Monthly Archives: Sep 2022

ဝက်လက်မြို့နယ် လှတောရွာတွင် စစ်ကောင်စီတပ်သား ဦးရေ ၁၅၀ ခန့် အင်အားထပ်ဖြည့်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ၊လှတောရွာအား စစ်ကောင်စီတပ်မှ အင်အား ၁၅၀ ခန့် ထပ်မံဖြည့်တင်းနေကြောင်း GZ Special Task Force – Wetletအဖွဲ့ထံက သိရသည်။

မုံရွာ၊ဝက်လက်၊ရွှေဘိုဘက်မှ ရွှေဘို-မန္တလေးလမ်းမကြီးပေါ်သို့ တက်ရသည့် အဆိုပါလမ်းဆုံလမ်းခွ လှတောရွာတွင် စစ်ဆေးရေးဂိတ်အဖြစ် စစ်ကောင်စီတပ်က အင်အား ၅၀ ခန့် ထားရှိရာမှ ယခုကဲ့သို့ အင်အားထပ်မံဖြည့်တင်းခြင်း ဖြစ်သည်ဟု သိရသည်။

အိမ်ခြေ ၁,၀၀၀ ခန့်ရှိသည့် လှတောရွာသည် ဝက်လက်မြို့အနောက်ဘက် ခြောက်မိုင်ခန့်အကွာတွင်ရှိပြီး စစ်ကောင်စီတပ် တပ်စွဲထားသည်မှာတစ်လကျော်ကြာမြင့်ပြီဖြစ်သည်ဟု ဆိုသည်။

“လှတောကိုအင်အားသွားဖြည့်ကြတာ၊ ဒီစစ်ကောင်စီတပ်တွေက ရွှေဘိုဘက်ကနေ တောလမ်းတွေအတိုင်းလာကြတာ လက်နက်ကြီးတွေ ရမ်းသန်းပစ်တာတွေတော့ရှိတယ် ။ အိမ်တွေဘာတွေတော့မီးရှို့တာမျိုးမရှိဘူး ။ အခုလှတောကို အကုန်ရောက်ကုန်ပါပြီ” ဟု GZ Special Task Force – Wetletအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လှတောရွာတွင် ယခင်ကတပ်စွဲထားသည့်စစ်ကောင်စီတပ်ဖွဲ့အား လွန်ခဲ့သည့် တစ်လခန့်က ကာကွယ်ရေးတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်မှ ငါးဦးသေဆုံးခဲ့သည်ဟု သိရသည်။

ထို့်နောက်တွင် ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများငြိမ်သက်နေရာမှ ယခုကဲ့သို့ စစ်ကောင်စီတပ်မှ အင်အားဖြည့်လာခြင်းဖြစ်သည်ဟု ဆိုသည်။

လှတောတွင်ရှိနေသည့် ဒေသခံရွာသားများမှာ ထိတ်လန့်နေရပြီး အချို့မှာလည်း နီးစပ်ရာတိမ်းရှောင်နေကြောင်းလည်း သိရသည်။

စစ်ကောင်စီတပ်သည် ဝက်လက်မြို့နယ်အတွင်းရှိ လှတောရွာတွင် အင်အား ၂၀၀ ခန့်ဖြင့်လည်းကောင်း ၊ရွာသာကြီးရွာတွင် အင်အား ၅၀ ခန့်ဖြင့်လည်း‌ကောင်း ၊ ဧရာဝတီမြစ်ကမ်းနံဘေးရှိ ရှိန်းမကားရွာတွင် အင်အား ၇၀ ခန့်ဖြင့်လည်း‌ကောင်း အသီးသီးတပ်စွဲအထိုင်ချထားပြီး ဝက်လက်မြို့ပေါ်တွင်လည်း မြို့မရဲစခန်းတွင် အခိုင်အမာ အထိုင်ချလျက် ရှိနေသည်ဟု သိရသည်။ mizzima

ဘဏ်များ အတိုးနှုန်းအပြိုင်မြှင့်သော်လည်း ငွေအပ်လိုသူ နည်းဖွယ်ရှိ

ဘဏ်များက အတိုးနှုန်းအပြိုင်မြှင့်ပြီး မက်လုံးပေးဆွဲဆောင်လာသော်လည်း ငွေကြေးဖောင်းပွလွန်း ခြင်း၊ ဘဏ်များကို ယုံကြည်မှု ဆက်လက်ကျဆင်းနေခြင်းကြောင့် ငွေအပ် စုဆောင်းရန် စိတ်ဝင်စားမှု နည်းနေကြကြောင်း စီးပွားရေးအသိုင်းအဝိုင်းနှင့် ဘဏ်အသုံးပြုများထံမှ သိရသည်။ 

စစ်တပ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော ကမောက်ကမအခြေအနေများထဲတွင် ဘဏ်လုပ်ငန်းလည်းပါဝင်ပြီး ဘဏ်များတွင် ငွေသားလျော့ပါးလာကာ အများပြည်သူ၏ ဘဏ်အပ်နှံငွေ ထုတ်ယူခွင့် အကြီးအကျယ်ကန့်သတ်ခဲ့သည်။ ဘဏ်အပ်ငွေ ထုတ်ယူလိုသူသည် ကြားပွဲစားမှတစ်ဆင့် ၅ ရာခိုင်နှုန်းဝန်းကျင် အရှုံးခံပြန်ထုတ်ရခြင်း၊ ဝန်ထမ်းတို့၏ မချေမငံဆက်ဆံခြင်းတို့ကို ရင်ဆိုင်လာရသည်။

ငွေသားလိုအပ်သူများ၊ ဘဏ်အပ်ငွေ ဆုံးရှုံးမည်ကို စိုးရိမ်သူများက ဘဏ်များနှင့် ATM ငွေထုတ်စက်များတွင် နေ့စဉ်နှင့်အမျှ တန်းစီပြီး ငွေထုတ်ရန် ကြိုးစားခဲ့ကြရသည်အထိ အခြေအနေဆိုးခဲ့သည်။

အာဏာသိမ်းမှု နှစ်နှစ်နီးပါးကြာမြင့်လာချိန်တွင် ငွေသားအပြည့်အဝထုတ်ယူခွင့်နှင့် အတိုးနှုန်း အမြင့်ဆုံးပေးမည်ဟူသော ဘဏ်များ၏ အပြိုင်အဆိုင်ဆွဲဆောင်မှု စိတ်မဝင်စားတော့ကြောင်း ရှမ်းပြည်နယ်၊ မူဆယ်မြို့မှ အမည်မဖော်လိုသည့် ကုန်သည်တစ်ဦးက ဆိုသည်။

“အငြိမ်းစားတွေလောက်ပဲ စိတ်ဝင်စားမယ်ဗျ။ နောက် အသင်းအဖွဲ့တို့၊ ဘုရားစေတီ အဖွဲ့အစည်းငွေတွေတော့ အဆင်ပြေမယ်။ ကျန်တဲ့ လုပ်ကိုင်စားသောက်ရသူတွေကတော့ စိတ်ကိုမဝင်စားတာ။ အလုပ်လုပ်တဲ့သူတွေက ယုံကိုမယုံတော့တာ” ဟု ၎င်းက Myanmar Now ကို ပြောသည်။

ပုဂ္ဂလိကဘဏ်ကြီးတစ်ခုဖြစ်သည့် ကမ္ဘောဇဘဏ်က စာရင်းသေအပ်ငွေအတိုးနှုန်းကို ၇ ဒသမ ၅ ရာခိုင်နှုန်းမှ တရိပ်ရိပ်တိုးမြှင့်ပေးလာပြီး ရက် ၉၀ စာရင်းသေအပ်ငွေကို အတိုးနှုန်း ၉ ရာခိုင်နှုန်းအထိ တိုးမြှင့်ကြောင်း စက်တင်ဘာ ၂၆ တွင် ကြေညာခဲ့သည်။ 

CB ဘဏ်ကလည်း ရက်တစ်ရာစာရင်းသေအပ်ငွေအတိုးနှုန်းကို ၉ ဒသမ ၁ ရာခိုင်နှုန်းပေးမည်ဖြစ်ပြီး ဘဏ်စာရင်းအဟောင်း၊ အထူးဘဏ်စာရင်းနှစ်ခုလုံးနှင့် ချိတ်ဆက်၍ ငွေအပ်နှံနိုင်ကြောင်း စက်တင်ဘာ ၂၆ က ကြေညာထားသည်။ 

အာဏာသိမ်းပြီးနောက် အမေရိကန်၏ ပိတ်ဆို့မှုစာရင်းတွင် ပါဝင်ခဲ့သည့် ဦးတေဇ၏ AGD ဘဏ်ကလည်း ကျပ်သိန်း ၅၀ အထက် သုံးလကြာ စားရင်းသေငွေအပ်နှံလျှင် အတိုးနှုန်း ၉ ဒသမ ၃၅ ပေးမည်ဖြစ်သည်ဟု ကြေညာထားကာ အခြားဘဏ်များကလည်း အလားတူအတိုးနှုန်းများမြှင့်တင်လျက်ရှိသည်။

ပုံမှန်အားဖြင့် နိုင်ငံရေးနှင့် စီးပွားရေးတည်ငြိမ်ပါက ဘဏ်အတိုးနှုန်းတိုးမြှင့်လျှင် ငွေအပ်နှံသူ များသော်လည်း ယခုအခါ ငွေကြေးအရင်းအနှီးရှိသူများသည် ရွှေနှင့် မြေတွင် ဝင်ရောက်ကစားနေခြင်းကြောင့် ဘဏ်အတိုးကို မမက်တော့ကြောင်း မန္တလေးမြို့မှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

“အခုကတော့ ယုံကြည်မှု နည်းနေသေးတဲ့အတွက် အပြင်မှာပဲ အရောင်းဝယ်လုပ်တယ်။ ရွှေလေး ကိုင်ထားမယ်၊ မြေလေးကိုင်ထားမယ်ဆိုတဲ့သူက ခပ်များများရယ်” ဟု ၎င်းက ဆိုသည်။

အာဏာသိမ်းမှုကြောင့် ကျပ်ငွေတန်ဖိုးအကြီးအကျယ်ကျဆင်းပြီး ကုန်ဈေးနှုန်းကြီးမြင့်လာခြင်းကြောင့် သာမန်ပြည်သူများအနေဖြင့် စုဆောင်းရန် ငွေပိုငွေလျှံမရှိကြောင်း၊ ငွေပိုငွေလျှံရှိလျှင်လည်း ဘဏ်များတွင် ငွေအပ်ကြမည်မဟုတ်ကြောင်း မန္တလေး ဒေသခံတစ်ဦးက ဆိုသည်။

“အာဏာသိမ်းပြီးကတည်းက ဘဏ်တွေဘက်က တာဝန်ယူမှု မရှိတာတွေ အများကြီးဖြစ်လာတော့ မယုံကြတော့ဘူး။ အတိုးတွေ အများကြီးပေးလည်း အပ်မဲ့လူထက် မအပ်မဲ့လူက ပိုများတယ်။ လက်ထဲမှာ ငွေရှိနေတာက ပိုစိတ်ချရတယ်” ဟု မန္တလေးမြို့မှ အသက် ၃၀ အရွယ် ကုမ္ပဏီဝန်ထမ်းအမျိုးသမီးက  ဆိုသည်။

ဘဏ်လုပ်ငန်းကို ဖောက်သည်များက ဆက်လက်စိတ်ပျက်နေကြသည့် အကြောင်းရင်းများထဲတွင် အကောင့်များ ကန့်သတ်ဖျက်သိမ်းခံရခြင်းလည်း ပါဝင်သည်။ အာဏာဖီဆန်သူတို့ကို ထောက်ပံ့ခြင်း၊ လက်နက်ကိုင်ခုခံမှုနှင့် ဆက်စပ်သည်ဟု ယူဆရသူတို့ကို ထောက်ပံ့ခြင်း သံသယဖြင့် အကောင့်များ အပိတ်ခံနေရသည်မှာ လအတန်ကြာပြီ ဖြစ်သည်။

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ခိုင်းစေသည့်အတိုင်း ဘဏ်များက ငွေသားထုတ်ယူမှုကန့်သတ်ခြင်း၊ ဘဏ်အကောင့်များပိတ်သိမ်းခြင်း၊ မိုဘိုင်းငွေကြေးအကောင့်များပိတ်ခြင်းတို့ကြောင့်လည်း ငွေကြေးဆုံးရှုံးမှုရှိကြောင်း အထက်ပါကုမ္ပဏီဝန်ထမ်းက ဆက်ပြောသည်။ အပ်နှံထားပြီးသား ဘဏ်အပ်ငွေများသည်ပင် ထုတ်ယူရန် အခက်အခဲရှိနေဆဲဖြစ်သည်။ 

”အရင်က ဘဏ်ကတ်ထဲက ပိုက်ဆံလေးတွေကြည့်ရတာ ပမာဏများလေ ပျော်စရာကောင်းလေ ဆိုပေမဲ့ ခုချိန်ကာလကတော့ ပမာဏများလေ၊ မျက်ခုံးလှုပ်လေ၊ အိမ်မပျော်လေပဲ” ဟု ၎င်းက ဆိုသည်။ 

အာဏာသိမ်းပြီးနောက် ငွေအပ်နှံသူနည်းပါးလာသလို ရနိုင်သမျှ ငွေများထုတ်ယူခြင်းကြောင့် ဘဏ်များတွင် ငွေမရှိတော့၍ အတိုးနှုန်းဖြင့် မက်လုံးပေးခြင်းဖြစ်နိုင်ကြောင်း ငွေရေးကြေးရေးနှင့် စီးပွားရေးလုပ်ငန်းများကို လေ့လာစောင်ကြည့်သူတစ်ဦးက ဆိုသည်။

သို့သော် ကမ္ဘာ့ဘဏ်၏ ခန့်မှန်းချက်အရ မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ၁၇ ရာခိုင်နှုန်း ရှိနေပြီး ဘဏ်အတိုးနှုန်းမှ ၉ ရာခိုင်နှုန်းသာရှိကာ ရမည့်အတိုးပမာဏထက် ငွေတန်ဖိုးကျဆင်းမှုက ပိုများနေကြောင်း ရန်ကုန်မြို့မှ အမည်မဖော်လိုသူ အထက်ပါအမျိုးသားက ဆိုသည်။ 

“‌လူတွေက ကျပ်ငွေကို ဒေါ်လာတို့ ဘတ်တို့နဲ့ ယှဉ်ပြီးတွက်ချက်ကြတော့ အတိုးနှုန်းက ဘယ်လိုမှ မကိုက်ဘူး။ ဒီနှစ် ဘဏ်အတိုး ၁၀ ရာခိုင်နှုန်းပဲထားပါတော့။ တစ်နှစ်မှ ရမှာမဟုတ်လား။ အခု ဒေါ်လာဈေးက ၃၂၀၀ ကနေ ၄၂၀၀ ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ အဲဒါကြောင့် လူတွေက မာတဲ့ဟာတွေကို ဝယ်ဖို့လုပ်နေတာ” ဟု ၎င်းက ဆိုသည်။ 

အာဏာသိမ်းပြီးနောက် ပြည်တွင်းဘဏ်များ၏ အပ်နှံငွေ ၇၀ ရာခိုင်နှုန်းအထိ ပြန်ထွက်သွားကြောင်း ယခုနှစ် ဇူလိုင်တွင် ထုတ်ပြန်သည့် ကမ္ဘာ့ဘဏ်၏ ငွေရေးကြေးရေးကဏ္ဍ ပြုပြင် ပြောင်းလဲမှု ဆိုင်ရာ အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။ 

လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံ၏ ငွေရေးကြေးရေးကဏ္ဍပြုပြင်ပြောင်းလဲမှုများ ရပ်တန့်သွားနိုင်ပြီး နောက်ကြောင်းပြန်လှည့်နိုင်သည့် အခက်အခဲများရှိနေကြောင်း အဆိုပါအစီရင်ခံစာက ဆိုသည်။  myanmar now

တရက်တည်း စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၇၀ ကျော်သေဆုံး၊ ၁၃ ဦး ထိခိုက်ဒဏ်ရာရ

စက်တင်ဘာ ၂၈ ရက် မနေ့ကတရက်တည်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီ အကြမ်းဖက်တပ်ဖွဲ့ဝင် အယောက် ၇၀ ကျော် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

အခုထုတ်ပြန်ထားတဲ့ အချက်အလက်ဟာ မြေပြင်အခြေအနေမှာ ပိုများနိုင်ပြီး တရက်တည်း ထိခိုက်ဒဏ်ရာရရှိတဲ့သူ အရေအတွက်ကတော့ ၁၃ ယောက်ထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

NUG အစိုးရကတော့ ပြည်သူ့ခုခံတွန်းလှန်စစ်ပွဲ စတင်ခဲ့တဲ့ ၁ နှစ်အတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်ပေါင်း ၂၀,၁၅၀ ကျော်သေဆုံးကာ ဒဏ်ရာရသူ ၇,၀၀၀ ကျော်လောက်ရှိလာပြီး စစ်ကောင်စီ စိုးမိုးအုပ်ချုပ်နိုင်တဲ့နေရာဟာ တိုင်းပြည် နယ်မြေအကျယ်အဝန်းရဲ့ ထက်ဝက်တောင် မရှိတော့ဘူးလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်နေ့ ပြည်သူ့ခုခံတော်လှန်စစ် ကြေညာခြင်း တနှစ်ပြည့် အထိမ်းအမှတ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ ယာ ယီသမ္မတ ဒူဝါလရှီးလက  နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားရာမှာ ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပြီး ၁ နှစ်တာကာလအတွင်း ခန့်မှန်းခြေစာရင်းအရ PDF တွေနဲ့ မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် သူရဲကောင်းရဲဘော်တွေ စုစုပေါင်း ၁,၅၀၀ ကျော် ကျဆုံးခဲ့တယ်လို့လည်း သူက ပြောပါတယ်။

လူထုသပိတ်တိုက်ပွဲတွေအနေနဲ့ မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာ ၈ ကြိမ်နဲ့ အများဆုံး ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ သ တင်း ထုတ်ပြန်တာ မရှိပါဘူး။

ဒါ့အပြင် စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်တာ ခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည်အထက်ပိုင်း လမ်းပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ NUG အစိုးရက ပြီးခဲ့တဲ့ ဇွန် ၂၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေ ပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ DVB

ရန်ကုန်မြို့လယ်ခေါင်၊ ပန်းဘဲတန်းမြို့နယ် မ ဟာသိမ်တော်ကြီးအနီးတွင် ပစ်ခတ်မှုဖြစ်၊ စစ် တပ်၊ရဲ နှင့်ဆေးရုံကားများ ရောက်လာပြီး ဆူး လေအထိ မဟာဗန္ဓုလ လမ်းမကြီးကို စစ်တပ်က ပိတ်ဆို့

ရန်ကုန်မြို့လယ်ခေါင်၊ ပန်းဘဲတန်းမြို့နယ်၊ မဟာသိမ်တော်ကြီးအနီးတွင်ယနေ့ ညနေ ၄ နာရီဝန်းကျင်တွင် ပစ်ခတ်မှုဖြစ်ပြီး လမ်းများပိတ်ဆို့လိုက်ကြောင်း ဒေသခံများက ပြောဆိုသည်။

“ရန်ကုန် ပန်းဘဲတန်း သိမ်တော်ကြီးနားမှာပစ်ခတ်သံကြားရတယ်။ ၄ ချက် ၊ ၅ ချက်လောက်ကြားရတာ။ အခုဆိုအဲ့နားတဝိုက်ကိုပိတ်ထားလိုက်ပြီဗျ။ အသွား အလာလုပ်ခွင့်မပေးတော့ဘူး။ အမျိုးသမီးတစ်ဦး ထိတယ်လည်းပြောတယ်။ ဒလန်ရှင်းတယ်လည်းပြောတယ်။ ဘာမှန်းသေချာမသိရသေးဘူး” ဟု ဒေသခံတစ်ဦးကပြောသည်။

လက်ရှိတွင် မဟာဗန္ဓုလလမ်းမကြီးကို ဆူးလေလမ်းပတ်ဝန်းကျင်အထိ လမ်းပိတ်ထားပြီး ရဲကား၊ စစ်ကားများနှင့်ဆေးရုံကားများ ရောက်ရှိလာကြောင်း ဒေသခံများက ပြောဆိုသည်။ khit thit

မဟာမုနိဘုရားကြီး ဆိုင်ခန်းငှားရမ်းခ ၃ ဆနီးပါးတက်၊ စျေးသည်များအဆင်မပြေဖြစ်

မန္တလေးမဟာမုနိဘုရားကြီး စျေးဆိုင်ခန်းငှားခများအား၊ ​လာမည့်အောက်တိုဘာလကစ၍၊ သုံးဆနီးပါး တိုးမြှင့်ကောက်ခံသွားရန် စစ်ကောင်စီလက်အောက်ခံ ဂေါပကအဖွဲ့က ဆိုင်ခန်းရှင်များအား အကြောင်းကြားထားကြောင်း သိရသည်။

မူလက ကျပ်တစ်သောင်းရှစ်ထောင်ကောက်ခံသည့်နေရာတွင် လေးသောင်းကျပ်အထိ တိုးမြှင့်ကောက်ခံရန် ဂေါပကအဖွဲ့က စာထုတ်အကြောင်းကြားခြင်းဖြစ်ပြီး၊ ထိုသို့တိုးမြှင့်ကောက်ခံခြင်းအတွက် အခက်အခဲဖြစ်နေကြရကြောင်း ဆိုင်ခန်းရှင်များက ဆိုသည်။

“အခုလိုကာလကြီးမှာ တိုးကောက်တာအတွက်တော့ လုံးဝကိုအဆင်မပြေတာပါ၊ မတိုးပေးဘူးမပြောဘူး၊ ခုကာလကြီးမှာ ညှာတာဖို့ပဲပြောချင်တာပါ၊ လုပ်နေတာက ဘုရားအလုပ်တရားအလုပ်လုပ်နေပြီး ငွေလိုတိုင်း စျေးသည်တွေဆီကပဲ နှိုက်ချင်နေတာမတရားဘူးလို့ပဲပြောချင်တယ်” ဟု ဆိုင်ခန်းရှင်တစ်ဦးက ပြောသည်။

မဟာမုနိဘုရားကြီး၏ ဘဏ္ဍာတော်ပိုင် ဈေးဆိုင်ခန်းတွေမှာ စောင်းတန်းနဲ့တိုက်တန်းဆိုပြီး ဆိုင်ခန်းပေါင်း ၃၆၀ ကျော်ရှိတာကို ယခုလကုန်ကစ၍ သုံးဆနီးပါးတိုးမြှင့်ကောက်ခံရန် ဂေါပကအဖွဲ့က စီစဥ်ခဲ့ခြင်းဖြစ်သည်။

“ကိုဗစ်ကြောင့် အလုပ်မဖြစ်တော့တဲ့ စျေးအရောင်းအဝယ်မှာ စစ်အာဏာသိမ်းခံလိုက်ရပြန်တော့လည်း ဆိုင်ကသာဖွင့်ထားရတာ၊ စျေးဝယ်ပါးတယ်၊ တော်တော်များများက အဆင်မပြေကြဘူး” ဟု ဆိုင်ခန်းရှင်နောက်ထပ်တစ်ဦးက ဆိုသည်။

ဂေါပကအဖွဲ့ကတော့ ဆိုင်ခန်းငှားရမ်းသူများအနေနှင့် လာမည့်အောက်တိုဘာလကစ၍ လစဉ် လဆန်း ၁၀ ရက်မှ ၁၇ ရက်အတွင်းလည်း ကောင်း၊ လဆန်း ၁၈ ရက်မှ ၂၅ ရက်အတွင်း ပေးသွင်းခိုင်းထားပြီး၊ ပျက်ကွက်လျှင် ဒဏ်ကြေးအဖြစ် တစ်ရက် ၁၀ရာခိုင်နှုန်းပေးဆောင်ရမည်ဟု ကြေညာချက်ထုတ်ပြန်ထားသည်။

မန္တလေးမဟာမုနိဘုရားကြီးဂေါပကအဖွဲ့က စျေးဆိုင်ခန်းများအား မီးကြိုးသွယ်တန်းခဟုဆိုကာ ငွေကျပ်သုံးသိန်းစီ တောင်းခံထားကြောင်းလည်း သိရသည်။ mizzima

ပေါက်မြို့နယ် သရက်ကန်ရဲစခန်းကို စစ်တပ်က မီးရှို့ဖျက်ဆီး

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ သရက်ကန်ရဲစခန်းကို စစ်ကောင်စီတပ်က စက်တင်ဘာ ၂၈ ရက် နေ့လယ် ၁၁ နာရီမှာ မီးရှို့ခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်က မီးရှို့ခဲ့တာဟာ သမဝါယမဂိုဒေါင် အပါအဝင် ပြည်သူပိုင်နေအိမ် ၈ လုံးနဲ့ ရဲစခန်းကို မီးရှို့သွားတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ပေါက်မြို့နယ်၊ သရက်ကန်ရွာသူတယောက်က “မီးရှို့တာတော့ ဟုတ်တယ်။ ကျမတို့ ဒေသခံတွေကို အရင်ရက်ပိုင်းက ဖမ်းဆီးခဲ့ပြီး အခု စခန်းမီးရှို့ဖျက်ဆီးတဲ့အခါ ဘန်ကာတွေကို ဖျက်ခိုင်းတယ်။ ရေနံမှော်ကနေ ဆီသယ်ကားတွေဖမ်းပြီး အဲ့ဖမ်းရတဲ့ဆီတွေနဲ့ အချုပ်ခန်းတွေ၊ ရုံးအ ဆောက်အအုံတွေ၊ လိုင်းခန်းတွေကို ပက်ပြီး မီးရှို့ခိုင်းတယ်။ ပြီးတော့ ဖမ်းဆီးထားတဲ့အထဲက ကျမအပါအဝင် အမျိုးသမီး ၃၀‌ လောက်ကို ပြန်လွှတ်ပေးတယ်” လို့ ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ မြိုင်မြို့နယ်၊ မှန်ရင်းကျေးရွာဘက်က ဒေသခံတွေနဲ့ ပေါက်မြို့နယ် သရက်ကန်က ဒေသခံတွေဖြစ်ပြီး အမျိုးသား ၁၅ ယောက်ကိုတော့ လူသားဒိုင်းအဖြစ် ဆက်လက်ခေါ်ဆောင်သွားတယ်လို့လည်း သိရပါတယ်။

ပေါက်မြို့နယ် ဒေသခံတာဝန်ရှိသူ ခေါင်းဆောင်တယောက်က “အခုလို စခန်းကိုမီးရှို့ပြီး တပ်နောက်ဆုတ်သွားတာဟာ ဘာကြောင့်လဲလို့ ပြောရမလဲဆိုရင် ဒီ သရက်ကန်ရဲစခန်း အနီးဝန်းကျင်မှာ ကျနော်တို့အဖွဲ့တွေရဲ့ အားကောင်းတဲ့ အချက်တချက်ဖြစ်မယ်ဗျ။ အဲဒီစခန်းက မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်အစပ်မှာရှိတဲ့ စခန်းတခုလည်း ဖြစ်တယ်ဗျ။ နောက်ပြီး ကျနော်တို့ဘက်က စခန်းသိမ်းတိုက်ပွဲတွေကို အရေးတကြီးမတိုက်ဘဲ ဒီကောင်တွေကို ကျနော်တို့ဘက်က ဂိတ်ဖွင့်ပြီး ၃ လလောက် ဖြတ်လေးဖြတ် လုပ်ထားတာ ဆိုတော့ သူတို့ဘက်က အရေးမလှလို့ နောက် ဆုတ် သွားတယ်လို့ ကျနော်ကတော့ထင်တယ်။ နောက်တချက်က ကျနော်တို့အဖွဲ့တွေကို စစ်မြှူတယ်လို့လည်း ထင်တယ်ဗျ။ ဘာလို့ အဲလိုပြောရလဲဆိုတော့ ဒီကောင်တွေ စခန်းကိုမီးရှို့ပြီး တခြားစခန်းကို သွားတာ မဟုတ်သေးဘူး။ အဲ့သရက်ကန်အနီးအနားက ရွာတွေထဲမှာပဲ ဒီကောင်တွေ ရှိနေသေးတယ်။ သူတို့ဝင်လာလို့ ရွာသားတွေကတော့ နေ့လယ် ၁၁ နာရီလောက်ကနေ အခုညပိုင်းအထိ ထွက်ပြေးနေကြရတယ်” လို့ ပြောပါတယ်။

လက်ရှိ မီးရှို့ခံရတဲ့ သရက်ကန်ကျေးရွာဟာ ဒုတိယအကြိမ် မီးရှို့ခံရတာဖြစ်ပြီး ပထမအကြိမ်မှာ ပြည်သူပိုင်နေအိမ် အလုံး ၂၀ ကျော်လောက် မီးရှို့ဖျက်ဆီးခံခဲ့ရတာ ဖြစ်တယ်လို့လည်း ဒေသခံရွာသားတွေက ပြောပါတယ်။

သရက်ကန်စခန်းကို ဒေသခံ ကာကွယ်ရေးတပ်တွေက ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက် မနက် ၄ နာရီလောက်ကလည်း ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) တပ်ကနေ ရဟတ်ယာဥ်တစီးက လာရောက် ပစ်ကူပေးခဲ့ရတာတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ DVB

တောင်ဒဂုံတွင် စစ်ကောင်စီသတင်းပေး ထွေအုပ်ရုံးဝန်ထမ်း အမျိုးသမီးနှင့် ၇၁ ရပ်ကွက်ရာအိမ်မှူးတို့ ပစ်ခတ်ခံရ

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် စစ်ကောင်စီတပ်သတင်းပေး လုပ်ဆောင်နေသည့် ထွေအုပ်ရုံး ဝန်ထမ်း အမျိုးသမီးနှင့် ၇၁ ရပ်ကွက် ရာအိမ်မှူးကို ပစ်ခတ်ခဲ့ကြောင်း ဒဂုံတောင်မြို့ပြ ပြောက်ကျားတပ်ဖွဲ့ (SDGF) တပ်ဖွဲ့ ထံမှ သိရသည်။

ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးနှင့် မြို့နယ် ကြံ့ခိုင်ရေးပါတီတွင် တာဝန်ထမ်းဆောင်နေသည့် ဒေါ်နွယ်နီလှိုင်ဆိုသူ အမျိုးသမီးကို မြို့ပြပြောက်ကျားတပ်ဖွဲ့က ယနေ့ စက်တင်ဘာလ ၂၉ ရက် မနက် ၈ နာရီဝန်းကျင်အချိန်တွင် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

“ သူက လက်ရှိမှာ မြို့နယ်ထွေအုပ်ရုံးနဲ့ ကြံ့ခိုင်ရေးပါတီရုံးမှာ တာဝန်ထမ်းဆောင်နေသူပါ။ သူ့ကြောင့်ပဲ ကျွန်တော်တို့ အသိရဲဘော်တွေ ရှောင်တိမ်းနေရတာပါ။ ပြီးတော့ တပ်ထောက်ခံပွဲတွေအတွက်လည်း လူစုပေးတာမျိုးတွေက်ို ဦးဆောင်နေတဲ့သူ ဖြစ်ကြောင်း သတင်းအခိုင်အမာရရှိထားပါတယ်” ဟု ဒဂုံတောင်မြို့ပြ ပြောက်ကျားတပ်ဖွဲ့ (SDGF) တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။

မြို့ပြပြောက်ကျားတပ်ဖွဲ့က စစ်ကောင်စီတပ်သတင်းပေး ဒေါ်နွယ်နီလှိုင်ကို ယနေ့မနက်ပိုင်းက ထွေအုပ်ရုံးဝန်ထမ်းသီးသန့် အကြိုအပို့လုပ် ဆောင်ပေးနေသည့် ၇၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဇော်မင်းထွန်းဆိုသူနှင့် ရုံးအတူသွားရောက်စဉ် တောင်ဒဂုံမြို့နယ် ၂၅ ရပ်ကွက်၊ ထားဝယ်လမ်းနှင့် ဇီဇဝါ ၂ လမ်းအနီးတွင် ပစ်ခတ်ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ ပစ်ခတ်မှု လုပ်ဆောင်စဉ် အတူလိုက်ပါလာသည့် ထွေအုပ်ရုံး အကြိုအပို့လုပ်ဆောင်သူက တော်လှန်ရေးရဲဘော်များက်ို တုံ့ပြန်ရန်ရှာမှု ပြုလုပ်ခဲ့သည့်အတွက် ၎င်းကိုပါ သတိပေးပစ်ခတ်မှု ပြုလုပ်ခဲ့ရကြောင်း SDGF မြို့ပြပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

“ အဲ့ဒီ့ စစ်တပ်သတင်းပေး အမျိုးသမီးကိုတော့ ငါးချက်ပစ်ခတ်ခဲ့ပါတယ်။ လက်ရှိမှာ သူက ဆေးရုံမှာပါ၊ သူ့ကို ပစ်ခတ်နေတဲ့အချိန်မှာ သူနဲ့ အတူပါလာတဲ့ အဲ့ရုံးက အကြိုအပို့လုပ်ပေးတဲ့သူက ၇၁ ရပ်ကွက်က ရာအိမ်မှူး ဇော်မင်းထွန်းပါ။ သူက ၇၁ က ဆိုပေမယ့် လက်ရှိ ၂၅ ရုံးမှာ အလုပ်လုပ်နေပါတယ်။ ရဲဘော်တွေကို တုံ့ပြန်ရန်ရှာတဲ့အတွက် သူ့ကိုလည်း သတိပေး ပစ်ခတ်ခဲ့ရပါတယ်၊ သူကတော့ သေဆုံးခဲ့ပါတယ်” ဟု SDGF တာဝန်ရှိသူက ဆိုသည်။

ဒေါ်နွယ်နီလှိုင်ဆိုသူ အမျိုးသမီးကို မြို့ပြပြောက်ကျားတပ်ဖွဲ့က သေနတ်ဖြင့် ငါးချက်ပစ်ခတ်ခဲ့ပြီး လက်ရှိအချိန်၌ ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

ထို့အပြင် တော်လှန်ရေးရဲဘော်များကို ပြန်လည်ခုခံမှု ပြုလုပ်ခဲ့သည့် အတွက် ပစ်ခတ်ခဲ့ရသည့် ၇၁ ရပ်ကွက် ရာအိမ်မှူး ဇော်မင်းထွန်းဆိုသူ အမျိုးသားမှာ သေဆုံးသွားခဲ့ကြောင်း ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

ပစ်ခတ်ခံခဲ့ရသည့် ဒေါ်နွယ်နီလှိုင်သည် တောင်ဒဂုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတို့တွင် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး စစ်တပ်သတင်းပေးအဖြစ် လုပ်ဆောင်နေသူဖြစ်ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့က ဆို သည်။

ထို့အပြင် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်အတွင်းရှိ တော်လှန်ရေးရဲဘော်များကို ဖမ်းဆီးမှုနှင့် နေအိမ်ချိတ်ပိတ်မှုများတွင် စစ်ကောင်စီတပ်နှင့် လိုက်ပါလာခဲ့ခြင်းများရှိသလို၊ မြို့နယ်အတွင်းရှိ တော်လှန်ရေးရဲဘော်များကို ဖမ်းဆီးမည်ဟု ခြိမ်းခြောက်မှုများ ရှိခဲ့ကြောင်းလည်း သိရသည်။

“ သူဆိုနေကျ သီချင်း တစ်ပုဒ်ရှိတယ်၊ အရေးကြီးပြီ ညီနောင်အပေါင်းတို့ ဒေါင်းသွေးကို အရေခွာကြစို့တဲ့။ လမ်းထဲက လူတွေကြားအောင် တမင်ဆိုပြတာ၊ အာဏာမသိမ်းခင်ကတည်းက တစ်ခုခုဆို တောင်ဒဂုံအမတ် ဦးညီပါ ခေါ်လာခဲ့၊ သူစစ်တပ်ကို ခေါ်လာပြီး ဖမ်းလို့ရတယ်ဆိုပြီး အမြဲ ကြိမ်းနေတဲ့သူပါ” ဟု တောင်ဒဂုံ ဒေသခံတစ်ဦးက ပြောသည်။

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်အတွင်းရှိ ကျန်ရှိနေသေးသည့် စစ်ကောင်စီသတင်းပေးဒလန်များကိုလည်း အကြမ်းဖက်စစ်ကောင်စီလက် အောက်မှ ရုန်းထွက်ကြရန် SDGF မြို့ပြပြောက်ကျားတပ်ဖွဲ့က သတိပေးထားသည်။

“ ကျွန်တော်တို့က ပြည်သူ့ဘက်က ရပ်တည်ဖို့၊ ဒလန်ဆက်မလုပ်ဖို့ သတိပေးခဲ့ပြီးပါပြီ။ သေနတ်ပြောင်းဝက ခေါင်းကိုလာတေ့တဲ့ အချိန်မှ တောင်းပန်လို့ မရတော့ပါဘူး။ ကျွန်တော်တို့ဘက်က အမှန်တရားအတွက် ချစ်ခြင်း မုန်းခြင်းမရှိ တရားစီရင်သွားမှာပါ။ သေနတ်ပြောင်းဝက ကိုယ့်ခေါင်းဝကို လာမတေ့သေးခင်မှာ အကြမ်းဖက်စစ်ကောင်စီလက်အောက်က ရုန်းထွက်ကြပါ။ ဒီလောက်ပဲ ပြောချင်ပါတယ်ဗျ” ဟု SDGF မြို့ပြပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက ဆက်ပြောသည်။

ရန်ကုန်တွင် စစ်ကောင်စီတပ်က လုံခြုံရေးတိုးမြှင့်ချထားကာ စစ်ဆေးမှုများ တင်းကျပ်စွာ လုပ်ဆောင်နေပြီး စစ်တပ်အာဏာသိမ်းဆန့်ကျင်ဆန္ဒထုတ်ဖော်သူများနှင့် မြို့ပြမြေအောက်တော်လှန်ရေးတပ်ဖွဲ့ဝင် ရဲဘော်များကို ဖမ်းဆီးမှုများပြုလုပ်လျက်ရှိသည်။

ထိုသို့ စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်မှုများ ပြုလုပ်ထားသော်လည်း ရန်ကုန်ရှိ မြို့ပြမြေအောက်တော်လှန်ရေးတပ်ဖွဲ့များက စစ်ကောင်စီတပ်နှင့် ၎င်းတို့၏ ဒေါက်တိုင်များကို ဖောက်ခွဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေဆဲဖြစ်သည်။ mizzima

ယင်းမာပင်တွင် ဒေသခံနေအိမ် ၃ လုံးကို စစ် တပ်က မီးရှို့၊ မြောင်မြို့နယ်တွင် စစ်သင်္ဘော တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ထန်းဇင်ကျေးရွာက နေအိမ် ၃ လုံးကို စစ်ကောင်စီ တပ်ဖွဲ့တွေက စက်တင်ဘာ ၂၈ ရက် မနက် ၈ နာရီလောက်က မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီလို မီးရှို့ဖျက်ဆီးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ဘန့်ဘွေးရွာမ (ဒေသအခေါ် ပျူစောထီးရွာ) မှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်ဖွဲ့က ပြုလုပ်ခဲ့တာဖြစ်ပြီး အဲဒီ စစ်ကောင်စီတပ်ဖွဲ့ ကိုလည်း ညနေ ၅ နာရီဝန်းကျင်လောက်မှာ PDF ပူးပေါင်းအဖွဲ့တွေက အဝေးပစ် လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့လို့ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလို တိုက်ခိုက်နေစဥ်အတွင်းမှာ မုံရွာ (န-မ-ခ) ကနေ ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ အောင်ဇေယျကွက်သစ် (ဒေသအခေါ် ရွှေတောင်ဦးကုန်း) ကနေ လက်နက်ကြီးတွေနဲ့ ညပိုင်းရောက်တဲ့အထိ ပစ်ကူပေးခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ ရမ်းသန်းပစ်ခတ်မှုတွေကြောင့် အ ခင်းဖြစ်နေရာနဲ့ အနီးတဝိုက်မှာရှိတဲ့ ဒေသခံတွေလည်း နေအိမ်တွေမှာ မနေရဲဘဲ ထွက်ပြေးခဲ့ကြရတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

ပစ်ကူပေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ရဲ့ လက်နက်ကြီးကျည်တွေဟာ သူတို့စစ်ကောင်စီတပ်ဖွဲ့ နေထိုင်ရာ ဘန့်ဘွေးရွာမကျေးရွာအတွင်းနဲ့ အဲဒီရွာအပြင်ဘက်တို့မှာ ကျရောက်ပေါက်ကွဲခဲ့သလို ထန်းဇင်ကျေးရွာ၊ လက်ပန်ကျေးရွာနဲ့ ကံစုကျေးရွာအနီး တို့မှာလည်း ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးအသံကြောင့် နဘူးတောကျေးရွာက အသက် ၄၀ ဝန်းကျင်ရှိတဲ့ အမျိုးသားတယောက်လည်း သွေးလန့် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲမှာ PDF အဖွဲ့ဘက်က ထိခိုက်မှု တစုံတရာ မရှိခဲ့ဘူးလို့ သိရပြီး စစ်ကောင်စီဘက်မှာတော့ ထိခိုက်မှုရှိမရှိ မသိရသေးကြောင်းနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အဲဒီ ဘန့်ဘွေးရွာမအတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို PDF ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့သေးတယ်လို့လည်း ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ ဧရာဝတီမြစ်ကြောင်းအတွင်း ဆီသင်္ဘောကို လုံခြုံရေး လိုက်ပေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ရဲ့ သင်္ဘော ၁ စင်းကို စက်တင်ဘာ ၂၈ ရက် နေ့လယ် ၁ နာရီလောက်က ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း ဗုံးသီးဟာ အင်ဂျင်ခန်းကို ထိမှန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက် သေဆုံးကာ ‌သင်္ဘောလည်း စက်ရပ်တန့်သွားခဲ့တယ်လို့ ဆိုပါတယ်။

မြောင်မြို့နယ်ကာကွယ်ရေးနဲ့ လုံခြုံရေးတပ်ဖွဲ့ (CDSOM) တာဝန်ရှိသူက “အောက်ပိုင်းကနေ မန္တလေးကတဆင့် မြောင်နယ်ဘက်ကို တက်လာတဲ့ သင်္ဘောပါ။ ခုတ်မောင်းလာတုန်း ဒရုန်းနဲ့ အီနာဂါဗုံးချတာ သင်္ဘောရဲ့ အင်ဂျင်ခန်းကို တည့်တည့်ထိပြီး အင်ဂျင်ခန်းလည်း ပျက်စီးသွားတယ်။ သင်္ဘောလည်း ထိုးရပ်သွားတယ်။ အဲ့ဒီစက်ခန်းထဲရောက်နေတဲ့ စကစတပ်က ၂ ကောင်လည်း သေသွားပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် မြောင်မြို့နယ် ကြည်ကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့ရှိရာ အဆောက်အဦနဲ့ ပျူစော‌ထီးအဖွဲ့ခေါင်းဆောင် နေအိမ်တို့ကိုလည်း အဲ့ဒီနေ့လယ် ၁ နာရီခွဲလောက်က ဗုံးသီးတွေချပြီး တိုက်ခိုက်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

“အဲ့ဒီ ပျူခေါင်းဆောင်ကတော့ ညည သူမထင်ရင် မြောင်ဘက်ကို သေနတ်တွေနဲ့ လျှောက်ပစ်တယ်။ ရွာထဲ သူနဲ့မတည့်ရင် အလကားခေါ်ခေါ်ရိုက်နေလို့ တချို့ ရွာကနေ ထွက်ပြေးနေကြရတယ်။ သူကိုယ်တိုင်ကလည်း ပျူသင်တန်းတက်ပြီး လက်ရှိ ပျူခေါင်းဆောင် ဥက္ကဋ္ဌအဖြစ်နဲ့ စကစက လက်နက်တပ်ဆင်ပေးထားပြီး ရမ်းကားချင်တိုင်း ရမ်းကားနေသူဖြစ်လို့ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ တချိန်တည်းမှာပဲ အဲ့ဒီ ပျူခေါင်း ဆောင်ကို ကာကွယ်ရင်း မျက်နှာချင်းဆိုင် အဆောက်အဦမှာ နေထိုင် သောက်စား ပျော်ပါးနေတဲ့ စကစတပ်ဖွဲ့ကိုလည်း ဗုံးချတိုက်ခိုက်ခဲ့တယ်။ လက်နက်တွေပိုက်ပြီး ထွက်ပြေးလိုက်ကြတာ၊ တချို့လည်း ဒဏ်ရာရတယ်၊ တချို့လည်း လွတ်သွားတယ်။”

ကြည်ကျေးရွာအတွင်း တိုက်ခိုက်မှုမှာတော့ ပျူစောထီးအဖွဲ့ဝင် ၂ ယောက်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ယောက် ဒဏ်ရာအပြင်းအထန် ရသွားတယ်လို့ သိရပါတယ်။

အဲ့ဒီစစ်ဆင်ရေး‌အားလုံးကို CDSOM အဖွဲ့နဲ့ Wings Of The Irrawaddy တို့ ပူးပေါင်းကာ စက်တင်ဘာ ၂၇ ရက်က မြောင်မြို့နယ်အတွင်း တိုက်ပွဲမှာ ကျဆုံးသွားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော် ၂ ယောက်အတွက် လက်တုံ့ပြန် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အခုလ စက်တင်ဘာ ၁၄ ရက်နေ့ကလည်း မြောင်မြို့နယ် ဧရာဝတီမြစ်ကြောင်းအတွင်း ဆီတင်သင်္ဘောကို လုံခြုံရေးလိုက်ပါပေးနေတဲ့ စစ် တပ် သင်္ဘောကို ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့က ဒရုန်းနဲ့ ၂ ကြိမ်တိုက်ခိုက်ရာမှာ စစ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။DVB

ချင်းပြည်နယ်တွင် စက်မှုဇုန်ထောင်မည်ဟု စစ်ခေါင်းဆောင်ပြောကြားမှုသည် ပြည်သူများကို လိမ်လည်ခြင်းဖြစ်သည်ဟု ချင်းပြည်နယ်အစိုး ရ ဝန်ကြီးဟောင်း တုံ့ပြန်

ချင်းပြည်နယ်တွင် ကော်ဖီ၊ ဝါးဥ၊ နွားနောက်ကိုအခြေခံပြီး စက်မှုဇုန်ထောင်မည်ဟု စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောကြားမှုသည် ပြည်သူများကို လိမ်ညာခြင်းဖြစ်ပြီး နိုင်ငံရေးတည်ငြိမ်မှုရှိရန် နိုင်ငံရေးပြဿနာကို အရင်အဖြေရှာရမည်ဖြစ်သည်ဟု ချင်းပြည်နယ်အစိုးရ ဝန်ကြီးဟောင်း ဆလိုင်း အိုက်ဇက်ခင်က တုံ့ပြန်ပြောဆိုခဲ့သည်။

“ဒေသတွင်းမှာ နိုင်ငံရေး တည်ငြိမ်မှု မရှိဘဲနဲ့ ဘာမှလုပ်လို့ မရပါဘူး။ ခုချိန်မှာ လိုအပ်တာ အဲဒါတွေ မဟုတ်ဘူး။ နိုင်ငံရေးတည်ငြိမ်မှုရှိဖို့ နိုင်ငံရေးပြဿနာကို အရင်အဖြေရှာရမှာ။ သူတို့မှာ ဒီလိုလုပ်ခွင့် မရှိဘူး” ဟု ချင်းပြည်နယ်အစိုးရ ဝန်ကြီးဟောင်း ဆလိုင်း အိုက်ဇက်ခင်က တုံ့ပြန်ပြောဆိုခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၇ ရက်နေ့ က နေပြည်တော်တွင်ကျင်းပသည့် စစ်ကောင်စီ အစည်းအဝေး (၈/၂၀၂၂)တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ချင်းပြည်နယ်တွင် ကော်ဖီ၊ ဝဥ၊ နွားနောက်ကိုအခြေခံကာ စက်မှုဇုန်ထောင်ပြီး စီးပွားရေးလုပ်ရန် စစ်ကောင်စီမှခန့်အပ်ထားသည့် တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်များအားလုံးကို မှာကြားခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီခေါင်းဆောင်ပြောသည် စီးပွားရေးစီမံချက်သည် ယခင် NLD အစိုးရ လက်ထက်က ချင်းပြည်နယ် MSMEs ဖွံ့ဖြိုးရေးစီမံချက်ထဲတွင် သေသေချာချာ ရေးသားထားပြီဖြစ်၍ ၂၀၂၁ ခုနှစ် အစိုးရသစ်တက်လာလျှင် ၂၀၂၁-၂၀၂၅ ခုနှစ်များတွင် ချင်းပြည် စီးပွားရေးဖွံ့ဖြိုးမှုစီမံကိန်းအဖြစ် ဆက်လုပ်ရန် လျာထား ပြီးဖြစ်ကြောင်း ဆလိုင်း အိုက်ဇက်ခင်က ဆိုသည်။

“အထူးအဆန်းတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့အစိုးရလက်ထက်တုန်းက ကျွန်တော်ကိုယ်တိုင် ၂၀၁၇ မှာ ဖြစ်နိုင်ခြေလေ့လာမှုလုပ်ခဲ့တာရှိပါတယ်။ “ဝဥ” က အဆင်ပြေလို့ ကန်ပက်လက်၊ မင်းတပ်၊ မတူပီဘက်မှာ အားပေးခဲ့တယ်။ အောင်လည်း အောင်မြင်တယ်။ ကော်ဖီကိုတော့ တီးတိန်၊ တွန်းဇန်မှာ ချင်းတောင်ကော်ဖီဆိုပြီး ကျွန်တော်တို့အားပေးခဲ့တယ်။ အောင်မြင်မှုတွေလည်း ရတယ်။ နွားနောက်ကတော့ အစဉ်အဆက် ပြောလာတာပဲ။ သူက ခုမှ သိတာဖြစ်မှာပေါ့။ မသိသူတွေကို ဂျင်းထည့်တာ” ဟု ချင်းပြည်နယ်ဝန်ကြီးဟောင်း ဆလိုင်း အိုက်ဇက်ခင်က မဇ္ဈိမကို ပြောသည်။

ယခုကဲ့သို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှုကြီး မင်းအောင်လှိုင်၏ ပြောဆိုမှုအပေါ် အယုံအကြည်မရှိကြောင်း နှင့် တီထွင်ကြံဆမှုမရှိဘဲ ခေတ်နောက်ပြန်ဆွဲနေခြင်း ဖြစ်သည်ဟု CDM ဝင်ထားသည့် ချင်းပြည်နယ် ဒေသခံကျောင်းဆရာ တစ်ဦးက ဆိုသည်။

“အရင်ခေတ်က ကျောင်းတွေမှာ ကော်ဖီပင်တွေ စိုက်ကြတယ် ။ ကလေးတွေကို အပင်စိုက်ဖို့ ပင်ပင်ပန်းပန်း ကျင်းတူးခိုင်းတယ် ။အရင်ခေတ်လိုပါပဲ သုံးစားမရတဲ့ အပင်တွေ ။ဥပမာ အနေနဲ့ ကြက်ဆူပင်၊ ကော်ဖီပင်ကို အဓိကထားပြီး စိုက်ခိုင်းဦးမယ်။ နွားနောက်တွေကနေ နွားနို့ သောက်ရက ဝေးသေးတယ် ။ ချင်းပြည်နယ်မှာ နွားနောက်ရဲ့နို့ရည် သောက်တဲ့သူ ရှားမှရှား။ နိုင်ငံရေးအခြေနေအရ ပြောမယ်ဆိုရင် မအလ ရဲ့ အတွေးထဲမှာ ဘာကိုမှ တီထွင်ကြံဆမူမရှိဘဲ အရင်တိုင်းပဲ အချိန်တွေ ကုန်စေချင်တဲ့ သဘော ရောက်နေတယ်” ဟု ချင်းပြည်နယ် ဒေသခံကျောင်းဆရာ က ပြောသည်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တိုင်းနှင့်ပြည်နယ်အားလုံး၌ စက်မှုဇုန်များတည်ထောင်ရန် ညွှန်ကြားထားပြီး ချင်းပြည် နယ်က အကြွေးကျန်နေသည် ဟုဆိုသည်။

ချင်းပြည်နယ်တွင် စစ်တပ် အာဏာသိမ်းပြီးကတည်းက တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေပြီး ထန်တလန်မြို့နယ်အပါအဝင် တခြားမြို့နယ်နှင့် ကျေးရွာများမှ ဒေသခံပြည်သူများမှာ စစ်ဘေးတိမ်းရှောင်နေကြရသည်။ ယခုကဲ့သို့ စစ်ခေါင်းဆောင် ပြောသည့် စက်မှုဇုန်တည်ထောင်မည့် ကိစ္စသည် အောင်မြင်နိုင်မည် ကိစ္စ မဟုတ်ဟု ချင်းပြည်နယ်ရှိ ဒေသခံများက သုံးသပ် ပြောကြားသည်။ mizzima

မုံရွာမြို့နယ် ထနောင်းတော မြောက်ရွာနှင့် တောင်ရွာကို စစ်တပ်က ၂ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးပြီး PDF ရဲဘော် ၁ ဦးနှင့် ပြည်သူ ၁ ဦးကို ပစ်သတ်သွား

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ထနောင်းတော မြောက်ရွာနှင့် တောင်ရွာကို အကြမ်းဖက် စစ်တပ်က စက်တင်ဘာလ ၂၇ နှင့် ၂၈ ရက်နေ့တို့တွင် ဝင်ရောက် စီးနင်းခဲ့ပြီး PDF ရဲဘော် ၁ ဦးနှင့် ပြည်သူ ၁ ဦးကို ပစ်သတ်သွားကြောင်း မုံရွာ_အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် တောပုမြောက်ရွာ(ပျူရွာ)မှ ပျူစောထီးများနှင့် ပူးပေါင်းကာ စက်တင်ဘာလ ၂၇ ရက်နေ့ နံနက် ၅ နာ ရီ ခန့်တွင် ကား ၃ စီးဖြင့် တောပုမြောက်ရွာ ပျူစောထီးများ နှင့်ပူပေါင်းပြီး ကြာပိုင်ကျေးရွာမှ ထနောင်းတောမြောက်ရွာသို့ ဦးစွာဝင်ရောက် လာကြောင်း၊ ပြည်သူပိုင်နေအိမ် ၄ လုံးကို ​မီးရှို့ဖျက်ဆီးကာ စက်တင်ဘာလ ၂၇ ရက်နေ့ ညတွင် ထနောင်းတောမြောက်ရွာ ကျေးရွာအတွင်းရှိ ပြည်သူနေအိမ်များတွင် လူခွဲအိပ်ခဲ့ကြောင်း၊ စက်တင်ဘာလ ၂၈ ရက်နေ့တွင် ထနောင်းတောတောင်ရွာရှိ ပြည်သူပိုင်နေအိမ် ၃ လုံးကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာလုံးကျွတ်နီးပါး ဝင်ရောက် မွှေ​ေနှောက်သွားကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် စက်တင်ဘာလ ၂၇ ရက်နေ့ ညနေ ၅ နာရီခန့်တွင် မုံရွာမြို့ပေါ်မှ အလုပ်လုပ်ပြီး ပြန်လာသည့် ကိုအောင် ကျော်မင်း (ဘုဘကျေးရွာနေသူ)အား ထနောင်းတောမြောက်ရွာအဝင် လမ်းမကြီးပေါ်မှာတွင် ပစ်သတ်သွားကြောင်း ထို့နောက် ယင်း နေရာအနီး၌ ပြည်သူ့ကာကွယ်ရေးတပ် (MPDF – ဆားလင်းကြီးတပ်ခွဲ)မှ ရဲဘော်တစ်ဦးအား အရှင်မိပြီး နှိပ်စက် ပစ်သတ် သွားကြောင်း သိရသည်။ khit thit

« Older Entries