကွက် အရှေ့တည့်တည့်နဲ့ ဇီးဖြူပင်ကျေးရွာ အရှေ့ မိုးကုတ်-ပြင်ဦးလွင်လမ်းနဲ့ ချိတ်ဆက်နေတဲ့ တောထဲမှာ မနေ့က လက်နက်ကြီး ပစ်ခတ်သံတွေ ကြားနေရတယ်လို့ သိရပါတယ်။ DVB

ကျောက်ဖြူတွင် စျေးဝယ်လာသည့် စစ်သား ၁ ဦး ဓားခုတ်ခံရပြီး သေဆုံး

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ကံကော်တောဘုရားအနီးတွင် ယနေ့ စက် တင်ဘာ ၂၃ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး စျေးဝယ်ရန် လာစဉ် ဓားထိုးခံရပြီး အခင်းဖြစ်ပွားသည့် နေရာတွင် သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

ကျောက်ဖြူမြို့နယ်၊ ဂုံးချွန်ကျေးရွာနှင့် မလကျွန်းအကြား ကုန်းတစ်ခုတွင် စခန်းချနေထိုင်လျက်ရှိသော စစ်ကောင်စီတပ်မှ တပ်ဖွဲ့ဝင်တစ်ဦးသည် ဆိုင်ကယ်တစ်စီးဖြင့် ထွက်လာရာတွင် အမည်မသိ လူစုတစ်စုက ဓားဖြင့် ထိုးသတ်လိုက်ခြင်းဖြစ်ပြီး အခင်းဖြစ်ပွါးသည်နေရာတွင် သေဆုံးသွားသည်ဟု အမည်မဖော်လိုသူ မျက်မြင်တစ်ဦးက ပြောသည်။

“ဒီနေ့ နံနက်က ကံကော်တောနားမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ယောက် ဓားထိုးခံရပြီးတော့ သေဆုံးသွားတယ်။ ဘယ်သူသတ်သွားတယ်ဆိုတာကိုလည်း ကျနော်တို့မသိဘူး။ ဆိုင်ကယ်စီးပြီးလာတဲ့အချိန်မှာ ဓားနဲ့ ထိုးသတ်ကြတာ”ဟုပြောသည်။

အဆိုပါ စစ်ကောင်စီတပ်သားများ စခန်းချနေထိုင်သောကုန်းနှင့် ကံကော်တောဘုရားမှာ တစ်မိုင်နီးပါးခန့်ကွာဝေးပြီ စစ်ကောင်စီတပ်ဖွဲ့ ဓားထိုးခံရပြီးနောက် အဆိုပါလမ်းတစ်လျှောက် စစ်ကောင်စီတပ်ဖွဲ့ က နေအိမ်များသို့ဝင်ရောက် စစ်ဆေးများလုပ်နေပြီး ဒေသခံတစ်ချို့အား ဖမ်းဆီးခံရမှုတို့ရှိနေကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ တပ်သားမှာ ဂုံးချွိန်ကျေးရွာဖက်မှ စျေးဝယ်ပြီးတစ်ယောက်တည်း ပြန်လာစဉ်တွင် အသတ်ခံရခြင်းဖြစ်သည်ဟု နောက်ထပ်အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

“ဂုံးချွိန်နဲ့ မလကျွန်းကိုသွားတဲ့ ကုန်းတစ်ခုမှာ စစ်ကောင်စီက တပ်စခန်းချထားတာရှိတယ်။ အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ယောက်က ဆိုင်ကယ်နဲ့သွားပြီးတော့ စျေးဝယ်တယ်။ ပြန်လာတဲ့အချိန်မှာ အသတ်ခံရတာပါ။ အရပ်ဝတ်နဲ့သွားပြီး ပြန်လာတာပါ”ဟုပြောသည်။

လက်ရှိအချိန်တွင် ဂုံးချွိန်ကျေးရွာ လေတာပြင်ရပ်ကွက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ ခန့် ဝင်ရောက်စစ်ဆေးလျက်ရှိကြောင်း သေဆုံးနေသည့် စစ်ကောင်စီတပ်သား၏ အလောင်းကို ၄င်းတို့စခန်းချထားသောကုန်းသို့ ယူဆောင်သွားသည်ဟု မျက်မြင်များက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ဓါးထိုးခံရပြီးသေဆုံးမှုဖြစ်ပွားခြင်းပတ်သတ်၍ အနီး အနားက ဒေသခံများအား စစ်ကောင်စီက ဖမ်းဆီးများရှိနေသော် လည်း အရေအတွက် မည်မျှလောက်ဖမ်းဆီးခံရသည်ဆိုသည်ကို Western News သီးခြားအတည်ပြုလို့မရသေးပေ။ ဂုံးချွိန်ကျေးရွာနှင့် မလကျွန်းကြားတွင် စခန်းချနေထိုင်သော စစ်ကောင်စီတပ်သားများမှာ ကျောက်ဖြူမြို့အခြေစိုက် ခလရ ၃၄ တပ်ရင်းမှ တပ်ဖွဲ့ဝင်များဖြစ် သည်ဟု ဒေသခံများက ပြောဆိုကြသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၈ ရက်နေ့ကလည်း စစ်တွေမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် သိပ္ပံသည်လည်း ဆေးရုံးကြီးအနီးတွင် သေနတ်ပစ်ခံရပြီး သေဆုံးသွားခဲ့သည်။ ယင်းအပြင် ဇူလိုင်လ ၂၉ ရက်နေ့ကလည်း ကျောက်ဖြူမြို့မရဲစခန်းတွင် ရဲအချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး နယ်ထိန်ရဲတစ်ဦး သေဆုံးသွားခဲ့သည်။ khit thit

ရေဦးမြို့ KBZ Bank ဓာတ်အားပေး ထရမ်စဖော်မာအား ဖောက်ခွဲဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ နာရီစင်အနီးရှိ KBZ Bank မှ ဓာတ်အားပေးထရမ်စဖော်မာအား စက်တင်ဘာလ၂၂ ရက်နေ့လယ် ၁၁နာရီ ၄၅မိနစ် အချိန်တွင် ကာကွယ်ရေးတပ်ဖွဲ့က ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

“သူတို့အစောင့်လစ်တုန်း ဝင်ကပ်ခဲ့တာ၊ ခွဲပြီးနောက်ပိုင်း အစစ်အဆေးကြမ်းတယ်၊ လူထိခိုက်မှုတော့မရှိဘူး၊ ကင်းပုန်းတွေပတ်ချထားတယ်၊ မီးတော့သုံးမရတော့ဘူး”ဟု YE U-People Defence Force အဖွဲ့တာဝန်ရှိသူက ပြောသည်။

ဖောက်ခွဲမှုကြောင့် လူထိခိုက်မှုမရှိဘဲ ဘဏ်၏ဓာတ်အားပေးစနစ်ပြတ်တောက်ကာ မီးအသုံးပြု၍မရတော့ကြောင်းနှင့် ဖောက်ခွဲဖျက်ဆီးပြီးချိန်တွင် စစ်ကောင်စီမှ စစ်ဆေးမှုများပြုလုပ်ကာ ကင်းပုန်းများ ချထားကြောင်းသိရသည်။

KBZ Bank သည် စစ်ကောင်စီ၏အကြီးမားဆုံး ဒေါက်တိုင်အနေဖြင့်ရပ်တည်နေပြီး ပြည်သူများ၏ ချွေးနှဲစာငွေကြေးများကို လုယူနေသော လုပ်ရပ်အား ရပ်တန်းကရပ်ရန် သတိပေးထုတ်ပြန်ထားသည်။ mizzima

ရွှေဘို-မန္တလေးလမ်းတွင် စစ်ကား ၂ စီး မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွှေဘို-မန္တလေးကားလမ်းမှာ စက်တင်ဘာ ၂၂ ရက် ညနေ ၅ နာရီခွဲလောက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက် ပါလာတဲ့ သံပြားကာစစ်ကား ၂ စီးကို ပဒေသာမိုင်းတွေနဲ့ ၂ ကြိမ် ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

အဲ့ဒီစစ်ကား ၂ စီးဟာ ရွှေဘိုမြို့ကနေ ထွက်ခွာလာတာဖြစ်ပြီး ရွှေဘို-မန္တလေးကားလမ်းရှိ စိုင်နိုင်ကွေ့အနီးမှာ သိဒ္ဓိရှင် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဇာဏီသွေးတပ်ခွဲမှ ‌ပဒေသာမိုင်း ၆ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ရာ ကား ၁ စီးမှာ ဆက်လက်မောင်းမရအောင် ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။

သိဒ္ဓိရှင်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတယောက်က “သူတို့က လှတောရဲစခန်းကို ဝင်ပြီး လှည့်လာတာ။ အင်အား ၇၀ ဝန်းကျင် ရှိလိမ့်မယ်။ ပွိုင့်မှာ ပဒေသာမိုင်းတွဲနဲ့ အဆင်သင့် စောင့်နေတာ။ မိုင်းကွင်းထဲအရောက်မှာ ထိထိရောက်ရောက် ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့တယ်။ သံပြားကာကား ၁ စီးက စက်ပိုင်းရော ဘီးပါ ထိသွားပုံရတယ်ဗျ။ ဆက်မောင်းမရတော့ ရပ်သွားတယ်။ အဲ့ဒီမှာ ဘေးပတ်ဝန်းကျင်ကို ရမ်းသန်းပြီး လက်နက်ငယ်ရော လက်နက်ကြီးနဲ့ပါ ရမ်းသန်းပစ်ခတ်တာတွေ လုပ်တယ်။ ကျနော်တို့တပ်ဖွဲ့တွေဘက်မှာတော့ အထိအခိုက် တစုံတရာ မရှိခဲ့ပါဘူး” လို့ ပြောပါတယ်။

ဒါ့အပြင် စိုင်နိုင်ကွေ့အနီး ရမ်းသန်းပစ်ခတ်ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကျန်ရှိတဲ့ ကား ၁ စီးနဲ့ ရွှေဘိုဘက်ကို ပြန်လည်ထွက်ခွာရာ စိုင်နိုင်လေးနဲ့ ဘုန်းတော်ဘွဲ့ကျေးရွာကြား အရောက်မှာ ပဒေသာမိုင်း ၅ လုံးနဲ့‌ ထပ်မံဖောက်ခွဲ တိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်က အထိအခိုက် အသေအပျောက် ရှိနိုင်ပေမဲ့ စုံစမ်းနေဆဲဖြစ်တဲ့အတွက် အတိအကျ မသိရသေးဘူးလို့ ဒေသကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂၇ ရက်ကလည်း ရွှေဘို-မန္တလေးလမ်းက စိုင်နိုင်ကွေ့အနီးမှာ ‌စစ်ကောင်စီတပ်ဖွဲ့ရဲ့ ယာဉ်တန်းကို ဒေသကာကွယ်ရေး ပူး ပေါင်းအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၆ ယောက် သေဆုံးခဲ့ပါတယ်။ DVB

ရေးမြို့နယ်တွင် စစ်တပ်လုံခြုံရေးကင်းတဲ တစ်ခုကို ဝင်စီးရာ စစ်သားနှင့်ပျူစောထီးများ ထွက်ပြေး၍ လက်နက် ၃ လက် သိမ်းဆည်းရရှိ၊ မော်လူးရဲစခန်းမှ ရဲ ၂ ဦးကို အသေဖမ်း ဆီးရမိ

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် စစ်ကောင်စီတပ်စခန်းငယ်တစ်ခုကို YGF -ရေးပျောက်ကျားတပ်ဖွဲ့ အပါအဝင် ပူးပေါင်းတပ်များက ယနေ့ ဝင်ရောက်စီးနင်းရာ စစ်သားနှင့်ပျူစောထီးများ ထွက်ပြေး၍ လက်နက် ၃ လက် သိမ်းဆည်းရမိကြောင်း YGF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

YGF-ရေးပြောက်ကျားတပ်ဖွဲ့နှင့်ပူပေါင်းတပ်ဖွဲ့များသည် စက်တင်ဘာလ၊၂၃ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ခလရ ၅၈၈ တပ်ရင်းအနီး ကြိုးတံတား ဘုန်းကြီးကျောင်းကုန်းအပေါ်တွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီနှင့်အကြမ်းဖက်စစ်ကောင်စီ၏လက်အောက်ခံ ပျူစောထီးရှိရာကို ဝင်ရောက်စီးနင်းခဲ့ရာ သေနတ်သုံးလက်နှင့်ဓားတစ်လက်ကိုသိမ်းဆည်ရရှိကြောင်း သိရှိရသည်။

“ကင်းတဲကို ဝင်စီးတာဆိုတော့ သူတို့ဘက်က ထွက်ပြေးကုန်တာ။ အကုန်ထွက်ပြေးတော့ လက်နက်တွေ သိမ်းဆည်းရမိတယ်။ သူတို့ဘက်ကသေတာတော့မရှိဘူး” ဟု YGF တပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

ထို့ပြင် စက်တင်ဘာလ ၂၂ ရက်နေ့ စစ်ကိုင်းတိုင်း၊ မော်လူးမြို့နယ်၊ မော်လူးရဲစခန်းမှ ရဲ တပ်သားမျိုးဇော်လတ်နှင့် ရဲတပ်သား မိုးကျော်တို့ကို PDF တပ်ဖွဲ့က အသေပစ်ခတ်ဖမ်းဆည်းရမိကြောင်း ဒေသကာကွယ်ရေးတပ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ khit thit

နွားထိုးကြီးမြို့နယ်က စစ်ကောင်စီသတင်းပေးဆိုသူ နေအိမ်တွင် သေနတ်ဖြင့် ပစ်သတ်ခံရ

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ညောင်ချေပေါ်ကျေးရွာအုပ်စု၊ စိန်ပန်းကျင်း ကျေးရွာတွင် ယမန်နေ့ စက်တင်ဘာ ၂၂ နေ့ ည ၇ နာရီခန့်က စစ်ကောင်စီ သတင်းပေး ဦးခင်မောင်ဝင်းသည် ၎င်း၏ နေအိမ်တွင် သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံများထံက သိရသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသူ ဦးခင်မောင်ဝင်း အသက်(၆၀) နှစ်ခန့်သည် စစ်ကောင်စီတပ်ဖွဲ့အားကိုးဖြင့် ဒေသခံများကို အနိုင်ကျင့်နေသူဖြစ်ပြီး နေအိမ်တွင် မိသားစုနှင့်အတူရှိနေစဉ် လူနှစ်ဦးမှ ဆိုင်ကယ်ဖြင့် လာရောက် ပစ်ခတ်သွားခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

“နေအိမ်ထဲဝင်ပစ်သွားတယ်၊သေနတ်သံက လေးငါး ခြောက်ချက်ပဲ အသံကြားတယ်။ ဟိုသတင်းပေး ဒီသတင်းပေးလုပ်နေတဲ့သူပါ။ အသက်က ၆၀ကျော်လောက်ရှိပြီ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဦးခင်မောင်ဝင်း အသတ်ခံရမှုနှင့်ပတ်သက်၊၍ စစ်ကောင်စီတပ်ဖွဲ့က လာရောက်စစ်ဆေးခြင်း လုံခြုံရေးယူပေးခြင်းများ မရှိကြောင်း ဒေသခံများက ဆိုသည်။

“သူတို့အားကိုးတဲ့ စစ်တပ်က လာတောင်မကြည့်ဘူး။ ရွာထဲမှာ အခုချိန်ထိအေးဆေးပဲ” ဟုဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ပစ်ခတ်မှုနှင့်ပတ်သက်၍ မည်သည့် အဖွဲ့အစည်းမှ လုပ်ဆောင်ခြင်းဖြစ်သည်ကို ယခုအချိန်ထိ သတင်းထုတ်ပြန်ထားခြင်း မရှိပေ။ mizzima

« Older Entries