Monthly Archives: Sep 2022

ဘူးသီးတောင်မြို့နယ် ကျောက်စာတိုင်ရွာ၌ ဒေ သခံ၂၀၀ ခန့် ပိတ်မိနေ၊ သပိတ်တောင်ရွာ သား ၆ ဦးကို စစ်တပ်က ဖမ်းဆီး

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကျောက်စာတိုင်ကျေးရွာမှာ ရွာသား  ၂၀၀ လောက် စစ်ဘေးမရှောင်နိုင်ဘဲပိတ်မိနေပြီး သပိတ်တောင်ရွာသား  ၆ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဂူတာပြင်ကျေးရွာအုပ်စုမှာ စစ်ကောင်စီတပ်နဲ့ အေအေတို့ စက်တင်ဘာ ၂၅ ရက် ညနေ ၄ နာရီခွဲကစပြီး ညပိုင်းအထိ တိုက်ပွဲပြင်းထန်ဖြစ်ပွားနေတာကြောင့် အနီးအနားရှိ ကျေးရွာတွေက ဒေသခံတွေ နေရပ်စွန်ခွါထွက်ပြေးနေကြတာဖြစ်ပါတယ်။

ဒါ့ပေမဲ့ စစ်ကောင်စီတပ်တွေက ဂူတာပြင်မွတ်ဆလင်ကျေးရွာမှာ တပ်စွဲထားတာကြာင့် အနီးနားက အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ ကျောက်စာတိုင်ကျေးရွာက ရွာသားတွေ စစ်ဘေးမရှောင်နိုင်ဘဲ ပိတ်မိနေကြတာ ဖြစ်ပါတယ်။

ကျောက်စာတိုင်ရွာသားတဦးက “ဂူတာပြင်ကျေးရွာနားမှာ တိုက်ပွဲဖြစ်ကြတဲ့နေ့ ကတည်းက ရွာသားတဝက်လောက် ဘူးသီးတောင်နဲ့ နီးစပ်ရာ ရွာတွေကို ထွက်ပြေးသွားကြတယ်။ ကျန်တဝက်က ပိတ်မိပြီးကျန်နေခဲ့ကြတာ။ စစ်တပ်က ဂူတာပြင်မှာတပ်စွဲထားတော့ ဘယ်သူမှာမသွားရပဲ ပိတ်မိနေကြတာ။”လို့ ပြောပါတယ်။

ဂူတာပြင်ကျေးရွာအုပ်စုမှာ တိုက်ပွဲမဖြစ်ပွားခင်  စက်တင်ဘာလ ၂၄ ရက်နေ့က   သပိတ်တောင်ကျေးရွာနေ ကျောင်းသား  ၂ ယောက် အပါအဝင် ဒေသခံ ၆ ယောက်ကို စစ်ကောင်စီ တပ်က ဖမ်းဆီးသွားပြီး ယနေ့အချိန်အထိ အဆက်အသွယ်မရသေးဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ကျောင်းသားလေးတွေရဲ့ မိခင်ဖြစ်သူက “ကျမသားလေးနှစ်ယောက်က  ကျောင်းတက်နေကြတာပါ။ စစ်တပ်က မီးရှို့လို့ အိမ်တွေလည်း မီးလောင်သွားပါပြီ။  သူတို့ဖမ်းသွားတာ အခုဆို ၆ ရက်ရှိပြီ။ ဘယ်ကိုခေါ်သွားသလဲဆိုတာလည်း မသိရဘူး။ အဆက်အသွယ်လည်း ဒီနေ့အထိမရသေးပါဘူး။ သပိတ်တောင်က ဖမ်းသွားတာ ၆ ဦးရှိပါတယ်”လို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ရွာသားတွေကတော့ ကိုညွန့်ဝင်း(၃၅)နှစ်၊ ကိုရွှေထွန်း(၃၆)နှစ်၊ ကိုမောင်မြင့်ဝင်း (၃၇)နှစ်၊ မောင်ထွန်းသာလှ (၂၀)နှစ် ၊ မောင်သန်းထွန်းအောင်(၁၆)နှစ်နဲ့  ကိုမောင်ဖြူ (၃၇)နှစ်တို့ဖြစ်ပါတယ်။

သူတို့ကို စက်တင်ဘာ ၂၄ ရက်မှာ စစ်ကောင်စီတပ်က သပိတ်တောင်ဘုန်းတော်ကြီးကျောင်းကနေ ကြိုးတုပ်ချည်နှောင်ကာ ဖမ်းဆီးသွားတာလို့ ဒေသခံတွေထံက သိရပါတယ်။

သပိတ်တောင်ကျေးရွာကို စက်တင်ဘာ ၂၃ ရက်ည ၉ နာရီလောက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့်ရွာသူရွာသားတွေ ထွက်ပြေးနေကြစဉ်  ခိုကျေးရွာရှိ နေအိမ် ၃ အိမ်ကို စစ်ကောင်စီတပ်က မီးရှို့ခဲ့ပါတယ်။

စက်တင်ဘာ ၂၃ ရက် နေ့လယ်ကလည်း ဘူးသီးတောင်မြို့နယ်၊ အလယ်ချောင်းကျေးရွာအနီးရှိ နခခ(၈) နယ်ခြားစောင့်တပ်က ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကျည်ထိမှန်ပြီး သပိတ်တောင်မွတ်ဆလင်ကျေးရွာက အသက် ၇ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးသွားခဲ့ရပြီး သပိတ်တောင် မြောက်ရွာသား  ၂ ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြပါတယ်။ DVB

မိုးဗြဲ PDF ရဲဘော် ၃ ဦးကို စစ်တပ်က သတ် ဖြတ်ပြီး ရုပ်အလောင်းများကို ရေတွင်းထဲထည့်ကာ ဖျောက်ဖျက်ခဲ့

ကယားပြည်နယ် မိုးဗြဲမြို့နယ် မင်္ဂလာရွာအနီး တိုက်ပွဲတွင် ပျောက်ဆုံးခဲ့သည့် PDF ရဲဘော် ၃ ဦး၏ ရုပ်အလောင်းများကို ရေတွင်းထဲ၌ ပြန် လည် တွေ့ရှိခဲ့ကြောင်း MBPDF – လင်းယုန် တပ်ခွဲထံမှ သိရသည်။

ပျောက်ဆုံးသွားသော ရဲဘော်များသည် MBPDF လင်းယုန် တပ်ခွဲမှ ရဲဘော် ၂ ဦးနှင့် သိန်းငှက်တပ်ခွဲမှ ရဲဘော် ၁ ဦးတို့ဖြစ်ပြီး စက်တင်ဘာလ ၂၃ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီနှင့် မိုးဗြဲ လွယ်ယင်း မင်္ဂလာကျေးရွာ၌ ထိပ်တိုက် ပစ်ခတ်မှု ဖြစ်စဥ်အတွင်း ပျောက်ဆုံးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

အဆိုပါ MBPDF ရဲဘော် ၃ ဦး၏ ရုပ်အလောင်းများကို စက်တင်ဘာလ ၂၉ ရက်နေ့တွင် ရေတွင်းထဲမှ ပြန်လည်ဆည်ယူ နိုင်ခဲ့ကြောင်း၊ သေ ဆုံး သွားသော ရဲဘော်များ၏ ရုပ်လောင်းအား စစ်ဆေးချက်အရ အကြမ်းဖက် စစ်တပ်၏ ပစ်ခတ်မူကြောင့် ရဲဘော် ၂ ဦး ပွဲချင်းပြီး သေဆုံးသည်ဟု ယူဆရကြောင်း၊ ကျန်ရဲဘော် ၁ ဦးသည် ပေါင်တွင် သေနတ်ကျည်ထိမှန်ကာ လှုပ်ရှား၍ မရသည့် အနေထားကြောင့် စစ်တပ်၏ နှိပ်စက်မှုများကြောင့် သေဆုံးသည်ဟု ယူဆရကြောင်း MBPDF – လင်းယုန် တပ်ခွဲထံမှ ထုတ်ပြန်ထားသည်။

အကြမ်းဖက် စစ်တပ်သည် သေဆုံးသွားသော ရဲဘော် ၃ ဦး၏ ရုပ်အလောင်းများကို ၃၅ ပေအနက်ရှိ ရေတွင်းထဲတွင် ပစ်ချကာ အဝတ်အစားများ၊ ငှက်ပျောပင်များဖြင့် ဖုံးဖိကာ အလောင်း ဖျောက်ထားခဲ့သည့် အတွက်ကြောင့် MBPDF လင်းယုန်တပ်ခွဲ ရဲဘော်များနှင့် ပူးပေါင်းမဟာ မိတ် တပ်ပေါင်းစုတို့ စွန့်စားကြိုးစားမူများကြောင့် ရုပ်အလောင်းအား ပြန်လည်ရရှိခဲ့ပြီး ကောင်းမွန်စွာ သ​ဂြိုဟ်မြုပ်နှံ နိုင်ခဲ့ကြောင်း သိရသည်။ khit thit

ဆိပ်ဖြုမြို့နယ်နှင့် ပခုက္ကူမြို့နယ်များသို့ စစ် ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ် ဒေသခံကို ဖမ်းဆီးသတ်ဖြတ်မှုများ လုပ် ဆောင်ခဲ့

မကွေးတိုင်း ဆိပ်ဖြုမြို့နယ် နှင့် ပခုက္ကူမြို့နယ်များသို့ ပြီးခဲ့သည့် စက်တင်ဘာ ၁၅ ရက်နေ့မှ စတင်၍ ၁၀ ကျော်ကြာ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်သည် ဒေသခံကို ဖမ်းဆီးသတ်ဖြတ်မှုများ လုပ်ဆောင်ခဲ့ ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ဆိပ်ဖြူမြို့နယ် အနောက်ကမ်းဖြူကျေးရွာသား တစ်ဦးကို ဖမ်းခေါ်၍ဝင်းမာ နှင့် သံပရာပင်ကျေးရွာကြားရှိ လျှိူတစ်ခုတွင် သေနတ်ဖြင့် ပစ်သတ်ခဲ့ ပြီး ပခုက္ကူတွင်လည်း ဒေသခံတစ်ဦးကို ဖမ်းဆီး၍ တရားရုံးတင်ထား ကြောင်း ဒေသခံများထံက သိရသည်။

“စက်တင်ဘာ ၂၄ ရက်နေ့မှာ အသတ်ခံလိုက်ရတာ ။ အသတ်ခံရတဲ့သူက အသက်သုံး ဆယ်ကျော်ပါ။ သူက စစ်ကြောင်းတွေရှိတဲ့ကြားက လွတ်လောက်ပြီးထင်ပြီး ရွာထဲကို ဝင်တာ ။ စစ်တပ်က တွေ့သွားလို့ ကြိုးတုပ်ပြီး ဖမ်းထားတာ။ နောက်တစ်ရက်မှာ သေနတ်နဲ့ပစ်သတ်လိုက်တယ်။ နောက်စေ့ကနေပစ်တဲ့သဘော။ နဖူးပွင့်ပြီး လက်ပြုန်ကြိုး တုပ်လျက်နဲ့ သေနေတာကို တွေ့ရတယ်” ဟု ကိုဒေးဗစ်က ပြောသည်။

ဆိပ်ဖြုမြို့နယ် နှင့် ပခုက္ကူမြို့နယ်များကို စစ်ကောင်စီ စစ်ကြောင်းထိုးဝင်ရောက်လာ မှုနှင့် ပတ်သက်၍ ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကိုဒေးဗစ် က မဇ္ဈိမသတင်းဌာနကို ယခုလို ဖြေကြားသည်။

“ရေနံထွက်တဲ့နေရာတွေကို PDF တွေက စိုးမိုးထားတယ်။ အရင်စစ်ကြောင်း ထိုး တုန်းက စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တဲ့ အိမ်တွေကို NUG နဲ့ချိတ်ပြီး နေလို့ ရအောင် တစ်နိုင်တစ်ပိုင် ဆောက်ပေးထားတာရှိတယ်။ နောက်တစ်ချက်က စာသင်တာ ရှိတယ်။ အဲဒီယန္တရားကိုပြန်ဖျက်ဆီးချင်တဲ့သဘောပါ။ ဒီဘက်မှာက (ဆိပ်ဖြူမြို့နယ်) ၁၅ရွာကို အုပ်ချုပ်ရေးတွေဖွဲ့ပေးတယ်။ အေးအေးချမ်းချမ်းပဲနေတယ်။ အဲဒါကြောင့် စစ်ကြောင်းထိုးတယ်လို့ ယူဆပါတယ်” ဟု ကိုဒေးဗစ်က ပြောသည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေသည့်အချိန်တွင် ဒေသခံကာကွယ်ရေးတပ်များက မိုင်း ၊ ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကို တန်ပြန်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

“လူအင်အားကနည်းတော့ လက်နက်ငယ်နဲ့မတိုက်ဘူး ၊ မိုင်း ဆွဲတယ်။ ဒရုန်းနဲ့ တစ်ကြိမ် တိုက်တာ ငါးဦးကနေ ၁၀ယောက်အထိ ထိတယ်လို့သိရတယ်။ ပခုက္ကူဘက် ကတော့ ဒရုန်းနဲ့တိုက်တာ အကြိမ်ပေါင်းမနည်းဘူး။ သိရသလောက်ဆို စစ်ကောင်စီက ၁၄ ယောက်သေတယ်။ ၃၀ လောက် ထိခိုက်ဒဏ်ရာရတယ်” ဟု ကိုဒေးဗစ်က ထပ်မံ ဖြေကြားသည်။

အင်အား ၄၀၀ ကျော်ပါဝင်ပြီး မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ် နှင့် ပခုက္ကူမြို့နယ် အတွင်းရှိ ကျေးရွာများသို့ ၁၀ ရက်ကြာ စစ်ကြောင်းထိုးခဲ့သည့် စစ်ကောင်စီ စစ်ကြောင်း သုံးကြောင်းသည် ပြီးခဲ့သည့် စက်တင်ဘာ ၂၅ ရက်နေ့တွင် ကျေးရွာများမှ တဖြည်းဖြည်းခြင်း ဆုတ်ခွာကာ ယခုအခါတွင် ၎င်းတို့ တပ်စခန်းကိုပြန်ရောက်နေပြီ ဖြစ်ကြောင်း ကိုဒေးဗစ်က ထပ်မံဖြေကြားခဲ့သည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးခဲ့သည့် ကျေးရွာ ၁၅ ရွာမှ ဒေသခံပြည်သူ နှစ်သောင်း ကျော်သည် ၁၀ ရက်ကျော်ကြာ စစ်ဘေးရှောင်ခဲ့ရသည်။ mizzima

မြန်မာတွင် တရက်တည်း ကိုဗစ်-၁၉ လူနာသစ် ၃၇၉ ဦးတွေ့ရှိ၊ ၁ ဦးထပ်မံသေဆုံး

မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၃၇၉ ယောက် ထပ်မံပြီးတော့ စံချိန်တင်စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက စက် တင်ဘာ ၂၉ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၁၂,၇၀၆ ခုကို စစ်ဆေးခဲ့ချိန်မှာ ပိုးတွေ့လူနာသစ် ၃၇၉ ယောက် တွေ့ရှိရတာဖြစ်ပြီး ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၂ ဒသမ ၉၈ ရာခိုင်နှုန်း ရှိနေခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး ထပ်မံသေဆုံးသူ ၁ ယောက်ရှိခဲ့တာမို့ စုစုပေါင်း သေဆုံးသူ အရေအတွက်ကတော့ ၁၉,၄၅၈ ယောက် ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နိုင်ငံတဝန်းမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက်ဟာ ၆၂၂,၈၀၂ ယောက် ရှိလာခဲ့ပြီဖြစ်ကာ ရောဂါပြန်လည်ပျောက်ကင်းသက်သာလာသူပေါင်း ၅၉၇,၈၉၈ ယောက် ရှိခဲ့ပြီလို့ ဆိုပါတယ်။

ဒါပေမဲ့ ဒီစစ်ဆေးထုတ်ပြန်ချက်တွေဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု၊ သေဆုံးမှုတွေနဲ့ ပတ်သက်ပြီးတော့ တိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်ပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီးဌာနကတော့   ကိုဗစ်-၁၉ အသစ်ဖြစ်ပွားမှုဟာ တကမ္ဘာလုံးအတိုင်းအတာအရ မြင့်တက်လာတယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို ကိုးကား သတင်းထုတ်ထားပါတယ်။

ဒါ့ကြောင့် ပြည်သူလူထုအနေနဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းအပြင် မဖြစ်မနေ လိုက်နာကြရမယ့် ရောဂါကာကွယ်ရေးနည်းလမ်းတွေကို ဆက်လက်လိုက်နာဆောင်ရွက်ကြဖို့ အထူးအရေးကြီး တယ်လို့ NUG အစိုးရက တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်း ၁ နှစ်ခွဲကျော်ကာလအတွင်း တိုင်းပြည်မှာ နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုတွေမှာ အဘက်ဘက်က ကျဆင်းနေ ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုဆိုင်ရာ စစ်တမ်းမှာ တွေ့ရှိရတဲ့ အထောက်အထားတွေအရ ဆေးရုံမှာ စောင့်ရှောက်ကုသဖို့ လိုအပ်တဲ့ လူနာတွေ ဆေးရုံမတက် ရောက်နိုင်တာ၊ အွန်လိုင်းကသာ ကုသမှုခံယူနေကြရတာ၊ အကြမ်းဖက်စစ်ကောင်စီက အမှန်တကယ် သေဆုံးနှုန်းကို မဖော်ပြနိုင်တာ စတဲ့အချက်တွေဟာ ထင်ရှားနေတာမို့ စစ်ကောင်စီဟာ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှု လုပ်ငန်းတွေမှာ မှားယွင်းညံ့ဖျင်းစွာ စီမံနေတယ်လို့ သုံးသပ်ထားပါတယ်။

ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးစီးမှုအနေနဲ့ လက်ရှိအချိန်ထိ အသက် ၁၈ နှစ်အထက် လူဦးရေသန်း ၃၀ ကျော် ထိုးနှံပြီးဖြစ်တယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ DVB

စစ်အာဏာရှင် တော်လှန်ရေးကို နှိပ်ကွပ်ရန် လူသတ်မှု ၊ မုဒိမ်းမှုနှင့် မူးယစ်ဆေးဝါးမှုဆိုင် ရာ ရာဇဝတ်သား လူမိုက်များကို စီမံချက်ဖြင့် လွှတ်ပေးခဲ့၊ လောင်းကစား၊ မူးယစ်ဆေးဝါးနှင့်ပြည့်တန်ဆာလုပ်ငန်း အဖမ်းအဆီးမရှိ ခွင့်ပြု

မြန်မာနိုင်ငံတစ်ဝန်း စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှုများ နှိပ်ကွပ်ရန် လူသတ်မှု ၊ မုဒိမ်းမှုနှင့် မူးယစ်ဆေးဝါးမှုများ ကျူးလွန်ပြီး ထောင်ဒဏ်ကျခံနေရသူ လူမိုက်များ၊ ဇိုးများကို စီမံချက်ဖြင့် လွှတ်ပေးခဲ့ပြီး လောင်းကစား၊ မူးယစ်ဆေးဝါးနှင့်ပြည့်တန်ဆာလုပ်ငန်း အဖမ်းအဆီးမရှိ ခွင့်ပြုမှုများရှိနေကြောင်း စစ်ဘက်သတင်းရပ်ကွက်နှင့် ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက ထောင်ဒဏ် နှစ် ၇၀ ကျော် ချမှတ်ခံထားရသော အင်းစိန်မှ လူမိုက်ကျော်ဝင်းစိန်နှင့် အဖွဲ့ကို ပြန်လည်လွှတ်ပေးမှု သတင်းကို ဖော်ပြပြီးနောက် တပ်သတင်းရပ်ကွက်တချို့နှင့် ပြည်သူများက ယင်းကဲ့သို့ လူမိုက်များကို ပြန်လည်လွှတ်ပေးမှုများသည် နိုင်ငံတစ်ဝန်းတွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း၊ အများစုသော လူမိုက်များမှာ စစ်တပ်လက်ကိုင်တုတ်များ ဖြစ် လာ ပြီး နိုင်ငံရေးလှုပ်ရှားမှုများကို နှိပ်ကွပ်ရာတွင် ပါဝင်ခြင်း၊ စစ်ကြောရေးတွင် ဖမ်းဆီးခံရသူများကို နှိပ်စက်ညှဉ်ပန်းသတ်ဖြတ်ရာတွင် ပါဝင်ခြင်း၊ ပြည်သူ လူထုအပေါ် ခိုးမှုနှင့်မုဒိမ်းမှု၊ လူသတ်မှုများ ကျူးလွန်ကြကြောင်း ပြောဆိုကြသည်။

လွတ်ငြိမ်းသက်သာခွင့် ၆ ကြိမ်ဖြင့် အကျဉ်းသား ၅၇၀၀၀ နီးပါး လွှတ်ပေးမှုတွင် ရာဇဝတ်သားများအားလုံးကို စစ်တပ်က ပြန်လွှတ်ပေးခဲ့

=========================================‌

အကြမ်းဖက်စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ တွင် အကျဉ်းထောင်၊ အချုပ်ထောင်စခန်း အသီးသီးတွင် အကျဉ်းကျခံနေကြရသော အကျဉ်းသား၊ အကျဉ်းသူ ၂၃၃၁၄ ဦး ကို ပထမဆုံးအကြိမ် လွတ်ငြိမ်းသက် သာခွင့်ပြုခဲ့သည်။

၂ဝ၂၁ ခုနှစ် နှစ်ဆန်းတစ်ရက်နေ့တွင် အကျဉ်းသား ၂၃၀၀၀ ကျော် ၊ ၂၀၂၁ ခုနှစ် ဇွန်လတွင် အကျဉ်းသား ၂၂၀၀ ကျော်၊ ၂၀၂၁ ခုနှစ်အောက်တိုဘာလတွင် အကျဉ်းသား ၅၆၀၀ ကျော်၊ ၂၀၂၂ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ အကျဉ်းသား ၈၀၀ ကျော် ၊ ၂၀၂၂ ခုနှစ် နှစ်ဆန်းတစ်ရက်နေ့တွင် အကျဉ်းသား ၁၆၀၀ ကျော် စုစုပေါင်း လွတ်ငြိမ်းသက်သာခွင့် ၆ ကြိမ်ဖြင့် အကျဉ်းသား ၅၇၀၀၀ နီးပါးကို ပြန်လွှတ်ပေးခဲ့ပြီး ယင်းတို့အထဲတွင် မုဒိမ်းမှု၊ လူသတ်မှု၊ မူးယစ်ဆေးဝါးမှု ကျူးလွန်သူ အားလုံးနီးပါးကို ပြန်လွှတ်ပေးခဲ့သည်။

“လူသတ်မှု၊ မုဒိမ်းမှု၊ မူးယစ်ဆေးဝါး အမှုတွေအားလုံး ပြန်လွတ်တယ်။ ရာဇ ဝတ်မှုနဲ့ သေဒဏ်ချထားတဲ့သူတွေကိုပါ ပြန်လွှတ်လိုက်တာ။ ဒါကလည်း တစ်ဖက်မှာ ထောင်ခါတယ်လို့ ပြောလို့ရသလို အပြင်မှာဖြစ်နေတဲ့ စစ်အာဏာ ရှင် တော်လှန်ရေး လှုပ်ရှားမှုကို ဟန့်တားဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်တယ်လို့ ပြောလို့ရပါတယ်။ ဥပမာပြောရမယ်ဆိုရင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ လွတ်ငြိမ်းသက်သာခွင့် အကျဉ်းသား ၂၃၀၀၀ ကျော်လွှတ်တာမှာ အားလုံးက ရာဇဝတ်သားတွေအကုန်ပါတာ။ အဲဒီအထဲလူအများစု ပျူစောထီး၊ ပြည်သူ့ စစ်နဲ့ စစ်တပ်သတင်းပေးတွေ အဖြစ် ပြန်အသုံးပြုခံရပါတယ်” ဟု တပ်ဘက်သတင်းရင်းမြစ်က ပြောသည်။

ထင်သာမြင်သာ ရာဇဝတ်သား လွတ်မြောက်သူတချို့

=============================

၂၀၂၁ ခုနှစ်အတွင်း အကြမ်းဖက်စစ်ကောင်စီ၏ လွတ်ငြိမ်းသက်သာခွင့်တွင် လူသတ်မှုဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်ခံထားရသည့် သရုပ် ဆောင်မင်းအုပ်စိုး ပြန်လည်လွတ်မြောက်မှု ၊ သက်ငယ်မုဒိမ်းမှုဖြင့် ထောင်ကျနေသည့် မင်းရာဇာ လင်မယား၊ အိမ်အကူကို နှိပ်စက်၍ ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံထားရသည့် အင်း၀ အပ်ချုပ်ဆိုင်ပိုင်ရှင် စသည့်ဖြင့် ရက်စက်သော ရာဇဝတ်မှုကျူးလွန်သူများကိုပါ ပြန်လွှတ်ပေးခြင်းလည်းဖြစ်သည်။

အဆိုပါ လွှတ်ပေးမှုသည် ပြည်သူများ မှတ်မိလွယ် ထင်သာမြင်သာရှိသည့် ပြန်လည်လွှတ်ပေးမှုများကို ဖော်ပြခြင်းဖြစ်ပြီး မူးယစ်ရာဇာ၊ လူသတ်မှုများစွာ ကျူးလွန်သူနှင့် မုဒိမ်းကျူးလွန်သူအားလုံးနီးပါးမှာလည်း စစ်ကောင်စီ၏ လွတ်ငြိမ်း သက်သာခွင့်ဖြင့် လွတ်မြောက်ခဲ့သည်ဟု သိရှိရသည်။

ထောင်ဒဏ်နှစ် ၇၀ ကျော် ချမှတ်ခံခဲ့ရသည့် အင်းစိန်လူမိုက်ကျော်ဝင်းစိန်နှင့်နောက်ဆက်တွဲ

===========================================

အင်းစိန်လူမိုက်ကျော်ဝင်းစိန်နှင့်အဖွဲ့သည် ရဲတပ်ဖွဲ့ဝင်များကို ပြန်လည် ရန်ပြုမှု၊ ပြန်ပေးဆွဲမှု၊ လူသတ်မှု၊ မူးယစ်ဆေးဝါးမှု၊ လက်နက်မှု၊ လိုင်စင်မဲ့ ယာဉ်များသုံးစွဲမှု စသည်ဖြင့် ရာဇဝတ်မှုပေါင်းမြောက်မြားစွာဖြင့် ထောင်ဒဏ်နှစ် ၇၀ ကျော် ချမှတ်ခံခဲ့ရသော်လည်း ၂၀၂၁ ခုနှစ် အတွင်း လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွတ်မြောက်လာခြင်းဖြစ်သည်။

လူမိုက်ကျော်ဝင်းစိန်နှင့်အဖွဲ့က ထောင်မှ လွတ်မြောက်သည်နှင့် စစ်တပ်ထံချည်း ကပ်ကာ လက်ကိုင်တုတ်များဖြစ်လာပြီး အင်းစိတ်ပေါက်တောဝ၊ကမ်းနား ရပ်ကွက်တွင် ဖြစ်ပေါ်နေသော စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုများကို ဖိနှိပ်ရာတွင် ထဲထဲဝင်ဝင်ပါဝင်ပတ်သက်ကြသည်။

တချို့သော နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လူငယ်များမှာ လူမိုက်ကျော်ဝင်းစိန်အဖွဲ့၏ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသည်။ လူမိုက်ကျော်ဝင်းစိန်နှင့်အဖွဲ့၏ ဖမ်းဆီးမှုကြောင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူအများအပြားလည်း အဖမ်းခံခဲ့ရသည်။

အင်းစိန်အောင်ဇေယျာတံတား (အင်းစိန်ဘက်ခြမ်း) လုံခြုံရေး၊ လျှပ်စစ်မီတာရုံးလုံခြုံရေး၊ ရပ်ကွက်များတွင် PDF များ မရှိစေရေး၊ ဧည့်စာရင်းစစ်ခြင်း အပါ အဝင် စစ်တပ်ကို ကူညီသော လုပ်ငန်းများကို လူမိုက်ကျော်ဝင်းစိန်နှင့်အဖွဲ့က လုပ်ဆောင်ပေးခဲ့ကြသည်။

ယင်းအတွက် လူမိုက်ကျော်ဝင်းစိန်နှင့်အဖွဲ့သည် မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်း ဝယ်ရေးလုပ်ငန်းများကို တရားဝင် လုပ်ခွင့်ရရှိပြီး ပေါ်ပေါ်တင်တင် ရောင်းဝယ်လျက်လည်းရှိနေကြသည်။

“သူတို့က ထောင်က လွတ်ပြီးတာနဲ့ စစ်တပ်နဲ့ပေါင်းလိုက်တော့ မူးယစ်ဆေးဝါးကတော တရားဝင်လိုကို ရောင်းခွင့်ရတယ်။ မျိုးဆက်တွေ မူးယစ်နွံ့ထဲမှာ အကုန်ဘဝပျက်အောင် ရဲတွေ စစ်သားတွေနဲ့ပေါင်းပြီး လုပ်နေတဲ့ခွေးမသားတွေ။ ပတ္တမြားလမ်း ရပ်ကွက်မှာ မူးယစ်ဆေးဝါး ပေါ်တင်ရောင်းနေတာပါ။အဲဒီ ပတ္တမြား ရပ်ကွက်မှာ ပပတို့ ဘိဆိုအကုန်သိတယ်။ သူတို့ တရားဝင်ရောင်းနေတာ။ အေးဆေးပဲ အရောင်းမပြတ်ဘူး။ အရင်က ဘိန်းဖြူ ပင်နယ်စလင် တစ်ပုလင်းကို ဟိုးအရင်က ၅သောင်းလောက်မှရတာ အခုလက်ရှိ ၁၂၀၀၀ ဆိုရပြီ ။ ဘိန်း၊ အသီး၊ ဆေးခြောက်၊ ICE ရေခဲ အကုန်ရတယ် ။ကျော်ဝင်းစိန် အိမ်ရှေ့က လမ်းကြားမှာ လည်း ပေါ်တင်ပဲ ။ လူတိုင်းသိနေကြတယ်။ ကျော်ဝင်းစိန်နဲ့ကျင်ဟုတ်တို့က သမိုင်းဘုရင့်နောင်ကုန်းတံတားနားကအလောင်းဘုရားလမ်း မရောက်ခင် မင်္ဂလာစားသောက် ဆိုင်ဘေးမှာဂိမ်းဆိုင်ဖွင့်ထားတယ်။ ဆိုင်ကမမြင်ရဘူး။ မှန်အမည်းတံခါးတွေနဲ့။ အဲဒီဂိမ်းဆိုင်ကလည်း မူးယစ်ဆေးဝါး တွေ ရောင်းပေးနေတာပဲ” ဟု ပြည်သူတစ်ဦးက ပြောသည်။

မူးယစ်ဆေးဝါး ရောင်းချမှု တရားဝင်ရသည့်အတွက် ထောင်မှ လွတ်ချိန် ငွေတစ်ပြားမှ မရှိသော်လည်း ၁ နှစ်ကျော်ကာလအတွင်း ကားတစ်ဝီဝီနှင့် အလွန်ချမ်းသာသွားခဲ့ပြီး လက်နက်များပါ ကိုင်ဆောင်ခွင့်ရလာသည်။

သို့သော် သူတို့သည် စစ်တပ်၏ လက်အောက်ခံ သဘောမျိုးဖြင့် စစ်အာဏာရှင် ဒေါက်တိုင်ကို ဆက်လက် အကျိုးပြုနေကြသည်။ တရားဝင် အလုပ်အကိုင်အနေဖြင့် ဆိုင်ကယ်အရောင်းအဝယ်နှင့် ဆိုင်တချို့ ဖွင့်ပြထားကြသည်။

ရန်ကုန်မြို့မှ ဇိုးများ ပြန်လွတ်ခြင်း

==================

လှိုင်သာယာမှ မူးယစ်ဆေးဝါး ရောင်းဝယ်သူ လူမိုက် စိုးညီ၊ ကြည့်မြင်တိုင်တစ်ဖက်ကမ်းဘက်မှ လူမိုက်ကျော်ကျော် အပါအဝင် ရန်ကုန်မြို့မှ နာမည်ကြီး လူမိုက်များမှာ စစ်တပ်၏ လွတ်ငြိမ်းခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာကြပြီး စစ်တပ်၏ လက်ကိုင်တုတ်များဖြစ်လာကြသည်။

ထိုအထဲတွင် ကြည့်မြင်တိုင် တစ်ဖက်ကမ်းမှ လူမိုက်ကျော်ကျော်သည် စစ်တပ်အတွက် အလုပ်လုပ်ပေးပြီး တော်လှန်ရေးလူငယ်များကို လိုက်လံ ဖမ်းဆီးနေသည်။

“ကြည့်မြင်တိုင်တဖက်ကမ်း ဘလုပ်ညွန့်ရပ်ကွက်က လူမိုက်ကျော်ကျော်ဆိုတာလည်း သေနတ်နဲ့ကျည်တွေအများကြီးမိတယ်။ လူသတ်မှု လုယက်မှု ဓားပြမှုတွေနဲ့ဖမ်းသွားပြီး လပိုင်းလောက်နဲ့ပြန်လွှတ်ပေးလိုက်တယ်။ သူခိုး ဖာခေါင်း လုယက် ဓားပြ တွေကိုတပည့်အဖြစ်မွေးထားပြီး ကြည့်မြင်တိုင်တဖက်ကမ်းတခုလုံးကိုအုပ်စိုး ခြယ်လှယ်နေတာ။ သူ့တပည့်တပန်းတွေကိုပဲ ရာဂဏန်းလောက် ဖြစ်နေပြီ။ ကြည့်မြင်တိုင်တဖက်ကမ်းမှာ လောင်းကစားဝိုင်းတွေထောင်၊ ဆက်ကြေးကောက်ပြီးလုပ်စားနေတာ။ ကြက်ဝိုင်း ဖဲဝိုင်း ဂျင်ဝိုင်း ဂလုံးလုံး ဆေးပြား သူတို့ဆီမှာအကုန်ရတယ်။ ကြည့်မြင်တိုင်တဖက်ကမ်းက ရဲကင်းစခန်းမှူးလောက်က သူတို့ခါးပိုက်ထဲကဖားပဲ။ စစ်တပ်အတွက် အဓိက သူတို့ပြန်လုပ်ပေးရတာက PDF လူငယ်နဲ့ ဆန္ဒပြလူငယ်တွေကို ရှာဖွေဖမ်းဆီးပေးရတာပါ” ဟု ကြည့်မြင်တိုင်ဒေသခံတစ်ဦးက ဆိုသည်။

လောင်းကစား၊ ကြက်ဝိုင်း၊ မူးယစ်ဆေးဝါးနှင့် ပြည့်တန်ဆာခန်းများ ဖွင့်ခွင့်ပြုခြင်း

===========================================

ရန်ကုန်မြို့တော်တွင် မူးယစ်ဆေးဝါးနှင့် ပြည့်တန်ဆာလုပ်ငန်းများ၊ လောင်း ကစားလုပ်ငန်းများကို ဖမ်းဆီးခြင်းမပြုတော့ဘဲ စစ်တပ်နှင့်ရဲများက PDF နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကိုသာ အဓိက နှိမ်နင်းရန် ကြိုးစားနေကြသည်။

မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ယင်းသို့ သော အခြေအနေများ ဖြစ်ပေါ်လျက်ရှိပြီး အထူးသဖြင့် မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်း စစ်ကိုင်းတိုင်း အပါ အဝင် နိုင်ငံတစ်ဝန်းလုံးရှိ ကျေးရွာများတွင် ရဲနှင့်စစ်တပ်က ဦးစီးသော လောင်း ကစားဝိုင်းများ ထူထောင်လာခြင်းဖြစ်သည်။

ရန်ကုန်ခေတ်သစ်အနေဖြင့်လည်း ရဲနှင့်စစ်တပ်က မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ လောင်းကစားဝိုင်းများတွင် ထမင်းပင်ကျွေးသည့် ဝန်ဆောင်မှု များ လုပ်ဆောင်နေကြောင်း သတင်းများ မကြာ ခဏ ဖော်ပြခဲ့ပြီးဖြစ်သည်။

မွန်ပြည်နယ် ကျိုက်မရောမြို့စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများက မြို့နယ်တွင် လောင်းကစားဝိုင်းများကို အပတ်စဉ် ငွေကြေးယူကာ ဖွင့်ခွင့်ပေးထားလျက် ရှိကြောင်း ဒေသခံများက ဆိုကြသည်။

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် မြို့နယ် စစ်ကောင်စီအဖွဲ့နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများက လောင်းကစား ဝိုင်းတွေကို အပတ်စဉ် ၃ သိန်းကနေ ၅ သိန်းကြားယူပြီး ဖွင့်ခွင့်ပေးထားကြောင်း၊ ကျေးရွာများအနေဖြင့် ကရင်တောကျေးရွာ၊ ရှမ်းကုန်းကျေးရွာ၊ ကဒါကျေးရွာ၊ အံကရဲကျေးရွာ၊ ဝါးပျံကုန်း ကျေး ရွာ အုပ်ချုပ်ရေးမှူးအပါဝင် ကျေးရွာအုပ်ချုပ်ရေးမှူးများက လက်နက်ကိုင်အဖွဲ့၊ လောင်းကစားဒိုင်များ ပေါင်းပြီးတရားဝင် လောင်းကစား၀ိုင်းများ ဖွင့်လှစ်ကြပြီး လာရောက်ကစားကြရန်လည်း ဖိတ်စာဖြင့် ဖိတ်ကြသည်။

“ လောင်းကစားဝိုင်းတွေလုပ်ခိုင်းတာ။ အဲ့ဝိုင်း တွေကိုလည်း ပိုက်ဆံ တအားတောင်းတာ။ ရပ်ကွက်တွေထဲထိလည်း ရဲတွေနဲ့ BGFတွေခေါ်လာပြီး ပါဝါက ပြသေးတယ်”ဟု ကဒါကျေးရွာမှ ပြည်သူတစ်ဦးက ပြောသည်။

လောင်းကစားဝိုင်းများပြားလာမှုနှင့်အတူ ဒေသပြည်သူများတွင် ပစ္စည်းများ ပျောက်ဆုံးခြင်း၊ လုယက်ခံရခြင်း အပါအဝင် ရာဇဝတ်မှုများ များပြားလာကြောင်း၊ ဒေသပြည်သူများ မလုံမခြုံ ဖြစ်လာကြကြောင်း သိရှိရသည်။

မွန်ပြည်နယ်၊ မြို့နယ်များတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူငယ်များကို ထိန်းချုပ်နိုင်ရေး ပျော်ပွဲရွှင်ပွဲများ၊ လောင်းကစား၀ိုင်းများ စီမံချက်ဖြင့် ဖွင့်လှစ်ခွင့်ပြုနေခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်များက ဆိုကြသည်။

စစ်ကြောရေးများတွင် လူမိုက်များကို အသုံးပြုခြင်း

============================

ရန်ကုန်အင်းစိန်ထောင်မှ တန်းစီဖြစ်နေကြသည့် ထောင်ဒဏ်နှစ်ရှည်ချခံထားရသည့် လူမိုက်တချို့ကို စစ်တပ်နှင့်ရဲက စစ်ကြောရေးများတွင် အသုံးပြုရန် ညှိ နှိုင်းပြီး ထောင်မှ ထုတ်ကာ လွတ်လပ်ခွင့်ပေးထားကာ စစ်ကြောရေးတွင် အသုံး ပြုနေကြောင်း ပြည်ထဲရေး သတင်းရပ်ကွက်က အတည်ပြုသည်။

“တချို့လူမိုက်တွေ လက်မရွံ့တဲ့ကောင်တွေကို ထောင်ထဲမှာ စရဖက သွားတွေ့ပြီး သူတို့အတွက် အလုပ်လုပ်ပေးရင် အပြင်မှာ လွတ်လွတ်လပ်လပ်နေရမယ်။ နေစရာအိမ်၊ စီးစရာကား၊ လစာပေးမယ်ဆိုပြီး ညှိတာရှိတယ်။ ပြီးတော့ အဲဒီလူမိုက်တွေ ထုတ်လာပြီးတော့ အဲဒီလူတွေက စစ်ကြောရေးမှာ စစ်တပ်က ခိုင်းတဲ့အတိုင်းလုပ်ရတာ။ ခင်ဗျားတို့ပြောနေတဲ့ စစ်ကြောရေးမှာ မုဒိမ်းမှုကျူးလွန်တာတို့ ၊ ရက်ရက် စက်စက် သတ်ဖြတ်တာတွေမှာ စစ်တပ်ဘက်ကတင်မဟုတ်ဘူး။ အဲဒီလို လူမိုက် တွေနဲ့ပါ လုပ်တာပါ။ တချို့စစ်အရာရှိတွေက အဲဒီလူမိုက်တွေကို သတ်ခိုင်း နှိပ်စက်ခိုင်းတာ” ဟု ပြည်ထဲရေးသတင်းရင်းမြစ်က ဆိုသည်။

စစ်ကြောရေးတွင် အမှုစစ်ရန် လူမလုံလောက်ခြင်း၊ ရန်ကုန်မြို့လုံခြုံရေးအတွက် ဗျာများနေရသည့်အတွက် တချို့သော စစ်ကြောရေးများတွင် စစ်အရာရှိများက သူတို့ လိုချင်သည့်အကြောင်းအရာများကို စစ်ဆေးမည့် လူမိုက်အဖွဲ့ကို ရှင်းလင်းပြောဆိုပြီး ဖမ်းဆီးထားသည့် ပြည်သူများကို စိတ်ကြိုက် စစ်ဆေးရန် လူမိုက်အဖွဲ့လက်ထဲ အပ်နှံမှုများ လည်းရှိသည်ဟု သိရှိရသည်။ khit thit

ပုဏ္ဏားကျွန်းနှင့်ကျောက်တော် ကြားတွင် ရိ က္ခာလာပို့သည် စစ်ကောင်စီတပ်ကို AA ကြားဖြတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၃ ဦးကို ဖမ်းဆီး

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းနှင့်ကျောက်တော် ကားလမ်းကြား ၊ ချောင်းတူကျေးရွာအနီး တွင် ယနေ့ နံနက် ၁၁ နာရီကျော်ခန့်က စစ်ကောင်စီစစ်ကြောင်း တစ်ခုကို ရက္ခိုင့်တပ်တော်(AA)က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး၊ စစ်ကောင်စီတပ်သား သုံးဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီစစ်ကြောင်းမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ ဗုဒ္ဓေါကျေးရွာအနားရှိ နနွင်း တောင်ပေါ်တွင် အခြေချထားသည့် စစ်ကောင်စီဗျူဟာကုန်းကို ရိက္ခာပို့လာသည့် အချိန်၌ ရက္ခိုင့်တပ်တော်က ကြားဖြတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ချောင်းတူကျေးရွာသားတစ်ဦးက ပြောသည်။

“ကျနော်တို့ရွာနဲ့ နည်းနည်းပဲဝေးတယ်။ စစ်သားတွေ ရိက္ခာလာပို့တဲ့အချိန် အေအေက ကြားဖြတ် ဝင်တိုက်တာ။ တိုက်ပွဲ တစ်နာရီခွဲလောက်ကို ဖြစ်သွားတယ်။ စစ်ကြောင်းလာမှာကို သိပြီးတော့ အေအေက ကြားဖြတ် ဝင်တိုက်လိုက်တဲ့အတွက် စစ်သားတွေ ထိခိုက်ဒဏ်ရာရသွားတဲ့လူလည်းရှိတယ်။ ဘယ်နှစ်ယောက်လဲတော့ မသိဘူး။ သေတာတော့ မရှိဘူးထင်တယ်။ စစ်သား သုံးယောက်ကိုတော့ အေအေက ဆွဲသွားတယ်လို့ သိရတယ်။” ဟု ၎င်းက ဆိုသည်။

ယင်းကဲ့သို့ ဖြစ်ပွားပြီးနောက် ကျောက်တော်မြို့နယ် ကန်စောက်တောင်ခြေရှိ စစ်ကောင်စီတပ်ရင်း (၅၃၉) တပ်ရင်းမှ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့သည်ဟုလည်း သိရသည်။

“ကျောက်တော် ကန်စောက်တောင်တပ်ကလည်း လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ပစ်ကြတယ်။ တချို့အနီးအနားက ဒေသခံတွေဆို ကြောက်ပြီး စစ်ဘေးရှောင်သွားတာလည်းရှိတယ်။ သူတို့က ရမ်းပစ်တာတွေ လုပ်တော့ ဒေသခံတွေကတော့ ကြောက်ကြတာပေါ့၊ ၁၂နာရီကျော်လောက်ထိပစ်ပြီးတော့ ခုချိန်တော့ ရပ်သွားပါတယ်။” ဟု ကျောက်တော်ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (အေအေ)တို့မှာ ရခိုင်ပြည်နယ်နှင့်ပလက်ဝဒေသများတွင် တိုက်ပွဲများပြင်းထန်းစွာ ဖြစ်ပွားလျက်ရှိနေခြင်းဖြစ်သည်။

စစ်ကောင်စီကလည်း ရခိုင်ပြည်နယ်ရှိ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောစသည့်မြို့နယ်များတွင် ဒေသခံများအနေဖြင့် ရိက္ခာသယ်ယူခွင့်များကို တင်းကျပ်စွာ ကန့်သတ်ထားသည့်အတွက် ယင်းဒေသရှိ ဒေသခံများမှာ စားဝတ်နေရေးအခက်အခဲ၊ လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကို ရင်ဆိုင်နေရကြောင်းလည်း ဒေသခံများထံမှ သိရသည်။ mizzima

စီးပွားရေးပညာရှင် ရှောင်တာနယ်လ် လွတ် မြောက်ရေး သြစတြေးလျအစိုးရ ဆက်လက်ကြိုးပမ်းမည်

မြန်မာနိုင်ငံ အကျဉ်းထောင်ထဲမှာ ထောင်ဒဏ် ၃ နှစ်ချမှတ်ခံခဲ့ရတဲ့ သြစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် ပါမောက္ခ ရှောင်တာနယ်လ် အမြန်ဆုံးပြန်လွတ်မြောက်ရေးနဲ့ အိမ်ပြန်နိုင်ရေး ဆက်လက်လုပ်ဆောင်သွားမယ်လို့ သြစတြေးလျ နိုင်ငံခြားရေး၀န်ကြီးက တုံ့ပြန်လိုက်ပါတယ်။ 

စစ်ကောင်စီက ပါမောက္ခ ရှောင်တာနယ်အပေါ် စွပ်စွဲတဲ့အမှုတွေကို သြစတြေးလျနိုင်ငံဟာ ပြီးခဲ့တဲ့ ၁၉ လကျော် အတွင်းအမြဲ ငြင်းဆိုသလို မြန်မာစစ်တပ်ရဲ့ တရားမဲ့ ဖမ်းဆီးခံထားရတဲ့ ရှောင်တာနယ် ပြန်လွတ်မြောက်ပြီး နေရပ်ပြန်နိုင်ဖို့ ဆက်လုပ်သွားမယ်လို့ သြစတြေးလျနိုင်ငံ ခြားရေး ၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ရှောင်တာနယ်ဟာ အခုချမှတ်ထားတဲ့ ပြစ်ဒဏ်ရဲ့ ၃ ပုံ၂ ပုံကို အချုပ်ထောင်ထဲမှာ မတရားဖမ်းဆီးခံခဲ့ရပြီးဖြစ်တဲ့အတွက် သူ့အမျိုး သားရဲ့ မြန်မာပြည်အတွက် ကြိုးပမ်းချက်တွေကို ငဲ့ညာပြီး ပြည်နှင်ဒဏ်ပေးဖို့ ရှောင်တာနယ်ရဲ့ ဇနီးဖြစ်သူကလည်း တောင်းဆိုထားပါတယ်။

စီးပွားရေးပညာရှင် မစ္စတာရှောင်တာနယ်လ်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အမှုတွဲအဖြစ်တရားစွဲဆိုခံထားရတဲ့ စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးစိုးဝင်း၊ ဦးကျော်ဝင်း၊ ဒုဝန်ကြီးဟောင်း ဦးဆက်အောင်တို့အားလုံးကို နေပြည်တော်အချုပ်ထောင်တွင်း စစ်ကောင်စီတရားရုံးက စက်တင်ဘာ ၂၉ ရက်နေ့ရုံးချိန်းမှာ ထောင်ဒဏ် ၃နှစ်စီချမှတ်လိုက်တာပါ။ 

မစ္စတာ ရှောင်တာနယ်လ်ကို  ၂၀၂၁ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ စစ်ကောင်စီက ထိန်းသိမ်းခဲ့ပြီး ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်တဲ့ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေပါ ပုဒ်မ ၃ (၁) နဲ့ စတင်တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

မစ္စတာရှောင်တာနယ်လ်ကို ရန်ကုန် အင်းစိန်ထောင်ကနေ နေပြည်တော်အချုပ်ထောင်ကိုပြောင်းရွှေ့ချုပ်နှောင်ခဲ့ပြီး နေပြည်တော်အကျဉ်း ထောင်အရောက်မှာ ထောင်ဒဏ် ၅ နှစ်အထိချမှတ်နိုင်တဲ့ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေနဲ့ စစ်ကောင်စီက ထပ်မံတရားစွဲဆိုခဲ့ပါတယ်။

ရှောင်တာနယ် တရားစွဲခံခဲ့ရတဲ့အမှုဟာ သက်သေခိုင်လုံနေပြီး သြစတြေးလျနိုင်ငံဘက်က ဆက်ဆံရေးပြေပြစ်ရင် သြစတြေးလျနိုင်ငံသား ရှောင်တာနယ်အတွက် သက်ညှာစဉ်းစားသွားမယ့်သဘောမျိုးကို မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင်က ပြောဆိုခဲ့ဖူးပါတယ်။ DVB

မွန်ပြည်နယ် သထုံဘက်သို့ အမြောက်တင်ကား ၆ စီးနှင့် ရိက္ခာတင် စစ်ကား တစ်စီး ထွက်ခွာသွား

မွန်ပြည်နယ်၊ သထုံဘက်သို့ အမြောက်တင်ကား ၆ စီးနှင့် ရိက္ခာတင်ကား ၁ စီး ထွက်ခွာသွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

စက်တင်ဘာလ ၃၀ ရက်နေ့ နံနက် ၈ နာရီကျော်အချိန် စစ်ကားများ မြင်တွေ့ရခြင်းဖြစ်ကြောင်း ခရီးသွားပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“ကျနော်က ဆိုင်ကယ်ပေါ်က ဆိုတော့ သေချာ ဓာတ်ပုံမရိုက်လိုက်ရဘူး။ ကျနော်တို့က ဆိုင်ကယ်နဲ့ ဘေးနားက ဖြတ်သွားတော့ ကားတန်းကို သေချာ ဓာတ်ပုံရိုက်ခွင့်မရလိုက်ဘူး။ အမြောက်တင်ကားက ၆ စီး၊ ရိက္ခာတင်ကားက ၁ စီး၊ စစ်ခွေးက ၁၀ ကောင်လောက်ပါတယ်။ လက်နက်တွေတော့ ကိုင်ထားတယ်။ သူတို့ကားတွေက သထုံဘက်ကိုဦးတည်ထားတာ။ ကျနော်တို့က ဒီဘက်ကနေ ဆိုင်ကယ်နဲ့ ဖြတ်နေတာ။ ဓာတ်ပုံက ခိုးရိုက်ရတော့ သေချာမရိုက်လိုက်ရလို့ပါ” ဟု ခရီးသွားပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မွန်ပြည်နယ်၊ သထုံမြို့နယ်သည် KNU တပ်မဟာ ၁ နယ်မြေဖြစ်ပြီး လက်ရှိတွင် စစ်တပ်နှင့် KNLA ၊ PDF ပူးပေါင်း တပ်များအကြား တိုက်ပွဲများ တောက်လျှောက်ဆိုသလိုဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။khit thit

လွိုင်ကော် ခရီးသည်လေယာဉ် အပစ်ခံရမှု အငြင်းပွားစရာဖြစ်နေ

ယနေ့ (စက်တင်ဘာ ၃၀) နံနက်ပိုင်းက ကယားပြည်နယ် လွိုင်ကော်လေဆိပ်တွင် ခရီးသည်တင် လေယာဉ်တစ်စီး ပစ်ခတ်ခံရမှုမှာ အငြင်းပွားစရာဖြစ်နေသည်။ လေယာဉ်မှာ လေဆိပ်ကို ဆင်း သက်ရန်ကြိုးပမ်းစဉ် အမြင့်ပေ ၃၅၀၀ ခန့်တွင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။

လေယာဉ်ဝမ်းဗိုက်ကို ထိမှန်ပြီးနောက် ခရီးသည်တစ်ဦး၏ ညာဘက်ပါးကို ကျည်ဆန်ထိမှန် ဖောက် ဝင်ကြောင်း၊ KNPP နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက ပစ်ခတ်ခြင်းဖြစ်ကြောင်းလည်း စစ်ကောင်စီက စွပ်စွဲထားသည်။

ခရီးသည် ၆၃ ဦးတင်ဆောင်လာသည့် ATR-72 အမျိုးအစား ခရီးသည်တင်လေယာဉ်မှာ နံနက် ၈ နာရီ ၄၅ မိနစ်ခန့်က လေဆိပ်ကို ဆင်းသက်စဉ် အပစ်ခံရကြောင်း၊ ခရီးသည်တင်လေယာဉ်မှာ ရန်ကုန် – နေပြည်တော် – လွိုင်ကော်ပြေးဆွဲသည့် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ပိုင် လေယာဉ်ဖြစ်ကြောင်းလည်း စစ်ကောင်စီထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိခိုက်ဒဏ်ရာရသည့် အမျိုးသားမှာ လေယာဉ်ပေါ်တွင် ဒဏ်ရာကို လက်ဖြင့်ဖိကာ ထိုင်လျက်အနေ အထားဖြင့်တွေ့ရပြီး ၎င်းကို ဆေးကုသပေးနေသည့် ဓာတ်ပုံများလည်း တွေ့ရသည်။

အကြမ်းဖက်သမားများက ပစ်ခတ်သည်ဟု စစ်ကောင်စီက ဆိုသော်လည်း လေယာဉ်ဆိုက်လာပြီး နောက် ခရီးသည်များကို စစ်ဆေးစဉ် ပစ်ခတ်မှုဖြစ်ကြောင်း၊ လေယာဉ်ပေါ် ရောက်လာသည့် စစ်သားများက ပစ်ခတ်ခြင်းဖြစ်ကြောင်း အခြားလွိုင်ကော်မြို့ခံတစ်ဦးက ဆိုသည်။

အခြားလွိုင်ကော်မြို့ခံတစ်ဦး၏အဆိုအရ ဒဏ်ရာရရှိသူမှာ အသက် ၂၇ နှစ်အရွယ် တပ်ကြပ်ကြီး သိန်းစိုးညွန့်ဆိုသူဖြစ်ပြီး စစ်တပ်ပိုင် မန္တလေးရတနာပုံ သတင်းစာတိုက်မှ စာရေးဖြစ်ကြောင်း၊ အဝေးသင်တက္ကသိုလ်ရန် နေပြည်တော်မှတဆင့် ခွင့်ဖြင့်ပြန်လာသူဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီက လေယာဉ်ဝမ်းဗိုက်ပေါက်သည်ဟု ဆိုသော်လည်း လွိုင်ကော်မြို့ခံများအဆိုအရ အဆိုပါ ခရီးသည်တင်လေယာဉ်မှာ ပါလာသည့် ခရီးသည်များနှင့်အတူ ရန်ကုန်မြို့သို့ ပြန်လည် ပျံသန်းသွားသည်ဟု သိရသည်။

လက်ရှိတွင် စစ်တပ်က လေဆိပ်ဝန်းကျင်တစ်ခုလုံးကို ပိတ်ဆို့စစ်ဆေးနေကြောင်း သိရသည်။ စစ်ကောင်စီထုတ်ပြန်ချက်နှင့် ပတ်သက်၍ ဒေသခံ အခြေစိုက် လက်နက်ကိုင်အဖွဲ့အစည်းများထံမှ တစ်စုံတစ်ရာ မသိရသေးပေ။

လွိုင်ကော်လေဆိပ်တွင် ခရီးသည်တင်လေယာဉ် ပစ်ခတ်ခံရမှုနှင့် ပတ်သက်၍ အခြေအနေ အသေး စိတ်မသိရသေးဘဲ Myanmar Now က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ myanmar now

« Older Entries Recent Entries »