မန္တလေး အဖမ်းအဆီးများတွင် ထောင်ချောက်ဆင်ဖမ်းမှုလည်း ပါဝင်

မန္တလေးတွင် လက်နက်ကိုင်ခုခံတိုက်ခိုက်သည့်အဖွဲ့များနှင့် ဆက်စပ်သည်ဟု ယူဆခံရသူ ဒေသခံ အများအပြား ဆက်တိုက်ဆိုသလို ဖမ်းဆီးခံနေရပြီး ထိုအထဲတွင် ထောင်ဖမ်းမှုများလည်း ပါဝင်သည်ဟု ဒေသခံများနှင့် တော်လှန်ရေးအဖွဲ့များက ပြောသည်။

စက်တင်ဘာ ၂၃ တွင် မဟာအောင်မြေမြို့နယ်အတွင်း လူငယ် ၇ ဦးကို ဖမ်းဆီးသွားခဲ့သည်ဟု စိန်ပန်းရပ်ကွက်နေသူတစ်ဦးက ပြောသည်။

“သူတို့က တော်လှန်ရေးလုပ်နေတဲ့ ကလေးတွေ ဟုတ်၊ မဟုတ်တော့ အတိကျမသိရသေးဘူး၊ ၁ ဦးကတော့ ပြန်လွတ်လာပြီ၊ ကျန်တဲ့ ၆ ဦးကို ဘယ်မှာထိန်းသိမ်းထားလဲ မသိရဘူး” ဟု ၎င်းက ပြောသည်။

ဖမ်းဆီးခံရသူတို့မှာ မဟာအောင်မြေမြို့နယ် (၄၁ လမ်းနှင့် လမ်း၉၀) သားသတ်ရုံအနီးနေ စောနောင်ဝင်း၊ အကွက် (၄၀၆ ) သပြေညွှန့်ရပ်နေ စန်းသော်တာ ဓာတ်ပုံဆိုင်ဝန်ထမ်း၊ သာသနာပိုင်ရပ်ကွက်မှ ဦးမျိုးလွင်၊ သားသား၊ ဗေကြီး၊ ဂျပန်ကြီးနှင့် လက်သမားရပ်ကွက်နေ လိပ်ကြီး ဆိုသူတို့ ဖြစ်သည်ဟု သိရသည်။

ယင်းဖြစ်စဉ်အပြီး နောက်တစ်နေ့ စက်တင်ဘာ ၂၄ တွင်လည်း စစ်ကောင်စီက မန္တလေးမြို့ပြပြောက်ကျားအဖွဲ့ Mandalay People Defence Force (MPDF) မှ ရဲဘော်တစ်ဦးကို ထောင်ချောက်ဆင် ဖမ်းဆီးခဲ့သည်ဟု ယင်းအဖွဲ့က ထုတ်ပြန်သည်။

ရဲဘော်ကိုဆိတ်(ခ) အောင်ကိုလတ်သည် ၎င်း၏မိတ်ဆွေတစ်ဦးက ၅၃ လမ်း ၁၀၃ လမ်းနှင့် ၁၀၄ လမ်းကြားသို့ ချိန်းဆို၍ သွားရောက်စဉ် စစ်ကောင်စီတပ်သားများက ကားဖြင့် ရောက်လာကာ ရိုက်နှက်ဖမ်းဆီးသွားခဲ့သည်ဟု ဆိုသည်။

“သူ့ရဲ့မိတ်ဆွေတစ်ဦးကနေပြီး သူတို့ရပ်ကွက်ထဲမှာ ပြဿနာဖြစ်လို့ဆိုပြီး အကူအညီတောင်းလို့ လိုရမယ်ရဆိုပြီး (ပစ္စတို) ထည့်ပြီး ထွက်သွားတာ၊ ချိန်းတဲ့ဆီ ရောက်သွားတဲ့အချိန်မှာ မတွေ့လို့ ဖုန်းဆက်တဲ့အချိန် နောက်က ကားနဲ့ ရောက်လာပြီး ဖမ်းသွားတာ“ ဟု ခေါင်းဆောင် ဗိုလ်နက္ခတ်က ဆိုသည်။

စက်တင်ဘာ ၂၅ နံနက်တွင်လည်း မဟာအောင်မြေမြို့နယ် (၈၄) လမ်း (၃၅) လမ်း အနီးတွင် နေထိုင်သူ ကိုလင်းထွန်းလပြည့်ကို လာရောက်ဖမ်းဆီးရာ မတွေ့သည့်အတွက် မိခင်အပါအဝင် မိသားစုဝင် ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး စက်တင်ဘာ ၂၆ မနက်ပိုင်းတွင်မှ ပြန်လွှတ်ပေးခဲ့သည်။

“အင်အားအလုံးအရင်းနဲ့ ပိတ်ဆို့ပြီးဝင်တာ၊ မတွေ့တော့ သူ့ရဲ့အမေရယ်၊ တူလေးရယ်၊ ညီမရယ်ကို ဖမ်းခေါ်သွားတာ။ ဘာ့ကြောင့်လဲတော့ မသိရဘူး” ဟု ၈၄လမ်းအနီး နေထိုင်သူတစ်ဦးက ဆိုသည်။

စက်တင်ဘာ ၂၅  ညပိုင်းတွင်လည်း (၆၅) လမ်းနှင့် (၁၁၈) လမ်းထောင့်ရှိ “အောင်” အထွေထွေရောဂါကုဆေးခန်းမှ ဆရာဝန်တစ်ဦးကို အင်အားအများအပြားဖြင့် လာရောက်ဖမ်းဆီးသွားသည်ဟု အထက်ပါသတင်းရင်းမြစ်က ဆက်ပြောသည်။

မန္တလေးတွင် ဇူလိုင်လမှ စက်တင်ဘာလအတွင်း မြို့ပြပြောက်ကျားတပ်ဖွဲ့ အနည်းဆုံး (၄) ဖွဲ့၏ တပ်ဖွဲ့ဝင် (၅၀) ဦးထက်မနည်း ဖမ်းဆီးခံထားရသည်ကို Myanmar Now က စာရင်းပြုစုထားသည်။

စစ်ကောင်စီကမူ ဖမ်းဆီးမှုနှင့် တိုက်ခိုက်မှု အများစုကို သတင်းအမှောင်ချထားသည်။

မန္တလေးမြို့ခံတစ်ဦးကလည်း စစ်ကောင်စီသည် မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် လူငယ်များကို ထောင်ချောက်ဆင် ဖမ်းဆီးမှု များပြားလာနေသည်ဟု ပြောသည်။

“လက်နက်နဲ့ မျှားပြီးခေါ်တာ ခုနောက်ပိုင်း ခေတ်စားလာတာပေါ့၊ လက်နက်ခဲယမ်းလေးတွေ ပေးမယ် ပြုမယ်ဆိုပြီး လိမ်ညာပြီး ခေါ်ဖမ်းတယ်၊ ကလေးတွေက လက်နက်ရလိုမှုလေးတွေနဲ့ ထောင်ဖမ်းခံကြရတာ” ဟု ဆိုသည်။

MPDF ခေါင်းဆောင် ဗိုလ်နက္ခတ်က မန္တလေးတွင် စစ်ကောင်စီကို တိုက်ခိုက်မှုအရှိန် လျော့ကျသွားမည် မဟုတ်ဟု ဆိုသည်။ 

“ဘယ်လောက်ဖမ်းဖမ်း ကျွန်တော်တို့တိုက်ခိုက်မှုတွေ လျော့မသွားပါဘူး။ တော်လှန်ရေးက အရှိန်မြင့်လာပါပြီ။ အားပြိုင်မှုတွေထဲမှာ အားသာလာတာ ထင်သာမြင်သာပါတယ်” ဟု ပြောသည်။

လုံခြုံရေးတင်းကျပ်ထားသည့် မန္တလေးမြို့တွင် ဗိုလ်နက္ခတ် ဦးဆောင်သည့် MDY-PDF က စက်တင်ဘာလအတွင်း မန္တလေးကန်တော်ကြီးအနီး အမှတ်(၁၀) ရဲစခန်း နယ်ထိန်း ရခိုင်ကြီးဆိုသူကို ပစ်သတ်ခဲ့သည်ဟု သိရသည်။

ထို့အပြင် စက်တင်ဘာ (၁၄) ရက်တွင်လည်း စစ်ကောင်စီကို ဆက်ကြေးပေးကာ ဖွင့်လှစ်နေသည့် ၇၈ လမ်းအနီးရှိ လောင်းကစားဝိုင်းတစ်ခုကို MDY-PDF က တားမြစ်ပြီး လောင်းကစားပစ္စည်းများသိမ်းကာ သတိပေးထားကြောင်း၊ လောင်းကြေးငွေများ မယူခဲ့ကြောင်း သိရသည်။

ထို့အပြင် စက်တင်ဘာ (၂၂) ကလည်း (၆၉) လမ်း မန္တလေးစည်ပင် အရာရှိရိပ်သာဝင်းတွင် ဂိတ်စောင့်နေသည့် စည်ပင်ရဲများကို ဗုံးခွဲတိုက်ခိုက်ရာ ရဲ (၃) ဦးထက်မနည်း ဒဏ်ရာရသွားသည်ဟု ဆိုသည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s