မြန်မာနယ်စပ်အနီးနေထိုင်သူများ နေရာပြောင်းရွှေ့ရန် ဘင်္ဂလား‌ဒေ့ရှ်အစိုးရ အသိပေး

ရက္ခိုင့်တပ်တော် (အေအေ)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် မြန်မာ-ဘင်္ဂလား‌‌ဒေ့ရှ်နယ်စပ်မှာ နေထိုင်နေကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ နယ်စပ်နဲ့ဝေးတဲ့ နေရာတွေမှာ ပြောင်းရွှေ့နေထိုင်ကြဖို့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက  အသိပေး ကြေညာထားပါတယ်။

ဘင်္ဂလားဘက်က ဘာလူခါလီ၊ ခေါင်းတုံ၊ ဘင်္ဂလားဒေ့ရှ်တောင်ပြို၊ ရေဆူစတဲ့ ဒေသ ၄ ခုမှာ နေထိုင်နေကြတဲ့ ဒေသခံတွေကို နေရာရွှေ့ပြောင်းနေထိုင်ကြဖို့  စက်တင်ဘာ ၂၀ ရက်ကတည်းက အသိပေးတာလည်း ဖြစ်ပါတယ်။

နယ်စပ်မှာနေထိုင်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတယောက်က “ လော်စပီကာနဲ့အော်ပြီး အသိပေးလာတယ်။ မြန်မာဘက်မှာ စစ်ကောင်စီနဲ့ အေအေတို့ စစ်ရေးပြင်းထန်လာဖို့ ရှိနေတယ်။ စစ်ကောင်စီကလေကြောင်းတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်လာရင် ဒီဘက်ကိုလည်း ကျလာနိုင်တယ်။ အဲဒါကြောင့် နယ်စပ်ကနေ ပြောင်းရွှေ့နေထိုင်ကြဖို့ အသိပေးလာတာပါ” လို့ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို စက်တင်ဘာ ၁၆ ရက် ည ၁၀ နာရီကျော်က လက်နက်ကြီးကျည် ကျရောက်ခဲ့ပြီး လူငယ်တယောက် သေဆုံးကာ ၅ ယောက် ဒဏ်ရာရရှိခဲ့သလို Zero Line မှာ မြန်မာဘက်ကထောင်ထားတဲ့ မြေမြှုပ်မိုင်း ပေါက်ကွဲတာကြောင့် ဘင်္ဂလားဒေ့ရှ်မှ လူငယ်တယောက် ခြေထောက်ပြတ်ခဲ့ရပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရက သူတို့နိုင်ငံသားတွေရဲ့ အသက်အိုးအိမ်ကို ကာကွယ်တဲ့အနေနဲ့ နေရာရွှေ့ပြောင်းခိုင်းထားပေမဲ့ Zero Line ခေါ် မြန်မာ-ဘင်္ဂလား နှစ်နိုင်ငံ နယ်စပ်မျဥ်းမှာ နေထိုင်ကြသူတွေကို တစုံတရာ အသိပေးတာမရှိဘူးလို့ Zero Line မှာ နေထိုင်သူတယောက်က ပြောပါတယ်။

“ကျနော်တို့ Zero Line မှာ နေထိုင်ရတာ အတော်လေးဒုက္ခပါ။ ဘင်္ဂလားဘက်ကို အလွယ်တကူ စျေးသွားဝယ်လို့မရဘူး။ အစစ်ဆေးမျိုးစုံခံရတယ်။ အခုလည်း Zero Line က လူတွေကို မခေါ်ဘူး။ လက်နက်ကြီးကျရင်လည်း အားလုံးသေကြရမှာ။ ကျနော်တို့ကို မြန်မာအစိုးရကလည်း အသိအမှတ်မပြုသလို ဘင်္ဂလားကလည်း အသိအမှတ်မပြုဘူး။ ကျနော်တို့က လူသားတွေမဟုတ်သလိုပါပဲ။”

Zero Line ခေါ် မြန်မာ-ဘင်္ဂလား နှစ်နိုင်ငံနယ်စပ်မျဥ်းမှာ နေထိုင်သူ အိမ်ထောင်စု ၁,၀၀၀၊ လူဦးရေ ၄,၆၀၀ ကျော်ဟာ ၂၀၁၇ ခုနှစ် အကြမ်း ဖက် ဖြစ်စဥ်မှာ မြန်မာဘက်ကနေ နေရပ်စွန့်ခွာ ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေ ဖြစ်ကြပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s