မြိတ်မြို့နယ်ဘက်မှ ထားဝယ်ဘက်သို့ ဦးတည် တက်လာသည့် စစ်ကောင်စီတပ်ယာဉ်တန်း ၄ ကြိမ် ထက်မနည်း တိုက်ခိုက်ခံရ၍ ၁၄ဦး သေ ဆုံး

တနင်္သာရီတိုင်း၊ မြိတ်မြို့မှ ထားဝယ်မြို့ဘက်သို့ ဦးတည် မောင်းနှင်လာသည့် ကားလေးစီးပါသည့် စစ်ကောင်စီတပ် ယာဉ်တန်းသည် ယမန်နေ့ စက်တင်ဘာလ ၂၆ ရက်နေ့က လေးကြိမ်ထက်မနည်း မိုင်းဆွဲတိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်သား ၁၄ ဦးခန့် သေဆုံးသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
မြိတ်မြို့နှင့် ထားဝယ်မြို့သို့ ဆက်သွယ်ထားသည့် လမ်းမပေါ်ရှိ ပုလောနှင့် သရက်ချောင်းတို့တွင် လေးကြိမ်ထက်မနည်း မိုင်းဆွဲတိုက်ခိုက်လိုက်ခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဘက်က ပြောသည်။
စက်တင်ဘာလ ၂၆ ရက်နေ့ နံနက်တွင် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့၏ နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ တပိုရွာ၊ ကျောက်ပုဇွန်တောင်ရွာ၊ ပဝတ်ကုန်းရွာနှင့် သင်္ကန်းတောရွာတို့တွင် သုံးကြိမ်ခန့် တိုက်ခိုက်ခံရပြီး စစ်ကောင်စီ တပ်သား ၁၀ ဦးသေဆုံးသွားသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
ယာဉ်တန်းတိုက်ခိုက်ခံရ၍ စစ်ကောင်စီဘက်က ရမ်းသန်း ပစ်ခတ်မှုကြောင့် အရပ်သား သုံးဦးလည်း ကျဉ်ထိမှန်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ ယာဉ်တန်း တိုက်ခိုက်မှုကို ပုလောအခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း (၁) ၊ အရိပ်အဖွဲ့ (PSGF) ၊ တောကြီးမြွေဟောက်အဖွဲ့နှင့် ပုလောမြို့ မြို့ပြပြောက်ကျားအဖွဲ့ တစ်ခု ဖြစ်သည့် Ghost Ranger အဖွဲ့တို့နှင့် မဟာမိတ် ပူးပေါင်း တပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာ တပ်ဖွဲ့များက ထုတ်ပြန်ထားသည်။
ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ PDF ရဲဘော် တစ်ဦးက“ကြားဖြတ် တိုက်ခိုက်မှု ပြုလုပ်တဲ့ အချိန်မှာ အပြန်အလှန် ပစ်ခတ်မှုတော့ ဖြစ်ခဲ့တယ် ။ ကျွန်တော်တို့ တပ်ဖွဲ့က ထိခိုက်မှု မရှိပေမယ့် အရပ်သား တချို့တော့ စစ်တပ်က ရမ်းသန်း ပစ်လို့ ထိခိုက်မှု ရှိခဲ့တယ်”ဟု ပြောသည်။
ထို့အပြင် အဆိုပါစစ်ကောင်စီယာဉ်တန်း သည် ထားဝယ်ခရိုင် သရက်ချောင်းဖက်အရောက်တွင် ထပ်မံ တိုက်ခိုက်ခံခဲ့ရပြီး စစ်ကောင်စီတပ်သား လေးဦး သေဆုံးခဲ့ကြောင်း ကစယ်ဒိုဖက်ဒရယ်စစ်ကြောင်းထံက သိရသည်။
လေးကြိမ်မြောက် တိုက်ခိုက်ခံရမှုသည် သရက်ချောင်းမြို့နယ် အောက်သရက်ချောင်းရွာ အနီးတွင် ယင်းနေ့ မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။
“ဒီဖက်ကို စစ်တပ်ကား ပြန်ရောက်တဲ့ အချိန်မှာ ကား သုံးစီးပဲ ဖြတ်လာတာ တွေ့ရတယ်”ဟု ဒေသခံ တစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ ယာဉ်တန်းများသည် မြိတ်-ထားဝယ် လမ်းပိုင်းရှိ ပုလောနှင့် သရက်ချောင်း လမ်းပိုင်းတို့တွင် မကြာခဏ တိုက်ခိုက် ခံနေရသည်ဟု သိရသည်။ mizzima