Monthly Archives: Oct 2022

ပခုက္ကူမြို့ အင်ပင်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ကာကွယ်ရေးတပ်ဖွဲ့ ၁၆ ဖွဲ့ ပူးပေါင်းဝင်ရောက်တိုက်ခိုက်၊ ၃ ဦးသေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူ မြို့နယ် အင်ပင်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ ၁၆ ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး သုံးဦးသေဆုံးသွားကြောင်း Young Force UG တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ပခုက္ကူမြို့နယ် အင်ပင်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို စက်တင်ဘာလ ၃၀ ရက်နေ့ ညနေ ၃ နာရီ အချိန်ခန့်တွင် ကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ကင်းထောက်တပ်ဖွဲ့၊ Drone တပ်ဖွဲ့၊ လက်နက်ကြီးတပ်ဖွဲ့၊ ပြောက်ကျားတပ်ဖွဲ့များဖြင့် စနစ်တကျ ဖွဲ့စည်းထားသည့် ကာကွယ်ရေးတပ်ဖွဲ့များက ဘက်ပေါင်းစုံမှ ဖိအားပေး ပစ်ခတ်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။

ထိုသို့ ကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်မှလည်း ၄၀ မမ လက်နက်ကြီးများဖြင့် တုံ့ပြန်ပစ်ခတ်ခြင်းများ ရှိခဲ့ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု အချိန်တစ်နာရီကျော် ကြာမြင့်ခဲ့ကြောင်း သိရသည်။

သို့သော် ကာကွယ်ရေးဘက်က လက်နက်ကြီးတပ်ဖွဲ့၏ ပစ်ကူပေးခြင်းများကြောင့် ပြောက်ကျားတပ်ဖွဲ့များက ကျေးရွာအနီးဝန်းကျင်အထိ တက်ရောက်ကာ စစ်ကောင်စီတပ်ဖွဲ့ကို ပစ်ခတ်တ်ိုက်ခိုက်မှုများ ပြုလုပ်နိုင်ခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။

ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ၏ ပစ်ခတ်တိုက်ခိုက်မှုအတွင်း အင်ပင်ကျေးရွာအတွင်းရှိ စစ်ကောင်စီတပ်ဖွဲဝင် သုံးဦးသေဆုံးခဲ့ကာ လေးဦး ထိခိုက်ဒဏ်ရာရှိခဲ့သည်ကို အတွင်းသတင်းအရ သိရကြောင်း ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။

ယင်းသို့ အထိနာခဲ့သည့် စစ်ကောင်စီတပ်က အင်ပင်ကျေးရွာအတွင်း စစ်ကူများ ထပ်မံဖြည့်တင်းလာသည့်အတွက် ကာကွယ်ရေးတပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာခဲ့ရပြီး အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်နှင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုအတွင်း ပြည်သူတစ်ဦး ထိခိုက်ခဲ့ပြီး၊တစ်ဦးသေဆုံးကြောင်း ကြားသိရသည့်အတွက် တော် လှန်ရေးတပ်ဖွဲများအနေဖြင့် များစွာစိတ်မကောင်းဖြစ်ရကြောင်းလည်း ကာကွယ်ရေးတပ်ဖွဲ့များက ဆိုသည်။

မည်သူ့ကြောင့် ထိခိုက်သေဆုံးသည်ဖြစ်စေ ပြည်သူလူထုအပေါ် အပြည့်အ၀ ကာကွယ်မှုမပေးနိုင်သည့်အတွက် ကာကွယ်ရေးတပ်ဖွဲ့များအနေ ဖြင့် အနူးအညွတ်တောင်းပန်ကြောင်းနှင့် ဖြစ်စဉ်များအတွက် တာဝန်ယူဖြေရှင်းပေးသွားမည်ဖြစ်ကြောင်းလည်း သတင်းထုတ်ပြန်ထားသည်။

တိုက်ခိုက်မှုဖြစ်စဉ်များကို အသေးစိတ်သိရှိနိုင်ရန် ကာကွယ်ရေးတပ်ဖွဲ့များနှင့် ဆက်သွယ်မှုရရှိနိုင်ရန် မဇ္စျိမအနေဖြင့် ဆက်လက်စုံစမ်းလျက်ရှိသည်။

အဆိုပါ တိုက်ခိုက်မှုကို Pakokku Ranger၊ Rso (Pku)၊ Thakhin Mya(လ/နကြီးတပ်ဖွဲ့)၊ Black Cobra Force၊ ThuRain (TR-တပ်ခွဲ)၊ ပခုက္ကူ မြို့ပြပြောက်ကျားတပ်ဖွဲ့ (၁)(၂)၊ King Cobra၊ Urban Underground Revolution Force(UURF)၊ Yesagyo Revolution Group (YRG) ၊ M.R.G.F (လ/န ကြီးတပ်ဖွဲ့)၊ အောင်သပြေ (PDF)၊ King Fighter၊ Royal Defence Force (RDF)၊ကျေးလက်ဒေသ ပြောက်ကျားတပ်ဖွဲ့၊ ပခုက္ကူမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF)နှင့် ပခုက္ကူမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Young Force) တို့ မဟာမိတ်တပ်ဖွဲ့များ အဖြစ် ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ mizzima

ဖားကန့် မျောက်ဖြူရွာပေါ် လက်နက်ကြီးကျ၊ နေအိမ် ၁ လုံး ပျက်စီး

ကချင်ပြည်နယ် ဖားကန့်မြို့ မျောက်ဖြူကျေးရွာပေါ် လက်နက်ကြီးကျပြီး နေအိမ်တလုံး ပျက်စီး ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

အောက်တိုဘာ ၁ ရက် ည ၁၁ ခွဲက မျောက်ဖြူကျေးရွာနဲ့ ရှရော်ခ ကျေးရွာ အထက်ပိုင်းကျောက်စိမ်းလုပ်ကွက်တခုပေါ်  လက်နက်ကြီးတလုံးစီ ကျခဲ့တယ်လို့ ဒေသခံ တဦး က ပြောပါတယ်။ 

“ကျောက်စိမ်းလုပ်ကွက်မှာ ကျတာက ဘာမှ မဖြစ်သွားဘူး။ မျောက်ဖြူကျေးရွာမှာ ကျတာက အိမ် တအိမ်မှာ ကျတယ်။ အိမ်ပျက်စီးသွားတယ်။ ကား တစီးလည်း ပျက်စီးသွားတယ်။ ကံကောင်းတာက လက်နက်ကြီး ကျတဲ့နေရာက အပြင်ဘက်ခြံစည်းရိုးဘက်ဆိုပေမဲ့  အိမ်ထဲမှာ ရေသန့်တွေ၊ ဆန်အိတ်တွေ ထားထားတော့ ဘန်ကာလိုဖြစ်ပြီး လူအထိအခိုက် မရှိတာဘဲ။ အိမ်ကတော့ လက်နက်ကြီးအစတွေထိမှန်ပြီး အ ပေါက်တွေ ဖြစ်သွားတာပေါ့။”

အောက်တိုဘာ ၁ ရက် ညကလည်း ဖားကန့်မြို့ထဲ ကျောက်စိမ်းတံတားမှာ စစ်ကောင်စီတပ် တွေက တင်းတင်းကျပ်ကျပ်စစ်ဆေးခဲ့ပြီး မြို့ထဲ သေနတ်ပစ်သံတွေပါ ကြားရတယ်လို့ ဆိုပါတယ်။ 

အောက်တိုဘာ ၂ ရက် မွန်းတည့် ၁၂ နာရီခွဲကလည်း ဖားကန့် ဗျူဟာကုန်းပေါ်ကနေ လက်နက်ကြီးနဲ့ ၃ ချက် ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ DVB

စစ်ကောင်စီက တန်ပြန်ပြောက်ကျားစစ်ကို အသုံးပြုလာကြောင်း CDM ဗိုလ်ကြီးဆို

စစ်ကောင်စီသည် လက်ရှိအချိန်တွင် တန်ပြန်ပြောက်ကျားစစ်ဗျူဟာကို အသုံးပြုလာကြောင်း စစ်ကောင်စီတပ်ကို စွန့်ခွာ၍ CDM ပြုလုပ်လာသူများထံက သိရသည်။

အာဏာသိမ်းစစ်တပ်သည် ယခင်က သမာရိုးကျစစ်နည်းဗျူဟာကိုသာ အသုံးပြု ခဲ့သော်လည်း အားကောင်းလာသည့် တော်လှန်ရေးအဖွဲ့များ၏ ပြောက်ကျားစစ်ကို ပြန်လည်တိုက်ခိုက်ရန်အတွက် ပြောက်ကျားစစ်ကို အသုံးပြုလာသည်ဟု CDM ဗိုလ်ကြီး ထက်မြတ်က ဆိုသည်။

“စစ်တပ်က အစကသုံးတာ သမာရိုးကျစစ်ပေါ့။ တော်လှန်ရေးအဖွဲ့တွေ သုံးနေတာက ပြောက်ကျားစစ်ပေါ့။ သမာရိုးကျစစ်က ပြောက် ကျားစစ်ကို တစ်သက်လုံးမနိုင်ဖူးဘူး။ မနိုင်တဲ့အခါကျတော့ သူတို့ကပြောက်ကျား စစ်ပြန်ဆင်နွှဲလာတာတွေ့ရတယ်” ဟု ဗိုလ်ကြီးထက်မြတ်က မဇ္ဈိမကို ပြောသည်။

ပြည်သူလူထုအနေဖြင့် အာဏာသိမ်းစစ်တပ်ကို အလိုမရှိကြောင်း ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြသခဲ့သော်လည်း စစ်ကောင်စီ၏ အကြမ်းဖက်ဖြိုခွင်းမှုများကြောင့် လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ရွေးချယ်ခဲ့ကြသည်။ စစ်ကောင်စီကို တွန်းလှန်ရန်အတွက် မဖြစ်မနေ လမ်းနက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ရသည့် တော်လှန်ရေးအဖွဲ့များသည် ပြောက်ကျားစစ်အပါအဝင် စစ်နည်းမျိုးစုံဖြင့် စစ်ကောင်စီတပ်ကို ခုခံတိုက် ခိုက်ခဲ့ကြသည်။

ထို့ကြောင့် တစ်နှစ်အတွင်း စစ်ကောင်စီတပ်သားဦးရေ ၂၀,၀၀၀ ကျော် သေဆုံးခဲ့ပြီး စိုးမိုးနယ် အချို့ရှိလာပြီဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဌာန၏ တာဝန်ရှိ သူများက ဆိုသည်။ထိုသို့ခုခံတော်လှန်မှုများ ပြုလုပ်နေသည့် တော်လှန်ရေးအဖွဲ့များကို ပြည်သူလူထုက ပုံစံမျိုးစုံနှင့် ထောက်ပံ့လျက်ရှိသည်။

စစ်ကောင်စီသည် ထိုသို့ထောက်ပံ့မှုများကို တားဆီးရန်အတွက် ငွေကြေး လွှဲပြောင်းမှုများနှင့် ဘဏ်စနစ်များကို ပိုမိုတင်းကျပ်ခြင်း၊ တော်လှန် ရေးအဖွဲ့များအား ထောက်ခံသည့် ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် တော်လှန်ရေးအဖွဲ့များ အားကောင်းသည့်ဒေသများကို အင်တာနက် ဖြတ်တောက် ခြင်းများ ပြုလုပ်လာသည်ကိုတွေ့ရသည်။ ထို့အပြင် တော်လှန်ရေးအဖွဲ့များကို ထောက်ပံ့သည်ဟု ခေါင်းစဉ်တပ်၍ ဖမ်းဆီးမှုများလည်း ရှိနေသည်။

“ဘယ်ပြစ်မှုနဲ့ဖမ်းဖမ်း သူတို့ဘာသူတို့ဘာပဲဖြစ်နေဖြစ်နေ PDFတွေထောက်ပံ့ နေတယ်ဆိုပြီး သုံးတယ်။ အဲဒီအကြောင်းကို ကြားရင် ပြည်သူတွေက ငါတို့ထောက်ပံ့ရင် ငါတို့ကိုလည်း ဖမ်းခံရနိင်တယ်ဆိုတဲ့ အသိမျိုးဝင်သွားအောင် တမင်ထည့်ပေးတာ” ဟု စစ်ကောင်စီ၏လုပ်ရပ်များကို စောင့်ကြည့်နေသည့် CDMဗိုလ်ကြီးထက်မြတ် က ပြောသည်။

လူမှုကွန်ရက်ပေါ်တွင် တော်လှန်ရေးအဖွဲ့များကို အားပေးထောက်ခံခြင်းနှင့် ထောက်ပံ့ခြင်းများ ပြုလုပ်ပါက ဖမ်းဆီးမည်ဖြစ်ကြောင်း ပြီးခဲ့သည့် စက်တင်ဘာလ ၂၀ ရက်နေ့က ပြုလုပ်သည့် စစ်ကောင်စီ၏ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။ mizzima

တပ်မ၃၃ က ထွက်လာသည့် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်အခြေစိုက် တပ်မ ၃၃ ကနေ ထွက်လာတဲ့ စစ်ကောင်စီ ယာဉ် ၅ စီး ကို အောက်တိုဘာ ၂ ရက် မနက် ၁၁ နာရီကျော်က မိုင်း ၄၅ လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

စစ်ကောင်စီယာဉ်ကား ၅ စီးဟာ စစ်ကိုင်းတပ်မ ၃၃ ကနေ မုံရွာဘက်လာချိန် အခုလို မိုင်းဆွဲ ခဲ့တာလို့ မြင်းခြံ Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးကပြောပါတယ်။ 

“အုန်တောရွာဘက် စစ်ကားတွေရောက်နေပြီလို့ သိရတာနဲ့ နဘဲကြူးရွာနဲ့ပျော့ရွာကြားကနေ  မိုင်း ၂ ပွိုင့် ထောင်ဆွဲတယ်။ တစ်ပွိုင့်ကို မိုင်း ဆယ်လုံးနဲ့ နှစ်ပွိုင်ဆိုတော့ အလုံးနှစ်ဆယ်နဲ့ မိုင်းဆွဲ ခဲ့တယ်။ အဲဒါပြီးတော့ ကံပြားရွာနဲ့ ထီးစောင်းကြားမှာ မိုင်း ၂၅ လုံးနဲ့ ဆွဲခဲ့တယ်။ သူတို့ လာတာက ကားကြီး ၃ စီး၊ ကားလေး ၂ စီး။ အခုလို မိုင်းဆွဲခံရလို့  ၃ ဦး သေတယ်။  အများအပြား ဒဏ်ရာ ရသွားတယ်လို့ မြင်းမူစကောက်သတင်းပို့ချက်အရ သိထားရတယ်။ သူတို့က မုံရွာဘက်ကို စစ်အင်အားဖြည့်ဖို့ စစ်သားတွေ ပို့ပေးတဲ့ကားတွေ ဖြစ်တယ်။ ကျနော်တို့ဘက်က ထိခိုက် ကျဆုံးတာ မရှိဘူး” လို့ ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို မြင်ခြံ Zero ပြောက်ကျားအဖွဲ့၊ စစ်ကိုင်း Zero power၊ စစ်ကိုင်းနွေဦးရဲဘော်အဖွဲ့၊ အရာတော် Dranger Fourceတို့ ပူးပေါင်းပြီး  လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

အလားတူ အဲဒီယာဉ်တန်းကို နတ်ရေကန်ကျေးရွာ နဲ့ ဂွေးပင်တော ကျေးရွာကြားမှာ မနက် ၁၁ နာရီ ၄၅ မိနစ်လောက် ထပ်မံမိုင်းဆွဲခဲ့တယ်လို့ T.G.R. ဗိုလ်တိုက်ဂါးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

မိုင်းဆွဲခံရတဲ့ စစ်ကောင်စီယာဉ် ပျက်စီးသွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်ကျဆုံးမှုကိုတော့ အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။

မုံရွာ-စစ်ကိုင်းလမ်းတလျှောက် စစ်ကောင်စီယာဉ်တွေ အသွား – အလာ လုပ်နေတာမို့ ပြည်သူတွေ အနေနဲ့ အထူးဂရုစိုက် အသွားအလာလုပ်ကြ ဖို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက မေတ္တာရပ်ခံထားပါတယ်။ DVB

လောင်းလုံးတိုက်ပွဲတွင် ဒဏ်ရာရ ပျူစောထီး ၂ ဦး ထပ်မံသေဆုံးပြီး လက်နက် ၂ လက်သိမ်း ဆည်းရမိ၊ စစ်ကိုင်းမြို့နယ်တွင် စစ်ယာဉ်တန်း မိုင်းဆွဲခံရပြီး စစ် သား ၃ ဦးသေဆုံး

တနင်္သာရီတိုင်း၊ ၊လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာနှင့် ကျောက်မတ်တပ်ရွာအနီးတွင် ဆက်ကြေးကောက်ခံပြန်လာသောပျူစောထီးများကို စက်တင် ဘာ လ ၂၉ ရက်နေ့က တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၂ ဦး ပွဲချင်းပြီးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ရာမှ အဆိုပါ ဒဏ်ရာရ ပျူစောထီး ၂ ဦးလည်းထပ်မံသေဆုံးသွားကြောင်း လောင်း လုံးပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရှိရသည်။

စက်တင်ဘာ၂၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲခန့်အချိန် ကျောက်မတ်တပ်ကျေး ရွာအနီးတွင် တိုက်ပွဲငယ်ဖြစ်ပွားခဲ့ပြီး ပျူနှစ်ဦးသေဆုံး၊နှစ်ဦးဒဏ် ရာရ၍ လောင်း လုံးLLPDFရဲဘော်နှစ်ဦးလည်းကျည်ထိမှန်ဒဏ်ရာရရှိခဲ့ခြင်းဖြစ် ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

စက်တင်ဘာလ ၂၉ ရက်နေ့တွင်ပင် ဒဏ်ရာရရှိသူပျူနှစ်ဦးဆေးရုံရောက်မှာထပ်မံသေဆုံး၍စုစုပေါင်း(၄)ဦးသေဆုံးခဲ့ကြောင်း၊ ယင်းနောက် လောင်းလုံး LLPDFရဲဘော်များက တိုက်ပွဲဖြစ်ပွားရာ နေရာကို နယ်မြေသွားရောက် ရှင်း လင်းရာ ပျူစောထီးများ၏ ကာဗိုင်သေနတ် ၁ လက်၊ လက်လုပ်သေနတ်အတို ၁ လက်၊ AKကျည်အိမ် ၆ ခု၊စစ်ဦးထုပ် ၁ လုံးတို့ကိုရရှိခဲ့ကြောင်း ၊ အဆိုပါအဖွဲ့ကို ပျူစောထီးခေါင်းဆောင်ချစ်စမ်းမောင်ဦးဆောင်နေခြင်းဖြစ်ပြီး ကျေးရွာများကို တစ်ရွာလုံးကိုမီးရှို့မည်ဟုအမြဲခြိမ်းခြောက်နေသော အဖွဲ့ဖြစ်ကြောင်း ၊ လောင်း လုံး LLPDF အဖွဲ့အနေဖြင့် စစ်ကောင်စီတပ်နှင့်လက်ကိုင်တုတ် ပျူစောထီး များကို ချေမှုန်းသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

အလားတူ စစ်ကိုင်းတိုင်း၊စစ်ကိုင်းမြို့နယ်အတွင်း စစ်ယာဉ်တန်းကို ယနေ့ အောက်တိုဘာလ၂ရက်နေ့ နံနက် ၁၁ နာရီကျော်အချိန် ဒေသကာ ကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးကြောင်း ဒေသကာကွယ် ရေးတပ်ဖွဲ့ထံမှ သိရှိရသည်။

စစ်ယာဉ်တန်းသည် စစ်ကိုင်းတပ်ရင်း၃၃မှ မုံရွာဘက်ကို ထွက်ခွာလာစဉ် မိုင်းဆွဲခဲ့ခြင်းဖြစ်ပြီး စစ်ယာဉ်တန်းတွင် ကားကြီး ၃ စီးနှင့် ကားလေး ၂ စီးပါဝင်ကြောင်း သိရှိရသည်။

“မိုင်းဆွဲတာက ၃ နေရာမှာ မိုင်းဆွဲခဲ့တာ။ နဘဲကြူးရွာနဲ့ပျော့ရွာအကြားမှာက မိုင်းနှစ်ပွိုင့်ဆွဲတယ်။ တစ်ပွိုင့်ကိုမိုင်းဆယ်လုံးနဲ့နှစ်ပွိုင့်ဆိုတော့ အလုံးနှစ်ဆယ်နဲ့မိုင်းဆွဲခဲ့တယ်။ နောက်တစ်နေရာကတော့ထီးဆောင်းနဲ့ ကံပြားရွာအကြားမှာ မိုင်းအလုံး၂၅လုံးနဲ့ မိုင်းဆွဲခဲ့တယ်။အလောင်းကတော့ ၃ လောင်းကားပေါ်ပက် လက်လန်ပါသွားတယ်။ဒဏ်ရာရသူတွေလည်းများတယ်” ဟု မြင်းခြံ Zero ပျောက် ကျားတပ်ဖွဲ့မှ ကိုသက် ကြီးက ပြောသည်။

အဆိုပါတိုက်ခိုက်မှုတွင် မြင်းခြံ Zero ပျောက်ကျားအဖွဲက ဦးဆောင်ပြီး စစ်ကိုင်း Zero Power ၊ စစ်ကိုင်းနွေဦးရဲဘော်အဖွဲ့နှင့် အရာတော် Dragger Force တို့က ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။ khit thit

စစ်အာဏာသိမ်းပြီးနောက် ကျောင်းပြင်ပပ ညာရေးအစီအစဉ်များ ရပ်တန့်နေ

အခြေခံပညာကျောင်းတွေကို မတက်ရောက်နိုင်တဲ့ ကျောင်းပြင်ပရောက် ကျောင်းသား၊ ကျောင်းသူ တွေကို ပြုလုပ်ပေးနေတဲ့  ကျောင်းပြင်ပ ပညာရေးအစီစဉ်ကို စစ်ကောင်စီအာဏာသိမ်းပြီးနောက် အကောင်အထည် မဖော်နိုင်တော့ဘူးလို့ မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက် အကူပြုပင်မဌာန (MLRC) တာဝန်ရှိသူက ပြောပါတယ်။

မြန်မာနိုင်ငံစာတတ်မြောက်ရေးအထောက်အကူပြုပင်မဌာန (MLRC)ကို ၂၀၀၀ ပြည့်နှစ်၊ မတ်လမှာ စတင်တည်ထောင်ခဲ့ပြီး ပြည်ထဲရေးဝန် ကြီးဌာန၊ ပြည်တွင်းသင်းဖွဲ့မှတ်ပုံတင်ရေး အဖွဲ့က တရားဝင် မှတ်ပုံတင် ထုတ်ပေးထားတာပါ။

ကျောင်းပြင်ပ ပညာရေးအစီအစဉ်ဟာ ပညာရေးမှာ မည်သူတဦး တယောက်မျှ နောက်ကျ ကျန်ရစ်ခဲ့ခြင်း မရှိစေရဆိုတဲ့ ရည်ရွယ်ချက်နဲ့ အ စိုးရ အဆက်ဆက်က ကျောင်းပြင်ပကို ရောက်နေတဲ့ ကလေးသူငယ်တွေကို ကျောင်းပြင်ပ မူလတန်း၊ ကျောင်းပြင်ပ အလယ်တန်းဆိုတဲ့ အ စီအစဉ်တွေနဲ့ ပညာသင်ကြားပေးခဲ့ကြပေမယ့် လက်ရှိ အာဏာသိမ်းစစ်အစိုးရ လက်ထက်မှာတော့ ကျောင်းပြင်ပ ပညာရေးအစီအစဉ်ဟာ ရပ် ဆိုင်းထားရတယ်လို့ သိရပါတယ်။

ကျောင်းပြင်ပ ပညာရေးအစီအစဉ်ဟာ ဦးသိန်းစိန် အုပ်ချုပ်စဉ်က အလယ်တန်းအထိ ဖွင့်လှစ်သင်ကြားခွင့်ရရှိခဲ့ပြီး NLD အစိုးရ အုပ်ချုပ်တဲ့အချိန်မှာတော့ အထက်တန်းအဆင့်ထိ တက်ရောက်ခွင့်ရမယ့် အစီအစဉ်တွေနဲ့ သင်ကြားနိုင်ခဲ့ပေမယ့် အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ အဲဒီပညာရေး အစီအစဉ်တွေက ပျောက်ကွယ်နေရပြီဖြစ်တယ်လို့လည်း သိရပါတယ်။

၂၀၁၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင် စာရင်း ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကျောင်းပြင်ပရောက် ကလေးသူငယ်ဦးရေက ၂ ဒသမ ၇ သန်းရှိ နေတဲ့အတွက် ကျောင်းပညာရေး စနစ်တခုတည်းနဲ့ ကျောင်းပြင်ပရောက် ကလေးသူငယ်တွေကို ပညာရေး လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ဖို့ လုံလောက်နိုင်ခြင်းမရှိတာကြောင့် ကျောင်းပြင်ပပညာရေးအစီအစဉ်ကို အကောင်ထည်ဖော်ဆောင်ရွက်ခဲ့ကြတာပါ။

ဒါ့အပြင် အသက် ငါးနှစ်ကနေ ၁၆ နှစ်အတွင်း ကလေးငယ် ၁ ဒသမ ၃ သန်းဟာ လုပ်ငန်းခွင် အတွင်း ရောက်ရှိနေတာနဲ့ မြန်မာနိုင်ငံမှာ အသက် ၁၅ နှစ်အထက် သက်ကြီး စာမတတ်သူ ၃ ဒသမ ၅ သန်း ရှိနေတာကြောင့် ကျောင်းပြင်ပရောက်နေသူတွေ၊ စာမတတ်သူတွေအတွက် စာတက်မြောက်ရေးအစီအစဉ်တွေရေးဆွဲပြီး NLD အစိုးရ လက်ထက်က အကောင်အထည် ဖော် ခဲ့ပေမဲ့ လက်ရှိမှာတော့ အဲ့ဒီအစီအစဉ်တွေ မရှိတော့ဘူးလို့လည်း MLRC အဖွဲ့ဝင်တဦးဆီက သိရပါတယ်။

NLD အစိုးရလက်ထက်မှာ ကျောင်းပြင်ပ ပညာရေးအလယ်တန်းအဆင့်ကနေ အထက်တန်း အဆင့်ထိ သင်ယူပြီး တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူတွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ကျောင်းပညာရေးနဲ့ ပတ်သက်လို့ အခြေခံပညာဦးစီးဌာန၊ အဆင့်မြင့်ပညာဦးစီး ဌာန၊ ဆေးပညာဦးစီးဌာန၊ စက်မှုသက်မွေးပ ညာ ဦးစီးဌာန အစရှိတဲ့ဌာနတွေက တာဝန် ယူဆောင်ရွက်နေတဲ့အပြင် စာမတတ်သူတွေအတွက် စာတတ်မြောက်ရေးလုပ်ငန်းကို ၁၉၆၀ ပြည့်လွန်နှစ်ကစလို့ မြန်မာနိုင်ငံပညာရေးသုတေသနအဖွဲ့(ဦးစီးဌာန)၊ (ယခု ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေး ဦးစီးဌာန)က အစဉ် အဆက် ဆောင်ရွက်လာခဲ့တာပါ။

၁၉၉၀ ပြည့်နှစ်မှာ အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ယူနက်စကိုရုံးက ကျောင်းပြင်ပပညာရေးကို မြန်မာနိုင်ငံမှာ မိတ်ဆက်ဖော်ဆောင်လာခဲ့ချိန်က ပညာရေးဝန်ကြီးဌာနက ကျောင်းပြင်ပပညာ ရေးလုပ်ငန်းတွေကို တာဝန်ယူဆောင်ရွက်တဲ့ ဦးစီးဌာနမရှိသေးဘူးလို့ သိရပါတယ်။

ဒါကြောင့် ပညာရေးဝန်ကြီးဌာနက အရင်စာတတ်မြောက်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ခဲ့တဲ့ အစဉ်အလာရှိတဲ့ မြန်မာနိုင်ငံပညာရေး သု တေသနအဖွဲ့(Myanmar Education Research Bureau – MERB)ကို ကျောင်းပြင်ပပညာရေး(Non–formal Education -NFE)ပင်မဌာန (Focal Institution) အဖြစ်သတ်မှတ်ပေးခဲ့ပါတယ်။

၂၀၁၆ ခုနှစ်မှာ “ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန”  (Department of Alternative Education – DAE) အသစ်ပေါ်ပေါက်လာပြီး ကျောင်းပြင်ပပညာရေး လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ပါတယ်။

MERB ဟာ ကျောင်းပြင်ပပညာရေးလုပ်ငန်းများကို အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ယူနက်စကိုရုံး နဲ့ ပူးပေါင်းပြီး ၁၉၉၀ ပြည့်လွန်နှစ်များအထိ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

MLRC ဟာ ကျောင်းပြင်ပပညာရေးကဏ္ဍမှာ ပါဝင်တဲ့ စဉ်ဆက်ပညာရေးအစီအစဉ်ကို ရေရှည်ဆောင်ရွက်ဖို့ မဆုတ်မနစ်တဲ့ ဇွဲနဲ့ ဆောင်ရွက်လျက်ရှိရာ ကျောင်းပြင်ပရောက် ကလေးတွေအတွက် အခြေခံပညာမူလတန်းဆင့်နဲ့ အလယ်တန်းဆင့် စီမံချက်တွေ၊ လုပ်ငန်းအကျိုးပြု ကျောင်းပြင်ပ ပညာရေးအစီအစဉ်တွေနဲ့  လူမှုရေး၊ ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တွေ လုပ်ခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ဆရာဆရာမတွေ အာဏာဖီဆန် CDM လုပ်ပြီး ကျောင်းမတက်ကြတာရှိသလို ကျောင်းသားတွေကလည်း စစ်ကျွန်ပညာရေးကို ဆန့်ကျင်သပိတ်မှောက်ထားကြတာဖြစ်ပါတယ်။

ဒီအခြေအနေမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့  အခြေခံပညာကျောင်းတွေ ပုံမှန်ပြည်လည် မသင်ကြားနိုင်သေးသလို ကျောင်းပြင်ပပညာရေး အစီအစဉ်တွေလည်း ရပ်တန့်နေတာ ဖြစ်ပါတယ်။ DVB

ကြာအင်းဆိပ်ကြီးတွင် ဒရုန်းဖြင့် ဗုံးကျဲမှု နှင့်တိုက်ပွဲများဖြစ်ပွားမှုကြောင့် ခမရ ၄၃၂ တပ် ရင်းမှူး ဒုဗိုလ်မှူးကြီး မျိုးကိုကိုဝင်း ဒဏ်ရာရ၊ ဗိုလ်ကြီး တစ်ဦးနှင့် တပ်သား တစ်ဦးလည်း သေဆုံး

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း စက်တင်ဘာလ ၃၀ ရက်နေ့ ဒရုန်းဖြင့် ဗုံးကျဲမှုနှင့် တိုက်ပွဲများဖြစ်ပွားမှုကြောင့် ခမရ ၄၃၂ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မျိုးကိုကိုဝင်း ဒဏ် ရာရရှိသဖြင့် စစ်ဆေးရုံတွင် တက်ရောက်ကုသနေရပြီး ဗိုလ်ကြီးတစ်ဦးနှင့် တပ်သား ၁ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

စက်တင်ဘာလ ၃၀ ရက်နေ့ ကြာအင်းဆိပ်ကြီးအဝင် ဖြစ်ပွားသော တိုက်ပွဲတွင် ဘုတ်ပြင်းမြို့နယ် ခမရ ၄၃၂ မှ ဒုဗိုလ်မှူးကြီး မျိုးကိုကိုဝင်းသည် လက်နက်ကြီးထိမှန်၍ ဒဏ်ရာရရှိပြီး အဆိုပါတပ်မှ ဗိုလ်ကြီးတစ်ဦးနှင့် တပ်သားတစ်ဦး သေ ဆုံးခြင်းဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့ကြား ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း၌ ထိတွေ့တိုက်ပွဲ နေ့တိုင်းနီးပါးဖြစ်ပွားလျက်ရှိကြောင်း ကြာအင်းဆိပ်ကြီးမြို့နယ်အခြေပြု နဂါးနီစစ်ကြောင်းမှ သတင်းပြန်ကြားရေးက ရန်ကုန်ခေတ်သစ်သို့ ပြော သည်။

ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့များကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်နေသော Federal Wings အဖွဲ့က ယမန်နေ့ညပိုင်းတွင် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်တပ် တပ်ရင်းများသို့ ဒရုန်းဖြင့် ဗုံးကျဲခဲ့ကြောင်း သိရှိရသည်။

“မနေ့ည ၁၁ နာရီခွဲမှာ ခလရ ၂၈၄ ထဲက ခမရ ၅၅၆ တပ် အနားယူနေတဲ့ တပ် ရင်းအဆောင်ကို ၈၁ မမ တစ်လုံး၊ ၆၀ မမ တစ်လုံးကျဲတယ်။ ထိ ခိုက်မှုအသေး စိတ်ကိုတော့ အတည်ပြုချက် ယူနေတုန်းပါ” ဟု Federal Wings အဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

KNU တပ်မဟာ ၆ နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ အဇင်းနယ်မြေစစ်ကောင်စီစခန်းနှင့် ဘုရားတောင်စခန်းတို့ကို KNLA ပူးပေါင်းတပ်က စက်တင် ဘာလ ၂၇ ရက်နှင့် ၂၈ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် အကြမ်း ဖက်စစ်တပ်က နယ်မြေအတွင်းသို့ စစ်ကြောင်းများအင်းအားတိုးချဲ့ ထိုးလာကြောင်းလည်း ဒေသခံတော်လှန်ရေးအဖွဲ့များထံမှ သိရှိရသည်။ khit thit

စက်တင်ဘာလ မိုးဗြဲတိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ နှင့် PDF ရဲဘော် ၉ ဦး ကျဆုံး

ရှမ်းကယားနယ်စပ် မိုးဗြဲမြို့မှာ စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်နဲ့ မဟာမိတ် တပ်ပေါင်းစုကြား တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်ကောင် စီဘက်က ၈၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ 

​မိုးဗြဲမြို့မှာ စက်တင်ဘာ ၈ ရက်နေ့ကစတင်ကာ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၈၀ ဦး ထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူအများအပြား ရှိခဲ့သလို လက်နက်ခဲယမ်း တချို့ကိုလည်း သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။ 

တိုက်ပွဲတွေအတွင်း မဟာမိတ်တပ်ပေါင်းစုဘက်မှ ရဲဘော်  ၉  ဦး  သေဆုံးပြီး ဒဏ်ရာရသူ ၅၄  ဦးရှိပြီး ၁၀ ဦးမှာ စိုးရိမ်ရတယ်လို့ ဆိုပါတယ်။ ကျဆုံးသွားတဲ့ ရဲဘော် ၉ ဦးမှာ မိုးဗြဲ PDF B-01 မှ ၅  ဦး၊ မိုးဗြဲ PDF B-02 မှ ၁ ဦး၊  URF မှ  ၂  ဦးဖြစ်ပြီး ကရင်နီအမျိုးသား ကာကွယ်ရေးတပ် KNDF -B03 မှ ရဲဘော် ၁ ဦး ပျောက်ဆုံးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာညကြောင့် အရပ်သားပြည်သူ ၁၃  ဦး ထိခိုက်ဒဏ်ရာရကာ အသက် ၁၀ နှစ်အောက် ကလေးငယ် ၃ ဦးအပါအဝင် ၆ ဦး သေဆုံးသွားတယ်လို့ ဆိုပါတယ်။

မိုးဗြဲမြို့အတွင်း စစ်ကောင်စီတပ်နဲ့ မဟာမိတ်တပ်ပေါင်းစုကြား စစ်ရေးအခြေအနေ တင်းမာ နေတာကြောင့် တိုက်ပွဲဖြစ်ပွားရာ နေရာတွေနဲ့ အ နီး တဝိုက်မှာ စစ်ကောင်စီထောင်ထားတဲ့ မိုင်းတွေရှိနေသေးတာကြောင့် ပြည်သူတွေ အသွားအလာ ဆင်ခြင်ကြဖို့နဲ့ နေရပ်ပြန်တာတွေ မပြု လုပ်ကြဖို့ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးဆပ်ဖွဲ့က သတိပေးထားပါတယ်။ DVB

လှိုင်သာယာရှိ စစ်ကောင်စီ၏ ဒေါက်တိုင် လူ မှုဖူလုံရေးစင်တာကို သတိပေးဖောက်ခွဲ၊ အလုံဗုံးပေါက်ကွဲမှုတွင် ဗုံးထောင်သူ မတွေ့ရ ကောင်းလားဟုဆိုကာ ဆိုင်ခန်းဖွင့်သူများကို စစ်တပ်ကရိုက်နှက်ပြီး ဆိုင်ဖွင့်ခွင့်ပိတ်ပင်

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်ရှိ စစ်ကောင်စီ၏ ဒေါက်တိုင် လူမှုဖူလုံရေးစင်တာကို ယနေ့ နံနက်ပိုင်းတွင် သတိပေး ဖောက်ခွဲတိုက်ခိုက်ကြောင်း မြို့ပြပျောက်ကျားတပ်ဖွဲ့ CLDF အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

အောက်တိုဘာလ ၂ ရက်နေ့ နံနက် ၃ နာရီ ၄၅ မိနစ်အချိန်တွင် မြို့ပြပြောက် ကျား CLDF အဖွဲ့က လှိုင်သာယာမြို့နယ်၊ ကျန်စစ်သားလမ်း၊ နဝဒေးအိမ်ရာ ရှိ စစ်ကောင်စီ ဒေါက်တိုင် လူမှုဖူလုံရေးစင်တာကို အဝေးထိန်းမိုင်းနှစ်လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ပထမမိုင်းပေါက်ကွဲပြီး ဒုတိယမိုင်းမှာမူ ချို့ယွင်းမှုကြောင့် မပေါက်ကွဲခဲ့ကြောင်း၊ စစ်ကောင်စီဒေါက်တိုင်များကို သတိပေး ဖောက် ခွဲခြင်းဖြစ်ပြီး ပြည်သူလူထု မရှိသည့်အချိန်ကို ရွေးချယ်၍ သတိပေး ခြင်းဖြစ်ကြောင်း CLDF အဖွဲ့က ဆိုသည်။

“မိုင်းကတစ်လုံးက System ချို့ယွင်းသွားတာကြောင့် နှစ်လုံးပူးထားခဲ့ပေမယ့် တစ်လုံးပဲပေါက်ကွဲခဲ့ပါတယ်။ ဒါကသတိပေး ဖောက်ခွဲတဲ့အ ဆင့်ပါ။ လိုက်နာမှုမရှိရင် ပိုမိုထိရောက်တဲ့တိုက်ခိုက်မှုတွေ လုပ်ပါမယ်လို့သတိပေးပါတယ်။ အ များ ပြည်သူထိခိုက်မှာစိုးလို့ မနက်ပိုင်းအစောပိုင်း ဖောက်ခွဲခဲ့ခြင်းဖြစ်ပါတယ်” ဟု CLDF အဖွဲ့၏ တာဝန်ခံ သက်ပြင်းက ပြောသည်။

မပေါက်ကွဲသေးဘဲ ကျန်ရစ်ခဲ့သည့် မိုင်းကို အောက်တိုဘာလ ၂ ရက်နေ့ နံနက် ၇ နာရီ ၃၀ တွင် စစ်တပ်က တွေ့ရှိသွားသဖြင့် ကမ်းနားသဲကွင်းတွင် အတား အဆီး ပြုလုပ်ကာ ယမ်းကပ်ဖောက်ခွဲခဲ့ကြောင်း သိရှိရသည်။

အလားတူ အလုံမြို့နယ် စောရန်ပိုင်အရှေ့ရပ်ကွက်ရုံးတွင် စက်တင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန် ဗုံးပေါက်ကွဲခဲ့ပြီး လူ ၅ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း၊ အဆိုပါ ဗုံးပေါက်ကွဲမှုအတွက် ဝေဘာဂီလမ်းအတွင်းရှိ စျေးဆိုင်ဖွင့်သူများကို စစ်တပ်က ဖမ်းဆီးရိုက်နှက်ကြောင်း၊ ဗုံးထောင်သူ မတွေ့ရကောင်းလားဟုဆိုကာ ရိုက်နှက်ပြီး ဆိုင်မဖွင့်တော့ရန် ခြိမ်းခြောက် ရိုက်နှက် ပိတ်ခိုင်းလိုက်ကြောင်း သိရှိရသည်။

“ဝေဘာဂီလမ်းထဲက စျေးဆိုင်တွေ အိမ်ဆိုင်လေးတွေကို‌ စစ်တပ် ခေါ်ရိုက်တယ်။မင်းတို့ ဗုံးထောင်သူ မတွေ့ရကောင်း လားဆိုပြီး ရိုက်တာ။ ဆိုင်လည်း မဖွင့်နဲ့တော့ဆိုပြီး ရိုက်နှက်ပြန်လွှတ်လိုက်တယ်။ မအလ အရိုးကိုက် ခွေးတွေ ရမ်းကားနေတာ” ဟု အလုံမြို့ခံတစ်ဦးက ပြောဆိုသည်။

ထို့ပြင် စက်တင်ဘာလ ၃၀ ရက်နေ့ ညပိုင်း ၉ နာရီ ၂၀ မိနစ်အချိန် အလုံမြိုနယ်၊စောရန်ပိုင်အရှေ့ရပ်ကွက်၊ နှင်းဆီကုန်းလမ်းရှိ ရွှေမင်္ဂလာ အနှိပ်ခန်းအရှေ့တွင် လက်လုပ်မိုင်းပေါက်ကွဲကြောင်း ၊ ပေါက်ကွဲမှုကြောင့် ဆိုင်တံ ခါးများ ပျက်စီးသွားကြောင်း သိရှိရသည်။ khit thit

« Older Entries