Monthly Archives: Sep 2022

လက်နက်ကိုင်များ ရပ်/ကျေးများကို အကာကွယ်ယူပြီး တိုက်ပွဲမဖော်ရန် ရခိုင်အမျိုးသားပါတီ အသိပေး

ရခိုင်ပြည်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ နှစ်ဘက်တပ်တွေအနေနဲ့ ရပ်ကွက်ကျေးရွာတွေ ကို အကာအကွယ်ယူပြီး တိုက်ပွဲမဖော်ဖို့အပါအဝင် အချက် ၄ ချက်ကို ရခိုင်အမျိုးသားပါတီက စက်တင်ဘာ ၂၉ ရက်မှာ ကြေညာချက်ထုတ်ပြန် အသိပေးလိုက်ပါတယ်။

ထုတ်ပြန်ချက်မှာ စစ်ပွဲနဲ့ မသက်ဆိုင်တဲ့နေရာတွေအပါဝင် ကုန်းလမ်း၊ရေလမ်းတွေကို ရက်အကန့်အသတ်မရှိ ပိတ်ဆို့ထားတာဟာ ဒေသခံလူမျိုးပေါင်းစုံရဲ့ အသက်ရှင်နေထိုင်ရေးကို ခြိမ်းခြောက်ခြင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါအပြင် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးပြီး လူနေအိမ်တွေ ပျက်စီးခဲ့တဲ့အပေါ်  ပြင်းပြင်း ထန်ထန် ရှုတ်ချကန့်ကွက်ထားပါတယ်။

နောက်ပြီး စားနပ်ရိက္ခာ၊ ဆေးဝါး သယ်ယူရေးနဲ့ လူသားချင်းစာနာထောက်ထားမှု အကူညီပေး နေတဲ့ INGO, NGOနဲ့ CSO အဖွဲ့တွေကို ပိတ်ပင်ထားတာတွေ ပြန်ဖွင့်ပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။

မြန်မာစစ်တပ်နဲ့ ရက္ခိုင်တပ်တော်တို့ဟာ ၂ နှစ်လောက်ကြာအောင် အပစ်ခတ်ရပ်ထားရကနေ အခုနှစ် သြဂုတ် ၁၃ ရက်မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာပြီး အရပ်သားတွေ ထိခိုက်သေဆုံးကာ စစ်ဘေးရှောင်ပြည်သူ အရေအတွက်ဟာလည်း သောင်းနဲ့ချီတိုးလာတယ်လို့ ဆိုပါတယ်။ DVB

လွိုင်ကော် ခရီးသည်တင် လေယာဉ်ပစ်ခတ်ခံရမှု PDF ကို အကြမ်းဖက်ဟု နာမည်ဖျက်ရေး စစ် တပ်၏ လုပ်ကြံမှုဟု လေကြောင်းကျွမ်း ကျင်သူများ ကောက် ချက်ချ၊ ဒဏ်ရာရရှိသူမှာ တပ်ကြပ်ကြီး စာရေး ဖြစ်

ကရင်နီပြည်နယ်၊ လွိုင်ကော်လေဆိပ်တွင် စစ်ကောင်စီလက်အောက်ခံ မြန်မာအမျိုးသားလေကြောင်းလိုင်း MNA လေယာဉ် ပစ်ခတ်ခံရမှုနှင့်ပတ် သက်၍ စစ်တပ်ဘက်က ထုတ်ပြန်မှုများသည် သံသယဖြစ်စရာများ ပါဝင်နေပြီး PDF က ခရီးသည်တင်လေယာဉ်ကို အကြမ်းဖက် တိုက်ခိုက်သည်ဟု နာမည်ဖျက်ရန် စစ်တပ်၏ လုပ်ကြံမှုဟု ကောက်ချက် ချနိုင်ကြောင်း လေကြောင်းဆိုင်ရာ ကျွမ်း ကျင်သူတချို့က မှတ်ချက်ပြုသည်။

ယနေ့ နံနက်ပိုင်းတွင် ခရီးစဉ်အမှတ် UB – 149 ဖြင့် ရန်ကုန်-နေပြည်တော် -လွိင်ကော်-ရန်ကုန် ခရီးစဉ်အဖြစ် ပြေးဆွဲသည့် မြန်မာ အမျိုးသားလေကြောင်းလိုင်း(MNA)မှ လေယာဉ်အမှတ် XY-AML ၊ လေယာဉ်အမျိုးအစား ATR-72(600) သည် ခရီးသည် ၆၃ ဦးတင်ဆောင်၍ လွိင်ကော်လေဆိပ်သို ၈ နာရီ ၄၅ မိနစ်ခန့်၌ ဆင်းသက်ရန် လေယာဉ် ဆင်း သက်စဉ် အမြင့်ပေ ၃၅၀၀ ခန့်၊ လေယာဉ်ပြေးလမ်း၏ မြောက်ဘက် ၄ မိုင်ခန့်အကွာသို ရောက်ရှိစဉ် ပစ်ခတ်ခံခဲ့ရပြီး လေယာဉ်၏ ဘယ်ဘက်ဝမ်းဗိုက်ကို ထိမှန်ခဲ့ကြောင်း၊ လေယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသည့် ခရီးသည် တစ်ဦး၏ ညာဘက်ပါးတွင် ကျည်ထိမှန် ဖောက်ဝင်ဒဏ်ရာရရှိခဲ့ကြောင်း စစ်တပ်က သတင်းထုတ်ပြန်သည်။

” ပေ၃၅၀၀ ဆို တဲ့ အမြင့်က အောက်ကနေ ပစ်တယ်ဆိုရင် တစ်ဖြောင့်တည်းမသွားပါဘူး။ လေယာဉ် ဆင်းသက်ခါနီးမှာ Speed Reduce လုပ်ရတယ်။ ပေ ၁၀၀၀ ဝန်းကျင်ဆိုမှ အောက်ကနေ လေယာဉ်ကို ကောင်းကောင်းမြင်ရမယ်။ ဒါက တစ်ချက် ဖြစ်ပါတယ်။ ဒါကြောင့် အောက်ကနေ ပစ်တယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဖြစ်နိုင်တာတစ်ခုရှိပါတယ်။ အဲဒါက လေယာဉ်ဆိုက်ရောက်ပြီး လေယာဉ်ပေါ်ကို ဝင်ရောက်ပစ်ခံ ရတာက ဖြစ်နိုင်​ ခြေ ရှိတယ်။ ခရီးသည်ထိုင်ခုံ အရဆို ခုံနံပါတ်က 16-A ဆိုတော့ သူကအရင်ဆင်း ရမှာ။ ATR 72 600 က အနောက်တံခါးပေါက်ကနေဆင်းရတာမလို့ပါ ဒါကတစ်ချက်။ လေယာဉ်က နေ ပြည်တော်-ရန်ကုန် မလို့ Transits passenger ဖြစ်နိုင်တယ်။ အဲ့ဒါဆို ရင်တော့ အခြား ခရီးသည် ဆင်းတဲ့အချိန် ဝင်ပစ်ခံ ရတယ်လို့ပဲသတ်မှတ်ရမယ်။ အထဲ ကို ဝင်ပစ်တာမှာလည်း ပစ်ခံရသူသည် တပ်ကြပ်တစ်ဦးဖြစ်နေတယ်။ ကျိန်းသေပေါက်က တော့ အောက်ကနေမဟုတ်ဘဲ အထဲ အထိဝင်ပစ်တာမို့ ကျိန်းသေပေါက်နာမည် ဖျက်တာပါပဲ PDF ကို။ ဒီခရီးစဥ်မျိုးမှာ.. ဘယ်သူ တစ်ဦးတစ်ယောက်က မှ လေဆိပ်ဝန်ထမ်း၊ လေကြောင်းရဲ မှ တစ်ပါး ခရီးသည် boarding မခေါ်ခင်အထိ ဝင်လာခွင့်ကို မရှိပါဘူး။ ပြည် တွင်းခရီးစဥ် မှာ လေ ကြောင်း ရဲ နှစ်ယောက် လိုက်ရပါတယ်။ ရှေ့ တစ်ယောက် နဲ့ နောက်ဆုံးတန်း မတိုင်ခင် အရှေ့တစ်တန်း မှာ ရဲ ရှိနေရက် နဲ့ ပစ်ခတ်နိုင်တယ်ဆို တာကတော့.. ကျိန်း သေပေါက်.. နာမည် ဖျက်ဖို့ အတွက် တပ်ကြပ်ကြီး ကို ရင်းပြီး Passenger Flight ကို တိုက်ခိုက်တယ်လို့ လုပ်ကြံတာပါ ။ VIP flight မှာတောင် အတွင်းပိုင်းထဲကို လုံခြုံရေးမဟုတ်ရင် အခြားဘယ်သူမှ သေနတ်ကို ယူဆောင်ခွင့် မရှိပါဘူး” ဟု လေကြောင်းဆိုင်ရာ ကျွမ်း ကျင်သူက ပြောဆိုသည်။

ထို့ပြင် လေကြောင်းဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးကလည်း “ပေ ၃၅၀၀ အောက်ကနေပစ်တယ်ဆိုတာ မဖြစ်နိုင်ဘူး။ လေယာဥ်ကွင်းနားက Base Leg ဆိုတာတောင် ပေ တစ်ထောင်အနည်းဆုံး ၁၅၀၀ ပဲ။ ပစ်ခတ်မယ့် လက်နက် အာ့လောက်အရှိန် မရှိနိုင်ဘူး။ လေယာဥ်လည်း ပေါက်တယ် လူလည်းထိဆိုတာကမှ ပို မဖြစ်နိုင်တာ။ လေယာဥ်မှာအပေါက်ရှိရင် Oxygen pressure ဘယ်လိုမှ ထိန်းညှိလို့ မရတော့ဘူး။ ပျံလို့လည်း မသင့်တော့ဘူး။ လေယာဉ်အပေါက်နဲ့ ရန်ကုန်လေဆိပ် ပျံသွားတယ်တဲ့လား။ လေယာဉ်အပေါက်နဲ့ ဘာလို့ပျံလာလဲ။ ခရီးစဉ်တွေမှာ Security က အနည်းဆုံး ၂ ယောက်ပါတာ။ အပြစ်မဲ့ ခရီးသည်တင်လေယာဥ်ကို လုပ်ပါတယ်လို့ စစ်တပ် ဆန့်ကျင်ဘက် အဖွဲ့တွေကို နာမည်ဖျက်ချင်တာ”ဟု ရှင်းပြသည်။

ပစ်ခတ်ခံရသဖြင့် ဒဏ်ရာရရှိသူမှာ အကြမ်းဖက် စစ်ကောင်စီတပ်မှ တပ် ကြပ်ကြီးစာရေး သိန်းစိုးညွန့် ခွင့်ဖြင့် ပြန်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ပစ်ခတ်မှုကြောင့် လေယာဉ်၏ ဘယ်ဘက်ဝမ်းဗိုက်ကို ထိမှန်ခဲ့ပြီး လေယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသည့် တပ်ကြပ်ကြီး သိန်းစိုးညွှန့်၏ ညာဘက်ပါးတွင် ကျည်ထိမှန် ဖောက်ဝင်ဒဏ်ရာရရှိခဲ့ဟု ထုတ်ပြန်မှုမှာလည်း ရှေ့နောက် မညီဟု သုံးသပ်ပြောဆိုကြသည်။ khit thit

လွှတ်တော်ကိုယ်စားလှယ်မှ မိုးကုတ်ပတ္တမြားလက်စွပ်နှင့် ဆွဲသီးများကို ရောင်းချပြီး PDF နှင့် စစ်ရှောင်များထံ ထပ်မံလှူဒါန်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဒေါ်သန့်ဝေကျော်က ၎င်း၏ မိုးကုတ်ပတ္တမြား လက်စွပ်နှင့် ဆွဲသီးလေး နှစ်လုံးကို လေလံတင်ရောင်းချကာ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ဘေးရှောင်များအတွက် ဒုတိယအကြိမ် လှူဒါန်းခဲ့ကြောင်း သိရသည်။

မိုးကုတ်ပတ္တမြား၊ လက်စွပ်နှင့် ဆွဲသီးလေး နှစ်လုံးကို စက်တင်ဘာလ ၁၂ရက်တွင် အွန်လိုင်းမှတစ်ဆင့် စတင်လေလံတင်ရောင်းချခဲ့ခြင်းဖြစ်ကာ စက်တင်ဘာလ ၂၃ရက်တွင် မြန်မာငွေကျပ် ၄၅သိန်းဖြင့် လေလံအောင်ခဲ့သည်ဟု ဒေါ်သန့်ဝေကျော်မှ ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

လေလံတင်ရောင်းချပြီး ရရှိထားသည့်ငွေ ကျပ် ၄၅သိန်းနှင့် ပြည်သူများမှ လှူဒန်းထားသည့် နာနတ်သီး(လက်ပစ်ဗုံး)ဖိုးရရှိငွေ ကျပ် ၁၁ သိန်း၊ စုစုပေါင်းကျပ် ၅၆ သိန်းတိတိကို နေရာဒေသအသီးသီးမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ စစ်ဘေးရှောင်ပြည်သူများအတွက် လှူဒါန်းခဲ့ခြင်းဖြစ်သည်။

“ကျွန်မဖက်က နေရရှိငွေအားလုံးကို ပြန်လည်မျှဝေနိုင်ခဲ့တာလေးတွေက ရပ်ကျေးပကဖ တစ်ဖွဲ့ – ၁၀ သိန်း၊ ယမ်းဘီလူးအဖွဲ့ -၁၀ သိန်း (ပို့ရန်ကျန်)၊ လက်ယက်ကုန်း – ၁၀ သိန်း ၊ ရှောင်တိမ်းနေကြရသည့် စစ်ကိုင်းတိုင်းဒေသကြီး ကစလ အချို့ – ၁၆ သိန်း၊ ဆေးအဖွဲ့(ကလေး) – ၁၀ သိန်း (ပို့ရန်ကျန်) “ ဟု ဒေါ်သန့်ဝေကျော်မှ ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

ပထမအကြိမ် လက်စွပ်လေလံတင်ရောင်းချချိန်တွင် ရရှိလာသော ရန်ပုံငွေများဖြင့် Kalay PDF Drone Battalion သို့ ၁၀ သိန်း၊ ကလေးဒေသ တောင်ပိုင်း စစ်ဘေးရှောင်များအတွက် ၁၀ သိန်း၊ ကလေးက UG အဖွဲ့ နှစ်ဖွဲ့အတွက် ၁၀ သိန်း၊ ဘုတလင်မှ UG တစ်ဖွဲ့အတွက် ငါးသိန်း၊ CDM ဆရာနှစ်ဦး၏ ကလေးငယ်များအတွက် နှစ်သိန်း၊ CDM မီးရထားမိသားစု အတွက် တစ်သိန်းနှင့် ကျန်ငွေအချို့ကိုလည်း CDM မိသားစုအချို့ထံပေးပို့ခဲ့ကြောင်းလည်း သိရသည်။

ဒေါ်သန့်ဝေကျော်သည် ၂၀၁၅ခုနှစ်နှင့် ၂၀၂၀ခုနှစ် ရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပါဝင်ယှဉ်ပြိုင်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်မှ တိုင်းလွှတ်တော်ကိုယ်စားလှယ်နေရာတွင် အနိုင်ရရှိထားသူ ဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သူသည် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ၏ သတင်းဌာနက ထုတ်လွှင့်သည့် “ဖြစ်ကြောင်းကုန်စင် အညာတစ်ခွင်” အစီအစဉ်မှ သတင်းကြေညာသူတစ်ဦးလည်း ဖြစ်သည်။ mizzima

စစ်ကောင်စီတပ်သား ၁ ဦး မြောက်ပိုင်းမဟာ မိတ်တပ်ရင်းထံ CDM လုပ်

စစ်ကောင်စီတပ်သားတယောက် ပြည်သူ့တပ်မတော်သားအဖြစ် CDM လုပ်ကာ ရှမ်းပြည်နယ်မြောက်ပိုင်းမဟာမိတ်တပ်ရင်း (N.S.S.A.A) ဆီ စက်တင်ဘာ ၂၉ ရက်က ဝင်ရောက်လာတယ်လို့ N.S.S.A.A က ထုတ်ပြန်ပါတယ်။

CDM လုပ်လာတဲ့ တပ်သားဟာ သာမန် တပ်သားတယောက်ဖြစ်ပြီး ဘယ်တပ်ကဆိုတာနဲ့ ကျန်တဲ့ အချက်အလက်တွေကို ကာယကံရှင်ရဲ့ ခွင့်ပြုချက်အရ ​ပြောခွင့်မရှိဘူးလို့ N.S.S.A.A က ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမဟာမိတ်တပ်ရင်း (N.S.S.A.A) မှ ကိုပိစိက “တပ်ရင်းက ညီနောင် တယောက်ကို ဆက်သွယ်ပြီး ရောက်လာတာပါ။ ဆက်သွယ်လာတာကတော့ ကြာပြီ။ ရှေ့မှာ လည်း CDM ဝင်လာပြီးမှ ဒလန်ဖြစ်နေတာမျိုးတွေရှိလို့။ တကယ်လည်း စစ်အာဏာရှင် လက် အောက်က ရုန်းထွက်ချင်တဲ့သူမို့လို့ လက်ခံလိုက်တာပါ။ သူ့သူငယ်ချင်းတွေလည်း လက်ရှိ ဒီမှာ ရှိနေပြီး သူ့မိသားစုကလည်း ကျနော်တို့ အ ဝန်းအဝိုင်းမှာပါပဲ” လို့ ပြောပါတယ်။

CDM လုပ်လာတဲ့ တပ်သားကို  ရှမ်းပြည်နယ်မြောက်ပိုင်းမဟာမိတ် (N.S.S.A.A)တပ်ရင်းမှာ သီးသန့်ထားတာမျိုးတွေ သီးခြားဆက်ဆံတာမျိုးတွေ မလုပ်ဘဲ တန်းတူ နေထိုင်ခွင့် ပေးထား တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် အရင်ကလည်း စစ်ကောင်စီတပ်က တပ်သားတွေ CDM လုပ်ဖို့ ဆက်သွယ်လာတာ ရှိပေမဲ့ မယုံကြည်ရလို့ မခေါ်ခဲ့ဘူးလို့ သိရပါတယ်။ DVB

ရန်ကုန်မြို့လယ်တွင် ယမန်နေ့ ပစ်ခတ်ခံရပြီး သေဆုံးသူ စစ်သားမှာ လေ ကြောင်းရန် ကာ ကွယ် ရေးတပ်မှ ဒုတပ်ကြပ် မင်းထွန်းဖြစ်ပြီး ပစ်ခတ်သူ လွတ် မြောက်၊ သန်လျင် စစ်အင်ဂျင်နီယာတပ်ကို ဝင်ရောက် ပစ်ခတ်မှုဖြစ်

ရန်ကုန်တိုင်း၊ ပန်းဘဲတန်းမြို့နယ်တွင် ယမန်နေ့ ပစ်ခတ်ခံရပြီး သေဆုံးသွားသော စစ်သားမှာ လေကြောင်းရန် ကာကွယ်ရေးတပ်မှ မင်းထွန်းဖြစ်ပြီး ပစ် ခတ်သူကို ဖမ်းဆီးရမိခြင်းမရှိဘဲ လွတ်မြောက်သွားကြောင်း အုပ်ချုပ်ရေး သတင်းရင်းမြစ်များထံမှ သိရှိရသည်။

စက်တင်ဘာလ ၂၉ ရက်နေ့ ပန်းဘဲတန်းမြို့နယ် အမှတ် (၁) ရပ်ကွက် မဟာဗန္ဓုလလမ်းနှင့် ၂၆ လမ်းထောင့်တွင် အမှတ် ၁၀၀၀၉ လေကြောင်းရန် ကာ ကွယ်ရေးတပ်မှ ဒုတပ်ကြပ် မင်းထွန်းသည် အရပ်ဝတ်ဖြင့် ကွမ်းယာဝယ်ပြီး ဆိုက် ကားပေါ်တွင် ထိုင်နေစဉ် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ပါကြောင်း ၊ စစ်တပ်၏ မှားယွင်း ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦးနှင့် ရန်နိုင်အောင်ဆိုသူ တို့ကျည်ထိမှန်ခဲ့ပြီး ဆေးကုသမှု ခံယူနေရကြောင်း၊ သေဆုံးမှု မရှိဘဲ ယမန်နေ့ ပြည်သူ ၂ ဦး သေဆုံးသည်ဟု သတင်းထွက်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဒုတပ်ကြပ် မင်းထွန်းက ဆိုက်ကားပေါ်မှာ ထိုင်နေတဲ့အချိန် ပစ်ခတ်ခံရတယ်။ ဝဲနားထင် ၁ ချက် ၊ ဝဲရင်အုံ ၁ ချက် အပစ်ခတ်ခံရပြီး ဆိုက်ကားပေါ် နေရာမှာ ပွဲချင်းပြီး သေဆုံးပါတယ်။ ပစ်ခတ်တဲ့ CCTV ကိုတော့ စစ်တပ်ဘက်က ရသွားတယ်။ ပစ်တဲ့သူကို မမိဘူး။ ပစ်ပြီး အေးအေးဆေးဆေးထွက်သွားတာ။ စစ်တပ်ဘက်က မှားယွင်းပစ်တာ ပြည်သူ ၂ ဦး ကျည်ထိပါတယ်။ တစ်ဦးက ရန်နိုင်အောင်နဲ့ နောက်တစ်ဦးက အမျိုးသမီး ၁ ဦးပါ။ ဆေးရုံကားပေါ်တင်သွားတော့ လူတွေက သေတယ်လို့ ထင်ကြတာ။ မသေပါဘူး” ဟု အုပ်ချုပ်ရေး သတင်းရင်းမြစ်က ဆိုသည်။

အလားတူ ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်ရှိ စစ်ကောင်စီ၏ အင်ဂျင်နီယာတပ်ဝင်းလုံခြုံရေးဂိတ်ကို ယမန်နေ့ ညပိုင်းတွင် သန်လျင်ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့က ဝင်ရောက်တိုက်ခိုက်ကြောင်း သန်လျင်ပကဖက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၉ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်အချိန် သန်လျင်မြို့နယ် ရှိ စစ်ကောင်စီ၏ GE တပ်ဝင်းကို လုံခြုံရေး ယူထားသော စစ်သား များကို သန်လျင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) မှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ပျောက်ကျားနည်းဗျူဟာဖြင့် တိုက်ခိုက်ခြင်းဖြစ်ပြီး စစ်သား ၂ ဦး လဲကျသွားသည်ကို မြင်တွေ့ရသော်လည်း သေဆုံးမှု ရှိ၊ မရှိ အတည်မပြုနိုင်ကြောင်း သန်လျင်ပကဖက ဆိုသည်။

“သေဆုံးသူက စစ်သား နှစ်ဦးလို့ ယေဘုယျခန့်မှန်းပါတယ်။ သေ၊ မသေဆိုတာ ကျနော်တို့ အတိအကျအတည်မပြုပေးနိုင်သေးပါဘူး။ ညဘက်လည်းဖြစ် မိုးလည်းရွာနေ တာရယ်ကြောင့် ဖိပစ်တဲ့သေနတ်သံကြောင့် ခွေးတွေပြန်မပစ်နိုင်ဘဲ ထွက်ပြေးသူတွေထွက်ပြေးကြပါတယ်” သန်လျင်ပကဖက ပြောသည်။

ယင်းနောက် ယမန်နေ့ညပိုင်းနှင့်ယနေ့နံနက်ပိုင်း စစ်ကောင်စီတပ်များက ပစ် ခတ် မှုဖြစ်ပွားသော အနီးအနား ဝန်း ကျင်တွင် လုံခြုံရေးများ ထူထူထပ်ထပ်ချထားကြောင်း ပြောဆိုသည်။ khit thit

စစ်တပ်လက်နက်ကြီးပစ်ခတ်မှုကြောင့် ပေါက်ကုန်းရွာနေ အမျိုသမီး ၁ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ပေါက်ကုန်းရွာထဲကို စစ်ကောင်စီတပ်က စက်တင်ဘာ ၂၉ ရက် မနက် ၁၁ နာရီလောက်မှာ လက်နက်ကြီး ပစ် ခတ်ဝင်ရောက်လာတာကြောင့်  အမျိုးသမီး တယောက် ကျည်ထိမှန် သေဆုံးကာ  ၃ ယောက် ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထီးချိုင့်ဒေသခံ တဦးက “ရွာထဲမှာလည်း ဘယ် PDF မှ မရှိဘဲနဲ့ကို အခုလို ပစ်ခတ်တာ။ သူတို့လာလို့ ဘုန်းတော်ကြီးကျောင်းထဲမှာ စစ်‌ရှောင်နေတဲ့ အမျိုးသမီးတဦး ကျည်ထိမှန် သေဆုံးတယ်။ အခုလို ဖြစ်တော့ ရွာသားတွေ အကုန်ထွက်ပြေးရတယ်။ ပြေးရင်း နောက်ထပ် လက် နက်ကြီးနဲ့ ပစ်လို့ ၃ ယောက် ဒဏ်ရာရတာ ရှိတယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး” လို့ ပြောပါတယ်။ 

ထီးချိုင့်မြို့နယ်အတွင်း စစ်ကောင်စီက နယ်မြေရှင်းလင်းရေးကို အကြောင်းပြုပြီး စက်တင်ဘာ ၂၉ မနက်ပိုင်းကနေ စက်တင်ဘာ ၃၀ ရက်အ ထိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ကုက္ကိုကုန်း ၊သခွတ်ချောင်၊ တည်တော၊ ပေါက်ကုန်း၊ ကွင်းကြီးစတဲ့ ကျေးရွာက ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။

စစ်ကောင်စီကတော့ လက်ရှိ‌ ပေါက်ကုန်းရွာကနေ သခွတ်ချောင်ရွာဘက်ကို ဆုတ်ခွာနေသလို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ရေးအခြေအနေ တင်းမာနေတာကြောင့် ကြောက်ရွံ့ စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ DVB

ဖားကန့်မှာ တယ်လီဖုန်းလိုင်းတွေ ဖြတ်တောက်ခံထားရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် တယ်လီဖုန်းလိုင်းများအားလုံး စက်တင်ဘာလ ၂၉ ရက်နေ့ ညကစပြီး ဆက်သွယ်လို့မရဘဲ ဖြတ်တောက်ခံထားရသည့် အခြေအနေ ဖြစ်ပေါ်နေသည်။

ဖားကန်မြို့နယ်ကို စစ်တပ်အာဏာသိမ်းပြီးနောက် ပိုင်း ၂၀၂၁ ခုနှစ် အောက်တိုဘာလကတည်းက အင်တာနက်လိုင်းများကို စစ်ကောင်စီမှ ဖြတ်တောက်ထားခဲ့ပြီး၊ ဆက်သွယ်ရေး တယ်လီဖုန်းလိုင်းများကိုလည်း မကြာခဏဆိုသလို ဖြတ်ချထားခဲ့သည်။

သို့သော် ဖားကန့်တွင် ဂြိုလ်တုအင်တာနက် တစ်လိုင်းကိုသာ ဖွင့်ထားပေးခဲ့ပြီး၊ အဆိုပါအင်တာနက်လိုင်း တပ်ဆင်ထားသော ဆိုင်များတွင် တစ်နာရီလျှင် ၅,၀၀၀ကျပ်ပေးပြီး ဖားကန့်ပြည်သူများက သုံးစွဲနေရသည်။

ဖားကန့်မြို့နယ်အတွင်း လက်ရှိအချိန်တွင် စစ်ကောင်စီနှင့် ကေအိုင်အေဦးဆောင်သည့် ပြည်သူ့ကာကွယ်ရေး (PDF) ပူးပေါင်းအဖွဲ့တို့ စစ်ရေးပြင်ဆင်မှုများ ပြုလုပ်နေချိန် အခုလို ဆက်သွယ်ရေး တယ်လီဖုန်းလိုင်းတွေ ရုတ်တရက်ဖြတ်တောက်မှုကို ပြည်သူအများစုက နားမလည်နိုင်ဖြစ်နေပြီး စိုးရိမ်ပူပန်မှုတွေလည်း ဖြစ်ပေါ်နေသည်။

စက်တင်ဘာလ ၃၀ ရက်နေ့ မနက် ၁၀ နာရီကတည်းကစပြီး MPT ဖုန်းလိုင်းမှလွဲပြီး ကျန်ဖုန်းလိုင်းအားလုံး ပြန်လည်ဆက်သွယ်လို့ရေသာ်လည်း ကောင်းမွန်စွာ ပြောဆိုဆက်သွယ်လို့မရ၍ စစ်ကောင်စီခေါင်း ဆောင်၏သမီး ရှယ်ယာပါဝင်ပိုင်ဆိုင်သော တယ်လီနော (Atom) ဖုန်းလိုင်းတစ်ခုကသာ ရှင်းရှင်းလင်းလင်းနဲ့ ပြောဆိုဆက်သွယ်လို့ရနေခြင်းဖြစ်သည်။ mizzima

တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီတပ်များ မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းတပ်ဖွဲ့တွေကို   စက်တင်ဘာ ၂၉ ရက် မနက် ၉ နာရီလောက်က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့  ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (PDF)က ပြောပါတယ်။

ငှက်ပျောတိုင်းရွာအဝင်မှာ တစ်ကြိမ်၊ မူးဘောင်ဘေးမှာတစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်တိုက်ခိုက်ခဲ့တာလို့ တန့်ဆည်ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေထံက သိရပါတယ်။

တန့်ဆည်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက “ပထမငှက်ပျောတိုင်းကျေးရွာဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာတာကို ကျနော်တို့ တန့်ဆည်မြို့နယ် ပကဖတွေက တိုက်မိုင်း ၅ ပွိုင့်နဲ့ ကြိုတင်ထောင်ပြီး တိုက်ခိုက်နိုင်ခဲ့တယ်။ အဲဒီတိုက်ပွဲမှာက ကျွန်းလည်ရွာက ပျူစောထီး ၁၀ ကောင်  အတည်ပြုနိုင်တယ်။ အဲဒီစစ်ကြောင်းက မှော်တော၊ တောက္ကရှပ် ကျေးရွာတွေက ပျူစောထီးအဖွဲ့ဝင်တွေလည်း လမ်းပြပါနေတယ်ဗျ။ အဲတိုက်ပွဲဖြစ်ပွားရာနေရာကနေ  မူးဘောင်ဖြတ်ပြီးတက်လာတာကို ဒေသခံတော်လှန်ရေး အဖွဲ့ပေါင်းစုံက ကြိုတင်နေရာကောင်းယူပြီး  ထပ် မံ မိုင်းဆွဲတိုက်ပွဲဖြစ်တာ စစ်ကောင်စီတပ်က ၂၀ လောက်ထပ်မံ ကျဆုံးတယ်။ စစ်ကောင်စီဘက်က စုစုပေါင်းဒီနေ့ တစ်ရက်တည်းကို  ၃၀ သေ ဆုံးတယ်။ ကျနော်တို့ အဖွဲ့တွေဘက်က မိုင်းကို အားထားတိုက်ခိုက်ခဲ့တာမို့ အထိအခိုက် သေဆုံးမရှိခဲ့ဘူး”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေ သေဆုံးဒဏ်ရာရတဲ့ အရေအတွက်နဲ့ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်တာမရှိသလို စစ်ကောင်စီဘက်ကလည်း သ တင်းထုတ်ပြန်တာ မရှိသေးပါဘူး။

စစ်ကောင်စီတပ်က တန်ဆည်မြို့နယ်မြောက်ပိုင်းကို အခုရက်ပိုင်အတွင်းစစ်ကြောင်းထိုးတာတွေ ပိုမိုလုပ်ဆောင်လာနေပါတယ်။

အခုလိုစစ်ကြောင်းထိုးတာဟာ စစ်ကောင်စီတပ်က ရေနံမှော် လမ်းကြောင်းကို စိုးမိုးနိုင်ဖို့ အပြင်းထန်လုပ်ဆောင်နေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲအချိန်မရွေးဖြစ်ပွားနိုင်ပြီး ဒေသခံပြည်သူတွေအနေနဲ့ အထူးဂရုပြုသွားလာကြဖို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက မေတ္တာရပ်ခံပါတယ်။ DVB

ညောင်ဦးမြို့နယ်တွင် ကြံ့ခိုင်ရေးပါတီ ကိုယ် စားလှယ်ဟောင်း စစ်ကောင်စီနှင့် ပူးပေါင်းသည်ဟု ဆိုကာ ပစ်ခတ်ခံရ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်ဟောင်း တစ်ဦးကို စစ်ကောင်စီနှင့် ပူးပေါင်းသည်ဟု ဆိုကာ ထနောင်းမြေပြောက်ကျားတပ်ဖွဲ့မှ ပစ်ခတ်ခဲ့ကြောင်း ယနေ့ စက်တင်ဘာ ၃၀ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။

ညောင်ဦးမြို့နယ်၊ စဉ့်ကူကျေးရွာတွင် နေထိုင်သည့် ဦးအောင်မင်းထိုက်ကို ယမန်နေ့ စက်တင်ဘာ ၂၉ ရက်နေ့ နံနက် ၇ နာရီတွင် ပြောက်ကျား တပ်ဖွဲ့များက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဦးအောင်မင်းထိုက်သည် စစ်တပ်အာဏာ သိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း စစ်ကောင်စီနှင့် ပူးပေါင်း၍ ဒေသခံ ပြည်သူများကို အနိုင်ကျင့်ခြင်း၊ အဓမ္မ ဖမ်းဆီးခိုင်းခြင်း၊ စစ်ကောင်စီအတွက် ငွေရှာပေးခြင်းများ ပြုလုပ်နေသောကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်း ဖြစ်သည်ဟု ထနောင်းမြေ ပြောက်ကျားတပ်ဖွဲ့က ဆိုထားသည်။

အဆိုပါ ပစ်ခတ်မှုကို မြင်းခြံ MGN ၊ ထနောင်းမြေ ပြောက်ကျားတပ်ဖွဲ့၊ ပုဂံပြည်ဘီလူးတပ်(PDF)နှင့် People’s Spirit Force တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။

ဦးအောင်မင်းထိုက်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီ ကိုယ်စားပြု၍ ညောင်ဦးမြို့နယ်တိုင်းလွှတ်တော် အမှတ် (၁) မဲဆန္ဒနယ်မှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့ သူဖြစ်သည်။

ထိုသို့ ပစ်ခတ်မှုဖြစ်စဉ်ကြောင့် ညောင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်မှ ပိတ်ဆို့ရှာဖွေမှု များပြုလုပ်နေပြီး ဒေသခံများမှာ စိုးရိမ်လျက်ရှိကြောင်းသိရသည်။ mizzima

« Older Entries