အင်းတော်မြို့နယ် အနောက်ခြမ်းသို့ စစ် ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က ဒေသခံ ၆ဦးကို လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်

စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာခရိုင်၊ အင်းတော်မြို့နယ် အနောက်ဘက်ခြမ်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့က ဒေသခံ ခြောက်ဦးအား လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း Indaw Revolution – IR အဖွဲ့ တာဝန်ရှိသူထံက သိရသည်။

စက်တင်ဘာလ ၂၄ ရက်နှင့် ၂၅ ရက်များတွင် ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့သည့် အင်အား ၄၀၀ခန့်ရှိ စစ်ကောင်စီတပ်သည် အင်းတော်မြို့အရောက်တွင် စစ်ကြောင်းများ ခွဲထွက်ကာ အင်းတော်အနောက်ဘက်ခြမ်းသို့ အင်အား၂၀၀ခန့်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းဖြစ်သည်။

အဆိုပါ အင်အား ၂၀၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် ယမန်နေ့ စက်တင်ဘာလ ၂၇ရက်နေ့တွင် ၎င်းတို့စစ်ကြောင်းထွက်ရာလမ်းတစ် လျှောက်ရှိ လယ်တောထဲ၌ အလုပ်လုပ်နေသည့် ဒေသခံပြည်သူ အမျိုးသား သုံးဦးနှင့် အမျိုးသမီး သုံးဦးအား လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း Indaw Revolution – IR အဖွဲ့ တာဝန်ရှိသူက ပြောသည်။

“အောင်းကုန်းရွာက ပြည်သူတွေပါ။ မိန်းမကြီး သုံးယောက်နဲ့ လူလတ် လူငယ်အရွယ် သုံးယောက်ပါ။ လယ်တောထဲ သုံးတဲက လယ်စောင့်နေတဲ့ပြည်သူတွေဗျ။ ဒီတိုင်း လမ်းမှာတွေ့တဲ့သူ ဖမ်းခေါ်သွားတာ အရင်က အဲ့လိုမျိုး ခဏ ခဏ လူသားဒိုင်းအဖြစ် ခေါ်ခံရတယ်ဗျ။ အများဆုံး သုံးရက်လောက်ထိကြာပါတယ်” ဟု ၎င်းတာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူများသည် အောင်းကုန်းရွာ ဒေသခံများဖြစ်ပြီး ယနေ့စက်တင်ဘာလ ၂၇ရက်နေ့ နံနက်ပိုင်းအ ထိ ၎င်းတို့နေအိမ်သို့ ပြန်ရောက်လာခြင်းမရှိသေးကြောင်း သိရသည်။

ယင်းစစ်ကောင်စီတပ် စစ်ကြောင်းသည် အင်းတော်မြို့နယ် ပင်ဝယ်ရွာမှ အနောက်ဘက်သို့ စစ်ကြောင်းထိုးသွားခြင်းဖြစ်ပြီး နောက်ဆုံးရရှိသည့် သတင်းများအရ အောက်တောရွာ တောင်ခြေတွင် ရောက်ရှိနေကြောင်း သိရသည်။

ထို့အပြင် အင်းတော်မြို့ စက်ကုန်းဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များသည် ယမန်နေ့ ည၉နာရီခန့်တွင် လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်နေသဖြင့် မြို့နေပြည်သူများ ထိတ်လန့်နေကြောင်း အင်းတော်ဒေသမှ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းများတွင်လည်း စစ်ကောင်စီတပ် စစ်ကြောင်းများတွင် ဒေသခံပြည်သူများသည် လူသားဒိုင်းအဖြစ် မကြာခဏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရပြီး စစ်ကောင်စီတပ်သားများ၏ အထုတ်များထမ်းခြင်း၊ စစ်ဝတ်စုံများပါ ဝတ်ဆင်ပေးထားကာ စစ်ကြောင်း၏ ရှေ့တန်းတွင် လမ်းလျှောက်ခိုင်းခြင်းနှင့် ယခုလို ခေါ်ဆောင်ခြင်းခံရသူများအား အများဆုံး သုံးရက်ခန့်မှ ပြန်လွှတ်ပေးသည်ဟု ၎င်းသတင်းရင်းမြစ်တစ်ဦးထံက သိရသည်။

အင်းတော်မြို့နယ်သည် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း၏ ချိတ်ဆက်မှုအရ အရေးပါသည့်အတွက် စစ်ကောင်စီတပ်က နယ်မြေစိုးမိုးရေး ပိုလုပ်ဆောင်လိုသဖြင့် စစ်တပ်အင်အား ၄၀၀ခန့်ဖြင့် စစ်ကြောင်ထိုးဝင်ရောက်နေခြင်းဖြစ်သည်ဟု အင်းတော်မြို့နယ် ကာကွယ်ရေးရဲဘော်တစ်ဦးက ဆိုသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s