Monthly Archives: Sep 2022

ရန်ကုန် တပ်ထောက်ခံပွဲ ဦးဆောင်သူ လူမိုက် ၀ဏ္ဏထွန်း၊ ရေးမြို့နယ်မှ သတင်း ပေး ကျော်နိုင်ဦး အပါအဝင် နိုင်ငံတစ်ဝန်းမှ စစ်တပ်ထောက်ခံသူနှင့်ပျူစောထီး ၈ ဦး ပစ်ခတ်ခံရပြီး ၆ ဦးသေဆုံး

ရန်ကုန်တိုင်း၊ ဒလမြို့နယ်မှ မဘသ၊ ကြံ့ဖွတ်ပါတီဝင်နှင့်စစ်ထောက်ခံသူ၊ ရန်ကုန်မြို့တော်ခန်းမ စစ်တပ်ထောက်ခံပွဲ ဦးဆောင်သူ လူမိုက်၀ဏ္ဏထွန်း၊ ရေးမြို့နယ်မှ စစ်တပ်သတင်းပေးဟု သတ်မှတ်ခံရသူ ကျော်နိုင်ဦး အပါအဝင် နိုင်ငံတစ်ဝန်းမှ စစ်တပ်ထောက်ခံသူနှင့်ပျူစောထီး ၈ ဦး ပစ်ခတ်ခံရပြီး ၆ ဦး သေဆုံးသွားကြောင်း သိရှိရသည်။

ဒလမြို့နယ်မှ လူမိုက်၊ မဘသနှင့် စစ်တပ်ထောက်ခံသူ ၂ ဦး ပစ်ခတ်ခံရပြီး ၀ဏ္ဏထွန်းသေဆုံး

===========================================

ရန်ကုန်တိုင်း၊ ဒလမြိုနယ်၊ ကျန်စစ်သားရပ်ကွက် ယောမင်းကြီးလမ်းတွင် စက်တင်ဘာ ၂၅ ရက်နေ့ ညနေ ၆ နာရီ အချိန် မဘသ၊ ကြံ့ဖွတ်ပါတီဝင်နှင့် လူမိုက် ဝဏ္ဏထွန်းနှင့် အောင်အောင်တို့ကို အမည်မသိသေနတ်သမားတချို့က ပစ်ခတ်ရာ ၀ဏ္ဏထွန်းမှာ ပွဲချင်းပြီး သေဆုံးသွားကြောင် အောင်အောင်မှာ ကျည် ၃ ချက် ထိမှန်ဒဏ်ရာရှိကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

“သေသွားတဲ့လူက နာမည်က ဝဏ္ဏထွန်း။ ကြံ့ဖွတ်ပါတီဝင်၊ မဘသ၊ လူမိုက် ၊ဒလန် အာဏာမသိမ်းခင်ကတည်းက ပြည်သူတွေကို အနိုင်ကျင့် မွှေနှောက်နေတာပါ။ အဲဒီတုန်းကလည်း ဓားနဲ့ခုတ်ခံရသေးတယ်။ မသေတာပါ။ လွန်ခဲ့တဲ့ ၆ လ လောက်က အခုတ်ခံရတာပါ။ မြို့တော်ခန်းမ တပ်ထောက်ခံပွဲတွေမှာလည်းဦးဆောင်သူ။ ဒလန်အကြီးစား ဘယ်နှစ်ချက်ပစ်သွားတာလဲဆိုတာတော့အတိ အကျမသိဘူး။ ဒါပေမယ့် သေတာက ​သေသွားပြီ။ သူ့မိန်းမ ဆို အဲ့လမ်းထိပ်နားမှာတင် အော်ငိုနေတာ ကြည့်ကောင်းလိုက်တာ။ ဒလ ကျန်စစ်သားရပ်ကွက် ကျန်စစ်သားဘုရား ထိပ်နားမှာဖြစ်သွားတာပါ။ ပစ်ပြီး နာရီဝက်လောက်ကြာတော့ စကစ တွေရောက်လာပါတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ရေးမြို့နယ်တွင် သတင်းပေး ဟု သတ်မှတ်ခံရသူ ကျော်နိုင်ဦး သေဆုံး

=======================================

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် စစ်ကောင်စီကို အထူးသတင်းပေးနေသော ကျောက် မိချောင်းတောင်မှ သတင်းပေး ကျော်နိုင်ဦးကို ယနေ့ နံနက် ၁၁ နာရီ ၂၀ မိနစ် အချိန်ခန့် YGF – ရေးပြောက်ကျားတပ်ဖွဲ့ က ကျောက်မိချောင်းရွာ နှင့်ကျုံလောင်းရွာဟောင်းလမ်းဆုံရှိ သူ၏ဗန်းပြကွမ်းသီးရောင်းဝယ်ဒိုင်တွင် ပစ်ခတ်ရာမှ သေဆုံးသွားကြောင်း YGF ထံမှ သိရှိရသည်။

ကျော်နိုင်ဦးကို ပစ်ခတ်ချိန်တွင် သူ၏ ဇနီး နှင့်အတူရှိနေသော်လည်း ဇနီးဖြစ်သူကို ထိခိုက်မှုမရှိအောင် ဘေးဖယ်ရှားပြီး စစ်ကောင်စီသတင်း ပေး ကျော်နိုင်ဦးကိုသာ ရှင်းလင်းခဲ့ကြောင်း YGF-ရေးပြောက်ကျားတပ်ဖွဲ့က ပြောသည်။

ကျိုက်ထိုတွင် စစ်တပ်သတင်းပေးဟု သတ်မှတ်ခံရသူ လင်မယား အပစ်ခံရပြီး ဇနီးဖြစ်သေဆုံး

==========================================

စက်တင်ဘာ ၂၅ ရက် ညနေ ၃ နာရီအချိန် မွန်ပြည်နယ်၊ ကျိုက်ထိုမြိုနယ်၊ သိမ်ဇရပ်မြို၊ (၂) ရပ်ကွက် ရွှေလွှာဦးရပ်တွင် စစ်တပ်သတင်းပေးဟု သတင်းထွက်နေသူ အေးလွင် (၅၆) နှစ်နှင့် ဇနီး မြင့်မြင့်သန်း (၅၆) နှစ် တို့ကို အမည်မသိ သေနတ်သမားများက ပစ်ခတ်ရာ မြင့်မြင့်သန်းသေ ဆုံးပြီး အေးလွင်မှာ ဒဏ်ရာရရှိကြောင်း သိရှိရသည်။

လောင်းလုံးတွင် ပျူစောထီးအဖွဲ့ဝင် ၂ ဦး အသတ်ခံရ

===========================================

စက်တင်ဘာ ၂၅ ရက်နေ့ ၊နံနက် ၆ နာရီခွဲအချိန် တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်၊ပန္ဒလဲရွာရှိပျူစောထီးအဖွဲ့ဝင် ရဲထွေး(ခ) ရေခဲလုံး အသက် ၃၅ နှစ် လယ်ကွင်းထဲသွားစဥ် အမည်မသိလူတစ်စုကသေနတ်ဖြင့် ပစ်ခတ်၍ သေဆုံးသွားကြောင်း သိရှိရသည်။

အလားတူ စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၈ နာရီခွဲအချိန် တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်၊ကျောက်ဆင်ကျေးရွာ အုပ်စု၊သဘော့ဆိပ်ပြင်ကြီးရွာ ၊ရှိုင်သာယာရပ်ကွက်ထဲရှိ ပျူစောထီးအဖွဲ့ဝင် ထွန်းမြင့်ဆိုသူကိုနေအိမ်တွင် ထားဝယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ DD Tတပ်ခွဲ(၃)ရဲဘော်များတို့ သေနတ်ကျည်(၄)ချက်ခန့်ဖြင့် ပစ်ခတ်သုတ်သင်ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။

တနင်္သာရီမြို့နယ်မှ စစ်ဗိုလ်အစ်ကို၊ သတင်းပေးဟု စွပ်စွဲခံရသူ ရဲမွန် ပစ်ခတ်ခံရပြီး သေဆုံး

======================================

တနင်္သာရီတိုင်း၊တနင်္သာရီမြို့နယ်၊ညောင်ပင်ကွင်းရွာ၌ နေထိုင်သည့် စစ်ဗိုလ် အစ်ကိုလည်းဖြစ်၊ စစ်တပ်သတင်းပေးလည်းဖြစ်သူ ရဲမွန်ဆိုသူကို စက်တင် ဘာ ၂၅ ရက်နေ့ နံနက်(၁၁)နာရီခွဲခန့် ကို တနင်္သာရီပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်များက သေနတ်ဖြင့်ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း သိရှိရသည်။

“အဖေကအငြိမ်းစားစစ်သား၊ညီကဗိုလ်ကြီးတစ်ဦးဖြစ်ပါတယ်။ကိုရဲမွန်ကဒလန်လုပ်သတင်းပေးပါတယ်။ရွာထဲကိုစကစဝင်လာရင်လည်းသူကားနှင့် ကြို/ပို့လုပ်ပေးတယ်” ဟု တနင်္သာရီပကဖအဖွဲ့ဝင်တစ်ဦးက ပြောသည်။

သေဆုံးသွားသော ရဲမွန်သည် စစ်တပ်၏ ဝါဒဖြန့်သတင်းဌာန တစ်ခုတွင် အလုပ်လုပ်ပြီး တော်လှန်ရေးနှင့်ဆက်နွယ်သူများကိုလည်း စကစအားသတင်းပေးနေသူတစ်ဦးဖြစ်ကြောင်း သိရှိရသည်။

ရဲမွန်သည် စစ်တပ်သတင်းပေး ဟုတ်၊ မဟုတ် ရန်ကုန်ခေတ်သစ်အနေဖြင့် မြေပြင်အခြေအနေကို အတည်မပြုနိုင်ပေ။ khit thit

ရေးမြို့နယ် ကျုံလောင်းရွာဟောင်းက အမျိုး သား ၁ ဦး အသတ်ခံရ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းရွာဟောင်းက စစ်ကောင်စီကို သတင်းပေးနေတဲ့ ကျော်နိုင်ဦးကို စက်တင်ဘာ ၂၆ ရက် မနက် ၁၁ နာရီ ၂၀ မိနစ်အချိန်က ရေး YGF ပြောက်ကျား တပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ YGF မှ တာဝန်ရှိသူက ပြောပါတယ်။

သူက စစ်ကောင်စီနဲ့ပတ်သက်ဆက်နွှယ်နေပြီး ပြည်သူတွေအမြင်မှာတော့ အနေအေးပြီး နောက်ကွယ်မှာ  ကွမ်းသီးဝယ်ရင်း စစ်ကောင်စီကို အထူးသတင်းပေးနေသော ကျောက်မိချောင်း တောင်နေ ကျော်နိုင်ဦးကို ဖရဲသီးသတင်းပေးချက်အရ  YGF – ရေးပြောက်ကျားတပ်ဖွဲ့က ပစ် ခတ်ရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ကျောက်မိချောင်းရွာနဲ့ ကျုံလောင်းရွာဟောင်းလမ်းဆုံ သူ့ရဲ့ ကွမ်းသီးရောင်းဝယ်ဒိုင်မှာ သူ့မိန်းမနဲ့ အတူရှိနေစဥ် မိန်းမဖြစ်သူကို ဘေးဖယ်ရှားပြီး စစ်ကောင်စီသတင်းပေး ကျော်နိုင်ဦးကို  YGF-ရေး ပြောက်ကျားတပ်ဖွဲ့ကရှင်းလင်းလိုက်တာပါ။

ပစ်ခတ်ရှင်းလင်းခံရတဲ့ မိသားစုဝင်တွေဘက်ကတော့ အခုဖြစ်စဉ်မှာ သတင်းပေးလို့ စွပ်စွဲခံရပြီး အသတ်ခံရတဲ့အပေါ်မှာ ဝမ်းနည်းရုံကလွဲပြီး ဘာမှ မတတ်နိုင်ဘူးလို့ မိသားစုနဲ့နီးစပ်တဲ့ သူတဦးက ပြောပါတယ်။

ရေးမြို့နယ်မှာ စစ်တပ်သတင်းပေးဆိုပြီး ကျောက်မိတောင်ကျေးရွာအုပ်ချုပ်ရေးမှူး၊ အိုင်ဗုတ် လက်ဖက်ရည်ဆိုင်မှာ အမျိုးသား ၁ ဦး၊ အခု ကွမ်းသီးရောင်းဝယ်သမားတို့ အသတ်ခံခဲ့ရပြီး ကျုံလောင်းရွာဟောင်းရွာက ရပ်ကျေးစာရေးက ပထမဦးဆုံး ပစ်ခတ်ခံရပေမယ့် မသေဆုံးခဲ့ပါဘူး။

အဆိုပါ သတင်းပေးတွေ လုပ်ကြံသတ်ဖြတ်ခံနေရတဲ့ ကျုံလောင်းရွာဟောင်းနေရာဟာ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေဖြစ်သလို PDF တွေ လှုပ်ရှားနယ်မြေလည်း ဖြစ်ပြီး ရေး  မြစ်ကူးတံတား စစ်ဆေးရေးဂိတ်လည်း ထားရှိပြီး လုံခြုံရေးတွေ တင်းကျပ် ပိတ်ဆို့ထားပါတယ်။ khit thit

စက်တင်ဘာ ၂၅ တရက်တည်း စစ်ကောင်စီအကြမ်းဖက်တပ်ဖွဲ့ဝင် ၅၅ ဦးသေဆုံးဟု NUG ထုတ်ပြန်

စက်တင်ဘာ ၂၅ ရက် မနေ့ကတရက်တည်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီ အကြမ်းဖက်တပ်ဖွဲ့ဝင် ၅၅ ယောက် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

အခုထုတ်ပြန်ထားတဲ့ အချက်အလက်ဟာ မြေပြင်အခြေအနေမှာ ပိုများနိုင်ပြီး တရက်တည်း ထိခိုက်ဒဏ်ရာရရှိတဲ့သူ အရေအတွက်ကတော့ ၉ ယောက်ထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

NUG အစိုးရကတော့ ပြည်သူ့ခုခံတွန်းလှန်စစ်ပွဲ စတင်ခဲ့တဲ့ ၁ နှစ်အတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်ပေါင်း ၂၀,၁၅၀ ကျော်သေဆုံးကာ ဒဏ်ရာရသူ ၇,၀၀၀ ကျော်လောက်ရှိလာပြီး စစ်ကောင်စီ စိုးမိုးအုပ်ချုပ်နိုင်တဲ့နေရာဟာ တိုင်းပြည် နယ်မြေအကျယ်အဝန်းရဲ့ ထက်ဝက်တောင် မရှိတော့ဘူးလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်နေ့ ပြည်သူ့ခုခံတော်လှန်စစ် ကြေညာခြင်း တနှစ်ပြည့် အထိမ်းအမှတ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက  နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားရာမှာ ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပြီး ၁ နှစ်တာကာလအတွင်း ခန့်မှန်းခြေစာရင်းအရ PDF တွေနဲ့ မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် သူရဲကောင်းရဲဘော်တွေ စုစုပေါင်း ၁,၅၀၀ ကျော် ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

လူထုသပိတ်တိုက်ပွဲတွေအနေနဲ့ မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာ ၈ ကြိမ်နဲ့ အများဆုံးဖြစ်ပွားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးမှာ ၂ ကြိမ်၊ ချင်းပြည်နယ်မှာ ၁ ကြိမ်စီ ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက်စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

ဒါ့အပြင် စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်တာခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည်အထက်ပိုင်း လမ်းပိုင်းတွေရဲ့ ၉၀ ရာ ခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ NUG အစိုးရက ပြီးခဲ့တဲ့ ဇွန် ၂၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ DVB

မန္တလေး အဖမ်းအဆီးများတွင် ထောင်ချောက်ဆင်ဖမ်းမှုလည်း ပါဝင်

မန္တလေးတွင် လက်နက်ကိုင်ခုခံတိုက်ခိုက်သည့်အဖွဲ့များနှင့် ဆက်စပ်သည်ဟု ယူဆခံရသူ ဒေသခံ အများအပြား ဆက်တိုက်ဆိုသလို ဖမ်းဆီးခံနေရပြီး ထိုအထဲတွင် ထောင်ဖမ်းမှုများလည်း ပါဝင်သည်ဟု ဒေသခံများနှင့် တော်လှန်ရေးအဖွဲ့များက ပြောသည်။

စက်တင်ဘာ ၂၃ တွင် မဟာအောင်မြေမြို့နယ်အတွင်း လူငယ် ၇ ဦးကို ဖမ်းဆီးသွားခဲ့သည်ဟု စိန်ပန်းရပ်ကွက်နေသူတစ်ဦးက ပြောသည်။

“သူတို့က တော်လှန်ရေးလုပ်နေတဲ့ ကလေးတွေ ဟုတ်၊ မဟုတ်တော့ အတိကျမသိရသေးဘူး၊ ၁ ဦးကတော့ ပြန်လွတ်လာပြီ၊ ကျန်တဲ့ ၆ ဦးကို ဘယ်မှာထိန်းသိမ်းထားလဲ မသိရဘူး” ဟု ၎င်းက ပြောသည်။

ဖမ်းဆီးခံရသူတို့မှာ မဟာအောင်မြေမြို့နယ် (၄၁ လမ်းနှင့် လမ်း၉၀) သားသတ်ရုံအနီးနေ စောနောင်ဝင်း၊ အကွက် (၄၀၆ ) သပြေညွှန့်ရပ်နေ စန်းသော်တာ ဓာတ်ပုံဆိုင်ဝန်ထမ်း၊ သာသနာပိုင်ရပ်ကွက်မှ ဦးမျိုးလွင်၊ သားသား၊ ဗေကြီး၊ ဂျပန်ကြီးနှင့် လက်သမားရပ်ကွက်နေ လိပ်ကြီး ဆိုသူတို့ ဖြစ်သည်ဟု သိရသည်။

ယင်းဖြစ်စဉ်အပြီး နောက်တစ်နေ့ စက်တင်ဘာ ၂၄ တွင်လည်း စစ်ကောင်စီက မန္တလေးမြို့ပြပြောက်ကျားအဖွဲ့ Mandalay People Defence Force (MPDF) မှ ရဲဘော်တစ်ဦးကို ထောင်ချောက်ဆင် ဖမ်းဆီးခဲ့သည်ဟု ယင်းအဖွဲ့က ထုတ်ပြန်သည်။

ရဲဘော်ကိုဆိတ်(ခ) အောင်ကိုလတ်သည် ၎င်း၏မိတ်ဆွေတစ်ဦးက ၅၃ လမ်း ၁၀၃ လမ်းနှင့် ၁၀၄ လမ်းကြားသို့ ချိန်းဆို၍ သွားရောက်စဉ် စစ်ကောင်စီတပ်သားများက ကားဖြင့် ရောက်လာကာ ရိုက်နှက်ဖမ်းဆီးသွားခဲ့သည်ဟု ဆိုသည်။

“သူ့ရဲ့မိတ်ဆွေတစ်ဦးကနေပြီး သူတို့ရပ်ကွက်ထဲမှာ ပြဿနာဖြစ်လို့ဆိုပြီး အကူအညီတောင်းလို့ လိုရမယ်ရဆိုပြီး (ပစ္စတို) ထည့်ပြီး ထွက်သွားတာ၊ ချိန်းတဲ့ဆီ ရောက်သွားတဲ့အချိန်မှာ မတွေ့လို့ ဖုန်းဆက်တဲ့အချိန် နောက်က ကားနဲ့ ရောက်လာပြီး ဖမ်းသွားတာ“ ဟု ခေါင်းဆောင် ဗိုလ်နက္ခတ်က ဆိုသည်။

စက်တင်ဘာ ၂၅ နံနက်တွင်လည်း မဟာအောင်မြေမြို့နယ် (၈၄) လမ်း (၃၅) လမ်း အနီးတွင် နေထိုင်သူ ကိုလင်းထွန်းလပြည့်ကို လာရောက်ဖမ်းဆီးရာ မတွေ့သည့်အတွက် မိခင်အပါအဝင် မိသားစုဝင် ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး စက်တင်ဘာ ၂၆ မနက်ပိုင်းတွင်မှ ပြန်လွှတ်ပေးခဲ့သည်။

“အင်အားအလုံးအရင်းနဲ့ ပိတ်ဆို့ပြီးဝင်တာ၊ မတွေ့တော့ သူ့ရဲ့အမေရယ်၊ တူလေးရယ်၊ ညီမရယ်ကို ဖမ်းခေါ်သွားတာ။ ဘာ့ကြောင့်လဲတော့ မသိရဘူး” ဟု ၈၄လမ်းအနီး နေထိုင်သူတစ်ဦးက ဆိုသည်။

စက်တင်ဘာ ၂၅  ညပိုင်းတွင်လည်း (၆၅) လမ်းနှင့် (၁၁၈) လမ်းထောင့်ရှိ “အောင်” အထွေထွေရောဂါကုဆေးခန်းမှ ဆရာဝန်တစ်ဦးကို အင်အားအများအပြားဖြင့် လာရောက်ဖမ်းဆီးသွားသည်ဟု အထက်ပါသတင်းရင်းမြစ်က ဆက်ပြောသည်။

မန္တလေးတွင် ဇူလိုင်လမှ စက်တင်ဘာလအတွင်း မြို့ပြပြောက်ကျားတပ်ဖွဲ့ အနည်းဆုံး (၄) ဖွဲ့၏ တပ်ဖွဲ့ဝင် (၅၀) ဦးထက်မနည်း ဖမ်းဆီးခံထားရသည်ကို Myanmar Now က စာရင်းပြုစုထားသည်။

စစ်ကောင်စီကမူ ဖမ်းဆီးမှုနှင့် တိုက်ခိုက်မှု အများစုကို သတင်းအမှောင်ချထားသည်။

မန္တလေးမြို့ခံတစ်ဦးကလည်း စစ်ကောင်စီသည် မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် လူငယ်များကို ထောင်ချောက်ဆင် ဖမ်းဆီးမှု များပြားလာနေသည်ဟု ပြောသည်။

“လက်နက်နဲ့ မျှားပြီးခေါ်တာ ခုနောက်ပိုင်း ခေတ်စားလာတာပေါ့၊ လက်နက်ခဲယမ်းလေးတွေ ပေးမယ် ပြုမယ်ဆိုပြီး လိမ်ညာပြီး ခေါ်ဖမ်းတယ်၊ ကလေးတွေက လက်နက်ရလိုမှုလေးတွေနဲ့ ထောင်ဖမ်းခံကြရတာ” ဟု ဆိုသည်။

MPDF ခေါင်းဆောင် ဗိုလ်နက္ခတ်က မန္တလေးတွင် စစ်ကောင်စီကို တိုက်ခိုက်မှုအရှိန် လျော့ကျသွားမည် မဟုတ်ဟု ဆိုသည်။ 

“ဘယ်လောက်ဖမ်းဖမ်း ကျွန်တော်တို့တိုက်ခိုက်မှုတွေ လျော့မသွားပါဘူး။ တော်လှန်ရေးက အရှိန်မြင့်လာပါပြီ။ အားပြိုင်မှုတွေထဲမှာ အားသာလာတာ ထင်သာမြင်သာပါတယ်” ဟု ပြောသည်။

လုံခြုံရေးတင်းကျပ်ထားသည့် မန္တလေးမြို့တွင် ဗိုလ်နက္ခတ် ဦးဆောင်သည့် MDY-PDF က စက်တင်ဘာလအတွင်း မန္တလေးကန်တော်ကြီးအနီး အမှတ်(၁၀) ရဲစခန်း နယ်ထိန်း ရခိုင်ကြီးဆိုသူကို ပစ်သတ်ခဲ့သည်ဟု သိရသည်။

ထို့အပြင် စက်တင်ဘာ (၁၄) ရက်တွင်လည်း စစ်ကောင်စီကို ဆက်ကြေးပေးကာ ဖွင့်လှစ်နေသည့် ၇၈ လမ်းအနီးရှိ လောင်းကစားဝိုင်းတစ်ခုကို MDY-PDF က တားမြစ်ပြီး လောင်းကစားပစ္စည်းများသိမ်းကာ သတိပေးထားကြောင်း၊ လောင်းကြေးငွေများ မယူခဲ့ကြောင်း သိရသည်။

ထို့အပြင် စက်တင်ဘာ (၂၂) ကလည်း (၆၉) လမ်း မန္တလေးစည်ပင် အရာရှိရိပ်သာဝင်းတွင် ဂိတ်စောင့်နေသည့် စည်ပင်ရဲများကို ဗုံးခွဲတိုက်ခိုက်ရာ ရဲ (၃) ဦးထက်မနည်း ဒဏ်ရာရသွားသည်ဟု ဆိုသည်။ myanmar now

စစ်အုပ်စုသတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၂၃၁၉ ဦး၊ ဖမ်းဆီးခံထားရဆဲဦးရေ ၁၂၅၀၀ ရှိ

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၁ နှစ်ခွဲကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၃၁၉ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၅,၆၄၃ ယောက်ထိရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၂,၅၀၀ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁,၄၉၁ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူအရေတွက်ကတော့ ၈၄ ယောက်ရှိနေပြီး မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက်အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၂၆ ယောက် ရှိလာခဲ့ပြီဖြစ်ပါတယ်။

လတ်တလောအချိန်ထိ အာမခံနဲ့ လွတ်မြောက်သူ ၂၂ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူ ဦးရေကတော့ ၃,၁၂၁ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အေအေပီပီကနေ လက်လှမ်းမီသမျှ မှတ်တမ်းပြုစုထားချက်အရ အာဏာသိမ်းချိန်ကနေ ပြီးခဲ့တဲ့ ဩဂုတ်လကုန်ထိ အကြမ်းဖက်စစ်အုပ်စုက မတရားချိပ်ပိတ်သိမ်းဆည်းခဲ့တဲ့ နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း ၇၆၀ ခုထက်မနည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်ည ၁၁ နာရီကျော်အချိန်က ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့အခြေစိုက် အမှတ်(၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ အဆိုပါ လက်နက်ကြီးကျည်ဟာ ကျောက်တော်မြို့နယ်၊ နာဂရာကျေးရွာအတွင်းက နေအိမ် ၁ လုံးကို ထိမှန်ခဲ့ပြီး အသက်  ၇ နှစ် အရွယ် မောင်ကိုနိုင်(ခ) မောင်ကြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မကွေးတိုင်း၊ အောင်လံမြို့နယ် NLD လူငယ်တာဝန်ခံ ကိုသူရနိုင်ရဲ့ ဖခင် ဦးဝင်းနိုင်ကို အကြမ်းဖက်စစ်အုပ်စုတပ်က ပြီးခဲ့တဲ့ စက် တင်ဘာ ၂၃ ရက်နေ့လယ် ၃ နာရီဝန်းကျင်က အကြောင်းမဲ့ ဖမ်းဆီးခေါ် ဆောင်သွားခဲ့ကြောင်း၊ ကိုသူရနိုင်ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့တာကြောင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ ဖမ်းဝရမ်းထုတ်ခံထားရသူဖြစ်ပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန် ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို detention-data@aappb.org အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။ DVB

ပေါက်ဒေသတိုက်ပွဲတွင် ရွာမီးရှို့တပ်မှ ဗိုလ်နှင့်တပ်ကြပ် သေဆုံးဟု PDF ပြော

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကြက်ဆူအိုင့်ရွာတွင် မီးရှို့နေသည့် စစ်တပ်ကို ယနေ့ (စက်တင်ဘာ ၂၆) နံနက်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဗိုလ် ကြီးတစ်ဦးနှင့် တပ်ကြပ်ကြီးတစ်ဦး သေဆုံးခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ထံမှ သိရသည်။ 

မြို့မြောက်ပိုင်းရှိ ထိုရွာကို နယ်မြေချင်းထိစပ်နေသည့် မြိုင်မြို့နယ်မြောက်ပိုင်းမှ လာသည့် အင်အား ရာဂဏန်းပါသော စစ်ကောင်စီတပ်ဖွဲ့ဝင်များက နံနက် ၇ နာရီဝန်းကျင်မှ စတင်၍ မီးရှို့ဖျက်ဆီးကြသည်ဟု မြိုင်မြို့နယ် PDF က ပြောသည်။

“မီးရှို့ပြီးတော့ ထွက်လာတဲ့ဟာကို ပစ်ခတ်တာပေါ့။ ကျွန်တော်တို့ လက်နက်ကြီးနဲ့ မိုင်းနဲ့ အဓိက တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီရွာမှာပဲ တိုက်ပွဲဖြစ်တာ” ဟု မြိုင်မြို့နယ် PDF တပ်ရင်းမှူး ဗိုလ်လက်ယာက ပြောသည်။ 

နံနက် ၁၀ နာရီခန့်တွင် ရွာမြောက်ဘက်နှင့် တောင်ဘက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး သေဆုံးသွားသည့် စစ်ကောင်စီအရာရှိ နှစ်ဦး၏ ရုပ်အ လောင်းကိုလည်း ယနေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်တွင် တူးဖော် တွေ့ရှိရသည်ဟု ၎င်းက ပြောသည်။ 

“သူတို့နှစ်ယောက်အလောင်းကို ဖော်ကြည့်နေတာ။ အလောင်းမှာ အမိန့်စာပါ တွေ့တယ်။ အလောင်းတွေကတော့ စစ်ဝတ်စုံနဲ့။ ဗိုလ်ကြီးအ လောင်းကိုတော့ မီးရှို့သွားတယ်။ တပ်ကြပ်ကြီးအလောင်းကို မြေမြှုပ်ခဲ့တာ။ မီးမရှို့ဘူး” ဟု ဗိုလ်လက်ယာက မြင်တွေ့ရပုံကို ပြောသည်။

ခြေလျပ်တပ်ရင်း အမှတ် ၂၅၈ တပ်ရင်းမှူး ဗိုလ်မှူးကြီး ငြိမ်းချမ်း (ကြည်း ၂၆၉၉၂) လက်မှတ်ဖြင့် တပ်ကြပ်ကြီး ရုပ်အလောင်းပေါ်တွင် တွေ့ရသည့် အမိန့်စာအရ ဗိုလ်ကြီးဝင်းဇော်ဆိုသူနှင့် တပ်ကြပ်ကြီးအောင်ဆန်းဝင်း (ကိုယ်ပိုင်အမှတ် ၆၇၈၃၄၉) တို့ဖြစ်သည်ဟု ဆိုသည်။  

ဗိုလ်ကြီးဝင်းဇော်၏ ရုပ်အလောင်းနှင့် အမိန့်စာမှာ မီးလောင်ပျက်စီးနေသောကြောင့် ကိုယ်ပိုင်အမှတ် မသိရကြောင်း ဗိုလ်လက်ယာက ပြောသည်။

“အမိန့်စာတစ်ခုက မီးရှို့ထားတာ အပိုင်းလေးပဲ ရတယ်။ ဗိုလ်ကြီးငြိမ်းချမ်းပဲ ဖတ်လို့ရတော့တယ်။ ဒီ့ပြင်စာတွေ မရှိတော့ဘူး”

လက်ရှိတွင် စစ်ကောင်စီတပ်မှာ ကြက်ဆူအိုင့်ရွာအနီး တပ်စွဲထားဆဲဖြစ်ကာ နှစ်ဖက် ဆိုင်ထားသည့် အနေအထားဖြစ်၍ တိုက်ပွဲများ ထပ်မံဖြစ်လာဖွယ်ရှိကြောင်း PDF ဘက်က သုံးသပ်သည်။

ယနေ့နံနက်ပိုင်းအထိ ကြက်ဆူအိုင့်ရွာတွင် နေအိမ် ၄ လုံး မီးလောင်ပျက်စီးသွားကာ ဆိုင်ကယ်အချို့ကို မီးရှို့ထားကြောင်း သိရပြီး ဒေသခံအများအပြား ထွက်ပြေးနေကြသည်။ 

နေအိမ်မီးရှို့မှုရပ်ဆိုင်းရန် နိုင်ငံတကာက စစ်ကောင်စီကို တောင်းဆိုထားသော်လည်း စစ်ကောင်စီက ထိုလုပ်ရပ်မျိုး ၎င်းတို့ ကျူးလွန်ခြင်းမရှိဟု ပြောဆိုလေ့ရှိသည်။ myanmar now

စစ်ကောင်စီက ဖမ်းဆီးထားသည့် ဆရာဝန်ကို မတရားအသင်းဆက်သွယ်မှုဖြင့် အမှုဖွင့်

စစ်ကောင်စီက ဖမ်းဆီးထားတဲ့ ရခိုင်ပြည်နယ် တောင်ကုတ်မြို့က ဆရာဝန်တယောက်ဖြစ်တဲ့ ဒေါက်တာကျော်သူရထွန်းကို စစ်ကောင်စီက မတရားအသင်းဆက်သွယ်မှုနဲ့ အမှုဖွင့်ထားတယ်လို့ မိသားစုဝင်တယောက်က ပြောပါတယ်။ 

ဒေါက်တာကျော်သူရထွန်းဟာ စက်တင်ဘာ ၆ ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ခမရ(၅၄၄) တပ်ရင်းနားမှာ ဖမ်းဆီးခံလိုက်ရတာဖြစ်ပြီး စက်တင်ဘာ ၂၃ ရက်နေ့ကမှ တောင်ကုတ်မြို့မရဲစခန်းကို လွှဲပြောင်းပေးလိုက်တာဖြစ်တယ်လို့လည်း ပြောပါတယ်။ 

“သူ့ကို သောကြာနေ့က ရဲစခန်းကို လွှဲပြောင်းပေးလိုက်တယ်။ စနေနေ့မှာ ကျမတို့နဲ့ တွေ့ခွင့်ရတယ်။ ကျန်းမာရေးကတော့ သိပ်မကောင်းဘူး။ အားနည်းလို့ ဆေးသွင်းထားရတယ်လို့ ပြောတယ်။ သူ့ကို မတရားအသင်းဆက်သွယ်မှုပုဒ်မနဲ့ အမှုဖွင့်ထားတယ်လို့တော့ သိရတယ်။ ကျမတို့လည်း ဥပဒေပိုင်းတွေကို သိပ်နားမလည်တော့ ဘယ်ပုဒ်မတွေနဲ့ ဖွင့်ထားတယ် ဆိုတာတော့ မသိဘူး” လို့ ပြောပါတယ်။ 

ဒေါက်တာကျော်သူရထွန်းဟာ သွားဆရာဝန်တယောက်ဖြစ်ပြီး အစိုးရ ဝန်ထမ်းအလုပ်ကိုမလုပ်ဘဲ ကိုယ်ပိုင်ဆေးခန်းဖွင့်ကာ တောင်ကုတ်မြို့အတွင်း လူမှုရေးလုပ်ဆောင်နေတာတွေ ရှိတယ်လို့ သိရပါတယ်။  

အမှုအကြောင်း အသေးစိတ်သိရဖို့ တောင်ကုတ်မြို့မရဲစခန်းကို ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိခဲ့ပါဘူး။ 

ရှေ့နေတယောက်က “ရဲစခန်းမှာ မတရားအသင်းဆက်သွယ်မှုနဲ့ အမှုဖွင့်ထားတယ် ဆိုရင်တော့ ပုဒ်မ ၁၇(၁)(၂) တို့နဲ့ တရားစွဲဆိုထားတွေရှိတယ်။ ပြစ်ဒဏ်အဖြစ်  ပုဒ်မ ၁၇(၁) ထောင်ဒဏ် ၂ နှစ်မှ ၃ နှစ်နဲ့အတူ ငွေဒဏ်ပါချမှတ်နိုင်ပြီး ပုဒ်မ ၁၇(၂) ကို ထောင်ဒဏ် ၃ နှစ်ကနေ ၅ နှစ်အထိ ငွေဒဏ်နဲ့အတူ ချမှတ်နိုင်တယ်”လို့ ပြောပါတယ်။ 

ရခိုင်ပြည်နယ်မှာ စက်တင်ဘာလအတွင်း စစ်ကောင်စီက အရပ်သား ၃၀ နီးပါးအထိ ဖမ်းဆီးထားပါတယ်။ DVB

အင်းတော်တွင် စစ်သား ၄၀၀ ခန့် စစ်ကြောင်းထိုးနေ

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကို အင်းတော်-PDF၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့် ကျောင်းသားတပ်မတော်(ABSDF) တို့ နှစ်ရက်ဆက်တိုက် ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်ဟု သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၃ မှ စတင်၍  မိုးညှင်းမြို့မှ ဆင်းလာသည့် စစ်တပ်နှင့် အင်းတော်မှ စစ်တပ်တို့တွင် အင်အား ၄၀၀ ခန့် ရှိပြီး စစ်ကြောင်း ၅ ကြောင်းခွဲကာ မိုးညှင်းနှင့် အင်းတော်ကြားတွင် စစ်ကြောင်းထိုးနေခြင်းဖြစ်သည်ဟု အင်းတော်-PDF  ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စက်တင်ဘာ ၂၄  နံနက်က အင်းတော်မြို့ မြောက်ဘက် မိုင် ၂၀ ခန့်အကွာ နန့်စီးအောင်နှင့် မော်လူးကြားတွင် ဒေသကာကွယ်ရေးအဖွဲ့က မိုင်း ၅ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ဒဏ်ရာရသည်ဟု ဆိုသည်။

“သေတာလည်းရှိမှာပေါ့၊ အတိအကျတော့မသိဘူး။ ထိခိုက်သွားတဲ့သူတွေအားလုံးကိုတော့ နန့်စီးအောင်ကားဂိတ်ကနေပြီးတော့ အိမ်စီးကားနဲ့ မိုးညှင်းဘက်ကို သယ်သွားတယ်” ဟု အဆိုပါ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

နောက်တစ်ရက်တွင် အရပ်သားကားများကို အသုံးပြုပြီး ဆင်းလာသည့် စစ်ကောင်စီစစ်ကြောင်းတစ်ခုကို မော်လူးနှင့် နဘားကြားတွင် PDF, KIA နှင့် ABSDF ပူးပေါင်းအဖွဲ့များက မွန်းတည့် ၁၂ နာရီခန့်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြသည်။

မိနစ် ၃၀ ခန့်ကြာသည့် တိုက်ပွဲတွင် အလစ်အငိုက်ယူ တိုက်ခိုက်နိုင်သည့်အတွက် ၎င်းတို့ဘက်မှ ထိခိုက်ကျဆုံးမှု မရှိဘဲ စစ်ကောင်စီတပ်မှ ၂ ဦး သေဆုံးပြီး ဒဏ်ရာရသူများကြောင်း အင်းတော်-PDF ထံမှ သိရသည်။

“မော်လူးနဲ့ နဘားကြားထဲမှာပဲ စစ်ကြောင်းခွဲပြီးတော့ ကားနဲ့ ဆင်းခဲ့တာ၊ အဲဒီမှာ ကျွန်တော်တို့ ပူးပေါင်းအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာပေါ့၊ အဲဒီမှာ သူတို့ဘက်က နှစ်ကောင်သေသွားတယ်။ ဒဏ်ရာရတဲ့ကောင်တွေလည်း များတယ်” ဟု ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါ စစ်ကြောင်းမှာ အောက်ဘက်သို့ ဆက်လက်စစ်ကြောင်းထိုးလာခဲ့ပြီး စစ်သားနှစ်ဦး၏ အလောင်းများကို ယမန်နေ့ မွန်းလွဲပိုင်းတွင် နဘားရွာအနီးရှိ ကချင်သင်္ချိုင်း၌ လာရောက်မြှုပ်နှံသွားသည်ဟု သိရသည်။

ထို့ပြင် နဘားရွာလမ်းဆုံအနီးရှိ ဈေးဆိုင်များကို ဝင်ရောက်မွှေနှောက်ပြီး ဖုန်း၊ ဆန်၊ နှင့် အရက်ဘီယာများကိုလည်း ယူသွားကြသည်ဟု ဒေသခံအချို့က ပြောသည်။

စစ်ကောင်စီစစ်ကြောင်းကြောင့် အင်းတော်မြို့အဝင်အထွက်လမ်းမကြီးများကို ယနေ့ မွန်းလွဲအထိ ပိတ်ထားခဲ့ပြီး မြို့အထွက်တွင် ပိတ်မိနေသည့် ကားများကို စစ်ကောင်စီတပ်က တစ်စီး ကျပ် ၅၀၀၀ နှုန်းဖြင့် လိုက်တောင်းနေသည်ဟု အသက် ၄၀ ခန့်ရှိသည့် အင်းတော်မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

“လယ်ပြင်ရွာဘက်မှာ ပိတ်ထားတာကြောင့်မို့လို့ ကားတန်းရှည်သွားတာ၊ ကသာဘက်ရော မော်ဟန်ရော အဲဒီဘက်မှာ စစ်ရေးလှုပ်ရှားမှုတွေ နည်းနည်းရှိလို့” ဟု သူက ဆိုသည်။

မွန်းလွဲ ၃ နာရီခန့်တွင်မူ ကားလမ်းများ ပြန်လည်ပွင့်သွားခဲ့သည်ဟု သိရပြီး မြို့ပေါ်တွင် ပုံမှန်အတိုင်း သွားလာလှုပ်ရှားလျက်ရှိသည်ဟု သိရသည်။

ယနေ့ နံနက်မှ စတင်၍ စစ်ကောင်စီစစ်ကြောင်းအားလုံးနီးပါး အင်းတော်အနောက်မြောက်ဘက် တောများသို့ ဦးတည်ကာ စစ်ကြောင်းထိုးနေ၍ တိုက်ပွဲ ဆက်လက်ဖြစ်ပွားမည့်အခြေအနေများရှိသည်ဟု အင်းတော်-PDF အဖွဲ့က ဆိုသည်။

“အတွင်းသတင်းအရ‌တော့ သူတို့က ကျွန်တော်တို့ နေရာတွေကို သိနေတယ်၊ အခုကတော့ တိုက်ပွဲမဖြစ်သေးဘူး၊ ဒါပေမဲ့ ဖြစ်တော့ဖြစ်မှာ” ဟု အင်းတော်-PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက် တိုင်းရင်းသားဒေသများအပါအဝင် နိုင်ငံအနှံ့တွင် လက်နက်ကိုင်တော်လှန်ရေးများ ပေါ်ပေါက်လာသည်။

စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ်မြို့များမှာ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာတွင် အားကောင်းလျက်ရှိပြီး အင်းတော်မြို့အပါအဝင် စစ်ကိုင်းတိုင်းမြောက်ပိုင်းတစ်ခုလုံးတွင် တိုက်ပွဲများ ပြင်းထန်နေသည်။myanmar now

« Older Entries