ချင်းပြည်နယ်၊ မတူပီတွင် တိုက်ပွဲဖြစ်ပြီး စစ် သား ၄ ဦးသေဆုံးပြီး CDF ရဲဘော် ၂ ဦး ကျဆုံး၊ ကျောက်ကြီးတွင် မိုင်းခွဲခံရမှုကြောင့် စစ်သား ၁ ဦးသေဆုံး

ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် ယနေ့နံနက်က စစ်တပ်နှင့် CDF မတူပီကြားတိုက်ပွဲတွင် နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိကြောင်း သတင်းရရှိသည်။
မတူပီ-ဟားခါးလမ်း၊ ခရိုင်အိုးအိမ်ဦးစီးဌာနအနီး ယနေ့ နံနက် ၇ နာရီခွဲခန့်တွင် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်စစ်တပ်ဘက်မှ ၄ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိသလို CDF မတူပီ တပ်ရင်း ၂ မှ ရဲဘော် နှစ်ဦး ကျဆုံးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။
အကြမ်းဖက်စစ်သားများနှင့် လက်ပါးစေ ရဲများသည် CDF မတူပီ တပ်ရင်း ၂ ဘက်သို့ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာနေသဖြင့် တိုက်ပွဲပြင်းထန်လာဖွယ်ရှိကြောင်း သတင်းရရှိသည်။
အလားတူ ယမန်နေ့ နံနက် ၁၀ နာရီခန့်တွင် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ရေအိုးစဉ်ကျေးရွာ၊ သံပုရာအိုင်တံတားထိပ်တွင် စစ်ကောင်စီတပ်ဖွဲ့ မိုင်းခွဲခံရပြီး စစ်သား ၁ ဦးသေဆုံးပြီး ၁ ဦးမှာ လက်ပြတ်သွားကြောင်း သတင်းရရှိသည်။
ကင်းထောက်ရန်လာသော စစ်ကောင်စီတပ်ဖွဲ့ကို တောင်ငူခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၃၅၀၂၊ အထူးစစ်ကြောင်းတပ်ခွဲက မိုင်းဆွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။ khit thit