လွှတ်တော်ကိုယ်စားလှယ်မှ မိုးကုတ်ပတ္တမြားလက်စွပ်နှင့် ဆွဲသီးများကို ရောင်းချပြီး PDF နှင့် စစ်ရှောင်များထံ ထပ်မံလှူဒါန်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဒေါ်သန့်ဝေကျော်က ၎င်း၏ မိုးကုတ်ပတ္တမြား လက်စွပ်နှင့် ဆွဲသီးလေး နှစ်လုံးကို လေလံတင်ရောင်းချကာ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ဘေးရှောင်များအတွက် ဒုတိယအကြိမ် လှူဒါန်းခဲ့ကြောင်း သိရသည်။
မိုးကုတ်ပတ္တမြား၊ လက်စွပ်နှင့် ဆွဲသီးလေး နှစ်လုံးကို စက်တင်ဘာလ ၁၂ရက်တွင် အွန်လိုင်းမှတစ်ဆင့် စတင်လေလံတင်ရောင်းချခဲ့ခြင်းဖြစ်ကာ စက်တင်ဘာလ ၂၃ရက်တွင် မြန်မာငွေကျပ် ၄၅သိန်းဖြင့် လေလံအောင်ခဲ့သည်ဟု ဒေါ်သန့်ဝေကျော်မှ ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
လေလံတင်ရောင်းချပြီး ရရှိထားသည့်ငွေ ကျပ် ၄၅သိန်းနှင့် ပြည်သူများမှ လှူဒန်းထားသည့် နာနတ်သီး(လက်ပစ်ဗုံး)ဖိုးရရှိငွေ ကျပ် ၁၁ သိန်း၊ စုစုပေါင်းကျပ် ၅၆ သိန်းတိတိကို နေရာဒေသအသီးသီးမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ စစ်ဘေးရှောင်ပြည်သူများအတွက် လှူဒါန်းခဲ့ခြင်းဖြစ်သည်။
“ကျွန်မဖက်က နေရရှိငွေအားလုံးကို ပြန်လည်မျှဝေနိုင်ခဲ့တာလေးတွေက ရပ်ကျေးပကဖ တစ်ဖွဲ့ – ၁၀ သိန်း၊ ယမ်းဘီလူးအဖွဲ့ -၁၀ သိန်း (ပို့ရန်ကျန်)၊ လက်ယက်ကုန်း – ၁၀ သိန်း ၊ ရှောင်တိမ်းနေကြရသည့် စစ်ကိုင်းတိုင်းဒေသကြီး ကစလ အချို့ – ၁၆ သိန်း၊ ဆေးအဖွဲ့(ကလေး) – ၁၀ သိန်း (ပို့ရန်ကျန်) “ ဟု ဒေါ်သန့်ဝေကျော်မှ ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။
ပထမအကြိမ် လက်စွပ်လေလံတင်ရောင်းချချိန်တွင် ရရှိလာသော ရန်ပုံငွေများဖြင့် Kalay PDF Drone Battalion သို့ ၁၀ သိန်း၊ ကလေးဒေသ တောင်ပိုင်း စစ်ဘေးရှောင်များအတွက် ၁၀ သိန်း၊ ကလေးက UG အဖွဲ့ နှစ်ဖွဲ့အတွက် ၁၀ သိန်း၊ ဘုတလင်မှ UG တစ်ဖွဲ့အတွက် ငါးသိန်း၊ CDM ဆရာနှစ်ဦး၏ ကလေးငယ်များအတွက် နှစ်သိန်း၊ CDM မီးရထားမိသားစု အတွက် တစ်သိန်းနှင့် ကျန်ငွေအချို့ကိုလည်း CDM မိသားစုအချို့ထံပေးပို့ခဲ့ကြောင်းလည်း သိရသည်။
ဒေါ်သန့်ဝေကျော်သည် ၂၀၁၅ခုနှစ်နှင့် ၂၀၂၀ခုနှစ် ရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပါဝင်ယှဉ်ပြိုင်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်မှ တိုင်းလွှတ်တော်ကိုယ်စားလှယ်နေရာတွင် အနိုင်ရရှိထားသူ ဖြစ်သည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သူသည် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ၏ သတင်းဌာနက ထုတ်လွှင့်သည့် “ဖြစ်ကြောင်းကုန်စင် အညာတစ်ခွင်” အစီအစဉ်မှ သတင်းကြေညာသူတစ်ဦးလည်း ဖြစ်သည်။ mizzima