Monthly Archives: Sep 2022

ကလေးမြို့ဒေသခံ ၂၀ ကျော်ကို စစ်ကောင်စီတပ် ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ အောင်မင်္ဂလာရပ်ကွက် (ယခင်ဘဲအင်းရပ်ကွက်) မှာ စက်တင်ဘာ ၂၇ ရက် ညနေပိုင်းက အသက်မပြည့်‌သေးတဲ့ ကလေးငယ် ၂ ယောက် အပါအဝင် ပြည်သူ အယောက် ၂၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘဲအင်းရပ်ကွက်မှ မျက်မြင်တွေ့ရှိသူတယောက်က “မနေ့က နေ့လယ်ပိုင်းကြီး ရောက်ချလာတာ။ အိမ်နားပတ်ဝန်းကျင်တွေ အကုန်လုံး ဝင်မွှေပြီး ဖမ်းသွားတာ။ ဘဲအင်းတရပ်ကွက်လုံးကို ဝင်‌မွှေသွားတာ။ ဒေသခံတွေရော ကလေးငယ်တွေရော ပါတယ်။ ဖမ်းတုန်းက တယောက်ကတော့ ရိုက်နှက်ခံရတယ်။ သူ့အိမ်မှာ NLD ပါတီအင်္ကျီတွေ့လို့ ရိုက်တာ။ စစ်သားတွေက အရက်တွေမူးမူးနဲ့ ဝင်ဖမ်းတာ။ ကျမတို့ရပ်ကွက်ကို သူပုန်ရပ်ကွက်လို့လည်း ပြောတယ်။ အိမ်ထဲမှာရှိတဲ့ သားအဖနှစ်ယောက်ကိုလည်း PDF တွေမလား မေးရင်လည်း မင်းတို့က မဟုတ်ဘူးပဲ ပြောမယ်၊ လာလိုက်ခဲ့ဆိုပြီး ကြိုးတုပ်ဖမ်းဆီးသွားတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

အဲ့ဒီ ဘဲအင်းရပ်ကွက်က ဦးထိုက်ကြီး၊ ဦးအေပို၊ ချမ်းမြေ့အောင်တို့ အပါအဝင် ခန့်မှန်းခြေ ဒေသခံ အ‌ယောက် ၂၀ ကျော်ကို ဖမ်းဆီးသွားတာလို့ ပါတယ်။

ဘဲအင်းရပ်ကွက်မှ ဒေသခံ တခြားတယောက်က “ဒီနေ့မနက်လည်း ရပ်ကွက်ထဲ ဝင်မွှေတယ်။ ဒါကြောင့် အပြင်မထွက်ရဲဘူး။ အိမ်ထဲမှာပဲ ကြောက်လို့ နေနေကြရတာ။ ဒါကြောင့် ဖမ်းဆီးခံရတဲ့ အရေအတွက်ကို အတိအကျ မသိရသေးတာ။ ဖမ်းဆီးသွားတာတော့ အရမ်းများတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဖမ်းဆီးခံရသူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကလေးမြို့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်ထဲ ဖမ်းဆီးခေါ်ဆောင်သွားကာ မိသားစုဝင်တွေက ထမင်းပို့ရပြီး တွေ့ဆုံခွင့်တော့ မရဘူးလို့ နီးစပ်တဲ့သူတွေက ပြောပါတယ်။

လတ်တလော ကလေးမြို့ပေါ်မှာ စစ်ကောင်စီတပ်ရဲ့ စစ်ဆေးဖမ်းဆီးမှုတွေ များပြားနေတာကြောင့် မြို့ခံတွေ စိုးရိမ်ထိတ်လန့်နေကြပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး ကလေးမြို့မှာ ဖမ်းဆီးထိန်းသိမ်းခံရသူ ၆၀၀‌ ဝန်းကျင် ရှိ‌ပြီဖြစ်ပြီး ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသူ ၁၀၀‌ ကျော်ရှိနေပြီလို့ သပိတ်အဖွဲ့ဝင်တွေရဲ့ စစ်တမ်းအရ သိရပါတယ်။ DVB

ပစ်ခတ်ခံရ၍ ထိတ်လန့်ကာ မြစ်ထဲခုန်ချသည့် စစ်ကောင်စီသတင်းပေးဟု နာမည်ထွက်နေသူ၏ ရုပ်အလောင်းပြန်တွေ့

မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ် ၊ ကမ်းနားလမ်းတွင် ယနေ့ စက်တင်ဘာ ၂၈ရက်နေ့ နံနက်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံရ၍ ထိတ်လန့်ကာ ဧရာ၀တီမြစ်ထဲ ခုန်ချသွားသည့် စစ်ကောင်စီသတင်းပေးဟု နာမည်ထွက်နေသူ ကိုမဲကြီး၏ ရုပ်အလောင်း ပြန်တွေ့ခဲ့ကြောင်း သိရသည်။

“မဲကြီးက မရမ်းခြံဆိပ်မှာ ကျက်စားနေတာကြာပြီ။ စစ်တပ်သတင်းပေးလုပ်ပြီး စစ်တပ်နောက်ခံနဲ့မဟုတ်တာ အကုန်လုပ်တယ်။ မနက်က ၇ နာရီကျော်လောက်က လူတစ်ယောက်နဲ့ ရပ်စကားပြောနေတုန်း သေနတ်နဲ့လှမ်းပစ်ခံ လိုက်ရတယ်။ အဲဒါသွေးရူးသွေးတန်းနဲ့ မြစ်ထဲခုန်ချတာ ၁၂ နာရီလောက်ကျမှ အလောင်းပြန်ပေါ်လာတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ချမ်းအေးသာစံမြို့နယ် ၊၂၆ လမ်းနှင့် ၃၅ လမ်းကြား၊ ဧရာ၀တီမြစ် ဘောဂကြီးဆိပ်ကမ်းအနီးတွင် ယနေ့နံနက် ၇ နာရီခွဲအချိန်ခန့်က စစ်ကောင် စီ သတင်းပေး ဒလန်ဆိုသူ မဲကြီးနှင့် ကိုတင်ထွန်းအောင်ဆိုသူတို့ ရပ်စကားပြောနေစဉ် ဆိုင်ကယ်စီး သေနတ်သမားများက အနီးကပ်၀င် ရောက် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

ထိုပစ်ခတ်မှုကြောင့် ကိုမဲကြီးနှင့်ကိုတင်ထွန်းအောင်တို့တွင် ဒဏ်ရာများရရှိခဲ့ပြီး ကိုမဲကြီးကသွေးရူးသွေးတန်းဖြင့် ဧရာ၀တီ မြစ်ထဲခုန်ချသွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“မဲကြီးက ရင်ဘတ်နဲ့လက်မောင်းတွေမှာ ဒဏ်ရာခြောက်ချက်နဲ့ မြစ်ထဲခုန်ချပြီး နောက်တော့ သေတယ်။ ကိုတင်ထွန်းအောင်က ခြေထောက်မှာ ဒဏ်ရာရတယ် ။ သေနတ်သမားတွေက ကိုတင်ထွန်းအောင်ထိသွားတာအတွက် တောင်းပန်သွားတယ်” ဟု အခင်းဖြစ်နေရာအနီး နေထိုင်သူတစ်ဦးကပြောသည်။

ပစ်ခတ်ခံရ၍ သေဆုံးသွားသည့် ကိုမဲကြီးဆိုသူအား မည်သည့်အဖွဲ့အစည်းက ပြုလုပ်သွားခြင်းဖြစ် ကြောင်း ထုတ်ပြန်လာခြင်းမရှိသေးသည့်အတွက် ၎င်းဒလန်ဟုတ်၊မဟုတ်နှင့် ပတ်သက်၍လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ပစ်ခတ်မှုဖြစ်ပွါးပြီးနောက် စစ်ကောင်စီတပ်ကအဆိုပါနေရာကိုရောက်ရှိလာကာ စစ်ဆေးမှုများပြုလုပ်သွားကြောင်းသိရသည်။

မန္တလေးမြို့တွင် ယနေ့နံနက်ပိုင်းမှစတင်ကာစစ်တပ်က လုံခြုံရေးတင်းကျပ်ထားပြီး ကင်းပုန်းများချထားချိန်တွင် အဆိုပါပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ mizzima

အလုံမြို့နယ် စောရန်ပိုင်တောင်ရပ်ကွက်ရုံးအနီး ဗုံးပေါက်ပြီး ၅ ဦး ဒဏ်ရာရ

ရန်ကုန်မြို့၊ အလုံမြို့နယ်၊ စောရန်ပိုင်တောင်ရပ်ကွက် ဝေဘာဂီလမ်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးမှာ ဒီကနေ့ စက်တင်ဘာ ၂၈ ရက် နေ့ လယ် ၃ နာရီခွဲလောက်က ဗုံးပေါက်ကွဲခဲ့ပြီး ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ ရပ်ကွက်နေသူ တယောက်က ပြောပါတယ်။

“လူနာတင်ကားသုံးစီး လာတာတွေ့တယ်။ ကျနော့်အရှေ့မှာ သယ်သွားတာ ကောင်လေးတယောက်နဲ့ အဒေါ်ကြီးတယောက်၊ ငါးဦးဒဏ်ရာရတယ်လို့ ကြားတယ်။ နောက်သုံးယောက်က စစ်သားလား အရပ်သားလားတော့ မသိဘူး။”

ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီကားတွေ၊ ရဲကားတွေ ရောက်လာပြီး အုပ်ချုပ်ရေးမှူးရုံး အနီးတဝိုက်က ဆိုင်တွေကို စစ်ဆေးမေးမြန်းခဲ့တယ်လို့ ရပ်မိရပ်ဖတ‌ေယာက်က ပြောပါတယ်။

“ထိတာ ယေကျ်ားလေးတယောက် မိန်းမတယောက်လို့ပြောတယ်။ ကျန်တာတော့ မသိဘူး။ ရပ်ကွက်တူပေမဲ့ လမ်းမတူတော့ သွားလို့မရဘူး။”

မနေ့ညပိုင်းကလည်း လှိုင်မြို့နယ် EPC ရုံးမှာ ဗုံးပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သားတချို့ ဒဏ်ရာရရှိခဲ့ပါသေးတယ်။

ရန်ကုန်တိုင်းရှိ မြို့နယ်တချို့မှာ စက်တင်ဘာ ၁ ရက်မှ စက်တင်ဘာ ၂၈ ရက်အထိ ဗုံးပေါက်ကွဲမှုနဲ့ ပစ်ခတ်မှု အကြိမ် ၄၀ ဖြစ်ခဲ့ပြီး ၁၀ ယောက် သေဆုံးခဲ့ပြီး ၂၄ ‌ေယာက် ဒဏ်ရာရရှိခဲ့ပါတယ်။ DVB

ဗကသများအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုးကို ထောင်ဒဏ်၂နှစ် ထပ်မံချမှတ်

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ)၏ ဒုတိယဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုးကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (ခ) ဖြင့် စက်တင်ဘာလ ၂၈ရက်နေ့တွင် ထောင် နှစ်နှစ်ထပ်မံချမှတ် လိုက်ကြောင်းသိရသည်။

ကိုဝေယံဖြိုးမိုးသည် ရန်ကုန်တိုင်း အင်းစိန်ထောင်အတွင်းရှိ မရမ်းကုန်းမြို့နယ်တရားရုံးက ထောင် နှစ်နှစ်ချလိုက်ခြင်းဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သူတစ်ဦးက မဇ္ဈိမသို့ပြောသည်။

“ကိုဝေယံကို ပုဒ်မ ၅၀၅ (ခ) နဲ့ ထောင် နှစ်နှစ်အမိန့်ချလိုက်ပါတယ် ” ဟု အထက်ပါသတင်းရင်းမြစ်က ပြောသည်။

၂၀၂၁ခုနှစ် မတ်လ ၃ ရက်နေ့တွင် ကိုဝေယံဖြိုးမိုးအပါအဝင် ကျောင်းသားလူငယ် ၂၀၀ ခန့်သည် ရန်ကုန်တိုင်း တာမွေမြို့နယ်၌ အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြသပိတ်ဆင်နွှဲရာတွင် စစ်‌ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်နှိမ်နင်းဖမ်းဆီးခံခဲ့ရခြင်းဖြစ် သည်။

အင်းစိန်ထောင်တွင်း ရောက်ရှိနေသည့် ကိုဝေယံဖြိုးမိုးသည် ပုဒ်မ ၅၀၅(က)အမှု နှစ်ခုနှင့် ငြိမ်းစုစီပုဒ်မ ၁၉ဖြင့် အမှုနှစ်ခုတို့အတွက် အလုပ် ကြမ်းနှင့် ထောင်ဒဏ် ငါးနှစ်နှင့် သုံးလ မတရားအမိန့်ချမှတ်ခြင်းခံထားရသေးသည်။ ယခုထောင်ဒဏ်နှင့်ဆိုလျှင် စုစုပေါင်း ခုနစ်နှစ်နှင့် သုံးလရှိနေပြီ ဖြစ်သည်။

ကိုဝေယံဖြိုးမိုး သည် အာဏာမသိမ်းမီ အရပ်သားအစိုးရလက်ထက်က ၎င်းကို စွဲဆိုထားခဲ့သည့်အမှုများနှင့်ပါ ထောင်ဒဏ်များ ချမှတ်ခံထားရခြင်းဖြစ်သည်။

၂၀၂၀ စက်တင်ဘာ ၁၀ရက်နေ့ က ရန်ကုန်၊ ကျောက်တံတားမြို့နယ်နှင့် မရမ်းကုန်းမြို့နယ်များရှိ ကားမှတ်တိုင်နှင့် ဓာတ်တိုင်များတွင် ရခိုင်ပြည် နယ်၌ အင်တာနက်ပြန်ဖွင့်ပေးရေးအတွက် ခွင့်ပြုချက်မရှိဘဲ စာရွက်စာတမ်းများ ဖြန့်ဝေသည်ဟုဆိုကာ ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် စွဲဆိုခံခဲ့ရပြီး ထိုသို့ဖြန့်ဝေသည့်အတွက် ရခိုင်ပြည်နယ်အစိုးရကို အကြည်ညိုပျက်စေသည်ဟုဆိုကာ ပုဒ်မ ၅၀၅-က/ခ ဖြင့် ကျောက်တံတားမြို့နယ်တ ရားရုံးကလည်း ထပ်မံ တရားစွဲဆိုထားခဲ့ခြင်း ဖြစ်သည်။ mizzima

ရသေ့တောင်မြို့နယ်ရှိ စစ်ကောင်စီ၏ စေတီတောင်စခန်းကို အေအေ သိမ်းပိုက်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာအဝင်မှာ တပ်စွဲထားတဲ့ စေတီ‌တောင်စခန်းကို စက်တင်ဘာ ၂၇ ရက် ညနေပိုင်းမှာ ရက္ခိုင်တပ်တော် (အေအေ) က သိမ်းပိုက်လိုက်တယ်လို့ သိရပါတယ်။

စေတီပြင်ဒေသခံတယောက်က “ဒီနေ့ညနေ ၅ နာရီမှာ စေတီပြင်ရွာဝင်ဝက စေတီတောင် စစ်စခန်းကို သိမ်းလိုက်တာလို့ သိရတယ်။ မီးခိုးတွေထွက်နေတာ မြင်ရပါတယ်။ အေအေက သိမ်းပိုက်လိုက်ပြီး မီးရှို့လိုက်တာ” လို့ ‌ေပြာပါတယ်။

အဲဒီစခန်းဟာ ကျောက်ပန္ဒူ-စေတီပြင်‌‌ မေယုတောင်ကျော်လမ်းရဲ့ စေတီပြင်ကျေးရွာဘက် မယူတောင်ခြေရင်းရှိ စေတီတောင်မှာ နေရာယူ ထားတဲ့ စစ်အခြေစိုက်စခန်းတခုလည်း ဖြစ်ပါတယ်။

စက်တင်ဘာ ၆ ရက်က ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာအဝင်ရှိ ဘုရားတောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် အရာရှိတယောက်နဲ့ တပ်သားနှစ်ယောက် ရက္ခိုင့်တပ်တော် (အေအေ) ဆီ လက်နက်မဲ့ ထွက်ပြေးခိုလှုံခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီစခန်းက ကြားမှာပိတ်မိနေတာဖြစ်ပြီး ထွက်ပြေးကြတဲ့ တပ်ဖွဲ့ဝင်တွေလည်း များလာနေတယ်လို့ ဆိုပါတယ်။

၂၀၂၀ ပြည့်နှစ် မြန်မာတပ်မတော်နဲ့ ရက္ခိုင်တပ်တော် (အေအေ) တို့ တိုက်ပွဲပြင်းထန်ချိန်ကလည်း ရသေ့တောင် စေတီပြင်ကျေးရွာနဲ့ ဘူးသီးတောင်မြို့နယ်ကြားရှိ သဇင်မြိုင် နယ်ခြားစောင့် တောင်ပေါ်စခန်းနဲ့ တောင်အောက်စခန်းတွေကို ရက္ခိုင်တပ်တော် (အေအေ) က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၁၀ ‌ယောက်နဲ့ ကလေး ၁ ‌ေယာက် အပါအဝင် မိသားစုဝင် ၃ ယောက် ပျောက်ဆုံးနေတယ်လို့ တပ်မတော်က ထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိမှာ အဲဒီစခန်း အနီးတဝိုက်ကို ရသေ့တောင်အခြေစိုက် စစ်ဗျူဟာကနေ လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေပြီး နှစ်ဖက် တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ DVB

ရသေ့တောင်မြို့နယ် စေတီပြင်တောင်ပေါ်ရှိ စစ်ကောင်စီတပ်စခန်းကို AAက လက်နက်ကြီးဖြင့် ပစ်ခတ်၍ တပ်စခန်းတချို့ မီးလောင်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊စေတီပြင်တောင်ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းအား ယမန်နေ့ စက်တင်ဘာလ ၂၇ ရက်က ရက္ခိုင့်တပ်တော် (AA) က လက်နက်ကြီးဖြင့် ပစ်ခတ်လိုက်သည့်အတွက် စစ်ကောင်စီတပ်စခန်းအချို့ ပျက်စီးသွားသည်ဟု ဒေသခံများက ပြောသည်။

ယမန်နေ့ ညနေပိုင်း ၄ နာရီကျော်လောက်တွင် လက်နက်သံများ အနည်းငယ်ကြားရပြီးနောက် တစ်ဖက်တောင်ပေါ်မှ AA က ထိုသို့ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း စေတီပြင်ကျေးရွာသားတစ်ဦးက ပြောသည်။

“မနေ့ကညနေ ၄နာရီ ၄၀ ကျော်လောက်မှာ ကျောက်ပန်းတူနဲ့ စေတီပြင် တောင်ပြိုလမ်းတစ်ဖက်မှာ ရှိတဲ့ စေတီကုန်းကို ပစ်ကြတာ။ လက် နက်ကြီးကျလို့ အဆောင်တွေ ပါသွားတယ်လို့ သိရတယ်။ မီးလောင်သွား တာပေါ့။ စခန်းသိမ်း တိုက်တာမျိုးတော့ မဟုတ်ပါဘူး။ ဒီတိုင်း AA ဘက်က လက်နက်ကြီးနဲ့ လှမ်းပစ်တာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ယင်းကဲ့သို့ ပစ်ခတ်ခံရပြီးနောက် လက်နက်ငယ်သံများ အနည်းငယ်ထွက်ပေါ်ပြီး တိုက်ပွဲဖြစ်ပွားခြင်း ရှိ၊ မရှိကို မသိကြောင်း ကျေးရွာသားများက ဆိုသည်။

“တိုက်ပွဲဖြစ်တာ ဟုတ်၊ မဟုတ်တော့ မသိဘူး။ လက်နက်ငယ်သံ အနည်းငယ်တော့ ကြားရတယ်။တောင်ပေါ် စေတီနားမှာ စစ်ကောင်စီတပ်က တပ်စွဲထားတာ သုံးနှစ်လောက်ရှိနေပြီ။ စစ်သား ၁၀၀လောက်တော့ ရှိမယ်ထင်တယ်။ စစ်သားတွေ ထိခိုက်တာတွေဘာတွေရှိလား ကျနော်တို့လည်း သေချာမသိဘူး။ မီးလောင်တာပဲ မြင်ရတယ်” ဟု ဆိုသည်။

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် AAတို့တိုက်ပွဲများ ဖြစ်ပွားလျက်ပြီး AA အနေဖြင့် မောင်တောမြို့နယ်မှ စစ်ကောင်စီ နယ်ခြားစောင့်အစခန်း ၄၀ ကျော်အထိ သိမ်းပိုက်ထားကြောင်းလည်း သိရသည်။ mizzima

မြန်မာ့အခေါက်ရွှေစျေး တရက်အတွင်း ကျပ် ၁ သိန်းကျော် ထပ်မံကျဆင်း

မြန်မာ့အခေါက်ရွှေစျေးဟာ ဒီကနေ့ စက်တင်ဘာ ၂၈ ရက်မှာ တကျပ်သားကို ၂,၅၉၀,၀၀၀ ကျပ်ဝန်းကျင်ရှိပြီး တရက်အတွင်း ကျပ်တသိန်းကျော် ထပ်မံကျဆင်းခဲ့ပါတယ်။

ရန်ကုန်မြို့ရှိ ရွှေအရောင်းဆိုင်တွေရဲ့ စျေးနှုန်းဖော်ပြချက်အရ မနေ့က အခေါက်ရွှေတကျပ်သားကို ကျပ် ၂၇ သိန်းဝန်းကျင်မှာ စျေးပိတ်ခဲ့ပြီး ဒီနေ့ညနေပိုင်းမှာတော့ တကျပ်သားကို ၂၆ သိန်းအောက်ထိ ပြန်လည်ကျဆင်းခဲ့တာပါ။

ကမ္ဘာ့ရွှေစျေးနဲ့ ပြင်ပဒေါ်လာပေါက်စျေး ဆက်တိုက်ကျဆင်းနေတာကြောင့် ပြည်တွင်းရွှေဈေး ထပ်မံကျဆင်းလာတာ ဖြစ်တယ်လို့ ရွှေလုပ် ငန်းရှင်တွေက ဆိုပါတယ်။

မနေ့က ပြင်ပဒေါ်လာပေါက်စျေးဟာ တဒေါ်လာကို ၃,၁၀၀ ကျပ်ဝန်းကျင်ရှိခဲ့ပြီး ဒီကနေ့မှာတော့ တဒေါ်လာ ကျပ် ၃,၀၀၀ အောက်ကို ပြန်ကျဆင်းခဲ့ပါတယ်။

တရက်အတွင်း တဒေါ်လာကို မြန်မာငွေ ကျပ် ၁၀၀ ကျော်၊ ရွှေဈေးက တကျပ်သားကို ကျပ်တသိန်းကျော် ပြန်လည်ကျဆင်းခဲ့တာပါ။

ကမ္ဘာ့ရွှေပေါက်စျေးကလည်း မနေ့က တအောင်စကို ၁,၆၃၄ ဒေါ်လာဖြစ်ပြီး ဒီနေ့ ညနေပိုင်းမှာတော့ တအောင်စကို ၁,၆၁၉ ဒေါ်လာထိ ထပ်မံကျဆင်းလာခဲ့ပါတယ်။

ဒီနေ့ ရန်ကုန်တိုင်း ရွှေအသင်းရဲ့ ရည်ညွှန်းဈေးနှုန်းကတော့ အခေါက်ရွှေ တကျပ်သားကို ၁,၉၁၄,၀၀၀ ကျပ်ဖြစ်ပြီး ပြင်ပစျေးကွက်ပေါက်စျေးနဲ့ ကျပ် ၇ သိန်းနီးပါး ကွာဟနေပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၃၁ ရက်ကတော့ အခေါက်ရွှေတကျပ်သားကို ကျပ် ၃၅ သိန်းအထက်ထိ သမိုင်းတလျှောက် စံချိန်တင် အမြင့်ဆုံးရောက်ရှိခဲ့ပြီး ပြင်ပ ဒေါ်လာငွေလဲနှုန်းက ကျပ် ၅,၀၀၀ နီးပါးထိ စံချိန်တင်ခဲ့ပါတယ်။ DVB

ပုလောမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းကို နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ပစ်ခတ်တိုက်ခိုက်

တနင်္သာရီတိုင်း၊ မြိတ်ခရိုင် ၊ပုလောမြို့နယ် ကဒဲကျေးရွာနှင့် သင်္ကန်းတောရွာအကြားတွင် မြိတ်ဘက်မှ ဆင်းလာသော စစ်ကောင်စီတပ်ယာဉ်တန်းကို ယမန်နေ့ ညနေ ၃ နာရီဝန်းကျင်တွင် PDF ပူးပေါင်းအဖွဲ့က ပစ်ခတ်တိုက်ခဲ့ကြောင်း Palaw People’s Defence Force အဖွဲ့ထံက သိရသည်။

VIPလူကြီးလမ်းကြောင်းကားပုံစံအဖြစ်အသုံးပြုလာသည့် ကားသုံးစီးပါစစ်ကောင်စီယာဉ်တန်းကို နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း(၁) နှင့် PRDF မဟာမိတ် တပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု Palaw People’s Defence Force အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Palaw People’s Defence Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက“စစ်တပ် လူကြီးကားကို ပုံစံပြောင်းပြီးလာတာ သိရလို့ ကြားဖြတ်ပစ်ခတ်ခဲ့တာပါ ထိခိုက်မှုတော့ ရှိတယ်လို့ သိရတယ်။ အရေးပေါ် လူနာတင်ယာဉ်တွေ ရောက်လာတယ် ဆိုပြီး ဒေသခံတွေက ပြောတယ်”ဟု ပြော သည်။

ထိုတိုက်ခိုက်မှုခံရပြီးနောက် အဆိုပါယာဉ်တန်း သည် ပလမြို့တွင် ရပ်နားကာ ပုလောမြို့မှ လူနာတင်ယာဉ်များဖြင့် လာရောက်တင်ဆောင်သွားကြောင်းသိရပြီး လက်ရှိတွင် စစ်ကောင်စီဘက်မှ အသေအပျောက်ကို မသိရသေးကြောင်း Palaw People’s Defence Force အဖွဲ့၏ ပြောပြချက်အရ သိရသည်။ mizzima

ထီးလင်းတွင် စစ်တပ်က အိမ်များကိုမီးရှို့ပြီး ၉ တန်းကျောင်းသားများနှင့် ရွာသားများကို ဖမ်းဆီး

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ပုဏ္ဏားရွာကို စစ်ကောင်စီတပ်က စက်တင်ဘာ ၂၇ ရက် မနက်ပိုင်းမှာ ဝင်ရောက်ပြီး လူနေအိမ်တွေကိုမီးရှို့သလို ဒေသခံ ၃၀ ကျော်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

မနက် ၅ နာရီခွဲကျော်မှာ လက်နက်ကြီး၊ လက်နက်ငယ်တွေ ပစ်ဖောက်ဝင်ရောက်လာခဲ့တာဖြစ်ပြီး လူနေအိမ် ၄ လုံးကိုလည်း မီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။ 

ပြီးတော့ အိမ်တွေထဲ ဝင်ရောက်မွှေနှောက် ပစ္စည်းတွေခိုးယူကြပြီး နေ့လယ်ပိုင်းမှာ ဒေသခံရွာသား ၃၀ ထက်မနည်းကိုလည်း ဖမ်းဆီးခေါ်ပြီး ထီးလင်းမြို့ဘက်ကို ပြန်ထွက်သွားတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

“တချို့တွေကို ထီးလင်းမြို့ပေါ်သွားတဲ့ လမ်းတချို့တဝက်မှာ လွှတ်ပေးတယ်။ တချို့ကို ထီးလင်းမြို့ပေါ် ရောက်မှ လွှတ်ပေးတယ်။‌ ကလေး ၃ ယောက်အပါအဝင် ဒေသခံ ၉ ယောက် ကျန်နေသေးတယ်။ ဖမ်းဆီးခံရသူတွေကို ထီးမြို့နယ်ထွေအုပ်ရုံးထဲမှာ ဖမ်းဆီးထားတယ် လို့သိရတယ်။ လက်ရှိအချိန်ထိတော့ အဆက်အသွယ်မရသေးဘူး” လို့ ဒေသခံတယောက်က ပြောပါတယ်။ 

၉ တန်းကျောင်းသားတွေဖြစ်တဲ့ မောင်မင်းသက်ပိုင်၊ မောင်သူရပိုင်နဲ့ မောင်ကျော်လင်းနိုင်၊ ဒေသခံတွေဖြစ်တဲ့ ဦးမောင်ကြိုင်၊ ဦးမဲပို၊ ဦးဇော်သန်း၊ ဦးတုတ်ကြီးတို့အပါအဝင် ၉ ယောက်ကို ဆက်လက်ဖမ်းဆီးထားတုန်းပဲလို့လည်း သိရပါတယ်။ 

ပုဏ္ဏားကျေးရွာမှာ အိမ်ခြေ ၇၀ ဝန်းကျင်ရှိပြီး လူဦးရေ ၃၀၀ ဝန်းကျင်နေထိုင်တယ်လို့ သိရပါတယ်။ 

ထီးလင်းမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ဒေသခံနေအိမ် ၅၀ ဝန်းကျင်မီးလောင်ဆုံးရှုံးထားပြီး စစ်ကောင်စီက ထီးလင်းမြို့နယ်ကို အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာဟာလည်း ၁ နှစ်ကျော် ကြာမြင့်နေပြီဖြစ်ပါတယ်။ DVB

« Older Entries