Monthly Archives: Sep 2022

စစ်ရာဇဝတ်မှုကျူးလွန်နေသည့် စစ်ကောင်စီကို အရေးမယူသည့် နိုင်ငံတကာအဖွဲ့အစည်း များကို အယုံအကြည်မရှိဟု ဗိုလ်နဂါးပြော

စစ်ရာဇဝတ်မှုတွေကို ပေါ်ပေါ်ထင်ထင် ဆက်တိုက်ကျူးလွန်နေတဲ့ စစ်ကောင်စီကို အရေးမယူခဲ့တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို အယုံအ ကြည်မရှိတော့ဘူးလို့ စစ်ကိုင်းဒေသခံ မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A) ခေါင်းဆောင်   ဗိုလ်နဂါးက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်း တိုက်ခိုက်ခံရမှု အပြီးမှာ ကလေးသူငယ်တွေအပေါ် စစ်ကောင်စီကကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို နိုင်ငံတကာက ထိထိရောက်ရောက် အရေးယူဆောင်ရွက်တာမတွေ့ရဘဲ ကြေညာချက်တွေသာ ထုတ်ပြန်နေတဲ့အပေါ် အခုလို တုံ့ပြန်လိုက်တာပါ။ 

လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီတပ်က စက်တင်ဘာ ၁၆ ရက်နေ့မှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် က လေးငယ်တွေနဲ့ ပြည်သူ စုစုပေါင်း ၁၃ ယောက် ကျဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာရထားတဲ့ ကလေးတွေနဲ့ ဆရာ၊ ဆရာမ ၁၁ ယောက်ကို စစ်တပ်က ခေါ်ဆောင်သွားပြီး အခုချိန်ထိ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်အပြီးမှာတော့ ကြေညာချက်တွေသာ ထုတ်ပြန်ခဲ့တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေဟာ လျစ်လျူရှုနေလို့ မရတော့ဘဲ နိုင်ငံတကာက ပြည်သူတွေရဲ့ မေးခွန်းထုတ်တာကို ကြုံတွေ့ခဲ့ရပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်ရေးကော်မရှင်နာ နာဒါအယ်လ်နာရှစ်ဖ်က မြန်မာနိုင်ငံရဲ့ ဆိုးရွားတဲ့ကပ်ဘေးကို ရပ်တန့်ဖို့နဲ့ အရေးပေါ် လုပ်ဆောင်ချက်တွေ ဆောင်ရွက်ဖို့ လိုနေပြီလို့ စက်တင်ဘာ ၂၆ ရက်က ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ကျင်းပတဲ့ ကုလလူ့အခွင့်အရေးကောင်စီရဲ့ ၅၁ ကြိမ်မြောက် ညီလာခံမှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ကုလရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းရေးအဖွဲ့ (IIMM) ကလည်း လက်ယက်ကုန်းကျေးရွာအရေးနဲ့ ပတ်သက်ပြီး အချက်အလက်တွေ စုဆောင်းနေတယ်လို့ စက်တင်ဘာ ၂၇ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ စစ်ကောင်စီက ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကို အကြောင်းအမျိုးမျိုးနဲ့ လျစ်လျူရှုနိုင်ခဲ့တဲ့ နိုင်ငံတကာရဲ့ အကူအညီတွေအပေါ် အယုံအကြည်မရှိတော့ဘူးလို့ ဗိုလ်နဂါးက ပြောဆိုလိုက်ပါတယ်။

“အာဏာသိမ်းစစ်ကောင်စီက မိဘရင်ခွင်ခိုလှုံနေရဆဲ ကလေးငယ်တွေကို ကိုယ်လက်အင်္ဂါတွေ ပြန့်ကျဲသွားအောင် ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်တာ။ ဒီ လက်ယက်ကုန်းရွာ စာသင်ကျောင်းမှမဟုတ်ဘူး။ လူထုအုံကြွဆန္ဒပြစဉ် ကာလကတည်းက မိဘရင်ခွင်မှာရှိနေတဲ့ နို့စို့ကလေးလေးတွေပါ ရက်ရက်စက်စက် သတ်ဖြတ်တာတွေ ဒါ အားလုံးအသိပဲ။ နောက်ပြီးတော့ အမျိုးသမီးတွေကို လိင်စော်ကားတာတွေ၊ အကြမ်းဖက်တာတွေ၊ နောက် အစုလိုက်အပြုံလိုက် သတ်ဖြတ်တာတွေ၊ လူသားမျိုးနွယ်စု တခုလုံးအပေါ် ကျူးလွန်တဲ့အပြစ်လို့ ပြောဖို့ လုံလောက်တဲ့အထိ အစုလိုက် အပြုံလိုက် သတ်ဖြတ်တာတွေကို အကြိမ်ကြိမ် ပေါ်ပေါ်ထင်ထင် ပြုလုပ်နေတယ်။ ကမ္ဘာကြီးကို မီးခိုးဖုံးလွှမ်းသွားအောင်အထိ ပြည်သူ့အိုးအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ ကမ္ဘာကြီးရဲ့ ရှေ့မှောက်မှာတင် ပြောင်ပြောင်တင်းတင်း လုပ်နေတော့တာ။ အားလုံးမှာတာဝန်ရှိတယ်။ တာဝန်ရှိတာချင်းအတူတူ လျစ်လျူရှုနိုင်တဲ့သူတွေတော့ ရှိတာပေါ့ဗျာ။ အကြောင်းအမျိုးမျိုးကြောင့် ကန့်ကွက်ရှုတ်ချရုံလောက်နဲ့ ပြီးနေတဲ့ တာဝန်ရှိ အဖွဲ့အစည်းတွေကို ကျ‌‌နော်တို့ မျှော်လင့်တော့ မျှော်လင့်ပေါ့ဗျာ။ ဒါပေမဲ့ အပြည့်အဝ မျှော်လင့်မထားနဲ့။ ဒီလိုပြဿနာမျိုးတွေ ဒီလိုအကြမ်းဖက်မှုမျိုးတွေအောက်က လွတ်မြောက်အောင် ကျနော်တို့ကိုယ်တိုင်ပဲ ကြိုးစားရမယ်ဆိုတာ ကျနော်တို့ပြည်သူတွေ ပိုပြီးသိသင့်ပြီ။”

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်ကလည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ အခြေအနေတွေဟာ ဆိုးရွားလာရာကနေ ထိတ်လန့်ကြောက်မက်ဖွယ် အခြေအနေ ဖြစ်နေပြီလို့ စက်တင်ဘာ ၂၁ ရက်မှာ ပြောဆိုခဲ့ပါတယ်။

မကွေး၊ စစ်ကိုင်း၊ ကချင်၊ ရှမ်း၊ ကယား၊ ကရင်၊ ချင်း စတဲ့ဒေသတွေမှာ စာသင်ကျောင်းတွေ၊ ဘာသာရေး အဆောက်အအုံတွေ အပါအဝင် အရပ်သားနေအိမ် စုစုပေါင်း ၃၀,၀၀၀ လောက်ဟာ စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးတာကို ခံခဲ့ရပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ အလယ်ပိုင်းမှာလည်း လူမှုကူညီရေး လုပ်ငန်းတွေကို စစ်တပ်က ပိတ်ပင်ထားတာကြောင့် ပြည်သူတွေဟာ အငတ်ဘေးကြုံရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

စစ်တပ်က ကလေးသူငယ်တွေကို ပစ်မှတ်ထား တိုက်ခိုက်သတ်ဖြတ်တာ၊ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တာတွေနဲ့ ပတ်သက်ပြီး လုံးဝမကျေနပ်နိုင်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီး‌ ဒေါက်တာဇော်ဝေစိုးက စက်တင်ဘာ ၂၆ ရက်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“သိသိချင်းပဲ ဒီသတင်းတွေနဲ့ပတ်သက်ပြီး မြန်မာလိုရော ဂျပန်လိုရော တရုတ်လိုရော အင်္ဂလိပ်လိုရော ကိုရီးယားလိုရော တကမ္ဘာလုံးကို ဖြန့်ပါတယ်။ UNGA ကိုပို့ပါတယ်။ လူ့အခွင့်အရေးကောင်စီကို ပို့ပါတယ်။ တောက်လျှောက် သတင်းတွေပေးပြီး လုပ်နေတဲ့အတွက် အားလုံးသိပါလိမ့်မယ်။ နိုင်ငံတကာက ဘယ်လိုတုံ့ပြန်ခဲ့တယ်ဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ကျနော် အသေးစိတ် ပြောစရာမလိုပါဘူး။ သတင်းဌာနတွေ သိပြီးဖြစ်ပါတယ်။ ဒါပေမဲ့ ဒါကို ကျနော်တို့ လုံးဝမကျေနပ်နိုင်ပါဘူး။ ကျနော်တို့ကလေးတွေရဲ့ အသက်ဟာ ဘာနဲ့မှမလဲနိုင်ပါဘူး။ နိုင်ငံ တကာကိုလည်း အသိပေးပါတယ်။ ဘာလုပ်ရမယ်ဆိုတာ နိုင်ငံတကာက အသိဆုံးဖြစ်မှာပါ။ ယူကရိန်းက မိခင်ကလေးဆေးရုံကို ဗုံးကြဲတော့ ဘယ်လိုတုံ့ပြန်ခဲ့သလဲ။ ကလေးတွေအများကြီး ရှိနေတဲ့ နေရာကို ရော့ကက်နဲ့ပစ်ခဲ့တော့ ဘယ်လိုမျိုးတုံ့ပြန်ခဲ့တယ်ဆိုတဲ့ တုံ့ပြန်မှုမျိုးကို ကျနော်တို့ လိုချင်ပါတယ်လို့ တကမ္ဘာလုံးကို ကျနော်တို့ အသိပေးပါတယ်။”

စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကို လျစ်လျူရှုခဲ့တဲ့ ကုလသမဂ္ဂ၊ အာဆီယံ အပါအဝင် ကလေးသူငယ်အရေး၊ လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ မြန်မာနိုင်ငံအတွင်း တည်ရှိခဲ့မှုနဲ့ပတ်သက်ပြီး တာဝန်မဲ့သူတွေဖြစ်တယ်လို့ စစ်ကိုင်းဒေသခံ နိုင်ငံရေးသမားတယောက်က ဝေဖန်လိုက်ပါတယ်။ လက်ယက်ကုန်း စာသင်ကျောင်း တိုက်ခိုက်ခံရမှုမှာ လုံလောက်တဲ့သက်သေတွေ ရှိတဲ့အတွက် မဖြစ်မနေ အရေးယူပေးဖို့လည်း သူက တိုက်တွန်းပါတယ်။

“ကလေးသူငယ်တွေကို ပစ်မှတ်ထားပြီးတော့ သတ်ဖြတ်တာ။ လေကြောင်းကနေ တိုက်ခိုက်တာဖြစ်တယ်။ ဒီလိုဖြစ်ရပ်မျိုးကတော့ ကျနော်တို့ ယဉ်ကျေးတဲ့ကမ္ဘာမှာ ဘယ်လိုမှ လက်သင့်ခံနိုင်စရာ ဖြစ်ရပ်မျိုး မဟုတ်ဘူးပေါ့နော်။ အဲ့ဒီအတွက် ကလေးသူငယ်နဲ့ ပတ်သက်တဲ့ နိုင်ငံ တကာအဖွဲ့အစည်းတွေ၊ Save the Children တို့ UNICEF တို့ ကုလသမဂ္ဂတို့က နေပြီးတော့ ဒီဖြစ်ရပ်အပေါ် စုံစမ်းစစ်ဆေးပြီးတော့ အရေး ယူမှုရှိအောင် တာဝန်ယူမှု တာဝန်ခံမှုရှိအောင်၊ သူတို့လုပ်ရမယ့် တာဝန်တွေထဲမှာ ပါတဲ့အတွက်ကြောင့် မဖြစ်မနေလုပ်ဖို့အတွက် ကျနော်တို့က မျှော်လင့်ပါတယ်။ အဲ့လိုမျိုး မလုပ်ဘူးဆိုရင်တော့ အဲ့ဒီလိုအဖွဲ့တွေရဲ့ ကျနော်တို့နိုင်ငံအတွင်းမှာ တည်ရှိမှုကို ကျနော်တို့ပြည်သူတွေက တော့ ပြင်းပြင်းထန်ထန် မေးခွန်းထုတ်လိုပါတယ်။”

လက်ယက်ကုန်းရွာမှာ ကျောင်းသားကလေးငယ်တွေကို စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ ရော မြေပြင်ကပါ အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့အပေါ် အာဆီယံအဖွဲ့ကြီးကလည်း  အသံတိတ်နေတာ တွေ့ရပါတယ်။ 

၂၀၂၁ ဖေဖော်ဝါရီလက စတင်ခဲ့တဲ့ စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံတဝန်းမှာ လူဦးရေ ၁ ဒသမ ၃ သန်းကျော်ဟာ နေရပ်စွန့်ခွာ ထွက် ပြေးခဲ့ရတယ်လို့ စက်တင်ဘာ ၁၉ ရက်နေ့က ထုတ်ပြန်တဲ့ ကုလသမဂ္ဂရဲ့ စာရင်းတွေက ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးချိန်နောက်ပိုင်း ကလေးငယ် ၁၈၈ ယောက် အပါအဝင် အနည်းဆုံး ပြည်သူ ၂,၃၀၀ ကျော် သတ်ဖြတ်ခံခဲ့ရတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်က အတည်ပြုထားပါတယ်။

စစ်တပ်ရဲ့ အကြမ်းဖက်မှုအောက်မှာ အသက်ရှင်လျက် မီးရှို့ခံရသူနဲ့ သတ်ဖြတ်ပြီးမှ မီးရှို့ဖျက်ဆီးခံရသူ စုစုပေါင်း ၁၁၁ ဦးရဲ့ မှတ်တမ်းတွေလည်း ရှိထားပါတယ်။ နှိပ်စက်သတ်ဖြတ်ခဲ့တဲ့ ရာဇဝတ်မှုတွေကို သက်သေဖျောက်ဖျက်ချင်လို့ မီးရှို့ဖျက်ဆီးခဲ့တာတွေလည်း ပါဝင်နိုင်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်ရေးဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

စစ်ရာဇဝတ်မှုတွေနဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှုတွေ ပေါ်ပေါ်ထင်ထင် ကျူးလွန်နေတဲ့ အာဏာသိမ်းစစ်ကောင်စီကို ထိထိရောက်ရောက် အရေး ယူဖို့ ကုလသမဂ္ဂအဖွဲ့ဝင် ကမ္ဘာ့နိုင်ငံတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က စက်တင်ဘာ ၂၇ ရက်နေ့ ပါတီထူထောင်ခြင်း ၃၄ နှစ်ပြည့် ကြေညာချက်မှာ ဖော်ပြတိုက်တွန်းခဲ့ပါတယ်။ DVB

ဖာပွန်ခရိုင်က စစ်ကောင်စီတပ် စခန်း ၂ ခု တိုက်ခိုက်ခံရပြီး ၂ ဦး သေဆုံး

ကရင်ပြည်နယ်၊ KNU တပ်မဟာ (၅) ထိန်းချုပ်နယ်မြေ၊ ဖာပွန်ခရိုင် (မူတြော်) က စစ်ကောင်စီ တပ်စခန်း နှစ်ခုကို KNLA တပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးသွားကြောင်း KNLA တပ်မဟာ (၅) ၏ မူတြော်သတင်းစဉ်က ယနေ့ စက်တင် ဘာ လ ၂၉ ရက်နေ့တွင် တရားဝင် ထုတ်ပြန်သည်။

KNLA တပ်မဟာ (၅) တိုက်ခိုက်ရေးတပ်ဖွဲ့ဝင်များက ယမန်နေ့ စက်တင်ဘာလ ၂၈ ရက်နေ့တွင် ဖာပွန်ခရိုင် ဘူးသိုမြို့နယ်အတွင်းရှိ စစ်ကောင် စီ၏ ခေါပုပ်စခန်းကို တစ်ကြိမ်နှင့် ဒွယ်လိုးမြို့နယ်ရှိ မဲဝိုင်စခန်းကို တစ်ကြိမ် ချုံခိုတိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးသွားခြင်း ဖြစ်ကြောင်း KNLA က ဆိုသည်။

ယင်းအပြင် စက်တင်ဘာလ ၂၇ ရက်နေ့ကလည်း လူသောမြို့နယ်အတွင်းက စစ်ကောင်စီတပ်၏ ဖလာခိုဒေသရှိ တပ်စခန်းနှင့် ဖားလိုးဂေါ်ဒေသရှိ တပ်စခန်းတို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးသွားကြောင်းလည်း KNLA က ထုတ်ပြန်သည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ရာ တပ်မဟာ ခုနစ်ခုအနက် တပ်မဟာ ခြောက်ခုတွင် KNLA တိုက်ခိုက်ရေး တပ်ဖွဲ့ဝင်များနှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့အကြား နေ့စဉ်ထိတွေ့ တိုက်ပွဲများ ပြင်းထန်နေသည်။

ပြီးခဲ့သည့် ဩဂုတ်လအတွင်း KNU ထိန်းချုပ်နယ်မြေတွင် တိုက်ပွဲပေါင်း ၂၆၂ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၃ဝဝ ကျော် သေဆုံးကာ နောက်ထပ် ၂၆၀ ကျော် ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) က ထုတ်ပြန်ခဲ့သည်။

ထို့ပြင် KNU တပ်မဟာ (၆) ထိန်းချုပ်နယ်မြေ၊ ဘုရားသုံးဆူမြို့က စစ်ကောင်စီတပ် ခလရ(၂၈၃)အခြေစိုက် ဘုရားတောင်စခန်းကို KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့က ယမန်နေ့ စက်တင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ဒု-တပ်ရင်းမှူးအပါ အဝင် ၁၁ ဦး သေဆုံးခဲ့သည်။ mizzima

တနင်္သာရီတွင် အုပ်ချုပ်ရေးမှူးရဲတပ်ကြပ်ဟောင်း ခင်မောင်ထူး ပစ်သတ်ခံရ၊ တောင်ဒဂုံတွင် ထွေ/အုပ်၊ ကြံ့ဖွတ်ရုံး ဝန်ထမ်း နွယ်နီလှိုင် ၊ ရာအိမ်မှူး ဇော်မင်းထွန်းနှင့် မြောက်ဒဂုံတွင် ၃၂ ရပ်ကွက် ရာအိမ်မှူး အောင်ကြီးတို့ ပစ်သတ်ခံရ ၊ စစ်တပ်ထုတ်ကုန်ရောင်းသော Good Luck KTV ဗုံးခွဲခံရ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အငြိမ်းစားရဲတပ်ကြပ်ဟောင်း ခင်မောင်ထူးကို တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုက ယမန်နေ့ နံနက် ၁၀ နာရီတွင် ပစ်သတ်လိုက်ကြောင်း သိရှိရသည်။

သေဆုံးသူ အသက် ၅၄နှစ် အရွယ် ခင်မောင်ထူးသည် နာမည်ကြီး စစ်ကောင်စီသတင်းပေးတစ်ဦးလည်းဖြစ်ပြီး ​ဒေသခံတွေ၊ CDM ပြုလုပ်ထားသူများ၊ တော်လှန်ရေးအင်အားစုများကို အမျိုးမျိုးဒုက္ခပေးနေသူဖြစ်ကြောင်း ဒေသခံများက ပြောသည်။

” တော်တော်ကိုဒုက္ခပေးတဲ့သူပါ။ သူ့ကြောင့်အဖမ်းခံရတဲ့ PDF တွေလည်းအများကြီးပဲ။ PDFနဲ့ဆက်စပ်တဲ့သူတွေ CDM တွေကိုသတင်းပေးပြီးဖမ်းခိုင်းတယ်။ သေနတ်ကိုင်ထားတယ်လို့လည်းကြားတယ်။ သူနေတာကလည်း ဇဝဲလမ်းဆုံ ၅၅၆တပ်ရင်းနားမှာ ပါပဲ” ဟု ​ဒေသခံတစ်ဦးကပြောသည်။

သေဆုံးသူ ခင်မောင်ထူးသည် ထိုင်းနိုင်ငံကိုသွားရောက်နေသည့် ရွေ့ပြောင်းလုပ်သားကား ဒေသအခေါ်ဘောလုံးကားများကို ငွေကြေးတောင်းခံခြင်း၊ စစ်ကောင်စီနှင့်ပူးပေါင်း၍ ချဲထီဒိုင်များထံမှ ငွေကြေးကောက်ခံခြင်း၊ မူးယစ်ဆေးဝါးရောင်းချသူများထံမှ ဆက်ကြေးကောက် ပူးပေါင်းခြင်းများပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ၂၅ ရပ်ကွက်၊ သံလွင်လမ်းနှင့် ထားဝယ်လမ်းထောင့်တွင် ရာအိမ်မှူး ဇော်မင်းထွန်း နှင့် စစ်တပ်သတင်းပေး နွယ်နီလှိုင်ကို S.D.G.F က စက်တင်ဘာလ ၂၉ ရက်နံနက် ၈း၃၀ နာရီအချိန်တွင် ပစ်ခတ်ရာ ရာအိမ်မှူး ဇော်မင်းထွန်း သေဆုံးကြောင်း သိရှိရသည်။

၂၅ရပ်ကွက်တွင် ​မြို့နယ်ထွေအုပ်ရုံးနှင့်ကြံ့ခိုင်ရေးရုံးတို့တွင် အလုပ်လုပ်နေသည့် “နွယ်နီလှိုင်” ဆိုင်ကယ်ဖြင့်ကားမှတ်တိုင်သို့ ပို့ဆောင်စဉ် သံလွင်လမ်းနှင့် ထားဝယ်လမ်းထောင့်တွင် သေနတ်ဖြင့်(၅)ချက် ပစ်ခတ်ခြင်းဖြစ်ကြောင်း၊ ရာအိမ်မှူး ဇော်မင်းထွန်းက ရန်မူသဖြင့် ထပ်မံခတ်ခဲ့ကြောင်း S.D.G.F (တောင်ဒဂုံမြို့ပြပျောက်ကျားတပ်အဖွဲ့)က သတင်းထုတ်ပြန်ထားသည်။

“ကျနော်တို့ကြားတာ ဒလန်မလည်း သေတယ်။ ရာအိမ်မှူးလည်းသေတယ်ကြားတယ်။ ကြံ့ဖွတ်တွေကတော့ ဒလန်မ မသေဘူးပဲပြောနေတယ်။ ရာအိမ်မှူးကတော့ ရှောသွားပြီ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့ပြင် ဒဂုံမြို့သစ်မြောက်ပိုင်း ၃၂ ရပ်ကွက်မှ ရာအိမ်မှူးနှင့်ပျူစောထီးအဖွဲ့ဝင် အောင်ကြီး ယနေ့ မွန်းတည့် ၁၂ နာရီ ၂၀ မိနစ်အချိန်တွင် ပစ်သတ်ခံရကြောင်း သိရှိရသည်။

“ဒီနေ့ နေ့လယ် ၁၂ နာရီ ၂၀ အချိန်လောက်က မြောက်ဒဂုံ ၃၂ ရပ်ကွက် အမက ၁၃ ကျောင်း အနောက်ဘက်လမ်းကြားမှာ အောင်ကြီးဆိုတဲ့ ဒလန်တစ်ကောင် ပစ်သတ်ခံရတယ်။ အဲ့ကောင်က ပျူစောထီးအဖွဲ့ဝင်ပဲ။ ရာအိမ်မှူးလည်း လုပ်တယ်။

မြောက်ဒဂုံ ရပ်ကွက်အုပ်ချုပ်ရေးမှူး ၃၂ အုပ်ကြီးရဲ့ လူယုံတွေ၊ စစ်တပ်သတင်းပေးတဲ့။ အတော် ဆိုးတဲ့သူတွေ။

သေနတ်သမားတွေက ဘေးနားမှာ ပြည်သူတွေ ရှိတာတောင် မထိအောင် ရှောင်ပြီး ဆော်သွားတာ။ သူ့မိန်းမလည်းပါတယ်။ သူ့မိန်းမကိုလဲ ဘာမှမလုပ်သွားဘူး။ အဲ့ကောင်ကိုဘဲ ဆော်သွားတာ။ သေသွားတာက ၃၂ အုပ်ချုပ်ရေးမှူး ကျော်သိန်းရဲ့ တပည့်အရင်း အောင်ကြီးပါ” ဟု ဒေသခံတစ်ဦးက ပြောသည်။

အလားတူ ရန်ကုန် တောင်ဒဂုံမြို့နယ် တောင်မြောက်လမ်းဆုံ အမှတ် ၂ လမ်းမကြီပေါ်ရှိ Good Luck KTV ကို ရန်ကုန်မြို့ပြ ပြောက်ကျား တပ်ဖွဲ့များက သတိပေး ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း ဒဂုံတောင်မြို့ပြ ပြောက်ကျား တပ်ဖွဲ့ထံမှ သိရသည်။

Good Luck KTV သည် အကြမ်းဖက် စစ်တပ် ထုတ်ကုန် မြန်မာဘီယာများနှင့် စစ်ကောင်စီကို အခွန်ဆောင်ကာ မူးယစ်ဆေးဝါး ရောင်းချနေသောကြောင့် ဒဂုံတောင်မြို့ပြ ပြောက်ကျား တပ်ဖွဲ့ (S.D.G.F)နှင့် ဒို့ရိုးရား ညီနောင်များ ပြောက်ကျားတပ်ဖွဲ့တို့က စက်တင်ဘာလ ၂၉ ရက်နေ့ နံနက် ၄ နာရီခန့်တွင် သတိပေး ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ယင်းသို့ ဖောက်ခွဲ တိုက်ခိုက်ခြင်း မပြုလုပ်မီ စက်တင်ဘာလ ၁၆ ရက်နေ့က အကြမ်းဖက် စစ်တပ် သက်ဆိုးရှည်ရန် ထောက်ပို့ကူညီနေသော ဒုစရိုက် လုပ်ငန်းများ ရပ်တန့်ရန် ကြိုတင် အသိပေးခဲ့ကြောင်း သိရသည်။ khit thit

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက် လွှာတင်ရက် နောက်ထပ် ၁ လထပ်တိုး

၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာ တင်လိုသူတွေအတွက် လျှောက်လွှာတင်ခွင့်ကို တလထပ်တိုးပေးလိုက်တယ်လို့ စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ကြေညာပါတယ်။

အခုပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာတွေကို မူလက စက်တင်ဘာ ၃၀ ရက်အထိပဲ တင်ခွင့်ပေးမယ်လို့ သတ် မှတ်ထားရာမှ ဝေးလံဒေသတွေက ကျောင်းသားကျောင်းသူတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် အချိန်မီ လျှောက်လွှာမတင်သွင်းနိုင်သေးတဲ့ ကျောင်းသားကျောင်းသူတွေ အဆင်ပြေစေဖို့အတွက် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ လျှောက်လွှာလက်ခံတာကို အောက်တိုဘာ ၃၁ ရက်နေ့အထိ ရက်တိုးမြှင့် သတ်မှတ်လိုက်တာလို့ ဆိုပါတယ်။

၂၀၂၁ ဖေဖော်ဝါရီမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ကျောင်းသားတွေက စစ်ကျွန်ပညာရေးကို ဆန့်ကျင်သပိတ်မှောက်ခဲ့တာကြောင့်   တက္က သိုလ်ဝင်စာမေးပွဲ ဖြေဆိုတဲ့ အရေအတွက်ဟာ ပုံမှန်နှစ်တွေကထက် ၃ ပုံ ၁ ပုံအထိ လျော့ကျသွားခဲ့ပါတယ်။ 

အာဏာမသိမ်းခင်က တက္ကသိုလ်ဝင်စာမေးပွဲကို ကျရှုံးသူနဲ့ အသစ်ဖြေဆိုသူ အရေအတွက် ၉ သိန်းဝန်းကျင်လောက် လျှောက်ထားမှုရှိခဲ့ပေမဲ့ အာဏာသိမ်းပြီးနောက်မှာတော့ ၃ သိန်း ဝန်းကျင်လောက်ပဲ ဖြေဆိုခွင့်လျှောက်လွှာ တင်ခဲ့တယ်လို့ စာစစ်ဦးစီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

အာဏာသိမ်းပြီးနောက် ပထမဆုံးကျင်းပခဲ့တဲ့ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံရှိ ကျောင်းသားကျောင်းသူ ၂ သိန်း ၈ သောင်းကျော် ဝင်ရောက်ဖြေဆိုခဲ့ပြီး ၁ သိန်း ၃ သောင်းကျော် အောင်မြင်ကာ ထက်ဝက်လောက်က ကျရှုံးခဲ့ကြပါတယ်။

အခုနှစ်မှာ တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် စာမေးပွဲ ဝင်ရောက်ဖြေဆိုခြင်းမရှိတဲ့ ကျောင်းသား၊ ကျောင်း သူတွေအတွက် ၂၀၂၃ ခုနှစ်မှာ နောက်ဆုံးတကြိမ်အဖြစ် စနစ်ဟောင်း တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပပေးမှာ ဖြစ်တယ်လို့လည်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက အသိပေးထားပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲတွေဖြစ်နေတဲ့ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ် တို့မှာတော့ စစ်ကောင်စီက ပြုလုပ်တဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုလိုတဲ့ ကျောင်းသားကျောင်းသူတွေအတွက် ဘယ်လိုကျင်းပပေးမယ်ဆိုတာနဲ့ လုံခြုံရေးအရ ကျင်းပနိုင်မယ့် အခြေအနေတွေကို စစ်ကောင်စီ ပညာရေးဌာနက ကြေညာထားတာ မရှိသေးပါဘူး။ DVB

လှတော ရဲစခန်းအား လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ယောက်သေဆုံး

စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ဝက်လက်မြို့နယ် လှတောရဲစခန်းအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား လေးဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိသွားကြောင်း မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် Chindwin Attack Force က စက်တင်ဘာ ၂၈ရက်နေ့ တွင် ထုတ်ပြန်သည်။

စက်တင်ဘာ ၂၇ရက် ည ၁၀နာရီ မှ ၁၁နာရီအတွင်း လှတောရဲစခန်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်အား မဟာမိတ် ပူးပေါင်းအဖွဲ့များမှ ၆၀မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။

“ကျနော်တို့ရဲ့ တပ်တွင်း ဖရဲသီး(သတင်းပေး) ဆီကနေ သူတို့ရဲ့အကျအဆုံးစာရင်းကို ပြန်သိရတာပါ၊ အကောင်ကြီးတစ်ကောင်ပါတယ်လို့လည်း သိထားရပြီး ရာထူးအဆင့်ကိုတော့ အတည်မပြုနိုင်သေးပါဘူး” ဟု CAF ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးမှ ပြောသည်။

အဆိုပါစစ်ဆင်ရေးကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Chindwin Attack Force တပ်ရင်း (၃) တပ်ခွဲ (၃) ဂဠုန်PDF ၊ ကျားသစ်နက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ဒေါင်းဧကရာဇ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ သိဒ္ဓိရှင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ နောင်ရိုးတပ်ဖွဲ့နှင့် မဟာမိတ်တပ်ပေါင်းစုများမှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။

အဆိုပါရဲစခန်းအား သုံးရက်အတွင်း နှစ်ကြိမ်တိုက်ခိုက်ခဲ့ဖြစ်ကြောင်း နှင့် ကာကွယ်ရေးတပ်ဖွဲ့များမှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။

စက်တင်ဘာလ ၂၅ရက်နေ့ကလည်း ဂဠုန်နက် PDF နှင့် မဟာမိတ်များ ပူးပေါင်းပြီး အဆိုပါ လှတောရဲစခန်းအား ၆၀မမ သုံးလက်ဖြင့် ၁၂ ချက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Chindwin Attack Force ထုတ်ပြန်ထားသည်။

ယင်းဒေသအတွင်း စစ်ကောင်စီတပ်ဖွဲ့အင်အား ၃၀၀ခန့်ဖြင့် လှည့်လည် စစ်ကြောင်း ထိုးနေကြောင်း ပြန်ကြားရေးတာဝန်ရှိသူမှ ဆိုသည်။

ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှလည်း စက်တင်ဘာ ၂၉ရက် ယနေ့တွင် ခရီးသွားပြည်သူများသို့ သတိပေးချက်တစ်ရပ် ထုတ်ပြန်ထားသည်။

ရွှေဘို – မန္တလေး လမ်း ကားလမ်းမပေါ်တွင် တားဆီးစစ်ဆေးနေပြီး အကြမ်းဖက်နေသဖြင့် ယနေ့ ၁၁နာရီမှ စတင်ပြီး မည်သည့်ယာဉ် ၊လိုင်း ကားများ နောက်ထပ်တစ်စုံတစ်ရာ မထုတ်မပြန်မချင်း မသွားလာကြရန် သတိပေးထားသည်။

တားမြစ်ထားသည့်လမ်းများမှာ အုန်းတော – ရွှေဘို ၊ စိုင်နိုင်ကွေ့ – ဟန်လင်းလမ်း ၊ ရွာသာကြီး – အရာတော် ၊ လှတော – ဝက်လက် ၊ ရွာသာကြီး – ဝက်လက်တို့ ဖြစ် ကြောင်း နှင့် သတိပေးထားသည့် ကြားမှ သွားလာပါက ကာကွယ်ရေးတပ်ဖွဲ့များမှ တာဝန်ယူမည်မဟုတ်ကြောင်း အသိပေးထားသည်။ mizzima

မန္တလေး ဘုရင်ဘီစကစ် စက်ရုံ ကို မင်းအောင် လှိုင် လိုက်ကြည့်ပြီး စီးပွားရေး သမားများနှင့်တွေ့၊ မြို့နေရာတိုင်း ၁ ရက်ကြိုတင် လုံခြုံရေးချကာ မိုင်းရှင်းလင်းရေးလုပ်၊ ရန်ကုန်စက်မှုဇုန်ခန်းမများတွင် စစ်တပ်များ တပ်စွဲထားမည်

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းတွင် မန္တ လေး စက်ရုံများသို့ လှည့်လည် ကြည့်ရှုမှုများ လုပ်ဆောင်နေပြီး ၎င်းသွားမည့် စက်ရုံများသို့ ၁ ရက်ကြိုတင် တပ်ချခြင်း၊ မိုင်းရှာခြင်းများ လုပ်ဆောင်ခြင်း၊ အလုပ်သမားများကို စစ်ဆေးခြင်းများ လုပ်ဆောင်ကြောင်း ဒေသခံများက ပြောသည်။

ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်တွင် မန္တလေး ၆၂ လမ်း ဘုရင်ဘီစကစ်စက်ရုံကို မင်းအောင်လှိုင်လာရောက်ပြီး ကင်းပုန်းများ၊ လမ်းပိတ်ဆို့ စစ်သားများ ချထားခြင်းများ ဆောင်ရွက်ကြောင်း၊ အလုပ်သမားများကိုလည်း အဝင် အထွက်များ စိစစ်ပြီး မိုင်းရှာခြင်းများ လည်းလုပ်ဆောင်ကြောင်း သိရှိရသည်။

“အခု မနက် ၉ နာရီလောက်မှာ မအလနဲ့အဖွဲ့က တွတ်ပီကွေ့ဘက်ကိုထွက်သွားပါတယ်။ မန္တလေးက စက်ရုံတွေ၊ လိုက်စစ်မယ်။ လုပ်ငန်းရှင်တွေနဲ့လည်း တွေ့မယ်ပြောတယ်။ မနက် ၈ နာရီခွဲလောက်မှာ ဘုရင်ဘီစကစ်စက်ရုံကို ဝင်သွားတယ်။ အဲဒီစက်ရုံမှာ မနေ့ကတည်းက တပ်စွဲပြီး မိုင်းရှင်းတာတွေ လုပ်တယ်။ သူသေမှာတော့ အတော်ကြောက်ပုံပဲ။ အနားမှာလည်း ကင်းပုန်းတွေ မနည်းမနောပဲ။ သူပြန်ထွက်သွားတောင် ၆၂ လမ်း ဘုရင့်နောင်လမ်းထောင့်က ဘုရင်ဘီစကစ်စက်ရုံမှာ စစ်သားဆယ်ယောက်လောက်ထိ ရှိနေပါသေးတယ်။ ၆၂ လမ်းတစ်လျှောက်လုံးကိုလဲ လုံခြုံရေးတေ တင်းကျပ်နေပါတယ်။ ကင်းပုန်းချထားတာတေလည်းများတယ်” ဟု စက်ရုံပိုင်ရှင်နှင့်အတူ ရှိနေသော စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

မင်းအောင်လှိုင် မန္တလေးမှ ပြန်မထွက်သည့်အချိန်အထိ မန္တလေးတွင် တပ်များ ချထားမည်ဖြစ်ကြောင်း သိရှိရသည်။

“၆၂ လမ်းပေါ် ဘုရင်ဘီစကစ်စက်ရုံကို ရဲဖက်.. စစ်ဖက်… မော်တော်ပီကယ် .. ဗိုလ်ကြီး တပ်ကြပ်တွေ ဗိုလ်မူးတွေ ကအစ ၆၂ လမ်းတစ်လျောက် နေရာတိုင်း ကင်းပုံးတွေကော အရပ်ဝတ် … ကွန်မန်ဒိုအထူးတပ်တွေပါ ချထားပါတယ်။ မအလက အခု ရောက်နေတော့ မြို့အဝင်အထွက် လုံခြုံတိုးထား လမ်းတိုင်လိုလို အင်အားချထားတယ်။ မန်းမှာ စီးပွားလုပ်ငန်းရှင်းတွေနဲ့တွေ့ မယ်။ မြို့ပေါ်မှာ ရဟတ်ယာဉ်လည်း ဝဲပျံတာရှိတယ်” မန္တလေးဒေသခံတစ်ဦးက ဆိုသည်။

ထို့ပြင် ရန်ကုန်စက်မှုဇုန်များရှိ ခန်းမများတွင် စစ်တပ်များ တပ်စွဲထားမည်ဟု စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီများကို အကြောင်းကြားလာကြောင်း ရန်ကုန်မှ လုပ်ငန်းရှင်တစ်ဦးက ပြောသည် ။

“ရန်ကုန် စက်မှုဇုန်တွေရဲ့ ကနောင်ခန်းမတွေမှာ စကစ တပ်တွေ နေရာယူဖို့ အတင်းအကျပ် စီစဥ်နေလို့ စက်မှုဇုန်ကော်မတီများ အခက်တွေ့နေကြပါတယ်။ စက်မှုဇုန်တွေက စက်ရုံအများစုကလည်း နီးရာ ဓါးက အရမ်းကြောက်နေရလို့ အလိုက်အထိုက် ဆက်ဆံနေကြရတာ ၊ စခတွေ စက်မှုဇုန်ထဲ လာတာကို မနှစ်သက်ကြဘူး။ စခတွေကလည်း ကြုံယင် ကြုံသလို အလှူခံတယ် ဆိုပီး တောင်းရမ်းကြတယ်” ဟု လုပ်ငန်းရှင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ khit thit

စစ်ကောင်စီက သင်္ဘောသားများ​၏ လစာအ ပြည့်ကို ပြည်တွင်းသို့ ပြန်လွှဲရမည်ဖြစ်ပြီး ပြန်မလွှဲသည့် သင်္ဘောသားများအား သင်္ဘောလိုက်ခွင့် ကန့်သတ်ရန်ရှိဟုဆို

သင်္ဘောသားများ​၏ လစာအပြည့်အ၀ကိုပြည်တွင်းသို့ ပြန်လွှဲရမည်ဖြစ်ပြီး၊ လစာအပြည့်အဝ ပြန်မလွှဲသည့် သင်္ဘောသားများအား သင်္ဘောလိုက်ခွင့် ကန့်သတ်ရန် အကြမ်းဖက်စစ်ကောင်စီက ညွှန်ကြားထားကြောင်းသိရသည်။

အဆိုပါ ညွှန်ကြားချက်ကို အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် ညွှန်ကြားထားခြင်းဖြစ်ကြောင်း မဇ္ဈိမ​၏ သတင်းရင်းမြစ်များထံမှ သိရသည်။

“သင်္ဘောသားတွေပြည်ပကနေရရှိလာတဲ့ လစာ(ဒေါ်လာ)ကို ပြည်ပဒေါ်လာဝင်ငွေ အရင်းအမြစ်အဖြစ် ပြန်ဝင်လာအောင်လုပ်တယ်လို့မြင်တယ်။ ဒီညွှန်ကြားချက်ကို စာနဲ့ထုတ်ပြန်တာမျိုး မရှိသေးပေမယ့် ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနကို တိုက်ရိုက်ညွှန်ကြားထားတယ်လို့ သိရတယ်” ဟု Myanmar Seafarers Federation MSF မှ အဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကိုပြောသည်။

ထို့အပြင် လစာ အပြည့်အ၀ ပြန်လည်မလွှဲသည့် သင်္ဘောသားများအား သင်္ဘောသားလုပ်သက်မှတ်တမ်း CDC ၊ သင်္ဘောသား မြန်မာနိုင်ငံကူး လက်မှတ် (Seaman Passport ) များကို ထိန်းချုပ်ကန့်သတ်မှုများ လုပ်ဆောင်ရန် ရှိနေပြီး၊ ရရှိလာသည့် လစာအား ပြည်တွင်းသို့ ပြန်လွှဲပါမည်ဆိုသော ခံဝန်ချက်များ လက်မှတ်ရေးထိုးခိုင်းရန်ရှိကြောင်းလည်း

၎င်းကဆိုသည်။

“ပြည်တွင်းမှာ ဗဟိုဘဏ်သတ်မှတ်တဲ့နှုန်းထားနဲ့ လဲမယ်ဆိုရင်လည်း အရမ်းနည်းတာရယ်၊ အပြင်မှာဈေးနှုန်းနဲ့လဲရင်တော့ ရပေမယ့် အန္တ ရာယ် များတာကြောင့် သင်္ဘောသားတစ်ချို့က နိုင်ငံခြားဘဏ်အကောင့်ထဲ ထည့်ထားတာမျိုးများတယ်။ အခုလိုညွှန်ကြားချက်ထုတ်ပြီး သင်္ဘောလိုက်ဖို့အတွက်ပါ အခက်တွေ့လာရင်တော့ တစ်မျိုးစဉ်းစားရမှာပေါ့” ဟု သင်္ဘောသားတစ်ဦးက မဇ္ဈိမကိုပြောသည်။

စက်တင်ဘာလ ၈ရက်နေ့ကလည်း နိုင်ငံခြားငွေဖြင့်ရရှိသည့် မြန်မာသင်္ဘောသားများ​၏ လစာငွေအား အမြင့်ဆုံးနှုန်းထားဖြင့် ဝယ်ယူပေးရန် စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ညွှန်ကြားထားကြောင်း သိရသည်။

ထို့အပြင် ဩဂုတ်လ ၁၅ ရက်နေ့ကလည်း ဗဟိုဘဏ်​၏ ထုတ်ပြန်ချက်တွင် မိမိပိုင်ဆိုင်သည့်နိုင်ငံခြားငွေအား AD လိုင်စင်ရဘဏ်များတွင် အ ခြားကဏ္ဍကရရှိလာသည့် နိုင်ငံခြားငွေရောင်းဝယ်မှုနှင့်ထပ်တူ မိမိနိုင်ငံခြားဘဏ်စုငွေစာရင်းသို့ ဝင်ရောက်လာသည့် လစာငွေအား ၂၁ ရက်အ တွင်း လွတ်လပ်စွာ မိမိလက်ခံသည့်ငွေလဲနှုန်းထားဖြင့်ရောင်းနိုင်သည်ဟုလည်း ဖော်ပြထားသည်။

လက်ရှိ ပြည်တွင်းရှိ ပုဂ္ဂလိက ဘဏ်များကလည်း သင်္ဘောသားလစာများကို တစ်ဒေါ်လာလျှင် ငွေကျပ် ၃,၀၀၀ ပေးမည်ဖြစ်ကြောင်း ကြော် ငြာမှုများ တရားဝင် လုပ်ဆောင်ပြီး ငွေလွှဲကြရန် တိုက်တွန်းမှုများ လုပ်ဆောင်နေကြသည်။ mizzima

စစ်ကိုင်းနှင့် မွန်ပြည်နယ်တွင် စစ်ကောင်စီ တပ်ဖွဲ့များ တိုက်ခိုက်ခံရပြီး စစ်သား ၄ ဦးထက်မနည်း သေဆုံး

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ဘန့်ဘွေးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

ဘန့်ဘွေးရွာအတွင်းရှိ စစ်တပ်ကို ဘာမရှောင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ YMB ခရိုင်ရင်း ၃ ခွဲ ၃ နှင့် ရွှေတြိဂံ ပြည်သူ့ကာကွယ်ရေး တပ်ရင်း GTF တို့က စက်တင်ဘာလ ၂၈ ရက်နေ့ ညနေ ၄ နာရီခန့်တွင် လက်နက်ကြီး၊ လက်နက်ငယ်များနှင့် စစ်​​ကြောင်း သုံးကြောင်း ထိုးကာ တိုက် ခိုက်ခဲ့ခြင်း ဖြစ်ပြီး တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ် ကင်းပုန်းများနှင့်ပါ မီတာ ၅၀ အကွာမှ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများပါ ဖြစ် ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက် မှုများရှိခဲ့ပြီး စခများမှ အကျိုးကန်းကုန်းပေါ် ငွေကမ္ဘာမင်းဆီဆိုင်အနားမှ ၁၂၀ မမများဖြင့် ပစ်ခတ်ရာ ဘန့်ဘွေးရွာအတွင်းသို့ လက်နက်ကြီးများ ၂ လုံးကျရောက်ခဲ့ပြီး အချင်းချင်း မှားယွင်းပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးမှုများ ရှိနိုင်ကြောင်း သိရသည်။

အလားတူ မွန်ပြည်နယ် သံဖြူဇရပ်မြို့မှ ရေးမြို့သို့ ထွက်ခွာလာသော စစ်ကား ၄ စီးကို မွန်ပြည်နယ် တောင်ညို ပြည်သူ့ ပြောက်ကျား တပ်ဖွဲ့မှ ခြုံခို တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကား ၄ စီးကို တောင်ညို ပြည်သူ့ ပြောက်ကျားတပ်ဖွဲ့မှ ကနင်ကမော့ရွာနှင့် အောင်သာယာရွာ အကြား ပရာသား တံတားအနီး ညနေ ၆ နာရီ ၉ မိနစ်တွင် ခြုံခိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ khit thit

တောင်ဒဂုံတွင် ပစ်ခတ်မှုဖြစ်ပြီး ရာအိမ်မှူး ၁ ဦးသေ၊ အမျိုးသမီး ၁ ဦးဒဏ်ရာရ

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ ၂၅ ရပ်ကွက်၊  သံလွင်လမ်းနဲ့ ထားဝယ်လမ်းထောင့်မှ စက်တင်ဘာ ၂၉ ရက် ဒီမနက်ပိုင်းက ပစ် ခတ်မှုဖြစ်ပြီး ရာအိမ်မှူးတယောက် သေဆုံးကာ အမျိုးသမီးတယောက် ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ရာအိမ်မှူး ဦးဇော်မင်းထွန်းဟာ ဒီကနေ့ မနက် ၈ နာရီခွဲက နေအိမ်ကနေ ဧည့်သည် အမျိုးသမီးတယောက်ကို ကားမှတ်တိုင်လိုက်ပို့စဥ် အမည်မသိ သေနတ်သမားတွေ ပစ်ခတ်မှုကြောင့် သေဆုံးသွားပြီး ဧည့်သည်ဖြစ်သူလည်း ဒဏ်ရာရရှိခဲ့တယ်လို့  ရပ်ကွက်နေသူတယောက်က ပြောပါတယ်။

“ဆိုင်ကယ်နဲ့လူနှစ်ယောက် လာပစ်သွားတယ်လို့ ပြောကြတယ်။ သူတို့အနောက်က ပါလာတဲ့ ဆိုင်ကယ်က ပစ်သွားတာ။ ရာအိမ်မှူးသေတယ်၊ အမျိုးသမီးက ဒဏ်ရာရတယ်။”

ပစ်ခတ်မှုဖြစ်ပြီးနောက် သံလွင်လမ်းနဲ့ ထားဝယ်လမ်းထောင့်မှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက ဆိုင်ကယ်တွေကို စစ်ဆေးနေတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

ရန်ကုန်တိုင်းရှိ မြို့နယ်တချို့မှာ စက်တင်ဘာ ၁ ရက်မှ စက်တင်ဘာ ၂၉ ရက်အထိ ဗုံးပေါက်ကွဲမှုနဲ့ ပစ်ခတ်မှု ၄၁ ကြိမ်ဖြစ်ခဲ့ပြီး  ၁၁ ယောက် သေဆုံးခဲ့ပြီး ၂၅ ‌ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ DVB

ရှင်ဇိုအာဘေး၏ ဈာပနသို့ စစ်ကောင်စီ သံတ မန်ကို တက်ခွင့်ပြုမှုအတွက် ဂျပန်အစိုးရ ဝေ ဖန်ခံရ

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၏ နိုင်ငံတော် ဈာပနအခမ်းအနားသို့ စစ်ကောင်စီ လက်အောက်ခံ သံအမတ်ကို ဖိတ်ကြားခဲ့သည့် ဂျ ပန်အစိုးရကို နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များက ရှုတ်ချဝေဖန်လိုက်သည်။

မြန်မာစစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနသည် အာဘေး၏ ဈာပန၌ မြန်မာသံအမတ် စိုးဟန် တက်ရောက်ခဲ့သည့် ဓာတ်ပုံများကို စက် တင်ဘာ ၂၇ ရက်က ဆိုရှယ်မီဒီယာတွင် တင်ခဲ့သည်။

“စစ်တပ်အာဏာသိမ်းထားတဲ့ နိုင်ငံတစ်နိုင်ငံရဲ့ ကိုယ်စားလှယ်တစ်ဦးကို ဒီလို နိုင်ငံတော် ဈာပနအခမ်းအနားမှာ တက်ရောက်ခွင့်ပေးတာက အာဏာသိမ်းစစ်တပ်ကို အတည်ပြုပေးတဲ့ လုပ်ရပ်တစ်ခု ဖြစ်နေတယ်” ဟု နိုင်ငံတကာလူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် ယမန်နှစ် ဖေဖေါ်ဝါရီလက စစ်တပ်က အာဏာသိမ်းခဲ့သည်။ ထို့နောက် အာဏာသိမ်းမှုကို ဆန့်ကျင်သူများအပေါ် စစ်တပ်က လူမဆန် ရက်စက်စွာ ဖြိုခွင်းခဲ့မှုကြောင့် ဆန္ဒပြသူများနှင့် တက်ကြွလှုပ်ရှားသူများ အပါအဝင် အရပ်သား အများအပြား သေဆုံးခဲ့ရသည်။

မြန်မာနိုင်ငံ၏ အခြေအနေအပေါ် “အလွန်တရာ စိုးရိမ်ပူပန်ကြောင်း” ဂျပန်အစိုးရက အနောက်နိုင်ငံများနှင့်အတူ ထုတ်ဖော်ခဲ့သည်။ အရပ်သားများအပေါ် အကြမ်းဖက်မှု အမြန်ဆုံး ရပ်ဆိုင်းရေး၊ ထိန်းသိမ်းဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရေးနှင့် မြန်မာတွင် ဒီမိုကရေစီ နိုင်ငံရေးစ နစ်ကို မူလအတိုင်း အမြန်ဆုံး ပြန်လည်ထားရှိရေး ၎င်းတို့က မြန်မာအာဏာသိမ်းစစ်အုပ်စုကို တောင်းဆိုခဲ့သည်။

ဂျပန်အစိုးရသည် အာဘေး၏ နိုင်ငံ‌တော် ဈာပနပွဲနှင့် စပ်လျဉ်းပြီး ၎င်းတို့နှင့် သံတမန်ဆက်ဆံရေး ရှိသည့် နိုင်ငံအားလုံးကို ဖိတ်ကြားခဲ့သည်။

ဆုံးဖြတ်ချက်က ဈာပနပွဲ၏ သဘောသဘာဝအရ ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ၎င်းတို့အနေဖြင့် မြန်မာကဲ့သို့ နိုင်ငံများကို ဖယ်ထုတ်ထားခဲ့ခြင်း မရှိကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။

ယူကရိန်းအပေါ် ကျူးကျော်စစ် ဆက်လက်ဆင်နွှဲနေသည့် ရုရှကိုလည်း ဖိတ်ခေါ်အကြောင်းကြားခဲ့သည်။

ဂျပန် အစိုးရ၏ ဆုံးဖြတ်ချက်ကို ဂျပန်ရောက် မြန်မာများနှင့် လူ့အခွင့်အရေးအဖွဲ့များက ဆန့်ကျင်ခဲ့ပြီး ဈာပနအခမ်းအနားသို့ မြန်မာအာဏာ သိမ်းစစ်တပ် ကိုယ်စားပြု မည်သည့်ပုဂ္ဂိုလ်ကိုမှ မဖိတ်ကြားရန် တိုက်တွန်းခဲ့သည်။

သို့သော် စိုးဟန်သည် တိုကျိုမြို့ Nippon Budokan ခန်းမတွင် ကျင်းပသည့် အာဘေး၏ ဈာပနပွဲသို့ တက်ရောက်ခဲ့သည်။

စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနသည် အာဘေး၏ ဈာပနပွဲ၌ စိုးဟန် တက်ရောက်နေသည့် ဓာတ်ပုံများကို ယင်း၏ ဝက်ဘ်ဆိုဒ်နှင့် ဖေ့ဘွတ်ခ်တို့တွင် တင်ခဲ့သည်။

“အာဏာသိမ်းစစ်အုပ်စုဟာ မြန်မာကို ကိုယ်စားပြုတဲ့ တရားဝင် အစိုးရ ဖြစ်တယ်ဆိုပြီး ဝါဒဖြန့်ဖို့ ဒီ ဓာတ်ပုံတွေကို အသုံးပြုတာပါ” ဟု HRW ၏ အရာရှိတစ်ဦးဖြစ်သည့် တက်ပေ ကာဆိုင်းက ပြောသည်။

“စစ်အုပ်စုကို အသိအမှတ်မပြုဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းက အတူတကွ လုပ်ဆောင်နေပေမယ့် ဂျပန်အစိုးရကတော့ ဆန့်ကျင်ဘက်အ တိုင်း လုပ်နေတယ်” ဟု သူက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၉ ရက်က ကျင်းပခဲ့သည့် ဗြိတိန်ဘုရင်မကြီး အဲလိဇဘတ်၏ နိုင်ငံတော် ဈာပနအခမ်းအနားတွင် ယေဘုယျအားဖြင့် ဗြိတိန်နှင့် သံတမန်ဆက်ဆံရေး ရှိသည့် နိုင်ငံများကို ဖိတ်ကြားခဲ့သော်လည်း ရုရှ၊ မြန်မာနှင့် ဆီးရီးယားကဲ့သို့ နိုင်ငံများကို ဖိတ်ကြားခဲ့ခြင်း မရှိပေ။ mizzima

« Older Entries Recent Entries »