Monthly Archives: Oct 2022

ပုလောမြို့ ကျောက်နိမ့်ကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် လာရောက်တိုက်ခိုက်

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်ရှိ ကျောက်နိမ့်ကျေးရွာကို စစ်ကောင်စီတပ်က ယနေ့အောက်တိုဘာလ ၃၁ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်ခန့်တွင် ဗုံးသီး ခြောက်လုံးပါ ဒရုန်းဖြင့် လာရောက်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်‌ရေး တပ်မတော် မြိတ်ခရိုင် တပ်ရင်း (၁) ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် လာရောက် တိုက်ခိုက်ခဲ့မှုကြောင့် နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ပြီး ကျေးရွာနေ ပြည်သူ များ ထိခိုက်မှု မရှိကြောင်း PDF ရဲဘော် တစ်ဦးထံက သိရသည်။

“ပုလော အခြေစိုက် (၂၈၅) တပ်ရင်းက လာပစ်တာပါ။ အရပ်သား ထိခိုက်မှုတော့ မရှိပါဘူး။ နေအိမ် တစ်လုံးတော့ထိခိုက်မှုဖြစ်ခဲ့တယ်” ဟု ပြည်သူ့ကာကွယ်‌ရေးတပ်မတော် မြိတ်ခရိုင်တပ်ရင်း(၁) မှ PDF ရဲဘော် တစ်ဦးက ပြောသည်။

ကျောက်နိမ့်ကျေးရွာ သည် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့၏ စိုးမိုးနယ်မြေဖြစ်ပြီး တပ်စွဲ ထားသည့် ရှေ့တန်း တစ်နေရာ ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ စစ်ကောင်စီတပ်က ဒရုန်းဖြင့် တိုက်ခိုက်ခြင်းသည် သုံးကြိမ်မြောက် တိုက်ခိုက်ခြင်းဖြစ်ပြီး KNU ထိန်းချုပ် နယ်မြေ အတွင်းရှိ က ရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ စစ်ဆေးရေးဂိတ်ကို အောက်တိုဘာလ ၁၃ ရက်နေ့တွင် တစ်ကြိမ်၊ အောက်တိုဘာ ၂၀ ရက်နေ့တွင် တစ်ကြိမ်နှင့် ကျောက်နိမ့်ကျေးရွာကို ယနေ့တွင် တစ်ကြိမ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ mizzima

မုံရွာမြို့ပေါ် အမှတ် ၂ ရဲစခန်းကို ၄၀ မမ လက် နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရဲ ၃ ဦးသေ ဆုံးဟုဆို

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ် အမှတ် ၂ ရဲစခန်းကို ၄၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ရဲတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးကြောင်း Golden Eagle Force Monywa V2 တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၃၁ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် ၊ မုံရွာမြို့ပေါ် စက်မှုဇုန်အတွင်းရှိ အမှတ် ၂ ရဲစခန်းကို ‌၄၀ မမ လက်နက်ကြီးများဖြင့် ညှပ်ပိတ်တိုက်ခိုက်ခဲ့ကြောင်း၊ ပစ်ခတ်မှုကြောင့် ရဲ ၃ ဦးသေဆုံးသည်ဟု သိရှိရကြောင်း Golden Eagle Force Monywa V2 တာဝန်ရှိသူက ရှင်းပြသည်။

“ခွေးစခန်းကို သွားပစ်ခဲ့တယ်။ ၄၀ မမနဲ့ နှစ်ဖက်ညှပ်ပြီးပစ်ခဲ့တာပါ။ ပစ်ခတ်တဲ့ ကျည်တွေက ရဲစခန်းထဲကျရောက်ပြီး ရဲ ၃ ဦးသေဆုံးတယ်။ အဲဒီလိုအပစ်ခံရလို့ စစ်ကောင်စီတပ်တွေက စက်မှုဇုန်းအတွင်းမှာ အိမ်စီးကားတွေနဲ့ ရှာဖွေတာတွေပြုလုပ်နေလို့ ပြည်သူကာကွယ်ရေးအဖွဲ့တွေ အလျှင်အမြန်ဆုတ်ခွာနိုင်ခဲ့ပါတယ်။ ရဲဘော်တွေအထိခိုက်မရှိခဲ့ပါဘူး” ဟု ပြန်ကြားရေးတာဝန်ခံကဆိုသည်။

အမှတ်၂ရဲစခန်းကို Golden Eagle Force-Monywa-V2 ၊ Black Dragon Special Task Force ၊ Monywa Ranger Army တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ khit thit

စစ်တွေ ပြည်သူ့ဆေးရုံကြီးတွင် ပစ္စည်းခိုးယူမှုများပြားနေ

ရခိုင်ပြည်နယ်၊ စစ်တွေပြည်သူ့ဆေးရုံကြီးမှာ ဆေးရုံတက်တဲ့ လူနာတွေရဲ့ လက်ကိုင်ဖုန်းနဲ့ ငွေတွေ ခိုးယူခံရတာ ဆက်တိုက်ဖြစ်နေတယ်လို့ ဆေးရုံတက်ရောက်ခဲ့တဲ့လူနာရှင်တွေထံက သိရပါတယ်။

စစ်တွေဆေးရုံမှာ ဇနီးဖြစ်သူ ကျောက်ကပ် သွားခွဲချိန် ခွဲစိတ်ဆောင်လူနာခန်းမှာ ညဘက် အားသွင်းထားတဲ့ ၃ သိန်းကျော်တန် Vivo ဖုန်းတလုံး အခိုးခံခဲ့ရသလို ဘေးနားက လူနာစောင့် တယောက်လည်း ၄ သိန်းကျော်တန် လက်ကိုင်ဖုန်းတလုံး အခိုးခံခဲ့ရတယ်လို့ ပုဏ္ဏားကျွန်းမြို့နယ် ဒေ သခံတဦးက ပြောပါတယ်။ 

“ဆေးရုံတာဝန်ရှိသူတွေကို ပြောတော့လည်း နောက်ဆိုရင် စည်းနဲ့ကမ်းနဲ့ဖြစ်အောင် အထက်လူကြီးတွေကို ပြောပေးမယ်လို့သာ ပြန်ပြောတယ်။ CCTV မှတ်တမ်းကို ကြည့်ခွင့်တောင်းတော့လည်း ဆေးရုံဝန်ထမ်းတွေက ကြည့်ရှုခွင့် မပေးကြဘူး။ အဲဒီဆေးရုံကြီးမှာ ဘာလုံခြုံမှုမှ မရှိဘူး။ နေ့စဥ်ရက်ဆက် တမျိုးပြီးတမျိုး အခိုးခံနေရတာ။”

ရသေ့တောင်မြို့နယ်ဘက်က လူနာစောင့်တယောက်မှာလည်း လက်ကိုင်ဖုန်း ပျောက်သွားတော့ လူမှုရေးအသင်းအဖွဲ့ တခုကို အကူညီတောင်းရာမှာ ဆေးရုံကြီးမှာရှိတဲ့ CCTV မှတ်တမ်းကို ကြည့်ရှုခွင့်ရသွားပြီး ဖုန်းရော တရားခံပါ မိသွားလို့ သက်ဆိုင်ရာကို အပ်နှံလိုက်ကြတယ်လို့ ဆိုပါတယ်။

ကျောက်တော်မြို့နယ် ဒေသခံတယောက်က “ဇနီး ကိုဗစ်ရောဂါနဲ့ ဆေးရုံတက် ကုသရတဲ့ အချိန် နေ့ခင်းဘက် ထမင်းစားဆောင်မှာ ထမင်းစားတဲ့အချိန် ပိုက်ဆံအိတ် အခိုးခံလိုက်ရပြီး ငွေကျပ် ၃သိန်းကျော်ဆုံးရှုံးခဲ့တယ်”လို့ ပြောပါတယ်။

စစ်တွေဆေးရုံကြီးရဲ့ တာဝန်ရှိသူတယောက်ကတော့ ဆေးရုံဆိုတာ အများပြည်သူ ဝင်ထွက်သွားလာလို့ ရတဲ့ နေရာ တခုဖြစ်တာကြောင့် ကာ ယ ကံရှင်တွေအနေနဲ့ ဂရုစိုက်ဖို့ လိုအပ်သလို လိုအပ်တဲ့ လုံခြုံရေးအစီမံတွေ ပြုလုပ်ထားတယ်လို့ ပြောပါတယ်။

စစ်တွေပြည်သူ့ဆေးရုံကြီးဟာ ပြည်နယ်အဆင့်ဆေးရုံဖြစ်တာကြောင့် မြို့နယ်အများအပြားက လူနာတွေ လာရောက်ဆေးကုသနေပြီး လူနာတွေ လူနာစောင့်တွေရဲ့ အဖိုးတန်ပစ္စည်းတွေ၊ လက်ကိုင်ဖုန်းတွေနဲ့ ငွေကြေးတွေ နေစဥ်ရက်ဆက် ခိုးယူခံနေရတယ်လို့ သိရပါတယ်။ DVB

စားအုန်းဆီဈေးနှုန်း ၉,၅၀၀ ကျပ်အထိ ပြန် လည် မြင့်တက်နေ

ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့(FATF)က မြန်မာနိုင်ငံအား ငွေကြေးအမည်ပျက်စာရင်း ထည့်သွင်းလိုက်ပြီးနောက် ပြည်တွင်းရှိ ကုန်ဈေးနှုန်းများ မြင့်တက်လျက်ရှိရာ စားအုန်းဆီဈေးနှုန်းမှာ တစ်ပိဿာ ၉,၅၀၀ ကျပ်အထိ ပြန်လည် မြင့်တက်သွားကြောင်း သိရသည်။

ပြည်တွင်းရှိ စားအုန်းဆီဈေးနှုန်းသည် အကျဘက်သို့ ရောက်ရှိခဲ့ပြီးနောက် အောက်တိုဘာ ၂၅ ရက်မှ စတင်ကာ စားအုန်းဆီ တစ်ပိဿာလျှင် ၉,၅၀၀ ကျပ်အထိ မြင့်တက်လာပြီး ယခင်ဈေးနှုန်းထက် ၃,၀၀၀ ကျော်မြင့်တက်လာခြင်းဖြစ်သည်။

“အရင်က စားအုန်းဆီတစ်ပိဿာ ၆,၀၀၀ကျော်ပဲရှိတာ။ ဒီနေ့ အောက်တိုဘာ ၃၁ မှာ ၉,၀၀၀ကျော် ၁၀,၀၀၀နီးပါး အထိစျေးတက်သွားတယ်။ တချို့ဆိုင်တွေဆိုရင် အရောင်းပါရပ်ထားတယ်” ဟု မဇ္ဈိမ​၏ သတင်းအရင်းအမြစ်တစ်ဦးက ဆိုသည်။

စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းစျေးနှုန်းအား ယခုတစ်ပတ်အတွင်း တစ်ပိဿာ ၄,၂၂၅ ကျပ်ဖြစ်ကြောင်း ထုတ်ပြန်ထား သည်။

ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့(FATF)မှ အောက်တိုဘာ ၂၁ရက်တွင် မြန်မာနိုင်ငံအား ငွေကြေးအမည်ပျက်စာရင်းထည့်သွင်းလိုက်‌ကြောင်း ကြေညာပြီးနောက် ပြည်သူအချို့မှာ ကုန်ဈေးနှုန်း ​မြင့်တက်လာမည်စိုးရိမ်၍ အခြေခံစားသောက်ကုန်နှင့် ကုန်ပစ္စည်းများ ဝယ် ယူစုဆောင်းမှုများရှိနေကြောင်း သိရသည်။

“တစ်ခုခုဆိုရင် စိုးရိမ်လွန်ကဲပြီး အလုအယက်ဝယ်တာတွေကြောင့် ဈေးကစားသူတွေစိတ်ကြိုက်ဖြစ်လာတာ” ဟု မဇ္ဈိမ​၏ သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

လက်ရှိအချိန်တွင် စားသုံးဆီဈေးနှုန်းများလည်းမြင့်တက်လာသကဲ့သို့ စက်သုံးဆီဈေးနှုန်းများမှာလည်း တစ်လီတာလျှင် ၂,၀၀၀ ကျပ်အထက်တွင်ရှိနေသည်မှာ သုံးရက်ဆက်တိုက် ရှိလာနေပြီဖြစ်သည်ဟု သတင်းအရင်းအမြစ်များ၏ ပြောကြားချက်အရ သိရသည်။mizzima

တနင်္သာရီ၊ စစ်​ကောင်စီခန့် အောင်ချမ်းသာရွာ အုပ် ချုပ်ရေးမှူး မျိုးအောင် ပစ်ခတ်ခံရပြီး သေဆုံး

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောင်ကြီးဒေသ အောင်ချမ်းသာရွာ အုပ်ချုပ်ရေးမှူး မျိုးအောင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

အောက်တိုဘာလ ၃၀ ရက်နေ့ နံနက် ၁၁ နာရီ ၂၂ မိနစ်ခန့်တွင် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး မျိုးအောင် သည် ဆိုင်ကယ်ဖြင့် အိမ်ပြန်လာစဥ် ကော့သောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၂)က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေဆုံးသွားကြောင်း သိရသည်။

“ကော့သောင်းခရိုင် ခမောက်ကြီးအပိုင်ထဲက အောင်ချမ်းသာရွာက စကစခန့် အုပ်ကြီးကို ၃၀ ရက်နေ့ ၁၁ နာရီ ၂၂ မိနစ်လောက်က ကော့သောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၂)က ရှင်းလင်း သုတ်သင်ခဲ့ပါတယ်။ အုပ်ကြီး အမည်ကတော့ မျိုးအောင် (ခေါ်) နောင်မဲ ပါ။ အဲလူက ပျူစောထီး ခေါင်းဆောင် အကြီးဆုံးပါ။ အုပ်ကြီး လည်းလုပ်တယ်။ ဆိုင်ကယ်နဲ့ လာစဥ်မှာ ပစ်ခတ်လိုက်တာပါ။ သူ့တပည့်လည်း ပါတယ်။ သူ့ကတော့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားတယ်။ သူ့တပည့်ကတော့ ဆေးရုံမှာ အရေးပေါ် လူနာအဖြစ်နဲ့ ရှိနေပါတယ်” ဟု ကော့သောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (၂)မှ တပ်ဖွဲ့ဝင် တစ်ဦးကပြောဆိုသည်။khit thit

တရက်တည်း စစ်ကောင်စီအကြမ်းဖက်တပ်ဖွဲ့ဝင် ၈၀ ကျော် သေဆုံးဟု NUG ထုတ်ပြန်

အောက်တိုဘာ ၃၀ ရက် မနေ့ကတရက်တည်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီ အကြမ်းဖက်တပ်ဖွဲ့ဝင်အယောက် ၈၀ ကျော်  သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

အခုထုတ်ပြန်ထားတဲ့ အချက်အလက်ဟာ မြေပြင်အခြေအနေမှာ ပိုများနိုင်ပြီး တရက်တည်း ထိခိုက်ဒဏ်ရာရရှိတဲ့သူ အရေအတွက်ကတော့ ၁၈ ယောက်ထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက် နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

NUG အစိုးရကတော့ ပြည်သူ့ခုခံတွန်းလှန်စစ်ပွဲ စတင်ခဲ့တဲ့ ၁ နှစ်အတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်ပေါင်း ၂၀,၁၅၀ ကျော်သေဆုံးကာ ဒဏ်ရာရသူ ၇,၀၀၀ ကျော်လောက်ရှိလာပြီး စစ်ကောင်စီ စိုးမိုးအုပ်ချုပ်နိုင်တဲ့နေရာဟာ တိုင်းပြည် နယ်မြေအကျယ်အဝန်းရဲ့ ထက်ဝက်တောင် မရှိတော့ဘူးလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်နေ့ ပြည်သူ့ခုခံတော်လှန်စစ် ကြေညာခြင်း တနှစ်ပြည့် အထိမ်းအမှတ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ ယာ ယီသမ္မတ ဒူဝါလရှီးလက  နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားရာမှာ ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပြီး ၁ နှစ်တာကာလအတွင်း ခန့်မှန်းခြေစာရင်းအရ PDF တွေနဲ့ မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် သူရဲကောင်းရဲဘော်တွေ စုစုပေါင်း ၁,၅၀၀ ကျော် ကျဆုံးခဲ့တယ်လို့လည်း သူက ပြောပါတယ်။

လူထုသပိတ်တိုက်ပွဲတွေအနေနဲ့ မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာ ၉ ကြိမ်နဲ့ အများဆုံးဖြစ်ပွားခဲ့ပြီး မန္တလေးတိုင်းဒေသကြီးမှာ ၂ ကြိမ်၊ တနင်္သာရီတိုင်းဒေသကြီးမှာ ၁ ကြိမ်စီ ဖြစ်ပွား ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက်စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

ဒါ့အပြင် စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်တာခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည်အထက်ပိုင်း လမ်းပိုင်းတွေရဲ့ ၉၀ ရာ ခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ NUG အစိုးရက ပြီးခဲ့တဲ့ ဇွန် ၂၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ DVB

တနင်္သာရီမှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် အရပ်သား ထိခိုက်မှုတွေ ရှိနေ

တနင်္သာရီတိုင်း မြိတ်ခရိုင် တနင်္သာရီမြို့နယ်ရှိ ညောင်ပင်ကွင်းကျေးရွာနှင့် ဘန်လောကျေးရွာတို့တွင် ယနေ့ အောက်တိုဘာလ ၃၁ ရက်နေ့ နံ နက်ပိုင်းက စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား အပြန်အလှန် ပစ်ခတ်မှုကြောင့် တိုက်ပွဲ ပြင်းထန်လျက်ရှိနေကာ စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား တချို့ ထိခိုက်ရာ ရရှိနေပြီး နေအိမ်များ ထိခိုက်ပျက်စီးမှုများ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

PDF ရဲဘော် တစ်ဦးက“စစ်တပ်က လက်နက်ကြီးနဲ့ ပစ်လို့ အသက် (၁၃) နှစ် အရွယ် ကလေးငယ် တစ်ဦး အပါဝင် အရပ်သားတွေ ထိခိုက်မှု ရှိနေပါတယ်၊ နောက်ပြီး နေအိမ်တွေနဲ့ ရော်ဘာဂိုတောင် တစ်လုံး မီးရှို့ဖျက်ဆီးခံ ထားရတယ်”ဟု ပြော သည်။

စစ်ကောင်စီတပ်ဖွဲ့သည် ယမန်နေ့ အောက်တိုဘာလ ၃၀ ရက်နေ့က ထပ်မံ စစ်ကြောင်းထိုး ဝင်ရောက်လာမှုကြောင့် ယနေ့ အောက်တိုဘာလ ၃၁ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ တိုက်ပွဲ ဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်ကောင်စီ ဘက်က ညောင်ပင်ကွင်း အရှေ့ကမ်းနှင့် အနောက်ကမ်းကို လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်နေ၍ ဒေသခံ ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။ mizzima

စဥ့်ကူး၊ နွယ်ရုံရွာ ရဲစခန်းကို PDF တပ်ဖွဲ့ ဝင်ရောက် တိုက်ခိုက်၊ စစ်တပ်က ရဟတ်ယာဥ်များဖြင့် လိုက်လံပစ်ခတ်နေ

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ် နွယ်ရုံရွာ ရဲစခန်းကို PDF တပ်ဖွဲ့များက ယ​နေ့ဝင်ရောက် တိုက်ခိုက်ကြောင်း ဒေသခံများ ထံမှ သိရသည်။

အောက်တိုဘာလ ၃၁ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် နွယ်ရုံရွာ ရဲစခန်းကို ဒေသပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက် စီးနင်းတိုက်ခိုက်ပြီးနောက် မွန်းလွဲ ၃ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က တိုက်ခိုက်​ရေးရဟတ်ယာဥ် ၂ စီးဖြင့် လာရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“မန္တလေး စဥ့်ကူးမြို့နယ် နွယ်ရုံရွာမှာ တိုက်ပွဲ ဖြစ်နေတယ်။ PDF တပ်ဖွဲ့က နွယ်ရုံရွာရှိ ရဲစခန်း ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့တာ အကြမ်းဖက် စစ်တပ်ဘက် Mi 35 ရဟတ်ယာဥ် ၂ စီး နမခ ဘက်က မွန်းလွဲ ၃ နာရီ လောက်မှာ ရောက်လာပြီး နွယ်ရုံရွာ ပတ် ဝန်း ကျင်ကို ပစ်ခတ် တိုက် ခိုက်နေတယ်။ ထိခိုက်မှုတော့ရှိနိုင်တယ်။ အတိအကျတော့ မသိနိုင်သေးဘူး” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။ khit thit

မွန်၊ ကရင်နှင့် တနင်္သာရီတွင် စစ်အုပ်စုက ပြည်သူ ၁၆၀ ကို သတ်ဖြတ်ခဲ့ဟု မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း ထုတ်ပြန်

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ စစ်အုပ်စုက  လူပေါင်း အယောက် ၁၆၀ သတ်ဖြတ်ခံရပြီး၊ ၅၇၀ ထိခိုက်ဒဏ်ရာရရှိသလို လူပေါင်း ၂၉၅၀ ဟာလည်း မတရားဖမ်းဆီးချုပ်နှောင်ထိန်းသိမ်းခံခဲ့ရတယ်လို့ မွန်လူ့အခွင့်အရေး ဖောင်ဒေးရှင်းရဲ့ အစီရင်ခံစာအရ သိရပါတယ်။ 

မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းမှာဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အချက်အလက်ကောက်ယူပြီး အခုအောက် တိုဘာလမှ ထုတ်ပြန်လိုက်တဲ့ ‘အလုံးစုံ ပျက်သုဉ်းခြင်း’ ဆိုတဲ့ အစီရင်ခံစာမှာ ဖော်ပြထားတာပါ။

ဒီကိန်းဂဏန်းဟာ မွန်ပြည်လူ့အခွင့်အရေး ဖောင်ဒေးရှင်က စုဆောင်းရရှိတဲ့ အချက်အလက်အဖြစ်ပြီး အမှန်တကယ် ဖြစ်ပွားတဲ့ ကိန်းဂဏန်းဟာ ဒီထက်ပိုများနိုင်ကြောင်း ဆိုပါတယ်။

ဒါ့အပြင် စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ ထောင်ပေါင်းများစွာသော တက်ကြွလှုပ်ရှားသူတွေဟာလည်း ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်နေရသလို လူ‌ပေါင်း ၃၀,၀၀၀ ကျော် နေရပ်စွန်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။ 

မြန်မာနိုင်ငံရဲ့ လူမှုစီးပွားအခြေအနေဟာ လက်ရှိမှာ အကျပ်အတည်းအတွင်း ကျရောက်နေပြီး အထူးသဖြင် နိုင်ငံအရှေ့တောင်ပိုင်းဒေသရှိ ပြည်သူတွေဟာ ဖယ်ကြဉ်ခံရမှု၊ ကြောက်ရွံ့ထိတ်လန့်မှုတွေနဲ့ အနာဂတ်အတွက် မသေချာမရေရာမှုတွေ ခံစားနေရကြောင်း မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းက ထုတ်ပြန်ပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေးအချိုးဖောက်မှု၊ ဥပဒေမဲ့သတ်ဖြတ်မှု၊  မတရားဖမ်းဆီးထိန်းသိမ်းခြင်း၊ ညှဉ်းပန်းနှိပ်စက်မှု၊ ပိုင်ဆိုင်မှု နေအိမ်နဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ဖျက်ဆီးမှု၊ လိင်အကြမ်းဖက်မှု၊ တက်ကြွလှုပ်ရှားသူတွေနဲ့ နိုင်ငံရေးသမားတွေကို ဖိနှိပ်မှု၊ အာဏာသိမ်းပြီးနောက် လူမှုရေးထိခိုက်မှုအခြေအနေ စတဲ့ လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုအမျိုးမျိုးကို အစီရင်ခံထားပါတယ်။

လက်ရှိ တိုင်းပြည် ပရမ်းပတာဖြစ်နေမှုအတွက် စစ်အုပ်စုတွေမှာ တာဝန်ရှိနေပြီး စစ်အုပ်စုရဲ့ မတရားမှုတွေကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေဟာလည်း ကာလရှည်ကြာဖြစ်ပွားနေမှာ ဖြစ်ကြောင်းလည်း ထောက်ပြထားပါတယ်။ 

စစ်အုပ်စုဟာ အာဏာနဲ့ ကိုယ်ကျိုးစီးပွားနောက်ကိုသာလိုက်ပြီး  ပြည်သူ့အတွက် ကြွယ်ဝမှု အေးချမ်းတည်ငြိမ်မှုကို ဆောင်ကြဉ်းရမယ့်အစား သူတို့အင်အားကြီးထွားဖို့နဲ့ လိုအင်တွေ ပြည်ဝဖို့သာ တစိုက်မတ်မတ် လုပ်ဆောင်ခဲ့ကြောင်း ထောက်ပြပါတယ်။ 

၂၀၂၁ ခု ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အာဏာသိမ်းတာဟာ စစ်အုပ်စုက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမှာမဟုတ်ကြောင်း၊ ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားတာ မဟုတ်ကြောင်း၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲရလဒ်ကို လက်ခံမှာ မဟုတ်ကြောင်းကို သက်သေပြနေကြောင်းလည်း ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာ ခက်ခဲပင်ပန်းပြီး ရှုပ်ထွေးမှုတွေနဲ့ မသေချာမှုတွေ ပြည်နှက်နေတဲ့ကာလဖြစ်ပြီး ပြစ်တင်ဝေဖန်မှုတွေကိုသာ ပြုလုပ်နေတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း  စစ်အုပ်စုကို သူတို့ကျူးလွန်မှုတွေအတွက် တာဝန်ခံလာအောင် လုပ်ဆောင်နိုင်စွမ်း မရှိကြောင်းလည်း ဝေဖန်ထားပါတယ်။

အာဏာသိမ်းပြီးနောက် တရားဥပဒေစိုးမိုးမှု ပျက်သုဉ်းသွားတဲ့အတွက် လိင်အကြမ်းဖျက်မှုတွေလည်း မြင့်တက်လာနေသလို အိမ်တွင်းအကြမ်းဖက်မှုနဲ့ သက်ငယ်မုဒိမ်းတွေလည်း များပြားလာကြောင်း အမျိုးသမီးနဲ့ ကလေးသူငယ်တွေအတွက် ဥပေဒရေးရာ အကူအညီပေးနေတဲ့အဖွဲ့အစည်းတွေကို ကိုးကားပြီး အစီရင်ခံထားပါတယ်။ 

စစ်ကောင်စီဟာ ပြည်သူလူထုကို စောင့်ကြည့်နေတဲ့ အခြေအနေဟာလည်း  စိုးရိမ်ဖွယ်ရာ မြင့်တက်နေသလို မြို့ကြီးတွေမှာ CCTV ကင်မရာတွေ တပ်ဆင်ကာ ပြည်သူတွေကို ၂၄ နာရီပတ်လုံး စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ပြည်သူတွေကို သတင်းအမှောင်ချဖို့ ကြိုးပမ်းခဲ့ပြီး ၂၀၂၂ ခု မတ်လ ၃၁ ရက်နေ့မှာ ထိုင်းနိုင်ငံထုတ် စလောင်းတွေကို တရားမဝင်ကြောင်း ကြေညာခဲ့ပါတယ်။  စစ်ကောင်စီဟာ ဒီမိုကရေစီလှုပ်ရှားမှုတွေကို နှိပ်ကွပ်ဖို့ မတရားတဲ့နည်းလမ်းတွေကို အသုံးပြုနေပြီး ဖမ်းဆီး၊ ငွေကြေးတောင်ခံနေတယ်လို့ ဆိုပါတယ်။ 

စစ်အုပ်စုဟာ မတရားဖမ်းဆီး ထောင်ချမှုတွေ လုပ်ဆောင်နေတဲ့အတွက် ဖမ်းဆီးခြင်းကနေ လွတ်မြောက်ဖို့ တက်ကြွလှုပ်ရှားသူတွေက တိမ်း ရှောင်နေကြရတယ်၊ ၂၀၂၁ ခု ဒီဇင်ဘာမှာ မွန်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ စစ်ကောင်စီကြောင့် ကိုယ်ရောင်ဖျောက်နေရသူ အနည်း ၂၉ ဦးရှိပြီး တက်ကြွလှုပ်ရှားသူနဲ့ဆန္ဒပြသူ ၁၅၃ ဦးမှာလည်း  ထောင်ချခံလိုက်ရသလို ဖမ်းဆီးခံရမှုနဲ့ ထောင်ချခံရမှုအရေ အတွက်ဟာလည်း တဖြည်းဖြည်း မြင့်တက်လာနေကြောင်းလည်း ဆိုပါတယ်။  

ဒါ့အပြင် စစ်အုပ်စုဟာ ပြည်သူတွေကို အကြမ်းဖက်ဖို့ သူတို့ကို ထောက်ခံတဲ့အဖွဲ့တွေကို ပိုပြီး အသုံးပြုကာ အကြမ်းဖျက်မှုတွေကို ကျူးလွန်လာနေကြောင်း၊ မွန်ပြည်နယ် ရေးမြို့နယ် တောင်ပိုင်းမှာ အမည်မသိလက်နက်ကိုင်အဖွဲ့တွေ ပေါ်ပေါက်လာပြီး ပြည်သူတွေကို ဖမ်းဆီး၊ ငွေကြေးတောင်းခံနေတဲ့အတွက် တည်ငြိမ်မှုတွေ ပျက်ပြားခဲ့ကြောင်းလည်း ဆိုပါတယ်။ 

အာဏာသိမ်းပြီးနောက် နယ်စပ်တလျှောက် တိုင်းရင်းသားလက်နက်ကိုင် ထိန်းချုပ်နေရာဒေသတွေမှာ စစ်ဘေးကြောင့် နေရပ်စွန့်ခွာ တိမ်း ရှောင်နေရတဲ့ပြည်သူတွေ တိုးပွားလာပြီး စစ်ရှောင်စခန်း ၉ ခုရှိ စစ်ဘေးရှောင် ဒုက္ခသည်အခြေအနေဟာလည်း စိတ်ပျက်ဖွယ်ရာဖြစ်ကြောင်း ဆိုပါတယ်။ 

စစ်ဘေးဒုက္ခသည်တွေဟာ အကြောက်တရားလွှမ်းမိုးတာ၊ ရောဂါထူပြောတာ၊ ဆေးဝါးနဲ့ အစားအသောက် မလုံလောက်တာ၊ အမျိုးသမီး၊ က လေးသူငယ်နဲ့  သက်ကြီးရွယ်တွေလည်း များစွာ ဒုက္ခရောက်နေတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်တိုက်မြင့်တက်လာပြီး မလုံခြုံမှုကြောင့် ပြည်သူတွေဟာ တောတောင်တွေနဲ့ နီးစပ်ရာ အိမ်နီးနားချင်း နိုင်ငံတွေဆီ ထွက်ပြေးတိမ်းရှောင်နေကြရကာ စစ်အုပ်စုက ပစ်သတ်မှာကို ကြောက်ရွံတာ၊ မြေမြုပ်မိုင်း အန္တရာယ်ရှိတာတွေကြောင့် နေရပ်ကို ပြန်နိုင်ခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

မလုံခြုံမှုဟာ နိုင်ငံတဝန်းလုံးမှာ ဖြစ်ပွားနေပြီး လူမှုစီးပွားကဏ္ဍအထိ ရိုက်ခတ်လာကာ အဆိုးရွားဆုံး ထိခိုက်ခံစားသူတွေမှာ ပြည်သူတွေသာဖြစ်ပြီး နေရပ်စွန့်ခွာပြီး အိမ်နီးနားချင်း နိုင်ငံတွေမှာ ခိုလှုံနေရပေမဲ့ အခက်အခဲများစွာ ကြုံတွေ့နေရဆဲဖြစ်တယ်လို့ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းက ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ DVB

« Older Entries