မိုင်းကွင်းပေါ်ရောက် စစ်တပ် ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်း အဖွဲ့သုံးဖွဲ့ခွဲကာ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကို ယမန်နေ့ (စက်တင်ဘာ ၂၆) နံနက်ပိုင်းက ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ သပိတ်ကျင်းမြို့နယ် ဖက်ရှည်ရွာအနီး မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကြောင်းမှာ အင်အား ၇၀ ခန့်ရှိကြောင်း၊ ကြိုတင်ပြင်ဆင်ထားသော မိုင်းကွင်းပေါ် စစ်ကြောင်းရောက်လာချိန်တွင် တိုက်ခိုက်ခြင်းဖြစ်ကြောင်း ပါဝင် တိုက်ခိုက်ခဲ့သော ဗိုလ်လင်းယုန်အဖွဲ့ ခေါင်းဆောင် ဇီးရိုးဝမ်းဆိုသူက ပြောသည်။
“ရှေ့ပြေးအဖွဲ့က မိုင်းကွင်းကို ကျော်သွားတဲ့အချိန် နောက်က စစ်ကြောင်းက မိုင်းကွင်းပေါ် ရောက်လာတာ။ အဲဒီမှာ ပဒေသာတစ်စုံ ခွဲတယ်။ သူတို့ကို ခွဲပြီးတော့ ရှေ့ပြေးအဖွဲ့ကလည်း နောက်မိုင်းကွင်းပေါ် ရောက်လာတယ်၊ အဲဒီအဖွဲ့ကိုလည်း ခွဲလိုက်တယ်” ဟု ဇီးရိုးဝမ်းဆိုသူက ပြောသည်။
ရှစ်လုံးတွဲပဒေသာမိုင်းတစ်စုံနှင့် ခြောက်လုံးတွဲတစ်စုံတို့ဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီစစ်ကြောင်းမှ ၃၀ ကျော် သေဆုံးနိုင်ပြီး ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဗိုလ်လင်းယုန်အဖွဲ့က ခန့်မှန်းသည်။ ထိုအချက်ကို သီးခြား အတည် မပြုနိုင်ပေ။
စစ်သားရုပ်အလောင်းများကို သုံးနာရီခန့်အကြာတွင် နာရေးကူညီမှုကား ၄ စီးဖြင့် သယ်ဆောင်ပြီး ကျောက်ကြီးစစ်ဆေးရုံသို့ သယ်ဆောင်သွားခဲ့ကြောင်း ၎င်းတို့၏ ရင်းမြစ်များကို ကိုးကားပြီး ဇီးရိုးဝမ်းက ဆိုသည်။ ထိုသို့ အတိုက်ခံရပြီးနောက် စစ်တပ်က အင်အားဖြည့်တင်းကာ ဖက်ရှည်ကျေးရွာတွင်းသို့ ဝင်ရောက်ပြီး ရွာသူရွာသားများကို ဖမ်းဆီးစစ်မေးသည်ဟု သိရသည်။
ပဒေသာမိုင်းဆိုသည်မှာ လက်လုပ်မိုင်းများစွာကို အတန်းလိုက် နေရာခွဲချထားကာ တစ်ပြိုင်နက် ဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ်ပြီး မိုင်းအ ရွယ်အစားအလိုက် သံပုံး၊ ကော်ပုံးတို့ဖြင့် ပြုလုပ်ထားပြီး အတွင်း၌ ယမ်း၊ အမိုနီယံနိုက်ထရိတ် အပြင် သံတိုသံစများပါ ထည့်သွင်းထားသည့် လက်လုပ်မိုင်းအမျိုးအစားဖြစ်သည်။ myanmar now