Monthly Archives: Sep 2022

မြန်မာနှင့် အာဖဂန်နစ္စတန်မှ ကိုယ်စားပြုတက်ရောက်သူ မရှိခဲ့သည့် ကုလ အထွေထွေညီလာခံ အဆုံးသတ်

မြန်မာနှင့် အာဖဂန်နစ္စတန်မှ သက်ဆိုင်ရာနိုင်ငံအစိုးရ ကိုယ်စားပြုခေါင်းဆောင်များ နှစ်နှစ်ဆက်တိုက် တက်ရောက်မိန့်ခွန်းပြောဆိုနိုင်ခြင်း မရှိခဲ့သည့် ကုလသမဂ္ဂ အထွေထွေညီလာခံ ခေါင်းဆောင်များ အစည်းအဝေးသည် စက်တင်ဘာ ၂၆ ရက်က ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

လက်ရှိအချိန်တွင် မြန်မာနှင့် အာဖဂန်နစ္စတန်ကို မည်သူက ကိုယ်စားပြုသင့်သလဲဆိုသည့် ကိစ္စရပ်ကို ဖြေရှင်းရန် ကုလသမဂ္ဂက ကြိုးပမ်းလျက် ရှိသည်။

တစ်နှစ်တစ်ကြိမ် ကျင်းပသည့် ခေါင်းဆောင်များ၏ အဆင့်မြင့်လယ်ဗယ် အစည်းအဝေးတွင် လက်ရှိ တာလီဘန်တို့ ထိန်းချုပ်ထားသော အာဖဂန်နစ္စတန်ကို ကိုယ်စားပြု တက်ရောက်မိန့်ခွန်းပြောဆိုသူ မရှိခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းပြီး အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်အာဏာသိမ်းထားသည့် မြန်မာနိုင်ငံမှလည်း ကိုယ်စားပြုခေါင်းဆောင်တစ်ဦး တက်ရောက်မိန့်ခွန်းပြောဆိုနိုင်ခြင်း မရှိခဲ့ပေ။

အာဖဂန်နစ္စတန်အတွက် ယမန်နှစ် အထွေထွေညီလာခံအတိုင်း ဖြစ်ခဲ့ပြီး ယမန်နှစ်က အာဖဂန်တွင် တစ်ကျော့ပြန် အာဏာပြန်ရသွားသည့် တာလီဘန်တို့သည် ကုလသမဂ္ဂနှင့် မည်ကဲ့သို့ ထိတွေ့ဆက်ဆံမလဲ ဆိုသည်ကို သဘောပေါက်နားလည်နိုင်ရန် ကြိုးပမ်းခဲ့ကြသည်။

မြန်မာဆိုင်ရာ ကုလ အထူးသံတမန်ဖြစ်သူက သူမအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မရပါက မြန်မာနိုင်ငံကို နောက်တစ်ကြိမ် ထပ်သွားတော့မည် မဟုတ်ကြောင်း ပြီးခဲ့သည့်လက ပြောခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ဖေဖေါ်ဝါရီလက စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရထံမှ အာဏာသိမ်းယူလိုက်ပြီးနောက် နိုင်ငံသည် ဝရုန်းသုန်းကား အခြေအနေအောက် ကျရောက်နေခဲ့ပြီး ထိုအခြေအနေက ပြည်တွင်းစစ်ဖြစ်ကြောင်း ကုလကျွမ်းကျင်သူတချို့က ပြောကြသည်။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ အစိုးရအဖွဲ့မှ ထိပ်တန်းပုဂ္ဂိုလ်များအပေါ် စွဲချက်များ စွဲဆိုထားခြင်းက ၎င်းတို့ကို နိုင်ငံ ရေးတွင် ပါဝင်ပတ်သက်နိုင်ခြင်း မရှိစေရန် လုပ်ဇာတ်ခင်းထားခြင်း ဖြစ်ကြောင်း ဝေဖန်သူများက ပြောသည်။

ကုလသမဂ္ဂတွင် မြန်မာနှင့် အာဖဂန်နစ္စတန်ကို ကိုယ်စားပြုမည့် သံတမန်ကိုယ်စားလှယ်ထိုင်ခုံနေရာများအတွက် အပြိုင်အဆိုင် တင်ပြထားမှုအနက် မည်သည့်ကိုယ်စားလှယ်ကို လက်ခံမလဲဆိုသည်ကို မဆုံးဖြတ်သေးဘဲ ကုလဘက်က ယမန်နှစ် ဒီဇင်ဘာလက ဆိုင်းငံ့ထားခဲ့သည်။ mizzima

ချင်းပြည်နယ်၊ မတူပီတွင် တိုက်ပွဲဖြစ်ပြီး စစ် သား ၄ ဦးသေဆုံးပြီး CDF ရဲဘော် ၂ ဦး ကျဆုံး၊ ကျောက်ကြီးတွင် မိုင်းခွဲခံရမှုကြောင့် စစ်သား ၁ ဦးသေဆုံး

ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် ယနေ့နံနက်က စစ်တပ်နှင့် CDF မတူပီကြားတိုက်ပွဲတွင် နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိကြောင်း သတင်းရရှိသည်။

မတူပီ-ဟားခါးလမ်း၊ ခရိုင်အိုးအိမ်ဦးစီးဌာနအနီး ယနေ့ နံနက် ၇ နာရီခွဲခန့်တွင် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်စစ်တပ်ဘက်မှ ၄ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိသလို CDF မတူပီ တပ်ရင်း ၂ မှ ရဲဘော် နှစ်ဦး ကျဆုံးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။

အကြမ်းဖက်စစ်သားများနှင့် လက်ပါးစေ ရဲများသည် CDF မတူပီ တပ်ရင်း ၂ ဘက်သို့ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာနေသဖြင့် တိုက်ပွဲပြင်းထန်လာဖွယ်ရှိကြောင်း သတင်းရရှိသည်။

အလားတူ ယမန်နေ့ နံနက် ၁၀ နာရီခန့်တွင် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ရေအိုးစဉ်ကျေးရွာ၊ သံပုရာအိုင်တံတားထိပ်တွင် စစ်ကောင်စီတပ်ဖွဲ့ မိုင်းခွဲခံရပြီး စစ်သား ၁ ဦးသေဆုံးပြီး ၁ ဦးမှာ လက်ပြတ်သွားကြောင်း သတင်းရရှိသည်။

ကင်းထောက်ရန်လာသော စစ်ကောင်စီတပ်ဖွဲ့ကို တောင်ငူခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၃၅၀၂၊ အထူးစစ်ကြောင်းတပ်ခွဲက မိုင်းဆွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။ khit thit

မင်းပြားမြို့နယ် ခေါင်းလောင်းချောင်းကျေး ရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးများ ဖြင့်ပစ်ခတ်ရာ ရွာလုံးကျွတ် ထွက်ပြေးနေရ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ၊ခေါင်းလောင်းချောင်းကျေးရွာသို့ စစ်ကောင်စီ၏ ရေတပ်နှင့် ရဟတ်ယာဉ်များက ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံများ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။

ယမန်နေ့ စက်တင်ဘာလ ၂၆ရက်နေ့က စစ်တွေမြို့မှ မင်းပြားမြို့သို့ ဦးတည်ထွက်ခွာလာသည့် စစ်ကောင်စီ၏ ရေယာဉ်နှစ်စီးကို ရက္ခိုင့်တပ်တော်(AA) မှတိုက်ခိုက်ခဲ့ သည့်အတွက် စစ်ကောင်စီမှ ခေါင်းလောင်းချောင်းကျေးရွာကို ရဟတ်ယာဉ်နှင့် ရေယာဉ်တို့က ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ ပစ်ခတ်မှုကြောင့် ကျေးရွာအတွင်းရှိ ဘုန်းတော်ကြီးကျောင်းတွင် လက်နက်ကြီးများ ကျရောက် ပေါက်ကွဲခဲ့၍ ဒေသခံ သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“မနေ့က ကျွန်တော်တို့ရွာကို စစ်တပ်ရဲ့ သင်္ဘောပေါ်ကကော လေယာဉ်တွေနဲ့ပါ ပစ်ခတ်ခဲ့ပါတယ်။ ပစ်ခတ်မှုတွေရပ်သွားတာနဲ့ ကျွန်တော်တို့လည်း အနီးအနားက ကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်လာကြပါတယ်။ ရေတပ်က ပြန်ဆင်းလာပြီး ထပ်ပစ်မှာကို ကိုစိုးရိမ်လို့ပါ” ဟု ခေါင်းလောင်းချောင်းရွာသားတစ်ဦး ကမဇ္ဈိမကို ပြောသည်။

ယနေ့ စက်တင်ဘာ ၂၇ ရက်နေ့ နံနက် ၈ နာရီက မင်းပြားမြို့၊ ကျိန်းတောင် တောင်ပေါ်မှပစ်ခတ်လိုက်သည့် စစ်ကောင်စီ၏ လက်နက်ကြီးကျည်များသည် ခေါင်းလောင်းချောင်းကျေးရွာ အတွင်းသို့ ထပ်မံ ကျရောက်ခဲ့ပြီး နေအိမ်တစ်လုံး ပျက်စီး ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ထို့အပြင် ယမန်နေ့က မင်းပြားမြို့သို့ ထွက်ခွာသွားသည့် စစ်ကောင်စီ၏ ရေယာဉ်မှာ ယနေနံနက်ပိုင်းတွင် ခေါင်းလောင်းချောင်းကျေးရွာအနီးသို့ ထပ်မံရောက်ရှိလာပြီး ရေယာဉ်နှင့် ရဟတ်ယာဉ်များပေါ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။

“ ဒီကနေ့မနက်မှာလည်း မင်းပြားမြို့ပေါ်က ကျိန်းတောင်တောင်ထက်က လက်နက်ကြီး တွေနဲ့ လှမ်းပစ်ခတ်တာ ရွာထဲက အိမ်ပေါ်ကိုကျခဲ့တယ်။ အိမ်တစ်လုံး ပျက်စီးတယ်။ နောက် မင်းပြားဘက်ကပြန်ဆင်းလာတဲ့ ရေယာဉ်ကလည်း ရွာအနား ရောက်တော့ ပစ်တယ်။ အပေါ်ကလည်း ရဟတ်ယာဉ် နဲ့ ရွာထဲကိုပစ်ခတ်ခဲ့တယ်။ ရွာက လူတွေ အကုန် ထွက်ပြေးသွားပြီ။ ကျွန်တော်တို့က ရွာမှာစောင့်ကျန်နေခဲ့တာ။ သူတို့ပစ်နေတဲ့ အချိန်မှာတော့ လုံခြုံတဲ့နေရာမှာ နေရတာပေါ့” ဟု ခေါင်းလောင်း ချောင်းကျေးရွာတွင် ကျန်နေခဲ့သည့် ဒေသခံက မဇ္ဈိမ ကိုပြောသည်။

စစ်ကောင်စီ၏ ရေယာဉ်နှင့် ရဟတ်ယာဉ်တို့သည် ခေါင်းလောင်းချောင်းကျေးရွာ အတွင်းကို ယနေ့နံနက် ၁၀နာရီ ၄၅ မိနစ်ခန့်မှ စတင်၍ ၁၅မိနစ်ကြာ ပစ်ခတ်ခဲ့ကြောင်း သိရသည်။

မင်းပြားမြို့နယ်ရှိ ချောင်းလောင်းကျေးရွာတွင် အိမ်ခြေ ၇၀၀ ကျော်ရှိပြီး လူဦးရေ ၃,၀၀၀ကျော် နေထိုင်ကြောင်း သိရသည်။ mizzima

မိုင်းကွင်းပေါ်ရောက် စစ်တပ် ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်း အဖွဲ့သုံးဖွဲ့ခွဲကာ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကို ယမန်နေ့ (စက်တင်ဘာ ၂၆) နံနက်ပိုင်းက ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ သပိတ်ကျင်းမြို့နယ် ဖက်ရှည်ရွာအနီး မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကြောင်းမှာ အင်အား ၇၀ ခန့်ရှိကြောင်း၊ ကြိုတင်ပြင်ဆင်ထားသော မိုင်းကွင်းပေါ် စစ်ကြောင်းရောက်လာချိန်တွင် တိုက်ခိုက်ခြင်းဖြစ်ကြောင်း ပါဝင် တိုက်ခိုက်ခဲ့သော ဗိုလ်လင်းယုန်အဖွဲ့ ခေါင်းဆောင် ဇီးရိုးဝမ်းဆိုသူက ပြောသည်။

“ရှေ့ပြေးအဖွဲ့က မိုင်းကွင်းကို ကျော်သွားတဲ့အချိန် နောက်က စစ်ကြောင်းက မိုင်းကွင်းပေါ် ရောက်လာတာ။ အဲဒီမှာ ပဒေသာတစ်စုံ ခွဲတယ်။ သူတို့ကို ခွဲပြီးတော့ ရှေ့ပြေးအဖွဲ့ကလည်း နောက်မိုင်းကွင်းပေါ် ရောက်လာတယ်၊ အဲဒီအဖွဲ့ကိုလည်း ခွဲလိုက်တယ်” ဟု ဇီးရိုးဝမ်းဆိုသူက ပြောသည်။

ရှစ်လုံးတွဲပဒေသာမိုင်းတစ်စုံနှင့် ခြောက်လုံးတွဲတစ်စုံတို့ဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီစစ်ကြောင်းမှ ၃၀ ကျော် သေဆုံးနိုင်ပြီး ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဗိုလ်လင်းယုန်အဖွဲ့က ခန့်မှန်းသည်။ ထိုအချက်ကို သီးခြား အတည် မပြုနိုင်ပေ။​

စစ်သားရုပ်အလောင်းများကို သုံးနာရီခန့်အကြာတွင် နာရေးကူညီမှုကား ၄ စီးဖြင့် သယ်ဆောင်ပြီး ကျောက်ကြီးစစ်ဆေးရုံသို့ သယ်ဆောင်သွားခဲ့ကြောင်း ၎င်းတို့၏ ရင်းမြစ်များကို ကိုးကားပြီး ဇီးရိုးဝမ်းက ဆိုသည်။​ ထိုသို့ အတိုက်ခံရပြီးနောက် စစ်တပ်က အင်အားဖြည့်တင်းကာ ဖက်ရှည်ကျေးရွာတွင်းသို့ ဝင်ရောက်ပြီး ရွာသူရွာသားများကို ဖမ်းဆီးစစ်မေးသည်ဟု သိရသည်။

ပဒေသာမိုင်းဆိုသည်မှာ လက်လုပ်မိုင်းများစွာကို အတန်းလိုက် နေရာခွဲချထားကာ တစ်ပြိုင်နက် ဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ်ပြီး မိုင်းအ ရွယ်အစားအလိုက် သံပုံး၊ ကော်ပုံးတို့ဖြင့် ပြုလုပ်ထားပြီး အတွင်း၌ ယမ်း၊ အမိုနီယံနိုက်ထရိတ် အပြင် သံတိုသံစများပါ ထည့်သွင်းထားသည့် လက်လုပ်မိုင်းအမျိုးအစားဖြစ်သည်။ myanmar now

NLDပါတီ၀င်များ အခြားပါတီဝင်များနှင့်ပူးပေါင်းဆောင်ရွက်မှု ယခုထက်ပိုမို ကြိုးစားမှသာ ဖက်ဒရယ်ဒီမိုကရေစီအရေး လျင်လျင် မြန်မြန်ဆောင်ရွက်နိုင်မည်ဟု NUG သမ္မတကြီး‌ပြောကြား

NLDပါတီ၀င်များ အခြားပါတီဝင်များနှင့် ပူးပေါင်းဆောင်ရွက်မှု ယခုထက်ပိုမို ကြိုးစားမှသာ ဖက်ဒရယ်ဒီမိုကရေစီအရေး လျင်လျင်မြန်မြန်ဆောင်ရွက်နိုင်မည်ဟု NUG သမ္မတကြီး‌က‌ ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခြင်း ၃၄ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားတွင် ယာယီသမ္မတကြီး ဒူဝါလရှီးလက ‌ပြောကြားခဲ့ခြင်းဖြစ်သည်။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ သက်တမ်းနုနယ်တဲ့ ကာလအလျောက် အမျိုးမျိုးသော ပြဿနာများကို ရင်ဆိုင်ဖြေရှင်းတဲ့နေရာမှာ အ ခက်အခဲများစွာကိုလည်း ကြုံတွေ့ ဖြတ်သန်းခဲ့ရတာ အားလုံးသိရှိပြီး ဖြစ်ပါတယ်။ NLDပါတီဝင်များအနေနဲ့ တစ်ခဲနက် အောင်မြင်မှုရလာချိန်မှာ တစ်ဦးရဲ့ ဆန္ဒကို တစ်ဦးက အလေးထားဖို့၊ အခြားပါတီများနှင့် ပူးပေါင်း ဆောင်ရွက်ရာတွင် ပိုမိုအာရုံစိုက်ဖို့၊ ယခုထက်ပိုမိုကြိုးစားလုပ် ဆောင်ဖို့လည်း လိုအပ်ပါတယ်။ သို့မှသာ တိုင်းရင်းသားတွေလိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီအရေးတွေကို ပိုမိုလျင်မြန်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်” ဟု သမ္မတကြီးက ‌ပြောကြားသည်။

NLD ပါတီသည် သမိုင်းလိုအပ်ချက်အရ ပေါ်ပေါက်လာသည့် လူထုပါတီ ဖြစ်‌ကြောင်း၊ ဒီမိုကရေစီအခွင့်အရေးရရှိရန် ဖွဲ့စည်းတည်ထောင်ခဲ့ရုံသာမက အခက်အခဲပေါင်းများစွာကို ရင်ဆိုင်ပြီး ပြည်သူဘက်မှ မားမားမတ်မတ်ရပ်တည်ခဲ့သည့် ပါတီ ဖြစ်‌ကြောင်း သမ္မတကြီးကဆိုသည်။

” အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပါတီသက်တမ်း နုနယ်သေးပေမယ့် လုပ်ဆောင်မှု စွမ်းပကားကြီးမားတာကို တွေ့ရပါတယ်။ ကျင်းပပြီး စီးခဲ့တဲ့ ရွေးကောက်ပွဲတိုင်းမှာ ပြည်သူလူထုက လုံးဝမနှစ်မြို့တဲ့ မဆလ တစ်ပါတီ၊ ကြံ့ခိုင်ရေးပါတီအစရှိတဲ့ စစ်တပ်နောက်ခံပြုထားတဲ့ ပါတီကြီးတွေကိုပင် မရှုမလှရှုံးနိမ့်စေတဲ့အထိ တောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ပြီး နိုင်ငံရေးဦးဆောင်မှုကို ထိုက်ထိုက်တန်တန် ရရှိခဲ့တဲ့ပါတီ ဖြစ်ပါတယ်” ဟု သမ္မတကြီး ဒူဝါလရှီးလက ‌ပြောသည်။

NLD ပါတီအနေ ဖြင့် သက်တမ်းရှည်လာသည်နှင့်အမျှ အားနည်းချက်များကို ပြုပြင်ပြီး ပိုမိုကောင်းမွန်သောဦးဆောင်မှုဖြင့် နွေဦးတော်လှန်‌ ရေးတွင် အောင်မြင်မှုများဖြင့် ဆက်လက်ရပ်တည်နိုင်ရန် ဆန္ဒပြု‌ကြောင်း သမ္မတကြီးက ‌ပြောသည်။ mizzima

အာဏာ သိမ်းရန် တွန်းအားပေးပြီး စစ်တပ် ထောက်ခံသော ကြံ့ဖွတ်ပါတီ၏ မိတ်ဖက် ဝံ သာနုဒီမိုကရက်တစ် ပါတီ ဥက္ကဋ္ဌ နန်းရွှေကြာနှင့်သမီး ပိုင် ဖောင်းစိန် စားသောက်ကုန်လုပ် ငန်းကို သပိတ်မှောက်ကြရန် တောင်းဆို

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းရန် တွန်းအားပေးပြီး စစ်အာဏာသိမ်းမှုကို ထောက်ခံခဲ့သော ကြံ့ဖွတ်ပါတီ၏ မဟာမိတ် ဝံသာနုဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဒေါ်နန်းရွှေကြာနှင့် သမီးနုဝေကျော် လုပ်ကိုင်နေသော ဖောင်းစိန်စားသောက် ကုန်လုပ်ငန်းကို သပိတ်မှောက်ကြရန် စစ်အာဏာရှင် ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ ကိုဇင်သော်နိုင်နှင့် CDM ကျောင်းဆရာမတချို့က တောင်းဆိုလိုက်ကြသည်။

ဝံသာနုဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ နန်းရွှေကြာသည် လူထုတင်မြှောက်ထားသော NLD အစိုးရလက်ထက် တစ် လျှောက်လုံး ကြံ့ဖွတ်ပါတီနှင့်ပူးပေါင်းကာ စစ်တပ်ဘက်မှ ရပ်တည်သော မဟာမိတ်ပါတီများအဖြစ် အစဉ် တစိုက် လူထုအစိုးရကို ဝေဖန်သော ကြေညာချက်များ ထုတ်ပြန်ခဲ့ကြောင်း၊ ၂၀၂၀ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့ မင်းအောင်လှိုင်နှင့်သွားရောက်တွေ့ဆုံ ပြီး အာဏာသိမ်းခိုင်းခဲ့သော နိုင်ငံရေးပါတီ ၃၄ ပါတီစာရင်းတွင် ဝံသာနုဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ နန်းရွှေကြာလည်း အပါအဝင်ဖြစ်ကြောင်း သိရှိရသည်။

ဒေါ်နန်းရွှေကြာကိုယ်တိုင်လည်း ၂၀၁၀ ရွေးကောက်ပွဲမှစတင်၍ တစ်လျှောက်လုံး စစ်တပ်ကိုသာ ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး ယခု ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်တွင်လည်း ၎င်းနှင့် ၎င်း၏ ဝံသာနုဒီမိုကရက်တစ်ပါတီ တစ်ခုက စစ်အာဏာသိမ်းမှုအပေါ် အားရဝမ်းသာစွာဖြင့် ထောက်ခံလျက်ရှိကြ ကြောင်း သိရှိရသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်လည်း ကြံ့ဖွတ်ပါတီ၏ မဟာမိတ်ပါတီ အဖြစ် ဝံသာနုဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ နန်းရွှေကြာရပ်တည်ကာ စစ်အာဏာသိမ်းမှုကို ထောက်ခံသော ကြေညာချက်များတွင် တောက်လျှောက်ဆိုသလို ပါဝင်ခဲ့ကြောင်း သိရှိရသည်။

“ကျွန်တော်က ပြောစရာ ဘာမှတော့ သိပ်မရှိပါဘူး။ လိုင်းပေါ်မှာ အင်တာဗျူး တွေ့လို့ ဒီမိန်းမကြီးကို မှတ်မိ သွားတာနဲ့ ကောက်တင် လိုက်တာ။ သူ့သမီးက CB ကနေ ဆက်သွယ်ပြီး လာတောင်းပန် နေလို့ အားတောင် နာနေတာ။ ဒါပေမယ့် ပြန်တော့ ဖြုတ်ဖို့ မရှိဘူး။ သူက ဒီလောက်တော့ ထိုက်တန် ပါတယ်။ သူကိုယ်တိုင် လုပ်တာ မဟုတ်ပေမယ့် အာဏာသိမ်းဖို့ အမျိုးမျိုး အားပေး အားမြှောက် လုပ်ခဲ့တာတွေ၊ အာဏာသိမ်းပြီးလည်း ဆက်ပြီး ထောက်ခံ နေခဲ့တာတွေ ရှိတာပဲ။ နောက်ပြီး နိုင်ငံရေးက အနားယူလိုက်ပြီ ဘာညာ ဆိုတာတွေက ခေတ်မကောင်း တော့မှ အခြေ မလှလို့ အသံထွက် လာတာလို့ မြင်တယ်။ သူတို့ လုံခြုံရေးကို စစ်တပ်က ကာကွယ် မပေးနိုင်လို့ ကိုယ့်ဘာသာ နှာစေးနေတဲ့ သဘောပဲ။ ပြည်သူတွေရဲ့ ဆန့်ကျင်မှုသာ အခုလို မပြင်းထန်ဘဲ အေးအေး ဆေးဆေး အုပ်ချုပ်လို့ ရနေရင် ဒီလိုနေမှာ မဟုတ်ဘူး။ စစ်တပ်ကြောင့် ထောင်ကျ၊ စီးပွါးပျက်၊ ဘဝပျက် သွားတဲ့သူတွေ ဒုနဲ့ထေး ရှိနေတဲ့အချိန်မှာ စစ်တပ်ကို ဘောမခဲ့တဲ့ သူတွေက စီးပွါးရေးတွေ ကောင်းနေတာ မမျှတဘူး ထင်လို့ ရေးပြခဲ့တာပါ” ဟု ကိုဇင်သော်နိုင်က ပြောဆိုသည်။

နိုင်ငံရေးတက်ကြွလှုပ်ရှားသူ CDM တချို့ကလည်း ဖောင်းစိန်စားသောက်ကုန်လုပ်ငန်းသည် စစ်တပ်ထောက်ခံသူ နန်းရွှေကြာနှင့် သမီး လုပ် ကိုင်နေသည်ကို မသိရှိ၍ အားပေးမိခဲ့သော်လည်း သိရှိချိန်တွင် ရပ်တန့်မည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် ပြည်သူကို သတ်ဖြတ်နေသည့် စစ်တပ်ကို အာဏာသိမ်းရန်နှင့်ထောက်ခံနေသူ လုပ်ကိုင်သော စီးပွားရေးလုပ်ငန်းဖြစ်သည့်‌ ဖောင်းစိန်စားသောက်ကုန်လုပ်ငန်းကို သပိတ် မှောက်ရမည်ဖြစ်ကြောင်း ပြောဆိုသည်။

“ကျမက မသိဘူး။ အခု ကိုဇင်သော်နိုင်ပို့စ်မှာ တွေ့တော့မှ ဖောင်းစိန်က စစ်တပ်ကိုထောက်ခံသူ ဘောမ ဖြစ်နေတာသိတာ။ ကျမတို့ အားမပေးတော့ပါဘူး။ အားလုံးသော ပြည်သူတွေကိုလည်း ပြည်တွင်းပြည်ပ အကုန်ပေါ့ စစ်အာဏာသိမ်းအောင် တွန်းအားပေးခဲ့တဲ့သူကိုတော့ အ ဆိပ်ပင်ရေလောင်း မလုပ်သင့်ဘူး။ သပိတ်မှောက်သင့်ပါတယ်။ ဖောင်းစိန်ကို သပိတ်မှောက်သင့်တယ်လို့ ပြောချင်ပါတယ်။ အခု ကျမကိုယ် တိုင်တောင် စစ်တပ်အာဏာသိမ်းတာကို လက်ခံလို့ CDM ဆရာမ ဖြစ်လို့ ထွက်ပြေးနေရတယ်။ ကိုယ့်နေရာမှမဟုတ်ဘဲ ပုန်းနေရတယ်။ စစ်အာဏာသိမ်းဖို့ တွန်းအားပေးခဲ့သူတွေက ချမ်းချမ်းသာသာနဲ့ စီးပွားရေးလုပ်နိုင်နေတာလား။ အဲဒါကတော့ ပြည်သူတွေ ပြန်စဉ်းစားသင့်တယ်ထင်ပါတယ်” ဟု CDM ကျောင်းဆရာမတစ်ဦးက ဆိုသည်။

ဖောင်းစိန်စားသောက်ကုန်လုပ်ငန်းသည် မန္တလေးမြို့တွင် အခြေစိုက် မြန်မာဟင်းအမျိုးမျိုး၊ ဖျော်ရည်မျိုးစုံ အပါအဝင် မြန်မာကြိုက်စားစရာ မျိုးစုံကို ပါကင်ပိတ်၍ ပြည်တွင်းပြည်ပ ပို့ဆောင်ရောင်းချလျက်ရှိသော စားသောက်ကုန်လုပ်ငန်းတစ်ခုဖြစ်သည်။ khit thit

မြိတ်မြို့နယ်ဘက်မှ ထားဝယ်ဘက်သို့ ဦးတည် တက်လာသည့် စစ်ကောင်စီတပ်ယာဉ်တန်း ၄ ကြိမ် ထက်မနည်း တိုက်ခိုက်ခံရ၍ ၁၄ဦး သေ ဆုံး

တနင်္သာရီတိုင်း၊ မြိတ်မြို့မှ ထားဝယ်မြို့ဘက်သို့ ဦးတည် မောင်းနှင်လာသည့် ကားလေးစီးပါသည့် စစ်ကောင်စီတပ် ယာဉ်တန်းသည် ယမန်နေ့ စက်တင်ဘာလ ၂၆ ရက်နေ့က လေးကြိမ်ထက်မနည်း မိုင်းဆွဲတိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်သား ၁၄ ဦးခန့် သေဆုံးသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။

မြိတ်မြို့နှင့် ထားဝယ်မြို့သို့ ဆက်သွယ်ထားသည့် လမ်းမပေါ်ရှိ ပုလောနှင့် သရက်ချောင်းတို့တွင် လေးကြိမ်ထက်မနည်း မိုင်းဆွဲတိုက်ခိုက်လိုက်ခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဘက်က ပြောသည်။

စက်တင်ဘာလ ၂၆ ရက်နေ့ နံနက်တွင် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့၏ နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ တပိုရွာ၊ ကျောက်ပုဇွန်တောင်ရွာ၊ ပဝတ်ကုန်းရွာနှင့် သင်္ကန်းတောရွာတို့တွင် သုံးကြိမ်ခန့် တိုက်ခိုက်ခံရပြီး စစ်ကောင်စီ တပ်သား ၁၀ ဦးသေဆုံးသွားသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ယာဉ်တန်းတိုက်ခိုက်ခံရ၍ စစ်ကောင်စီဘက်က ရမ်းသန်း ပစ်ခတ်မှုကြောင့် အရပ်သား သုံးဦးလည်း ကျဉ်ထိမှန်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ ယာဉ်တန်း တိုက်ခိုက်မှုကို ပုလောအခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း (၁) ၊ အရိပ်အဖွဲ့ (PSGF) ၊ တောကြီးမြွေဟောက်အဖွဲ့နှင့် ပုလောမြို့ မြို့ပြပြောက်ကျားအဖွဲ့ တစ်ခု ဖြစ်သည့် Ghost Ranger အဖွဲ့တို့နှင့် မဟာမိတ် ပူးပေါင်း တပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာ တပ်ဖွဲ့များက ထုတ်ပြန်ထားသည်။

ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ PDF ရဲဘော် တစ်ဦးက“ကြားဖြတ် တိုက်ခိုက်မှု ပြုလုပ်တဲ့ အချိန်မှာ အပြန်အလှန် ပစ်ခတ်မှုတော့ ဖြစ်ခဲ့တယ် ။ ကျွန်တော်တို့ တပ်ဖွဲ့က ထိခိုက်မှု မရှိပေမယ့် အရပ်သား တချို့တော့ စစ်တပ်က ရမ်းသန်း ပစ်လို့ ထိခိုက်မှု ရှိခဲ့တယ်”ဟု ပြောသည်။

ထို့အပြင် အဆိုပါစစ်ကောင်စီယာဉ်တန်း သည် ထားဝယ်ခရိုင် သရက်ချောင်းဖက်အရောက်တွင် ထပ်မံ တိုက်ခိုက်ခံခဲ့ရပြီး စစ်ကောင်စီတပ်သား လေးဦး သေဆုံးခဲ့ကြောင်း ကစယ်ဒိုဖက်ဒရယ်စစ်ကြောင်းထံက သိရသည်။

လေးကြိမ်မြောက် တိုက်ခိုက်ခံရမှုသည် သရက်ချောင်းမြို့နယ် အောက်သရက်ချောင်းရွာ အနီးတွင် ယင်းနေ့ မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။

“ဒီဖက်ကို စစ်တပ်ကား ပြန်ရောက်တဲ့ အချိန်မှာ ကား သုံးစီးပဲ ဖြတ်လာတာ တွေ့ရတယ်”ဟု ဒေသခံ တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ ယာဉ်တန်းများသည် မြိတ်-ထားဝယ် လမ်းပိုင်းရှိ ပုလောနှင့် သရက်ချောင်း လမ်းပိုင်းတို့တွင် မကြာခဏ တိုက်ခိုက် ခံနေရသည်ဟု သိရသည်။ mizzima

ဥရုချောင်း ပြောင်တလင်းခါသည်အထိ တရား မဝင်ရွှေတူးဖော်မှု ကြီးစိုးနေ

အာဏာသိမ်းပြီးနောက်ပိုင်း တရားမဝင် ရွှေတူးဖော်မှုကြီးစိုးလာကာ စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်းမြို့နယ်တွင် လက်လွတ်စပယ် ရွှေတူးသူများကြောင့် ဥရုချောင်းတလျှောက် ပြောင်တလင်းခါသွားပြီဖြစ်ကြောင်း ဒေသခံများနှင့် စောင့်ကြည့်လေ့လာသူများက ပြောသည်။

စစ်ကောင်စီလက်ထက်တွင် ဒေသအလိုက် အုပ်ချုပ်ရေးယန္တရားပျက်ယွင်းသွားရာ လက်နက်ကိုင်အဖွဲ့အစည်းများကို ပိုက်ဆံပေး၍ တရားမဝင် ရွှေတူးကြခြင်းဖြစ်သည်။​ ချင်းတွင်းမြစ်၏ အရှယ်ဆုံးချောင်းလက်တက်ဖြစ်သော ဥရုချောင်းတွင် ကုန်သလောက်ဖြစ်လာသဖြင့် ရွှေတူးသူများ နေရာပြောင်းရန် ခြေလှမ်းပြင်နေကြပြီဖြစ်သည်။

ယခုနှစ်ဆန်းပိုင်းက ဥရုချောင်းတစ်လျှောက် ရွှေတူးလုပ်ငန်းများကို သွားရောက်လေ့လာခဲ့သူတစ်ဦးက ဟုမ္မလင်းဒေသမှာ သဲကန္တာရနီးပါး ဖြစ်နေပြီဟု ဆိုသည်။

“သဲကန္တာရထဲ ရောက်သွားသလိုပဲ။ ဘာအပင်မှ မရှိတော့ဘူး။ တော်တော်တော့ဆိုးတယ်” ဟု ရွှေလုပ်ကွက်များအကြောင်း အစီရင်ခံစာရေး သားခဲ့သည့် Citizen Action for Transparency (CAfT) အဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဒေါ်မိုးမိုးထွန်းက ပြောသည်။

ရွှေတူးသူများသည် စားဝတ်နေရေး ကျပ်တည်းမည့်အရေးကိုသာ စိုးရိမ်ပြီး အခြားအကျိုးသက်ရောက်မှုနှင့် ရွှေတူးဖော်ခွင့်လိုင်စင်အပေါ် စိတ်ပင်မဝင်စားတော့ကြောင်း ယခုနှစ် ဧပြီလအတွင်း ဟုမ္မလင်းဒေသကို ထပ်မံရောက်ရှိခဲ့သူ ၎င်းက ပြောသည်။​

“ဥရုချောင်းကြီးတစ်လျှောက်ကို ကိုယ့်စိတ်ကြိုက် ကိုယ့်မိဘ အမွေပေးသလိုပဲ။ (ရွှေမျောတွေကို) တော်ကြာ ဆင်တွေနဲ့ ဆွဲသွားလိုက်။ တော်ကြာ သမ္ဗန်တွေနဲ့ ဆွဲသွားပြီးတော့ ဒီနားမှာ မတွေ့လို့ နှစ်ရက်သုံးရက် တူးတယ်။ နောက်တစ်နေရာရွှေ့တယ်” ဟု ဒေါ်မိုးမိုးထွန်းက သူလေ့လာတွေ့ရှိခဲ့သည်ကို ပြောပြသည်။

အစီရင်ခံစာအတွက် CAfT အဖွဲ့က ယခုနှစ် ဇန်နဝါရီနှင့် ဧပြီလအတွင်း ရိုက်ကူးခဲ့သော ဓာတ်ပုံများတွင် ဥရုချောင်းတစ်လျှောက် ရွှေမျောဖောင်များ မရေမတွက်နိုင်လောက်အောင် ရှိနေသည်။ ရုပ်ပျက်ဆင်းပျက် သဲသောင်ခုံများအကြား ဧရာမရေစုပ်စက်ကြီးများနှင့် အတန်းလိုက်နေရာယူထားသော ပိုက်လုံးများလည်း တွေ့ရသည်။​​ ချောင်းရေကား အနီရောင်ရွှံ့အနှစ်များ အတိပင်။

လက်ရှိအချိန်တွင် ဥရုချောင်းအတွင်း ပြောင်တလင်းခါလုပြီဖြစ်ရာ ရွှေတူးသူများ ချင်းတွင်းမြစ်အထက်ပိုင်းနှင့် ကချင်ပြည်နယ်အတွင်း စားကျက်ပြောင်းလာနေသည်ဟုလည်း ဒေါ်မိုးမိုးထွန်းက ပြောသည်။

ဥရုချောင်းတစ်လျှောက်တွင် ယခင်ကတည်းက တရားမဝင် ရွှေတူးဖော်မှုများ ရှိခဲ့သော်လည်း စစ်တပ်က အာဏာသိမ်းပြီးနောက် အုပ်ချုပ်ရေးယန္တရားပျက်သွားချိန်တွင် အခြေအနေ ဆိုးဆိုးရွားရွားဖြစ်လာကြောင်း စစ်ကောင်စီကို ဆန့်ကျင်သည့် ဟုမ္မလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Myanmar Now ကို ပြောသည်။

“သဘာဝပတ်ဝန်းကျင် ပျက်စီးနေတာတွေဟာ ရင်နာစရာကြီးဗျ။ NLD အစိုးရလက်ထက်က အတော်ကို ပြန်ထိန်းသိမ်းနေတာ၊ ဒေသကို အရမ်းကြည့်ပေးတာ။ အခုတော့ အားလုံးက စည်းလွတ်‌ဘောင်လွတ် ဥပဒေမဲ့ တူးချင်သလိုတူး သူတို့ပိုက်ဆံရဖို့ပဲ လုပ်နေတဲ့သဘောပဲ” ဟု ၎င်းက ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အစိုးရလက်ထက်တွင် ဥရုချောင်းတစ်လျှောက် တရားမဝင် ရွှေတူးခြင်းများကို ထိန်းချုပ်ရန် လေးဧက လုပ်ကွက်တစ်ခုကို ကျပ်သိန်း ၁၄၀ အထိ အခွန်ပေးဆောင်စေကာ စာချုပ်စာတမ်းဖြင့် လုပ်ကိုင်စေခဲ့သည်ဟု သိရသည်။​ ထို့ပြင် တရားဝင် ရွှေတူးခွင့်ရရေး ဒေသအခြေစိုက် ရှမ်းနီတပ်မတော် (SNA) ကို ကျပ်သိန်း ၁၆၀ ခန့် လက်သိပ်ထိုးပေးရသည်ဟု ဆိုသည်။ 

အာဏာသိမ်းပြီးနောက် ရှမ်းနီလက်နက်ကိုင်အဖွဲ့ကို ပိုက်ဆံပေးကာ တူးချင်သလိုတူးလို့ရသည့် အနေအထားဖြစ်လာကာ မှိုလိုပေါက်ပေါ်လာသည့် အသေးစားရွှေတူးသူများနှင့်အတူ အားလုံးသည် တရားမဝင်ဖြစ်သွားကြောင်း ဟုမ္မလင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

ရှမ်းနီအဖွဲ့ ထိန်းချုပ်ဒေသဖြစ်ရာ ဆက်ကြေးမပေးပါက ဖမ်းဆီးရိုက်နှက်ခံရလေ့ရှိပြီး တရားမဝင် ရွှေတူးလုပ်ငန်းများတွင် စစ်တပ်နှင့်အတူ သတ္တုတွင်းဝန်ကြီးဌာနမှ အကျင့်ပျက်ဝန်ထမ်းများလည်း ပါဝင်ပတ်သက်နေကြောင်း ၎င်းက ဆိုသည်။ 

“ပြည်သူ့အစိုးရရဲ့ အုပ်ချုပ်ရေးယန္တယားပျက်သွားတော့ စစ်အုပ်ချုပ်ရေးဖြစ်လာတယ်။ စစ်တပ်ရော SNA ‌ရော ပေါင်းပြီး ပြည်သူ့အစိုးရက တရားဝင် ပိတ်ပင်တားဆီးကာကွယ်ထားတဲ့ ချင်းတွင်မြစ်နဲ့ ဥရုချောင်းတွင်း ရွှေမျောလုပ်ပိုင်ခွင့်ကို နည်းမျိုးစုံနဲ့ ပေးလိုက်ကြတယ်” ‌

ချောင်းဖျားရှိ ဖားကန့်ဒေသမှ ကျောက်စိမ်းတူးဖော်မှုနှင့် ဟုမ္မလင်းမြို့နယ်အတွင်းမှ ရွှေတူးလုပ်ငန်းများကြောင့် ဥရုချောင်းရေ ရွှံ့ရေကဲ့သို့ နောက်ကျိနေသည်မှာ နှစ်ပေါင်း ၂၀ နီးပါးရှိလာပြီဖြစ်ကာ သောင်းထွန်း၍ ရေလမ်းကြောင်းပြောင်းလာသဖြင့် သွားလာရန် ခက်ခဲလာသည်ဟုလည်း သိရသည်။ 

ရှမ်းနီအဖွဲ့နှင့် စစ်ကောင်စီတပ်ကို ငွေပေး၍ ဥရုချောင်းတလျှောက် မိုးတွင်းမရှောင် တရားမဝင်ရွှေတူး ဖော်နေကြကြောင်း ဟုမ္မလင်းဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။​

“အစကတည်းက ဒီလုပ်ငန်းတွေကို စည်းစနစ်တကျ ထိန်းသိမ်းဖို့ ကြိုးစားနေကြတာ။ ဒါပေမဲ့ အာဏာသိမ်းဖြစ်စဉ်နောက်ပိုင်းမှာ ဘယ်လိုမှ ထိန်းကြောင်းလို့ မရတော့ဘူး။ အရင်က မလုပ်ခဲ့ရတဲ့နေရာတွေ အကုန်လုံးမှာ လက်လွတ်စပယ် လုပ်ခွင့်ရသွားကြတာပေါ့” ဟု ၎င်းက ပြောသည်။​

ဗန်းမောက်ဒေသမှ ဥရုချောင်းအတွင်း စီးဝင်သည့် ချောင်းကြီးချောင်းနှင့် သဘာဝအင်းများပါမကျန် အကြီးအကျယ် ရွှေတူးနေကြပြီး ငွေပေးပါက စိတ်တိုင်းကျ တူးခွင့်ရသည်အထိ ဖြစ်လာကြောင်း၊ ယခုအခါ ချင်းတွင်းမြစ်ထဲအထိ ခြေဆန့်လာကြကြောင်းလည်း ထိုဟုမ္မလင်းဒေသခံက ဆိုသည်။​

တရားမဝင် ရွှေတူးလုပ်ငန်းများထံမှ ငွေကြေးကောက်ခံသည်ဆိုသည်နှင့် ပတ်သက်၍ ရှမ်းနီတပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းအောင်မိန်းကို Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် ဟုတ်မှန်ကြောင်း အတည်ပြုသည်။

“အခွန်ပေးရတာတော့ ဟုတ်တယ်။ ကျွန်တော်တို့ နယ်မြေဒေသ။ ကျွန်တော်တို့ ထိန်းချုပ်နယ်မြေထဲမှာ အလုပ်လာလုပ်ရင် ပေးကြရတာချည်းပဲ။ ဖားကန့်ဒေသ KIA ထိန်းချုပ်ဒေသ သွားလုပ်ရင်လည်း ပေးရတာပဲ။ ကရင်ပြည်နယ် သွားလုပ်ရင်တော့ ပေးရတာပဲ” ဟု ၎င်းက တုံ့ပြန်သည်။

တရားမဝင် ရွှေတူးဖော်မှုများကြောင့် ဥရုချောင်းအတွင်း မျှောမြီးခေါ် စွန်ပစ်မြေစာပုံကြီးများ တောင်လိုပုံလာကာ ကျေးရွာများ အနိမ့်ပိုင်းအလိုလို ရောက်သွားသည့်အပြင် လယ်ယာမြေနှင့် မြစ်ချောင်းအင်းအိုင်များ သိသိသာသာ ပျက်စီးလာနေကြောင်း ဟုမ္မလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက ဆိုသည်။

တစ်စထက်တစ်စ ပိုဆိုးလာသော သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကြောင့် ရှမ်းနီတပ်မတော် ဌာနချုပ်ကို ဒေသခံများက စာပေးပို့တောင်းဆိုသော်လည်း အကြောင်းမထူးဟု ၎င်းက ဆိုသည်။

“ဘယ်သူမှမ တားရဲဘူး။ တားတဲ့သူ အစဖျောက်ခံကြရတော့ ကြောက်ကုန်တာပေါ့” myanmar now

အင်းတော်မြို့နယ် အနောက်ခြမ်းသို့ စစ် ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က ဒေသခံ ၆ဦးကို လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်

စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာခရိုင်၊ အင်းတော်မြို့နယ် အနောက်ဘက်ခြမ်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့က ဒေသခံ ခြောက်ဦးအား လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း Indaw Revolution – IR အဖွဲ့ တာဝန်ရှိသူထံက သိရသည်။

စက်တင်ဘာလ ၂၄ ရက်နှင့် ၂၅ ရက်များတွင် ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့သည့် အင်အား ၄၀၀ခန့်ရှိ စစ်ကောင်စီတပ်သည် အင်းတော်မြို့အရောက်တွင် စစ်ကြောင်းများ ခွဲထွက်ကာ အင်းတော်အနောက်ဘက်ခြမ်းသို့ အင်အား၂၀၀ခန့်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းဖြစ်သည်။

အဆိုပါ အင်အား ၂၀၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် ယမန်နေ့ စက်တင်ဘာလ ၂၇ရက်နေ့တွင် ၎င်းတို့စစ်ကြောင်းထွက်ရာလမ်းတစ် လျှောက်ရှိ လယ်တောထဲ၌ အလုပ်လုပ်နေသည့် ဒေသခံပြည်သူ အမျိုးသား သုံးဦးနှင့် အမျိုးသမီး သုံးဦးအား လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း Indaw Revolution – IR အဖွဲ့ တာဝန်ရှိသူက ပြောသည်။

“အောင်းကုန်းရွာက ပြည်သူတွေပါ။ မိန်းမကြီး သုံးယောက်နဲ့ လူလတ် လူငယ်အရွယ် သုံးယောက်ပါ။ လယ်တောထဲ သုံးတဲက လယ်စောင့်နေတဲ့ပြည်သူတွေဗျ။ ဒီတိုင်း လမ်းမှာတွေ့တဲ့သူ ဖမ်းခေါ်သွားတာ အရင်က အဲ့လိုမျိုး ခဏ ခဏ လူသားဒိုင်းအဖြစ် ခေါ်ခံရတယ်ဗျ။ အများဆုံး သုံးရက်လောက်ထိကြာပါတယ်” ဟု ၎င်းတာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူများသည် အောင်းကုန်းရွာ ဒေသခံများဖြစ်ပြီး ယနေ့စက်တင်ဘာလ ၂၇ရက်နေ့ နံနက်ပိုင်းအ ထိ ၎င်းတို့နေအိမ်သို့ ပြန်ရောက်လာခြင်းမရှိသေးကြောင်း သိရသည်။

ယင်းစစ်ကောင်စီတပ် စစ်ကြောင်းသည် အင်းတော်မြို့နယ် ပင်ဝယ်ရွာမှ အနောက်ဘက်သို့ စစ်ကြောင်းထိုးသွားခြင်းဖြစ်ပြီး နောက်ဆုံးရရှိသည့် သတင်းများအရ အောက်တောရွာ တောင်ခြေတွင် ရောက်ရှိနေကြောင်း သိရသည်။

ထို့အပြင် အင်းတော်မြို့ စက်ကုန်းဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များသည် ယမန်နေ့ ည၉နာရီခန့်တွင် လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်နေသဖြင့် မြို့နေပြည်သူများ ထိတ်လန့်နေကြောင်း အင်းတော်ဒေသမှ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းများတွင်လည်း စစ်ကောင်စီတပ် စစ်ကြောင်းများတွင် ဒေသခံပြည်သူများသည် လူသားဒိုင်းအဖြစ် မကြာခဏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရပြီး စစ်ကောင်စီတပ်သားများ၏ အထုတ်များထမ်းခြင်း၊ စစ်ဝတ်စုံများပါ ဝတ်ဆင်ပေးထားကာ စစ်ကြောင်း၏ ရှေ့တန်းတွင် လမ်းလျှောက်ခိုင်းခြင်းနှင့် ယခုလို ခေါ်ဆောင်ခြင်းခံရသူများအား အများဆုံး သုံးရက်ခန့်မှ ပြန်လွှတ်ပေးသည်ဟု ၎င်းသတင်းရင်းမြစ်တစ်ဦးထံက သိရသည်။

အင်းတော်မြို့နယ်သည် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း၏ ချိတ်ဆက်မှုအရ အရေးပါသည့်အတွက် စစ်ကောင်စီတပ်က နယ်မြေစိုးမိုးရေး ပိုလုပ်ဆောင်လိုသဖြင့် စစ်တပ်အင်အား ၄၀၀ခန့်ဖြင့် စစ်ကြောင်ထိုးဝင်ရောက်နေခြင်းဖြစ်သည်ဟု အင်းတော်မြို့နယ် ကာကွယ်ရေးရဲဘော်တစ်ဦးက ဆိုသည်။ mizzima

« Older Entries