Monthly Archives: Oct 2022

စစ်တွေ၊ သံတွဲရှိ “တပ်ပိုင်မြေ” ပေါ်မှ နေအိမ်များ ဖြိုဖျက်ခံရ

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်နှင့် သံတွဲမြို့နယ်ရှိ နေအိမ်အများအပြားကို တပ်ပိုင်မြေအတွင်း ကျရောက်သည်ဆိုကာ စစ်ကောင်စီတပ်က စက်တင်ဘာလ နောက်ဆုံးပတ်တွင် ဖြိုဖျက်ခဲ့ကြသည်ဟု ဒေသခံများက ပြောသည်။

သံတွဲမြို့အနောက်ဘက် ၂၇ မိုင်အကွာတွင်ရှိသည့် ဂျိုင်သာရွာရှိနေအိမ်များကို စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းမှစပြီး ဖြိုဖျက်သူများထဲတွင် ကြည်းတပ်၊ ရေတပ်၊ ရဲတို့ ပါဝင်သည်ဟု ဆိုသည်။

ရေလုပ်ငန်း လုပ်ကိုင်သော၊ အိမ်ခြေ ၇၀ ကျော်နှင့် လူဦးရေ ၃၅၀ ကျော် နေထိုင်သော ဂျိုင်သာရွာရှိ နေအိမ်များသည် တပ်ပိုင်မြေအတွင်း ရှိနေသည်ဆိုခြင်းကြောင့် သစ်ကောက်ရွာသို့ အိမ်ခြေ ၄၀ ခန့် ပြောင်းရွှေ့ခဲ့ကြရသည်၊ ပြောင်းရွှေ့ရန် ကျန်နေသေးသည့် အိမ်ခြေ ၃၀ ခန့်ကို စစ်ကောင်စီတပ်က မြေတူးစက်များဖြင့် ကော်ကာ ဖြိုဖျက်ခဲ့ကြသည်ဟုလည်း ဒေသခံများက ပြောသည်။

ပြောင်းရွှေ့သွားသူများကို အစိမ်းမတောင်နှင့် သစ်ကောက်ရွာအနီးတွင် ပေ ၃၀- ၆၀ မြေကွက် တစ်ကွက်နှင့် အိမ်ဆောက်ရန် ဝါးထရံ ၃ ချပ်၊ ဆန် ၃ ပြည်နှင့် စားအုံးဆီ ၅၀ ကျပ်သား ပေးခဲ့သည်ဟု သိရသည်။ အစားထိုးနေရာချပေးသောနေရာသည် ပင်လယ်နှင့် ဝေးကွာသဖြင့် ရေလုပ်ငန်းကို လုပ်ကိုင်ရန်နှင့် သားသမီးပညာရေး၊ ကျန်းမာရေးကအစ အဆင်မပြေကြောင်း ရွာသားတစ်ဦးက ပြောဆိုသည်။

“ဒီရွာက သူတို့ပြောသလို ရေတပ်မြေထဲမှာ မရှိပါဘူး။ ရွာကို ဖယ်ပေးဖို့ ပြောတာကတော့ ကြာပါပြီ။ တချို့လည်း သူတို့ ပြောင်းနေဖို့ နေရာကို ရွှေ့သွားတာရှိပါတယ်။ ကျွန်တော်တို့က သူတို့ နေခိုင်းနေရာကို သွားနေဖို့က အဆင်မပြေဘူး။ ရေလုပ်ငန်းလုပ်တဲ့လူတွေက ကမ်းခြေနဲ့ နီးနီးမှာ နေမှ အဆင်ပြေတာပါ။ အခုတော့ အားလုံး ဖြိုဖျက်လိုက်ပါပြီ” ဟု ဂျိုင်သာကျေးရွာသားတစ်ဦးက ပြောသည်။ 

ဂျိုင်သာရွာသည် ၁၉၇၄ ခုနှစ်ခန့်ကတည်းက ရေလုပ်ငန်းဖြင့် အသက်မွေးသူများ ကျေးရွာတည် နေထိုင်လာခဲ့သည့် ကျေးရွာဖြစ်သည်။ ၁၉၉၆ ခုနှစ်က အိမ်ခြေ ၃၀ ခန့်ရှိနေသည့်အချိန်တွင် ရေတပ်ပိုင်အဖြစ် သတ်မှတ်မှုရှိခဲ့ခြင်းဖြစ်သည်ဟု ကျေးရွာသားများထံမှ သိရသည်။

၂၀၁၈ ခုနှစ် ဩဂုတ်ကတည်းက ကျေးရွာကို ပြောင်းရွှေ့ပေးရန် ဖိအားပေးမှုရှိခဲ့ပြီး ကျေးရွာသားများက ညှိနှိုင်းပေးရန် တောင်းဆိုချက်ကြောင့် ရွာပြောင်းရွှေ့ခွင့်ကို ရွှေ့ဆိုင်းထားခဲ့သည်။ ၂၀၂၂ ခုနှစ်အတွင်း ၃ ကြိမ်ထက်မနည်း စစ်ကောင်စီမှ ဖယ်ရှားရန် အမိန့်ထုတ်ခဲ့ပြီးနောက်တွင် ကျန်ရှိနေအိမ်အားလုံးကို အင်အားသုံးဖြိုဖျက်ပစ်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။ 

အလားတူ စစ်တွေမြို့ မင်းဂံရပ်ကွက်၊ အကွက်အမှတ် ၁၀ မှ နေအိမ် ၁၀ လုံးကိုလည်း တပ်ပိုင်မြေနှင့် မလွတ်ဟုဆိုကာ စက်တင်ဘာ ၂၅ ရက်နေ့မှ  စက်တင်ဘာ ၂၉ ရက်အတွင်း ဖြိုဖျက်ခဲ့ကြောင်း သိရသည်။ 

အဆိုပါမြေနေရာများမှာ ရပ်ကွက်တိုးချဲ့စဉ်က ကာလတန်ဖိုးအတိုင်း ဝယ်ယူထားကြခြင်းဖြစ်ပြီး ၁၀နှစ်ခန့် နေထိုင်လာခဲ့ပြီးနောက် အတင်းအ ဓမ္မ ဖြိုဖျက်ခိုင်းလာခြင်းဖြစ်သည်ဟု နေအိမ်ဖြိုဖျက်ခံရသူများက ပြောသည်။ 

“မဖျက်ရင် အင်အားသုံးပြီး ဖျက်မယ်ဆိုပြီး စစ်သားတွေက လာပြောတယ်။ ဒီမြေကို ကျွန်တော်တို့က ချွေးနှဲစာနဲ့  ဝယ်ထားရတာ။ အခုတော့ နစ်နာကြေးတစ်ပြားမှ မရဘဲ ဖြိုလိုက်ရပါပြီ“ ဟု နေအိမ်ဖျက်ခံရသူတစ်ဦးက ပြောသည်။ 

သံတွဲမြို့နယ်တွင် ဒေသခံပြည်သူတွေများ၏ မြေအများအပြားသည် ဟိုတယ်ဇုန်အတွက် သိမ်းဆည်းခံခဲ့ကြသကဲ့သို့ စစ်တပ်၏ တပ်ရင်း တိုးချဲ့ရန် သိမ်းဆည်းသွားခြင်းကိုလည်း ယခင် ဆယ်စုနှစ်များက ခံခဲ့ကြရသည်။ ယင်းသို့သိမ်းဆည်းမြေများကို ဒေသခံများထံသို့ ပြန်ပေးရေးအ တွက် ၂၀၁၅ ခုနှစ် အတွင်း ဆန္ဒပြတောင်းဆိုမှု ပေါ်ပေါက်ခဲ့သည်။ myanmar now

စစ်ကိုင်းတိုင်းတွင် ရဲစခန်းနှင့်စစ်ကောင်စီယာဉ်တစီး ပစ်ခတ်မိုင်းဆွဲခံရ

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့က ရဲစခန်းကို အောက်တိုဘာ ၁ ရက် မနက် ၅ နာရီကျော်က ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

အဲဒီရဲစခန်းကို People’s Army To Fight Dictatorship (PAFD).တပ်ခွဲ DK PDF(MMU)၊ People’s knight Defense Force Myinmu (PKDF-MMU)၊ TAUNGTHA People Defense Force (TTAPDF) ၊ D.B.B.F-MMU / Phoenix (SGG) မဟာမိတ်အဖွဲ့တွေက ၄၀ မမလောင်ချာအပါအဝင် သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

PAFD တာဝန်ခံက  “အဲဒီစခန်းက စစ်ကြောင်းရှိတဲ့အခါ လာတယ်။ ပြည်သူတွေဆိုလည်း အဲဒီစခန်းက ရိုက်နှက် စစ်ဆေးတာတွေ လုပ်တယ်။ ဆိုင်ကယ်တွေ အမျိုးသား နှစ်ယောက် စီးရင်လည်း ဖမ်းတာ ရိုက်တာ ငွေညှစ်တာတွေ ရှိတယ်။”  

ပစ်ခတ်မှုကြောင့် စစ်ကောင်စီလက်အောက်ခံ ရဲ ၄ ယောက် သေဆုံးခဲ့တယ်လို့ အာဏာရှင်စနစ် တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့ (PAFD) က ထုတ်ပြန်ထားပေမယ့် ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

စက်တင်ဘာ ၃၀ ရက် မနက်ပိုင်းကလည်း စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်၊ ညောင်ပင်သာကျေးရွာနား မှာ ခွန်းတောင်းကြီးကျေးရွာကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့ လိုက်ပါလာတဲ့ အိမ်စီးကား ၁ စီးကို ပဒေသာမိုင်းနဲ့ တိုက်ခိုက်ခဲ့ရာမှာ ၅ ယောက် သေဆုံးပြီး ကားပျက်စီးသွားတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

ရွှေဘိုမြို့နယ်(ပကဖ) တိုက်နယ် ၁ မှ တာဝန်ရှိသူ တဦးက “ အဲဒီကားမှာ သူတို့အဖွဲ့တွေ ၆ ယောက်ပါတယ်။ အနီးမှာလည်း ပျူတွေ ခြေလျင်ကင်းပုန်း လာဝပ်ပေးနေတာရှိတယ်။ အဆင် သင့် တပ်ဆင်ထားတဲ့ ပဒေသာမိုင်းကွင်းထဲ အရောက်မှာ ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။ သူတို့ အိမ်စီး ကားကတော့ ရစရာမရှိတော့အောင် စုတ်ပြတ်သွားတယ်။ ၅ ကောင်က အဲဒီနား ပွဲချင်း ပြီး သေတာ” လို့ ပြောပါတယ်။

မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် သေဆုံးတဲ့ စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့မှ ၅ ယောက်ကို Light Truck ကားနဲ့ ပန်းရံကျေးရွာဘက် ခေါ်ဆောင် သွားပြီး ဒဏ်ရာရ ပျူစောထီးတပ်ဖွဲ့ဝင် ၂ ယောက် ကို လည်း ‌အရေးပေါ်ဆေးကုသဖို့ ရွှေဘိုဆေးရုံကြီးကို ‌ပို့ဆောင်ထားတယ်လို့ သိရကြောင်း ဒေသ ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို ရွှေဘိုမြို့နယ် (ပကဖ) တိုက်နယ် ၁ အဖွဲ့ဝင်တွေနဲ့ One Day – LDF တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။ 

ရွှေဘိုမြို့နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်ကလည်း တက်တူကျေးရွာအနီး သေဆုံးခဲ့တဲ့ ပျူစောထီးအဖွဲ့ဝင် တဦးရဲ့ အလောင်းကို လာကောက်တဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးအဖွဲ့ တွေကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။ DVB

ဝမ်ပေါင်မှ ထွက်လာသည့် စစ်ကားများ ပစ် ခတ် တိုက်ခိုက်ခံရပြီး ၁ ဦးသေဆုံး၊ ကျိုက်ထိုတွင် စစ်တပ် တပ်စွဲထားသော ဝင်းကလေား ဂိတ်ကင်းစခန်း ပစ်ခတ်ခံရ

စစ်ကိုင်းတိုင်း ဝမ်ပေါင် ကုမ္ပဏီမှ ထွက်လာသည့် စစ်ကား ၃ စီးကို ကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်မှ စစ်ကား ၃ စီးသည် စက်တင်ဘာလ ၃၀ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်တွင် ရွှေတောင်ဦး အကျိူးကန်းကုန်းမှ ဝမ်ပေါင်သို့ ကြေးကားသယ်ရန် လုံခြုံရေး လိုက်ပါလာသော ကားများဖြစ်ပြီး ဝမ်ပေါင်မှ ပြန်အထွက်တွင် ယင်းမာပင် ခရိုင် တပ်ရင်း(၁၆)၊တပ်ခွဲ (၂) One Star Task Forceနှင့်မဟာမိတ်တပ်ပေါင်းစုတို့မှ ရှေ့ထွက် ပြောင်းတိုက် Mytel မမ ၆ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ ဦးသေဆုံးကာ ၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ကား ၁ စီး ပျက်စီးသွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို One Star Task Force၊ Salingyi GZ၊ Triple Two၊ ဆားလင်းကြီး သမန်းကျား ပြောက်ကျားတပ်ဖွဲ့နှင့် ဆားလင်းကြီး ညီနောင် မဟာမိတ် တပ်ပေါင်းစုတို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

အလားတူ ကျိုက်ထိုမြို့နယ်၊ ဝင်းကလေားကျေးရွာ လမ်းဆုံတွင် အကြမ်းဖက် စစ်တပ် တပ်စွဲ ဖွင့်လစ်ထားသော ဝင်းကလေားကင်းစခန်းဂိတ်ကို အောက်တိုဘာလ ၁ ရက်နေ့ နံနက် ၅ နာရီ ၁၀ မိနစ်တွင် ကျိုက်ထိုပြည်သူ့ကာကွယ်ရေးအဖွဲ့မှ လက်နက်ကြီးဖြင့် သွားရောက်ပစ်ခတ်ခဲ့ကြောင်း Kyaikhto Information Team ထံမှ သိရသည်။

ယင်း ဂိတ်စခန်း ပစ်ခတ် တိုက်ခိုက် ခံရပြီးနောက် ကျိုက်ထို ၄၄ တပ်မ အတွင်းမှ လက်နက်ကြီး အလုံး ၂၀ ခန့်၊ စက်သေနတ်နှင့် လက်နက်ငယ်များဖြင့် အချက်ပေါင်းများစွာ ပြန်လည် ပစ်ခတ်ခဲ့ပြီး စစ်သားများ ထိခိုက် သေဆုံးမှုရှိသော်လည်း အရေအတွက် အတည်မပြုနိုင်သေးဘဲ ကာ ကွယ်ရေး တပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ khit thit

သံဖြူဇရပ်-ရေးကားလမ်းနှင့် ပုလောတွင် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရ၊ ခရီးသည်တင် ယာဉ်များ ပိတ်မိ

မွန်ပြည်နယ်၊ သံဖြူဇရပ်-ရေးကားလမ်းမှာ စစ်ကောင်စီယာဉ်တန်းကို အောက်တိုဘာ  ၁ ရက် မနက် ၁၀ နာရီကျော်လောက် ချုံခိုတိုက်ခိုက်ခဲ့တယ်လို့ ရေး PDF မြောက်ပိုင်းတာဝန်ရှိသူ တယောက်က ပြောပါတယ်။

သံဖြူဇရပ်မြို့ကနေ ရေးဘက်မောင်းလာတဲ့ စစ်ကောင်စီယာဉ် ၁၀ စီးအား ရေး နဲ့ သံဖြူဇရပ်ကြားမှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်အကျအဆုံးကို မသိရသေးဘူးလို့ ဆိုပါတယ်။

တိုက်ပွဲတွေကြောင့် ခရီးသွားကားတွေမှာ ပိတ်မိနေပြီး ရေးကနေ မော်လမြိုင်ဘက်သွားပို့မယ် လူနာတင်ယာဉ် ကားတွေပါ ပိတ်မိနေတယ်လို့ လူနာတင်ယာဉ်မောင်းတယောက်က ပြောပါတယ်။ 

“ကားတွေက ဒါဇင်နဲ့ ချီ ရှိမယ်။ ၁ နာရီ လောက်ကြာပြီး တိုက်ပွဲဖြစ်ပွားတဲ့ လိမ္မော်ခြံနေရာကနေ ပြန်လှည့် ပြန်လာပြီး တခြားနေရာမှာ စောင့်ဆိုင်းနေရတယ်။”

ပြီးခဲ့တဲ့ရက်ပိုင်းက ရေး-သံဖြူဇရပ်ကားလမ်းမှာ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရစဉ်က  စစ်ကောင်စီတပ် ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် အသက် ၁၇ နှစ်အရွယ် အမျိုးသမီး တယောက်  ကျည်ထိမှန် သေဆုံးခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုအတွင်း ခရီးသွား ၂ ယောက်လည်း ကျည်ထိမှန် ဒဏ်ရာရခဲ့ပါတယ်။

မွန်ပြည်နယ်တောင်ညိုပြောက်ကျားတပ်ဖွဲ့ကတော့ ခရီးသွားတွေ သတိရှိကြဖို့၊ စစ်ကောင်စီကား နဲ့အတူ မသွားလာကြဖို့ တိုက်တွန်းထားပါတယ်။

မော်လမြိုင်-သံဖြူဇရပ်-ရေး ကားလမ်းပိုင်းတွေမှာ စစ်ကောင်စီတပ်တွေ မကြာခဏ ချုံခိုတိုက်ခိုက်ခံရတာကြောင့် ထိခိုက်ကျဆုံး များနေသလို နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒေသခံတွေ ထိခိုက်မှာကို စိုးရိမ်နေကြပါတယ်။

စက်တင်ဘာ ၃၀ ရက် မွန်းတည့် ၁၂ နာရီကလည်း တနင်္သာရီတိုင်း မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ထမင်းမစားရွာနဲ့ နန်းပရုပ်ရွာကြားမှာ သရက်ချောင်းမြို့ဘက်မှ ပုလောမြို့ ဘက်ကို ဆင်းလာတဲ့ စစ်ကောင်စီကား ၂ စီးကို PPDF နဲ့ KPDF ပူးပေါင်းမဟာမိတ်အဖွဲ့က “နန်းထိုက်အောင်စစ်ဆင်ရေး” အနေနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပြည့်သူ့ကာကွယ်ရေး တပ်မတော် မြိတ်ခရိုင်တပ်ရင်း (၁) က မနေ့က ထုတ်ပြန်ပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခဲမှုကြောင့် ထမင်းမစားရွာက ပျူစောထီး ၁ ဦး သေဆုံးပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ PPDF တာဝန်ရှိသူက ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က ပစ်ခတ်တာတွေ ရှိပေမဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့က အထိအခိုက် မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာ ၂၈ ရက်ကလည်း ပုလောမှာ စစ်ကောင်စီ VIP ယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုက ကဒဲရွာနဲ့ သင်္ကန်းတောရွာကြားမှာ မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့လို့ သေဆုံးဒဏ်ရာ ရသူတွေကို ပလမြို့မှာ အရေးပေါ်လူနာတင်ယာဉ် ၄ စီးနဲ့ လာရောက်သယ်ဆောင်သွားခဲ့ရတယ်လို့ Palaw Regional Defense Force PRDF ထုတ်ပြန်ချက်အရ သိရပါတယ်။

အဆိုပါဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။ DVB

ရေစကြိုမြို့နယ် မင်းရွာအနီးတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး အကျအဆုံးများနိုင်

မကွေးတိုင်း ၊ ရေစကြိုမြို့နယ် ၊ ရေလည်ကျွန်း အုပ်စုအတွင်းရှိ မင်းရွာအနီးတွင် စက်တင်ဘာလ ၂၈ ရက် နံနက် ၁၁ နာရီ အချိန်ခန့်တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး အကျအဆုံးများနိုင်ကြောင်း သိရသည်။

မင်းရွာတွင် နှစ်လခန့်တပ်စွဲနေထိုင်နေသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့ကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကျေး ရွာအတွင်းသို့ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ရေစကြိုမြို့နယ် ပ.က.ဖ သတင်း နှင့်ပြန်ကြားရေးတာဝန်ရှိသူကဆိုသည်။

အပြန်အလှန် ပစ်ခတ်သည့်တိုက်ပွဲသည် တစ်နာရီခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သား သေဆုံးဦးရေကို အသေးစိတ် မသိရှိရသေးကြောင်း ၎င်းကပြောသည်။

“ မင်းရွာ မှာ စစ်ကောင်စီ တပ်နှင့် ပျူအင်အား ၈၀ လောက် ရှိပါတယ်။ ၆၀မမ ၊၁၂၀မမ စတဲ့ လက်နက်ကြီးတွေ နဲ့ ပစ်ပြီးမှ ရွာ အတွင်း လက် နက်ငယ်တွေ နဲ့ ဝင်ပြီး ပစ်ခဲ့တာ ဖြစ်ပါတယ်။ စစ်ကောင်စီ တပ်သား အသေဆုံး တွေ ရှိနိုင်ပါတယ်။ ဒါကို အသေးစိတ် သိရဖို့ ဆက်လက်စုံ စမ်း နေပါတယ်။ ကျနော်တို့ဘက်တော့ အထိအခိုက် မရှိဘူးဟု ” ရေစကြို ပ.က.ဖ သတင်း နှင့်ပြန်ကြားရေးတာဝန်ရှိသူက ဆက်ပြောသည်။

ယင်းတိုက်ပွဲတွင် ရေစကြို (ပကဖ )၊ သိန်းငှက်ပြောက်ကျား တပ်ဖွဲ့ ( ပခုက်ကူ ခရိုင် တပ်ရင်း(၁၀)၊ မန်းတလေး ခရိုင် တပ်ရင်း(၃) ၊ ဒေါင်းညီ နောင် ၊ Black Wolf PDF၊ KNT ပြောက်ကျား တပ်ဖွဲ့ ၊ YLK ၊ Farmer Defense Force၊ ရဲဘော် ညီနောင်၊ နဂါးနီ ပြောက်ကျား တပ်ဖွဲ့ ၊ ငဘ ပြောက်ကျား အဖွဲ့ နှင့် မဟာ မိတ် အဖွဲ့ များ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ mizzima

KNU တပ်မဟာ ၅ နယ်မြေရှိ စစ်ကောင်စီ၏ စစ်စခန်းနှစ်ခုကို KNLA တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေ၊ မူတြော် (ဖာပွန်) ခရိုင်တွင်း ကျူးကျော်တပ်စွဲထားသော စစ်ကောင်စီ၏ ရှေ့တန်းစခန်းနှစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA က ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရကြောင်း မူတြော်သတင်းစဉ်က ထုတ်ပြန်သည်။

စက်တင်ဘာလ ၂၈ ရက် နံနက်တွင် စစ်ကောင်စီ၏ ခေါပုပ်စခန်းကို KNLA က ဝင်ပစ်ရာ စစ်သား ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရကြောင်း၊ ည နေ ၆ နာရီတွင် ဒွယ်လိုးမြို့နယ် လှဂွန်းပျိုစခန်းအနီး လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်ဖွဲ့ကို ပစ်ခတ်တို်က်ခိုက်ခဲ့ရာတွင် စစ်ကောင် စီ၏ ထိခိုက်ကျဆုံးမှုကို မသိရှိရသေးကြောင်း မူတြော်သတင်းစဉ်က ထုတ်ပြန်သည်။

စက်တင်ဘာလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီခွဲတွင် စစ်ကောင်စီ၏ ညတခိုကျိုးစခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီ လက်ပါးစေ BGF တပ်ရင်း ၁၀၁၃ မှ တပ်ရင်းမှူး ဗိုလ်လှကြိုင်အဖွဲ့က ဒွယ်လိုးမြို့နယ်၊ ခေါဝါးထကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ၃ ကြိမ် ပစ်ခတ်ခဲ့ရာ နေအိမ် ၁ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်သည် ကော်သူးလေအုပ်ချုပ်နယ်မြေ၊ KNU တပ်မဟာ ၅ ဒေသတွင် စစ်ရေးလှုပ်ရှားမှုများ ပိုမိုလုပ်ဆောင်လာခြင်း၊ လူ့အ ခွင့်အရေးချိုးဖောက်မှုများ ပြုလုပ်နေခြင်းကြောင့် KNLA နှင့် နေ့စဉ် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း မူတြော်သတင်းစဉ်က ထုတ်ပြန်သည်။ khit thit

ကျောက်တော်မြို့နယ်၌ စစ်ဘေးရှောင်ရွာသားများ ခိုလှုံစရာနေရာ အကူအညီလိုအပ်နေ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ နဂရာကျေးရွာကို စက်တင်ဘာ ၁၉ ရက်ကစလို့ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ နေ့စဥ်ပစ် ခတ်နေလို့ ဒေသခံပြည်သူတွေအနေနဲ စစ်ဘေးရှောင် စခန်းတခုခုမှာ ခိုလှုံခွင့်ရရှိဖို့ အကူညီတောင်းခံထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နာဂရာရွာခံ တဦးက “နဂရာကျေးရွာကို ကျောက်တော်အခြေစိုက် စ.ခ.က ၉ တပ်မက စက်တင်ဘာ ၁၉ ရက်ကနေ ဒီနေ့အထိ လက်နက်ကြီးတွေနဲ့ ပစ်နေလို့ အိမ်ခြေ ၅၀ လောက်က ဒေသခံ ၂၀၀ ကျော်လောက် ညောင်ချောင်းဒုက္ခသည်စခန်းမှာ ခိုလှုံနေကြတယ်” လို့ ပြောပါတယ်။

ရွာမှာ အိမ်ခြေ ၂၂၂ လုံးနဲ့ လူဦးရေ ၁၂၆၃ ယောက်ရှိတာကြောင့် ကျန်နေတဲ့ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ ကလေးငယ်တွေအတွက် နေထိုင်စားသောက်ရေး အခက်ခဲ ဖြစ်နေလို့ သက်ဆိုင်ရာ INGO၊ NGO တွေနဲ့ အရပ်ဖက်လူမှုအဖွဲ့စည်းတွေအနေနဲ့ စစ်ဘေးရှောင် စခန်းတွေမှာ နေရာချပေးဖို့ အကူညီတောင်းခံတယ်လို့  ရွာမိရွာဖ တဦးက ပြောပါတယ်။

နဂရာကျေးရွာကို စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ နေ့စဥ်ပစ်ခတ်နေလို့ အသက် ၈ နှစ်အရွယ်ကလေးငယ် တယောက် လက် နက်ကြီးကျည် ထိမှန်သေဆုံးကာ ပြည်သူတချို့ ဒဏ်ရာ ရပြီး နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ရွာမှာကျန်ခဲ့တဲ့ ဒေသခံတွေဟာ စစ်တပ်က ပစ်တဲ့ လက်နက်ကြီးကျည် ကျရောက်မှာ ကြောက်လန့်ပြီး ညဘက်ဆိုရင် ဘေးလွတ်ရနေရာတွေမှာ ဖြစ်သလို ပုန်းခိုနေကြရပြီး နေ့ဘက်ဆိုရင်တော့ ရွာထဲမှာပြန်ဝင်နေကြလေ့ရှိပါတယ်။

စစ်တပ်က အရင်က ညဘက်တွေသာ လက်နက်ကြီး ပစ်ခတ်ပေမဲ့ အခုရက်ပိုင်းမှာတော့ နေခင်းဘက်မှာပါ ပစ်ခတ်နေပြီး စက်တင်ဘာ  ၂၉ ရက်ကလည်း လက်နက်ကြီးကျည် ထိမှန်လို့ ခွေးတကောင် သေဆုံးခဲ့တယ်လို့ ရွာသားက ပြောပါတယ်။

စစ်ကောင်စီတပ်က နဂရာကျေးရွာကို စားနပ်ရိက္ခာသယ်ယူခွင့်တွေပါ ပိတ်ဆို့တားမြစ်ထားလို့ ရိက္ခာနဲ့ ဆေးဝါးတွေလည်း အခက်ခဲတွေ ကြုံ တွေ့နေကြရပြီး အရေးပေါ်အကူညီတွေ လိုအပ်နေ တယ်လို့ ရွာသားတွေက ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင်တပ်တော်(အေအေ)တို့ သြဂုတ်လကစပြီး တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပြီးနောက်ပိုင်း မြို့အ များအပြားမှာ စစ်ကောင်စီက ဧည့်စာရင်းစစ်ဆေးတာ၊ ပရဟိတသမားတွေနဲ့ ပြည်သူတွေကို ဖမ်းဆီးတာတွေ လုပ်နေပြီး လက်နက်ကိုင် ၂ ဖွဲ့လုံးက  ခရီးသည်တင်နဲ့ ကုန်တင်ယာဥ်တွေ သွားခွင့်မပေးတာနဲ့ ကုန်းလမ်း၊ ရေလမ်းတွေ ပိတ်ဆို့ထားပါတယ်။ DVB

ရှောင်တာနယ်ကို ရမည်းသင်းထောင်ပို့၊ ကိုဗစ်ကူးစက်ခံထားရ

ဩစတြေးလျနိုင်ငံသား စီးပွားရေးအကြံပေး ရှောင်တာနယ်ကို စစ်ကောင်စီက ထောင် ၃နှစ်ချပြီး နောက်တစ်ရက် (စက်တင်ဘာ ၃၀)တွင် မူလထားရှိသည့် နေပြည်တော်အချုပ်ထောင်မှ မိုင် ၅၀ကျော်ဝေးသည့် မန္တလေးတိုင်းရှိ ရမည်းသင်း အကျဉ်းထောင်သို့ ပို့လိုက်သည်။

ရမည်းသင်း အကျဉ်းထောင်အဝင် ဆေးစစ်ရာ၌ ရှောင်တာနယ်တွင် ကိုဗစ်ကူးစက်ခံထားရသည်ဟု ရလဒ်ထွက်ခဲ့ ကြောင်း၊ စစ်ကောင်စီက မည်သို့ဆက်လက်စီမံနေသည်ကို မသိရသေးကြောင်း တရားရုံး သတင်းရင်းမြစ်က ပြောသည်။

ရှောင်တာနယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေးတာဝန်ယူခဲ့သူဖြစ်ပြီး ၂၀၂၁ ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီး ၅ရက်အကြာတွင် စစ်တပ်၏ ဖမ်းဆီးမှုကို ခံရသည်။

၎င်း၏ ကွန်ပြူတာအတွင်းမှ စာရွက်စာတမ်းများတွေ့သည်ဆိုကာ ထောင် ၁၄ နှစ်အထိ ချနိုင်သော အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ) ဖြင့် အဓိကတရားခံအဖြစ် စွပ်စွဲ၍ ဖမ်းဆီးခံရပြီး ရက်ပိုင်းအတွင်း စစ်ကောင်စီက တရားစွဲဆိုသည်။

ထိုအမှုတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး၊ ဒုဝန်ကြီး တာဝန်ယူခဲ့ကြသည့် ဦးစိုးဝင်း၊ ဦးဆက်အောင်၊ ဦးကျော်ဝင်းတို့ကိုပါ စစ်ကောင်စီက တစ်ပေါင်းတည်း စွပ်စွဲကာ အမှုကို နေပြည်တော်တွင် စစ်ဆေး၍ ယမန်နေ့ (စက်တင် ဘာ ၂၉)တွင် ထောင် ၃နှစ်စီချခဲ့သည်။

ထို့နေ့ မွန်းလွဲပိုင်းတွင် ရှောင်တာနယ်ကို ဗီဇာစည်းကမ်းဖောက်ဖျက်မှုဆိုင်ရာ လူဝင်မှုကြီးကြပ်ရေး ဥပဒေ ပုဒ်မ ၁၃(၁) ဖြင့် ထောင် ၃နှစ် ထပ်ချသည်။ သို့သော် နံနက်ပိုင်းက လျှို့ဝှက်အက်ဖြင့် ချမှတ်သည့် ပြစ်ဒဏ်နှင့် တစ်ပေါင်းတည်း ကျခံခွင့်ရခဲ့သည်။

စစ်ကောင်စီက ရမည်းသင်းအကျဉ်းထောင်သို့ ပို့သည့်အထဲတွင် ထောင် ၂၃ နှစ် သတ်မှတ်ခံထားရပြီးသော်လည်း စစ်ကောင်စီ စွပ်စွဲထားသည့် ၇ မှုကျန်နေသေးသည့် ဒေါ်အောင်ဆန်းစုကြည်မှ အပ ရှောင်တာနယ်၊ ဦးစိုးဝင်း၊ ဦးကျော်ဝင်း၊ ဦးဆက်အောင်တို့ အားလုံးပါဝင်သည်။

ထောင်အဝင် ကိုဗစ်စစ်ရာ၌ ဒုဝန်ကြီး ဦးဆက်အောင်တွင်လည်း ကိုဗစ်ပိုးတွေ့ရှိသည်ဟု အထက်ပါ သတင်းရင်းမြစ်ထံမှသိရသည်။ အူမကြီးကင်ဆာဝေဒနာကြောင့် စစ်ကောင်စီက မူလတွင် အာမခံပေးထားသည့် အသက် ၈၀ ကျော် ဦးစိုးဝင်း၊ ဦးကျော်ဝင်းတို့မှာမူ ကိုဗစ်ကူးစက်ခံရခြင်းမရှိကြောင်း ၎င်းကပင်ပြောသည်။

လွန်ခဲ့သည့်နှစ် စက်တင်ဘာလမတိုင်မီ ရန်ကုန်မြို့ အင်းစိန်ထောင်၌ ရှိနေသည့် ရှောင်တာနယ်ကို ကိုဗစ် ကာကွယ်ဆေးထိုးပြီးပြီဟု စစ်ကောင် စီက သတင်းထုတ်ပြန်ဖူးသည်။

ရှောင်တာနယ်ကို ပြစ်ဒဏ်ချမှတ်သည့်အပေါ် ဩစတြေးလျနိုင်ငံက ကန့်ကွက်ကာ ချက်ခြင်းလွှတ်ပေးရန် တောင်းဆိုထားသည်။ myanmar now

ရသေ့တောင်မြို့နယ်​၌ အေအေက စနိုက်ပါဖြင့်ပစ်ခတ်သဖြင့် စစ်ကောင်စီတပ်သား ၄ ဦးသေ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာ  စက်တင်ဘာ ၃၀ ရက်၊ နေ့လယ် ၃ နာရီကျော်လောက်က ဆောက်ခပ်ကျေးရွာမှာ တပ်စွဲထားတဲ့စစ်စခန်းမှ ရေခပ်ထွက်လာကြတဲ့ စစ်ကောင်စီတပ်သား ၅ ယောက်ကို  ကင်းပုန်းဝပ်နေတဲ့ အေအေတပ်ဖွဲ့ဝင်တွေက စနိုက်ပါနဲ့ ပစ်ခတ်တာကြောင့် စစ်သား ၄ ယောက်သေဆုံးပြီး ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ အေအေနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က သိရပါတယ်။

ရက္ခိုင့်တပ်တော်(အေအေ)နဲ့ နီးစပ်သူတဦးက” သူတို့ ၅ ဦးက ဘုန်းကြီးကျောင်းနားက ရေကန်ကို ရေခပ်ဖို့ ထွက်လာကြတာ။ ကင်းပုန်းဝပ်နေတဲ့ အေအေတပ်ဖွဲက စနိုက်ပါနဲ့ ပစ်လို့ ၄ ယောက် ပွဲချင်းပြီး သေတယ်။ ၁ ယောက် ဒဏ်ရာနဲ့ ထွက်ပြေးသွားတယ်”လို့ ပြောပါတယ်။

ဒီလိုပစ်ခတ်မှုကြောင့် ဆောက်ခပ်ကျေးရွာစစ်စခန်းကနေ  လက်နက်ငယ်တွေနဲ့ ပြန်ပစ်တဲ့အတွက် မိနှစ် ၂၀ လောက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။

ဒါ့အပြင် ရသေ့တောင်မြို့အခြေစိုက် တပ်ရင်း ၅၃၆ နဲ့ ၅၃၇ တို့ကလည်း ဆောက်ခပ်ရွာပတ်ဝန်းကျင်ကို ၁ နာရီလောက်ကြာအောင် လက် နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ရသေ့တောင်ဒေသခံတွေက ပြောပါတယ်။

ဆောက်ခပ်ကျေးရွာဟာ အိမ်ခြေ ၇၀ ကျော်ရှိပြီး ၂၀၁၉-၂၀၂၀ တိုက်ပွဲတွေကြောင့် ရွာသူ/ရွာသားတွ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပြီး ရသေ့တောင်မြို့ပေါ်ရှိ စစ်ရှောင်းစခန်းတွေနဲ့ စေတီပြင်ကျေးရွာ စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်နေကြတာပါ။

ရသေ့တောင်မြို့နယ်ထဲက စစ်ကောင်စီစခန်းအားလုံးနီးပါး ရက္ခိုင်တပ်တော်က ရိက္ခာ၊ လက်နက် လမ်းကြောင်းတွေ ဖြတ်တောက်ထားတဲ့အ တွက် ပိတ်မိနေတဲ့အနေအထားမှာရှိနေတယ်လို့ ရသေ့တောင်မြို့နယ် စစ်ရေးလေ့လာသူ တဦးက ပြောပါတယ်။

“ရသေ့တောင်နယ်ထဲမှာ ချထားတဲ့ စစ်ကောင်စီ တပ်စခန်းတွေအားလုံး အေအေဘက်က ပိတ်ထားတာတွေ့ရတယ်။ ရေစိုးချောင်းဗျူဟာတောင် ပိတ်မိနေတာ။‌ ရေစိုးချောင်းဗျူဟာကို လက်နက်နဲ့ ရိက္ခာလာပို့တဲ့ ဇက် ၅ စီး လောက် လှည့်ပြန်သွားရတယ်။ သူတို့ ဆင်းမယူဝံကြဘူး။”

ကျောက်ပန္ဒူကျေးရွာနားက “မြိုယု” ကျေးရွာနေ မြိုလူမျိုးတွေကို  တောင်ကျော်ပြီး စစ်တပ်က ရိက္ခာပို့ ခိုင်းတဲ့အတွက် ကျောက်ပန္ဒူ တောင်ကျော်လမ်းကို အေအေဘက်က ပိတ်ထားလိုက်ပါတယ်။ DVB

တိုက်ပွဲ ဆက်နေသည့် အင်းတော်တွင် နှစ်ဖက် ထိခိုက်ကျဆုံးမှုရှိ

တိုက်ပွဲဆက်နေသည့် စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်မှ ထိခိုက်မှုများသလို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ဘက်တွင်လည်း ထိခိုက်မှု ရှိသည်ဟု သိရသည်။

စက်တင်ဘာ ၂၉၊ နံနက် ၉ နာရီခန့်က အင်အား ၁၇၀ ကျော်ပါသည့် စစ်ကောင်စီ စစ်ကြောင်းကို အင်းတော်မြို့ အနောက်မြောက်ဘက် ၄ မိုင်ခန့်အကွာ အင်ပင်ရွာအနီး မိုင်းဆွဲတိုက်ခိုက်စဉ် စစ်ကောင်စီတပ်ဘက်တွင် ထိခိုက်သေဆုံးမှုများရှိခဲ့သည်ဟု အင်းတော်-PDF အဖွဲ့ထံမှ သိရသည်။

အဆိုပါ တိုက်ခိုက်မှုနှင့် တစ်ပြိုင်နက် အင်းတော်မြို့ အနောက်ဘက် ၅ မိုင်ခန့်အကွာ တန်ဘိုရွာနှင့် လယ်နောင်ရွာကြားတွင် အင်အား ၆၀ ကျော်ပါသည့် စစ်ကြောင်းတစ်ခုနှင့်လည်း တိုက်ပွဲဖြစ်ပွားခဲ့သည် ဟု အင်းတော်-PDF က ထုတ်ပြန်သည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၆ ဦးထက်မနည်း သေဆုံးနိုင်သည်ဟု အင်းတော်-PDF အဖွဲ့က ခန့်မှန်းပြီး အင်းတော်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်နှစ်ဦးလည်း သေဆုံးခဲ့သည်ဟု အင်းတော်-PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်တပ် ပြန်ဆုတ်သည့်လမ်းတွင် ပစ်သတ်ခံရခြင်းဖြစ်သည်ဟု ဆိုသည်။

“သူတို့က မိုင်းသွားထောင်တာ၊ မိုင်းထောင်တဲ့အခါမှာ စစ်ကြောင်းက နောက်ပြန်ဆုတ်တာနဲ့ ကြုံသွားပြီးတော့ ပစ်သတ်ခံလိုက်ရတာ။ လယ်ကွင်းပြင်ကြီးဖြစ်နေတော့ ရှောင်ချိန် ပုန်းချိန်လည်း မရလိုက်ဘူး” ဟု အထက်ပါ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သေဆုံးသူနှစ်ဦးမှာ အသက် ၂၀ ဝန်းကျင်ရှိကြသည့် မောင်ဖိုးခွာနှင့် မောင်မြင့်ဦးတို့ ဖြစ်သည်။

အဆိုပါ အင်အား ၆၀ ကျော်ပါ စစ်ကြောင်းမှာ စက်တင်ဘာ ၂၈ ရက်က ဟင်းနုရွာမှ လူငယ်တစ်ဦးကို လူသားဒိုင်းအဖြစ် ဖမ်းခေါ်လာပြီးနောက် PDF ဟု စွပ်စွဲကာ ပစ်သတ်လိုက်သည်ဟု သိရသည်။

မွန်းလွဲပိုင်းတွင် အင်အား ၁၇၀ ကျော်ပါသည့် စစ်ကောင်စီစစ်ကြောင်းနှင့် ၆၀ ကျော်ပါသည့် စစ်ကြောင်းနှစ်ခုတို့ အင်းတော်မြို့၏ အနောက်ဘက် မဲဇာချောင်းအနီးရှိ မန်လည်ရွာတွင် ဆုံကြပြီး ရွာအတွင်းသို့ သေနတ်ပစ်ဖောက် ဝင်ရောက်ခဲ့သည်။

အင်အားအများအပြားဖြင့် စစ်ကြောင်းရောက်လာသည့်အတွက် မန်လည်ရွာမှ ဒေသခံအားလုံးနီးပါး ထွက်ပြေးရပြီး ရွာအတွင်းကျန်နေခဲ့သည့် စိတ်မကျန်းမာသူ လူငယ်တစ်ဦး၊ သားဖွားဆရာမနှစ်ဦးနှင့် မန်လည်ရွာ ဘုန်းကြီးကျောင်း နှစ်ခုမှ သံဃာများကို နာရီအနည်းငယ်ကြာ ဖမ်းဆီးပြီးနောက် ပြန်လွှတ်ပေးခဲ့သည်။

ယနေ့နံနက်တွင်လည်း အင်အား ၆၀ ကျော်ပါ စစ်ကြောင်းနှင့် တန်ဘိုရွာနားတွင် တိုက်ပွဲဖြစ်ပွားနေပြီး အသေးစိတ်အခြေအနေများကို မသိရသေးကြောင်း အင်းတော်-PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အင်းတော်မြို့ပေါ်တွင် ဒေသခံများ ပုံမှန်အတိုင်း သွားလာလှုပ်ရှားနေပြီး စစ်ကောင်စီတပ်က နေရာအချို့တွင် စစ်ဆေးနေသည်ဟု အသက် ၅၀ ခန့်ရှိသည့် မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“တိုက်ပွဲဖြစ်တဲ့ရွာတွေဘက်မှာတော့ ဒေသခံတွေ ပြေးနေကြရတယ်လို့ ကြားတယ်၊ မြို့ပေါ်မှာတော့ ပုံမှန်ပဲဆိုပေမဲ့ နည်းနည်း သတိထားပြီးတော့ နေကြရတာပေါ့၊ စစ်ဆေးတာကတော့ အမြဲရှိနေတာပဲလေ” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

စစ်တပ်က ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချပြီးနောက် ငြိမ်းချမ်းစွာဆန္ဒပြနေသူများကိုပင် ပစ်သတ်လာသည့်အတွက် နိုင်ငံအနှံ့ ပေါ်ပေါက်လာသည့် လက်နက်ကိုင်တော်လှန်ရေးများတွင် စစ်ကိုင်းတိုင်းမှာ အားအကောင်းဆုံးဟုပင် ဆိုနိုင်သည်။

စစ်ကိုင်း-ကချင်နယ်စပ်မျဉ်းအနီးတွင်ရှိသည့် အင်းတော်မြို့မှာ စစ်တပ်နှင့် တိုက်ပွဲများ အဆက်မပြတ် ဖြစ်ပွားနေပြီး KIA, PDF ပူးပေါင်းတပ်များက စစ်ကောင်စီတပ်ကို အထိနာအောင် တိုက်ခိုက်နေသည်။myanmar now

« Older Entries