တောင်ဒဂုံတွင် စစ်ကောင်စီသတင်းပေး ထွေအုပ်ရုံးဝန်ထမ်း အမျိုးသမီးနှင့် ၇၁ ရပ်ကွက်ရာအိမ်မှူးတို့ ပစ်ခတ်ခံရ

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် စစ်ကောင်စီတပ်သတင်းပေး လုပ်ဆောင်နေသည့် ထွေအုပ်ရုံး ဝန်ထမ်း အမျိုးသမီးနှင့် ၇၁ ရပ်ကွက် ရာအိမ်မှူးကို ပစ်ခတ်ခဲ့ကြောင်း ဒဂုံတောင်မြို့ပြ ပြောက်ကျားတပ်ဖွဲ့ (SDGF) တပ်ဖွဲ့ ထံမှ သိရသည်။

ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးနှင့် မြို့နယ် ကြံ့ခိုင်ရေးပါတီတွင် တာဝန်ထမ်းဆောင်နေသည့် ဒေါ်နွယ်နီလှိုင်ဆိုသူ အမျိုးသမီးကို မြို့ပြပြောက်ကျားတပ်ဖွဲ့က ယနေ့ စက်တင်ဘာလ ၂၉ ရက် မနက် ၈ နာရီဝန်းကျင်အချိန်တွင် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

“ သူက လက်ရှိမှာ မြို့နယ်ထွေအုပ်ရုံးနဲ့ ကြံ့ခိုင်ရေးပါတီရုံးမှာ တာဝန်ထမ်းဆောင်နေသူပါ။ သူ့ကြောင့်ပဲ ကျွန်တော်တို့ အသိရဲဘော်တွေ ရှောင်တိမ်းနေရတာပါ။ ပြီးတော့ တပ်ထောက်ခံပွဲတွေအတွက်လည်း လူစုပေးတာမျိုးတွေက်ို ဦးဆောင်နေတဲ့သူ ဖြစ်ကြောင်း သတင်းအခိုင်အမာရရှိထားပါတယ်” ဟု ဒဂုံတောင်မြို့ပြ ပြောက်ကျားတပ်ဖွဲ့ (SDGF) တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။

မြို့ပြပြောက်ကျားတပ်ဖွဲ့က စစ်ကောင်စီတပ်သတင်းပေး ဒေါ်နွယ်နီလှိုင်ကို ယနေ့မနက်ပိုင်းက ထွေအုပ်ရုံးဝန်ထမ်းသီးသန့် အကြိုအပို့လုပ် ဆောင်ပေးနေသည့် ၇၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဇော်မင်းထွန်းဆိုသူနှင့် ရုံးအတူသွားရောက်စဉ် တောင်ဒဂုံမြို့နယ် ၂၅ ရပ်ကွက်၊ ထားဝယ်လမ်းနှင့် ဇီဇဝါ ၂ လမ်းအနီးတွင် ပစ်ခတ်ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ ပစ်ခတ်မှု လုပ်ဆောင်စဉ် အတူလိုက်ပါလာသည့် ထွေအုပ်ရုံး အကြိုအပို့လုပ်ဆောင်သူက တော်လှန်ရေးရဲဘော်များက်ို တုံ့ပြန်ရန်ရှာမှု ပြုလုပ်ခဲ့သည့်အတွက် ၎င်းကိုပါ သတိပေးပစ်ခတ်မှု ပြုလုပ်ခဲ့ရကြောင်း SDGF မြို့ပြပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

“ အဲ့ဒီ့ စစ်တပ်သတင်းပေး အမျိုးသမီးကိုတော့ ငါးချက်ပစ်ခတ်ခဲ့ပါတယ်။ လက်ရှိမှာ သူက ဆေးရုံမှာပါ၊ သူ့ကို ပစ်ခတ်နေတဲ့အချိန်မှာ သူနဲ့ အတူပါလာတဲ့ အဲ့ရုံးက အကြိုအပို့လုပ်ပေးတဲ့သူက ၇၁ ရပ်ကွက်က ရာအိမ်မှူး ဇော်မင်းထွန်းပါ။ သူက ၇၁ က ဆိုပေမယ့် လက်ရှိ ၂၅ ရုံးမှာ အလုပ်လုပ်နေပါတယ်။ ရဲဘော်တွေကို တုံ့ပြန်ရန်ရှာတဲ့အတွက် သူ့ကိုလည်း သတိပေး ပစ်ခတ်ခဲ့ရပါတယ်၊ သူကတော့ သေဆုံးခဲ့ပါတယ်” ဟု SDGF တာဝန်ရှိသူက ဆိုသည်။

ဒေါ်နွယ်နီလှိုင်ဆိုသူ အမျိုးသမီးကို မြို့ပြပြောက်ကျားတပ်ဖွဲ့က သေနတ်ဖြင့် ငါးချက်ပစ်ခတ်ခဲ့ပြီး လက်ရှိအချိန်၌ ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

ထို့အပြင် တော်လှန်ရေးရဲဘော်များကို ပြန်လည်ခုခံမှု ပြုလုပ်ခဲ့သည့် အတွက် ပစ်ခတ်ခဲ့ရသည့် ၇၁ ရပ်ကွက် ရာအိမ်မှူး ဇော်မင်းထွန်းဆိုသူ အမျိုးသားမှာ သေဆုံးသွားခဲ့ကြောင်း ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

ပစ်ခတ်ခံခဲ့ရသည့် ဒေါ်နွယ်နီလှိုင်သည် တောင်ဒဂုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတို့တွင် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး စစ်တပ်သတင်းပေးအဖြစ် လုပ်ဆောင်နေသူဖြစ်ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့က ဆို သည်။

ထို့အပြင် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်အတွင်းရှိ တော်လှန်ရေးရဲဘော်များကို ဖမ်းဆီးမှုနှင့် နေအိမ်ချိတ်ပိတ်မှုများတွင် စစ်ကောင်စီတပ်နှင့် လိုက်ပါလာခဲ့ခြင်းများရှိသလို၊ မြို့နယ်အတွင်းရှိ တော်လှန်ရေးရဲဘော်များကို ဖမ်းဆီးမည်ဟု ခြိမ်းခြောက်မှုများ ရှိခဲ့ကြောင်းလည်း သိရသည်။

“ သူဆိုနေကျ သီချင်း တစ်ပုဒ်ရှိတယ်၊ အရေးကြီးပြီ ညီနောင်အပေါင်းတို့ ဒေါင်းသွေးကို အရေခွာကြစို့တဲ့။ လမ်းထဲက လူတွေကြားအောင် တမင်ဆိုပြတာ၊ အာဏာမသိမ်းခင်ကတည်းက တစ်ခုခုဆို တောင်ဒဂုံအမတ် ဦးညီပါ ခေါ်လာခဲ့၊ သူစစ်တပ်ကို ခေါ်လာပြီး ဖမ်းလို့ရတယ်ဆိုပြီး အမြဲ ကြိမ်းနေတဲ့သူပါ” ဟု တောင်ဒဂုံ ဒေသခံတစ်ဦးက ပြောသည်။

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်အတွင်းရှိ ကျန်ရှိနေသေးသည့် စစ်ကောင်စီသတင်းပေးဒလန်များကိုလည်း အကြမ်းဖက်စစ်ကောင်စီလက် အောက်မှ ရုန်းထွက်ကြရန် SDGF မြို့ပြပြောက်ကျားတပ်ဖွဲ့က သတိပေးထားသည်။

“ ကျွန်တော်တို့က ပြည်သူ့ဘက်က ရပ်တည်ဖို့၊ ဒလန်ဆက်မလုပ်ဖို့ သတိပေးခဲ့ပြီးပါပြီ။ သေနတ်ပြောင်းဝက ခေါင်းကိုလာတေ့တဲ့ အချိန်မှ တောင်းပန်လို့ မရတော့ပါဘူး။ ကျွန်တော်တို့ဘက်က အမှန်တရားအတွက် ချစ်ခြင်း မုန်းခြင်းမရှိ တရားစီရင်သွားမှာပါ။ သေနတ်ပြောင်းဝက ကိုယ့်ခေါင်းဝကို လာမတေ့သေးခင်မှာ အကြမ်းဖက်စစ်ကောင်စီလက်အောက်က ရုန်းထွက်ကြပါ။ ဒီလောက်ပဲ ပြောချင်ပါတယ်ဗျ” ဟု SDGF မြို့ပြပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက ဆက်ပြောသည်။

ရန်ကုန်တွင် စစ်ကောင်စီတပ်က လုံခြုံရေးတိုးမြှင့်ချထားကာ စစ်ဆေးမှုများ တင်းကျပ်စွာ လုပ်ဆောင်နေပြီး စစ်တပ်အာဏာသိမ်းဆန့်ကျင်ဆန္ဒထုတ်ဖော်သူများနှင့် မြို့ပြမြေအောက်တော်လှန်ရေးတပ်ဖွဲ့ဝင် ရဲဘော်များကို ဖမ်းဆီးမှုများပြုလုပ်လျက်ရှိသည်။

ထိုသို့ စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်မှုများ ပြုလုပ်ထားသော်လည်း ရန်ကုန်ရှိ မြို့ပြမြေအောက်တော်လှန်ရေးတပ်ဖွဲ့များက စစ်ကောင်စီတပ်နှင့် ၎င်းတို့၏ ဒေါက်တိုင်များကို ဖောက်ခွဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေဆဲဖြစ်သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s