Monthly Archives: Oct 2022

ရန်ကုန်ဗဟို လူငယ်များ သမဂ္ဂ အဖွဲ့ဝင်တချို့ စစ်ကောင်စီတပ်၏ ဖမ်းဆီးခံရပြီးနောက် ပုသိမ် လူငယ်များ သမဂ္ဂအဖွဲ့ ဖျက်သိမ်းကြောင်းကြေညာ

ဧရာဝတီတိုင်း ၊ပုသိမ်မြို့အခြေစိုက် ၊ပုသိမ် လူငယ်များ သမဂ္ဂအဖွဲ့ကို ၂ဝ၂၂ ခုနှစ်၊ အောက်တိုဘာလ၊ ၂ ရက်နေ့တွင် ဖျက်သိမ်းလိုက်ကြောင်း လူငယ်များသမဂ္ဂ-ပုသိမ် Youths Union – Pathein ၏ လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။

ဗဟို လူငယ်များ သမဂ္ဂ၏ အဖွဲ့ဝင်တချို့ ဖမ်းဆီးခံခဲ့ရပြီးနောက် ရပ်တည်ရန် ခက်ခဲလာသဖြင့် ပုသိမ် လူငယ်များသမဂ္ဂအဖွဲ့ကို အပြီးတိုင်ဖျက် သိမ်းရခြင်းဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

“လွန်ခဲ့တဲ့ ခုနစ် ရက်လောက်က ရန်ကုန်မှာဗဟို လူငယ်များ သမဂ္ဂက လူခြောက် ယောက် အဖမ်းခံလိုက်ရတယ်။ သူတို့က ဘယ်မြို့နယ်တွေကလဲဆိုတာတော့ အတည်ပြုလို့မရသေးဘူး။ ဒါကြောင့်ဖျက်သိမ်းလိုက်တာလို့ သိရတယ်” ဟု ပုသိမ် လူငယ်များ သမဂ္ဂနှင့်နီး စပ်သူတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်သည် ဖမ်းဆီးခံခဲ့ရသည့် လူငယ်များ သမဂ္ဂမှလူငယ် လေး ဦးကို ရေကြည်အိုင် စစ်ကြောရေးသို့ခေါ်သွားသည်ဟု သိရပြီး ကျန် အသက်မပြည့် သူနှစ်ဦးအား ရန်ကုန်တိုင်း အတွင်းရှိ ရဲစခန်းတစ်ခုတွင် ဖမ်းဆီးချုပ်နှောင်ထားကြောင်း လူငယ်များ သမဂ္ဂနှင့်နီးစပ်သူက ဆိုသည်။

လူငယ်များ သမဂ္ဂသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးနှင့် ပတ်သတ်သည့်အရာများအားအဖက်ဖက်မှ ပါဝင်လုပ်ဆောင်နေသည့် အဖွဲ့အစည်းဖြစ်ပြီး ယခုကဲ့သို့ ရပ်နားရခြင်း အတွက် များစွာစိတ်မကောင်းဖြစ်ရပြီး ပြည်သူလူထုအား အနူးအညွတ် တောင်းပန်အပ်ပါသည်ဟု ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များ၏ ဖမ်းဆီးမှုကိုခံခဲ့ရသည့်လူငယ်များ သမဂ္ဂအဖွဲ့ဝင် ခြောက်ဦးနှင့် အဆက်အသွယ်မရရှိသေးသည့်အတွက် ၎င်းတို့၏ မိသားစုများ စိုးရိမ်နေကြသည်ဟု ပုသိမ် လူငယ်များ သမဂ္ဂနှင့် နီးစပ်သူများက ပြောကြားသည်။ mizzima

ပေါက်မြို့နယ်၊ ဇီးပြားကျေးရွာရဲစခန်းကို PDF တပ်များက ဝင်ရောက်တိုက်ခိုက်မှု စစ် သားနှင့်ရဲ ၁၇ ဦး သေဆုံးပြီး ပျူစောထီး ၅၃ ဦး အရှင်ဖမ်းဆီးရမိ၊ စစ်သားနှင့်ရဲများ ထွက် ပြေး

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဇီးပြားကျေးရွာရဲစခန်းကို PDF တပ်များက ဝင်ရောက်တိုက်ခိုက်ရာ စစ်သားနှင့် ရဲ ၁၇ ဦးသေဆုံးပြီး ပျူစောထီး ၅၃ ဦး အရှင်ဖမ်းမိကြောင်း၊ စစ်သားနှင့်ရဲများ ထွက်ပြေးသွားကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်လင်္ကျာက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂ ရက်နေ့ မွန်းလွဲ ၁နာရီ ၂၈မိနစ်မှ စတင်၍ ည ၇ နာရီခန့်အထိ ပေါက်မြို့နယ် ဇီးပြားရွာတွင် ပျူစောထီး၉၃ယောက်ခန့်ကို စစ် သင်တန်း ပေးနေသော စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ဇီးပြားရွာတွင် ပြည်သူဘက်မှ ပူးပေါင်းပါဝင်ကြသူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ အနိုင်ပြုကျင့်ခြင်း ကျေးရွာအတွင်းမှ နှင်ထုတ်မှုများ အကြိမ်ကြိမ်ပြုလုပ်နေသည်ကို တိုင်ကြားလာ၍ မြိုင်ပကဖအဖွဲ့နှင့်ပေါက်ကျေးရွာကာကွယ်ရေးအဖွဲ့များ၊ မြိုင်ကျေးရွာကာကွယ်ရေးအဖွဲ့များ ပူးပေါင်းတိုက်က်ခိုက်ကြကြောင်း သိရှိရသည်။

တိုက်ပွဲတွင် စစ်သား၊ ရဲ၊ နှင့်ပျူစောထီး ၁၇ ဦးသေဆုံးပြီး ပျူစောထီး ၅၃ ဦး အရှင်ဖမ်းမိခဲ့ကြောင်း၊ ပြည်သူဘက် တော်သားများအဖြစ် သစ္စာ ရှိစွာရပ်တည်ပေးမည်ဆိုပါက အသက်ကိုစောင့်ရှောက်မှုပေးမည်ဖြစ်ပြီး စစ်တပ် ဒေါက်တိုင်အဖြစ်မရပ်တည်ရန် ဝန်ခံကတိများပြုလုပ်ထားရှိကြောင်း သိရှိရသည်။

“မိလာတဲ့ ပျူစောထီးတွေကို လွတ်လွတ်လပ်လပ်ပဲထားပါတယ်။ ဖုန်းတွေပဲ သိမ်းထားတာပါ။ အခု ထမင်းကျွေးမလို့ ချည်ပေါင်တွေကြော်နေပြီ။ ရွာတွေကိုပြောချင်တာက ပြည်သူ့စစ်တို့ ပျူစောထီးတို့ မလုပ်ကြနဲ့တော့။ ကျနော်တို့မှာ ရွာပေါင်း ၃၅၀ ကျော် ၄၀၀ လောက်ရှိတယ်။ ကျနော်တို့ PDF တွေ တုတ်နဲ့တက်ရိုက်ရင်တောင် ခွေးတွေကို နိုင်တယ်။ လက်နက်တွေဘာတွေကို ကျနော်တို့ အဓိကထားပြီး မကောက်ဘူး။ အဲဒါကြောင့် အသက်ဆုံးရှုံးရတာရှိလို့။ ခွေးတွေကိုပဲ ထိအောင် ပစ်ဖို့ ပြောထားတာ” ဟု ဗိုလ်လင်္ကျာက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ဆိုသည်။

ဇီးပြားကျေးရွာ ရဲစခန်း တိုက်ခိုက်မှုတွင် ရဲစခန်းသိမ်းပိုက်နိုင်သည်အထိ အခြေ အနေတစ်ရပ်ရှိ သော်လည်း တိုက်ပွဲကြာချိန် ၅နာရီ ၂၂မိနစ် ကြာမြင့်ပြီး ကျည်မျိုးစုံ ၁၇၀၀၀ ထက်မနည်းအသုံးပြုခဲ့ရကြောင်း ဗိုလ်လင်္ကျာက ဆိုသည်။ khit thit

ထီးလင်းမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၆ ဦး ဒဏ်ရာရ

မကွေးတိုင်း ထီးလင်းမြို့နယ်မှာ အောက်တိုဘာ ၂ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေနဲ့ ဂန့်ဂေါခရိုင်တပ်ရင်း (၂၊ ၄၊ ၁၀) PDF-ထီးလင်းတို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၆ ယောက် ဒဏ်ရာရခဲ့တယ်လို့ PDF-ထီးလင်းဆီကနေ သိရပါတယ်။

“ထီးလင်းမြို့ကနေ ထွက်လာတဲ့ စစ်(…)အင်အား ၃၀ လောက်ကို မနေ့က မနက် ၁၁ နာရီကျော်လောက်မှာ ကျနော်တို့ဘက်က ဝါးရင်းချိုင့်ရွာလမ်းခွဲမှာ ဒရုန်းနဲ့ ကင်းထောက်တဲ့အခါ အဲဒီဒရုန်းကို စစ်(…)တွေဘက်က ပစ်ခတ်လို့ ကျနော်တို့ဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ” လို့ PDF-ထီးလင်းရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်သူလင်းကျော်က ဒီဗွီဘီကို ပြောပါတယ်။ 

အဲဒီကနေတဆင့် စစ်သားတွေဟာ ကျားခဲရွာဘက်ကို ထွက်လာတဲ့အချိန် PDF တွေ ထောင်ထားတဲ့ မိုင်ကွင်းထဲမှာ မိုင်းနင်းမိပြီး ၆ ယောက် အပြင်းထန်ဒဏ်ရာရလို့ စစ်သား ၄ ယောက်ကို ကျောပိုး၊ ၂ ယောက်ကို ထမ်းစင်နဲ့ သယ်သွားတာ မြင်လိုက်ရတယ်လို့ ဆိုပါတယ်။ 

တိုက်ပွဲအတွင်းမှာ PDF ဘက်က အထိအခိုက် အကျဆုံးမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး ရဲဘော်တယောက်ကတော့ ပြေးလွှားဆုတ်ခွာရင်း icon လက်ကိုင်စကားပြောစက်တလုံး ပြုတ်ကျကျန်ခဲ့တယ်လို့ ဗိုလ်သူလင်းကျော်က ပြောပါတယ်။ 

တိုက်ပွဲဧရိယာနဲ့ နီးစပ်နေတဲ့ စစ်ဘေးရှောင်ပြည်သူတွေကိုလည်း PDF-ထီးလင်းက လုံခြုံရေးယူပေးပြီး ဘေးလွတ်ရာ နေရာကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။ DVB

သမဂ္ဂ ၂ ခုမှ ပျောက်ဆုံးနေသော ဗဟိုအလုပ် အမှုဆောင် ကော်မတီ၀င်အချို့မှာ ဖမ်းဆီးခံထားရခြင်းဖြစ်ပြီး အသက်မပြည့်သူ ၂ ဦး ပါဝင်နေကြောင်း သိရ

လွန်ခဲ့သည့် ရက်သတ္တပတ်ခန့်က ရန်ကုန်အခြေစိုက် လူငယ်များသမဂ္ဂ(ဗဟို)နှင့် မန္တလေးအခြေစိုက် LGBD Union Mandalay တို့မှ ၎င်းတို့၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီ၀င်အချို့ ပျောက်ဆုံးနေကြောင်း ထုတ်ပြန်ချက်အသီးသီးထွက်ပေါ်ခဲ့ပြီး ယခုတွင် ပျောက်ဆုံးနေသောသူ များအား စစ်ကောင်စီတပ်မှ ဖမ်းဆီးထားခြင်းဖြစ်ကြောင်း အတည်ပြုနိုင်ပြီဖြစ်သည်။

သမဂ္ဂနှစ်ခုမှ ပျောက်ဆုံးနေသော အဖွဲ့ဝင်များနှင့် စက်တင်ဘာလ ၂၆ ရက် ညပိုင်းမှ စတင်ကာ အဆက်အသွယ်ပြတ်တောက်သွားခြင်းဖြစ် သည်။

“ညီမ သိတဲ့သူနဲ့ အဆက်သွယ်ပြတ်တာက ၂၆ရက်နေ့ ညဦးပိုင်းလောက်က။ သူတို့အတူတူနေတဲ့ တစ်ဖွဲ့လုံးပါသွားတာပါ။ အတူနေတဲ့နေရာကိုလည်း အတူတူနေတဲ့ ငါးယောက်ကလွဲ ပြီးမသိကြဘူး။ ညီမကိုမပြောနဲ့ သူတို့ သမဂ္ဂက တစ်ခြားသူတွေတောင်မသိပါဘူး။” ဟု သတင်းရင်း မြစ်က ပြောသည်။

အဖမ်းခံရသူ စုစုပေါင်း ခြောက်ယောက်ခန့်ရှိပြီး ထိုထဲတွင် အသက်မပြည့်သေးသူနှစ်ယောက်လည်း ပါဝင်ကြောင်း သိရသည်။

“ ခြောက်ယောက်လို့ ယူဆရပါတယ်ဗျ။ အဖမ်းခံရတဲ့အခြေအနေကိုတော့မသိလိုက်ဘူးဗျ။ အသက်မပြည့်တာ နှစ်ယောက်ပါ။ ယောက်ျားလေးတစ်ယောက်၊ မိန်းကလေး တစ်ယောက်ပါ။ အဖမ်းခံရတဲ့နေရာ အချိန်တွေကိုတော့ အတည်မပြုနိုင်သေးဘူးဗျ။ အခုကတော့ တချို့က နယ်မြေစခန်းတွေ ပြန်ရောက်နေကြပါပြီ။ တချို့ကတော့ သတင်းမကြားရသေးပါဘူးဗျ။” ဟု ရန်ကုန်အခြေစိုက် လူငယ်များသမဂ္ဂ(ဗဟို)မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမ ကို ဖြေကြားသည်။

ဖမ်းဆီးခံထားရသူများမှာ ရန်ကုန်အခြေစိုက် လူငယ်များသမဂ္ဂ(ဗဟို)၏ ဥက္ကဋ္ဌ ၊ ဒုဥက္ကဋ္ဌ(၁) ၊ ဒုဥက္ကဋ္ဌ(၂) ၊ တွဲဖက်အတွင်းရေးမှူးနှင့် အမှုဆောင်ကော်မတီ၀င်တို့ဖြစ်ပြီး မန္တလေးအခြေစိုက် LGBD Union Mandalay ၏ ဥက္ကဋ္ဌ ဖြစ်သူလည်း အပါအဝင်ဖြစ်သည်။ ထိုထဲတွင် ကင်ဆာရော ဂါခံစားနေရသော ဒဂုံတက္ကသိုလ် မြန်မာမေဂျာမှ CDM ကျောင်းသား ကိုဇော်ထက်လည်းပါဝင်သည်။

လက်ရှိတွင် ၎င်းတို့ထဲမှ စစ်ကြောရေးတွင် သုံးယောက်ရှိနေသေးကြောင်း ယူဆရပြီး အချို့မှာ နယ်မြေစခန်းကိုလည်း ပြန်လည်ရောက်ရှိနေသလို သတင်းပျောက်ဆုံးနေသည့်သူလည်းရှိကြောင်း သိရသည်။ mizzima

ဖားကန့်တွင် လက်နက်ကိုင်ဆောင်ထားသော ဓားပြ ၅ ဦးကို PDFနှင့် ပြည်သူများက ဝိုင်း ဝန်း ဖမ်းဆီး

ဖားကန့်မြို့နယ်တွင် လက်နက်ကိုင်ဆောင်ပြီး ဓားပြမှု ကျူးလွန်နေသူ ၅ ဦးကို PDF ရဲဘော်များနှင့် ပြည်သူများက ဝိုင်းဝန်း ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၂၈ ရက်နေ့ ည ၁၀ နာရီခန့်က ဖားကန့်မြို့နယ် ဆိပ်မူနှီးဘုရားကုန်းရှိ နေအိမ် ၁ လုံးကို လက်နက်ကိုင်ဆောင်ပြီး ဓားပြတိုက် သွားသူ ၅ ဦးသည် HAPPY KTV တွင် ပျော်ပါးနေချိန် ဖားကန့် K.PDF ရဲဘော်များနှင့် ပြည်သူများမှ ဝိုင်းဝန်း ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဓားပြမှု ကျူးလွန်သူ ၅ ဦးမှာ အိုက်လျန်(ခ)ဇော်မျိုးအောင် (တန့် ဆည် မြို့နယ် သဲစားရှာရွာ)၊ ငြိမ်းချမ်းဦး (တန့်ဆည်မြို့နယ် သဲစားရှာရွာ)၊ မြင့်သူ (တန့်ဆည်မြို့နယ် သဲစားရှာရွာ)၊ မျိုးသက်နိုင်(ခ)နွားကြီး (ဆိုင်းတောင်)နှင့် စိုင်းအိုက်နောင့် (ဆိုင်းတောင်) တို့ ဖြစ်ပြီး ၎င်းတို့နှင့် အတူ သေ နတ် အရှည် ၂ လက်၊ ကျည် ၄၁ တောင့်၊ အတု အတိုသေနတ် ၁ လက်နှင့် သိမ်း ဆည်းရမိသော ငွေသား သိန်း ၁၀၀ ကျော်နှင့် အတူ ဖုန်း ၇ လုံးနှင့် ကား ၁ စီးတို့ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

” သူတို့ ၅ ဦးက PDF အမည် သုံးပြုပြီး ဓားမြ တိုက်နေတာ PDF ပုံရိပ် ကျဆင်းစေရုံတင် မဟုတ်ဘဲ အများပြည်သူတွေရဲ့ သံသယနဲ့ စိုးရိမ် ထိတ်လန့်မှုကိုပါ ဖြစ်စေခဲ့ပါတယ်။ PDF ပုံရိပ်ကို ကျဆင်းစေအောင် ရည်ရွယ်ချက်ရှိရှိ စစ်ကောင် စီရဲ့ လက်ပါးစေတွေက စေခိုင်းချက်အရ ပြည်သူနဲ့ PDF ကို သွေးကွဲစေရန် လုပ် ဆောင်နေခြင်းတွေကို စစ်ဆေး တွေ့ရှိခဲ့ရပါတယ်။ PDF ပုံရိပ်ကို ထိခိုက် ကျဆင်းစေရန် ပြစ်မှု ကျူး လွန်သူမှန်သမျှကို ဖားကန့် K.PDF တပ်ရင်း တပ်ဖွဲ့များနဲ့ ကျေးရွာ ရပ်မိ ရပ်ဖများ မှ လုံးဝ(လုံးဝ)ခွင့်လွှတ်မည် မဟုတ်ဘဲ အရေးယူသွားမည်” ဟု ဓားပြ ဖမ်းဆီးရေးတွင် ပါဝင်ခဲ့သည့် ဖားကန့် ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။ khit thit

ဖားကန့်တွင် ကချင်လူငယ်တဦးကို စစ်ကောင်စီ ပစ်သတ်

အောက်တိုဘာ ၂ ရက်နေ့ညက ကချင်ပြည်နယ်၊ ဖားကန့်မြို့ ကျောက်ဝိုင်းနားမှာ ကချင်လူငယ်တယောက်ကို စစ်ကောင်စီတပ်တွေက ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။  

အင်အား ၅၀ လောက်ပါတဲ့ စစ်သားတွေဟာ မနေ့က ည ၉ နာရီကျော်က မြို့မရပ်ကွက်၊ ဖားကန့်ကျောက်ဝိုင်းတဝိုက်မှာ လမ်းသွားလမ်းလာတွေကို စစ်ဆေးခဲ့ပြီး မရပ်တဲ့သူတွေကို သေနတ်နဲ့ လိုက်ပစ်တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။ 

ည ၁၀ နာရီခွဲလောက်မှာ အသက် ၂၅ နှစ် အရွယ် မရန်ဆိုင်းဂူကို ပစ်သတ်ခဲ့ပြီး အလောင်းကို အခုချိန်ထိ ရှာမတွေ့သေးဘူးလို့ ဆိုပါတယ်။  

“အလောင်းကို ခုချိန်ထိ ရှာမတွေ့သေးဘူး။ ဆေးရုံမှာရော ရဲစခန်းမှာရော လိုက်ရှာတာပဲ။ သူ့မိဘတွေလည်း ညကတော့ ကောင်လေးတယောက် ပစ်သတ်ခံရတာပဲ သိပြီးတော့ မနက် ၉ နာရီထိ မသိသေးတာ။ ညက ဖားကန့်ဆေးရုံကို ကျည်ဆန်ရာနဲ့ အလောင်းတလောင်း ရောက်လာတယ်၊ အင်္ကျီအနက်နဲ့ ဘောင်းဘီတို ဝတ်ထားတယ် ဆိုပြီးသိရမှ သူတို့သားမှန်း သိတာ။ အခုထိတော့ အလောင်းလုံးဝ ရှာမတွေ့သေးဘူး။ အလောင်းရဖို့ လိုက်စုံစမ်းနေတုန်းပဲ” လို့ ဒေသခံတယောက်က ပြောပါတယ်။ 

မနေ့ညက ဖားကန့်ကျောက်ဝိုင်းအနီးတဝိုက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက လမ်းသွားလမ်းလာတွေကို စစ်ဆေးခဲ့ပြီး  သေနတ်သံတွေ ဆက် တိုက်ကြားရသလို နေအိမ်တချို့ ကျည်ဆန်ထိမှန်ခဲ့တယ်လို့ သိရပါတယ်။  

ဒီလဆန်းပိုင်းကတည်းက စစ်ကောင်စီတပ်တွေဟာ ဖားကန့်မြို့ထဲ ကင်းလှည့်စစ်ဆေးတာတွေ လုပ်နေပြီး ညတိုင်းလည်း သေနတ်သံကြားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ DVB

စက်သုံးဆီ ၉၂ တစ်လီတာလျှင် ကျပ် ၂,၀၀၀ အောက်သို့ကျဆင်း

စက်သုံးဆီဈေးနှုန်းများကျဆင်းလာပြီး ယနေ့ အောက်တိုဘာလ ၃ ရက်တွင် ၉၂ တစ်လီတာလျှင် ၁,၉၅၀ ကျပ်သို့ ရောက်ရှိနေကြောင်း စက်သုံးဆီအရောင်းဆိုင်များထံမှ ရရှိထားသည့် အချက်အလက်များအရ သိရသည်။

စစ်ကောင်စီလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီမှ ၉၂ တစ်လီတာလျှင် ၁,၉၅၀ ကျပ်၊ ၉၅ တစ်လီတာလျှင် ၂,၀၂၀ ကျပ်၊ ဒီဇယ်ဆီတစ်လီတာလျှင် ၂,၃၆၅ ကျပ်နှင့် ပရီမီယံဒီဇယ်ဆီ တစ်လီတာလျှင် ၂,၄၅၀ ကျပ်ဟု အသီးသီးရည် ညွှန်းဈေးသတ်မှတ်ခဲ့သည်။

” ရည်ညွှန်းစျေးအတိုင်း အပြင်မှာလည်း ပေးဝယ်ရတယ်။ ၂,၀၀၀ ကျပ်အောက်ကျဆင်းပေမယ့် တချို့နေရာတွေမှာတော့ ဒေသအလိုက် ဈေးအနည်းငယ်ကွာခြားမှုတော့ရှိတယ်။ ဒီနေ့ ကျိုင်းတုံမှာဆိုရင် ၉၂ တစ်လီတာ ၂,၇၆၀ ကျပ်နဲ့ ၉၅ တစ်လီတာကို ၂,၈၅၀ ကျပ်အထိ ပေးဝယ်ရတယ်” ဟု မဇ္ဈိမ၏ သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၃၀ ရက်နေ့တွင် ရန်ကုန်ဈေးကွက်၌ ၉၂ တစ်လီတာလျှင် ၂,၀၆၀ ကျပ်၊ ၉၅ တစ်လီတာ ၂,၁၅၀ကျပ်၊ ဒီဇယ်တစ်လီတာ ၂,၅၇၅ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာဆိုပါက ၂,၆၆၀ ကျပ် အသီးသီးရှိခဲ့ရာမှ အောက်တိုဘာ လဆန်းပိုင်းတွင် ဈေးနှုန်းများပြန်လည်ကျဆင်း လာခဲ့ခြင်းဖြစ်သည်။

သီလဝါဆိပ်ကမ်း၌ စက်တင်ဘာလအတွင်း ပထမအကြိမ် ဆီဂါလံ စုစုပေါင်း ၂၄၆.၁၄ သန်း၊ စက်တင်ဘာ ၂၅ ရက်တွင် ဆီဂါလံ စုစုပေါင်း ခြောက် သန်းကျော်၊ စက်တင်ဘာလ ၂၈ ရက်၌လည်း ဆီဂါလံ စုစုပေါင်း ရှစ် သန်းကျော်အထိ ဆီချခဲ့ပြီးဖြစ်ကြောင်းလည်း စစ်ကောင်စီလက် အောက်ခံ စီးပွားကူးသန်းဝန်ကြီးဌာန၏ အချက်အလက်များတွင်ဖော်ပြသည်။

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်မှ စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများအား ‌ကန်ဒေါ်လာ သန်း ၂၀၀ ကျော်ကို ပြီးခဲ့သည့်စက်တင် ဘာလဆန်းပိုင်းတွင် ထုတ်ချေးပေးမည်ဟုလည်း ကြေညာချက် ထုတ်ပြန်ခဲ့ဖူးသည်။ mizzima

ပင်းပက် သံမဏိစက်ရုံ နှင့် တီကျစ် ကျောက် မီးသွေး စက်ရုံကြောင့် အမျိုးသမီးများ သား ပျက်သားလျောခြင်း အပါအဝင် ပြည်သူများ ၏ ကျန်းမာရေး ဆိုးရွားလာ၊ မြေယာ သိမ်း ဆည်းခံရမှုများ အလွန်များပြား

ရှမ်းပြည်နယ်၊ ပင်းပက် သံမဏိစက်ရုံ နှင့် တီကျစ် ကျောက်မီးသွေး စီမံကိန်းများကြောင့် အမျိုး သမီး များ သားပျက်သားလျောခြင်း အပါအ ဝင် ပြည်သူ များ၏ ကျန်းမာရေး ဆိုးရွားခြင်းနှင့် မြေယာ သိမ်းဆည်းခံရမှုများ အလွန်များပြားလာနေကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး( P YC) က ထုတ်ဖော်ပြောဆိုသည်။

ရှမ်းပြည်နယ်တွင် သံမဏိစက်ရုံစီမံကိန်း ပင်းပက်(တောင်ကြီး)နှင့် ကျောက် မီးသွေးစက်ရုံ (တီကျစ်) စီမံကိန်းများကြောင့် ဒေသခံပြည်သူများမှာ အမှုန်အမွှားများကြောင့် အချိန်မတိုင်မီ အသက်သေဆုံးရခြင်း၊ အမျိုးသမီးများ သား ပျက်သားလျောခြင်း၊ အိုးမဲ့ အိမ်မဲ့ မြေယာမဲ့ခြင်းများ ဖြစ်ပေါ်လာခြင်း၊ လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းဆုံးရှုံးခြင်း၊ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ ဆုံးရှုံးခြင်းအပြင် သဘာဝပတ်ဝန်း ကျင် ထိခိုက် ပျက်စီးမှုများ ခံစားနေရကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး( PYC) က အစီရင်ခံစာထုတ်ပြန်ပြောဆိုသည်။

ပအိုဝ်းလူငယ်အစည်းအရုံး( PYC) ၏ “လွဲမှားနေသော မြေယာ သဘာဝသယံ ဇာတ စီမံခန့်ခွဲမှုနှင့် ဒေသခံတောင်သူတို့ဘဝ” အစီရင်ခံစာတွင် တောင်ကြီး ပင်း ပက်သတ္တုတွင်းလုပ်ဆောင်ရန် သီးနှံဖျက်ဆီးခံရသည့် တောင်သူများကို နစ်နာကြေးပေးရာတွင် တောင်သူ ၁၇ ဦးကို ပေး လျော်ရန် ကျန်ရှိနေသေးပြီး သတ္တုများ သယ်ဆောင်ရန် မီးရထားလမ်းဖောက်လုပ်ရန်အတွက် မြေယာသိမ်း ဆည်းခံရမှုများ ၊ မြေယာရောင်းချရန် ဖိအားပေးလုပ်ဆောင်မှုများနှင့် ကြုံတွေ့နေရကြောင်း ပအိုဝ်းလူငယ်အစည်းအရုံးက ယနေ့ အောက်တိုဘာ ၃ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

“တီကျစ်က လူနေအိမ်တွေမှာ ကျောက်မီးသွေးအမှုန်တွေက ကျတယ်။ လှဲကျင်းလို့လည်း မရဘူး။ အဲဒီအမှုန်တွေကို နေ့တိုင်း ရှူရှိုက်နေရတော့ အသက် ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေရပြီး အရွယ်မတိုင်ခင် သေဆုံးတာတွေ ကြုံ တွေ့ရတယ်။ ပြီးတော့ အမျိုးသမီးတွေဆိုလည်း သားပျက်သားလျောတာတွေ၊ ကိုယ်ဝန်ပျက်ကျတာတွေ ၊ ပေါင်မပြည့်ဘဲ မွေးလာတာတွေ များလာပါတယ်” ဟု PYC မှ မနန်းဟုန်က အစီရင်ခံတွေ့ရှိချက်များကို ပြောပြသည်။

ထို့ပြင် မြေယာသိမ်းဆည်းခံရမှုများကို ဒေသခံများ ကြုံတွေ့နေရပြီး တီကျစ်မြေယာသိမ်းဆည်းမှုတွင် ဟိုပုံးရှိ တိုင်းဗဟို ၃ တပ်၊ BE တပ်၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာ သိပ္ပံ ၊ ဆီဆိုင်ရှိ ခြေမြန်တပ်ရင်း ခမရ (၄၂၃)၊ ခမရ (၄၂၄) ၊ အခြား သိမ်းဆည်းမြေ (အသွင်ပြောင်းပြည်သူ့စစ်) တို့က သိမ်းဆည်းနေကြကြောင်း သိရှိရသည်။

ပြည်သူများကို ထိခိုက်နေသည့် ရင်းနှီးမြှုပ်နှံမှုများအနက်မှ တောင်ကြီး (ပင်းပက်သံမဏိ စက်ရုံ) တွင် Tyazhprom export (TPE) ကုမ္ပဏီ၊ ငွေကမ္ဘာကျော်၊ ရှမ်းရိုးမ ကုမ္ပဏီများပါဝင်ရင်းနှီးမြှုပ်နှံထားကြောင်း၊ ပင်လောင်း (တီကျစ်) စီမံကိန်းတွင် China National Heavy Machinery Corporation Company(CHMC) ၊ မြန်မာနိုင်ငံဧဒင်အုပ်စု၊ Wuxi Hua Quang(china) တို့က ရင်းနှီးမြှုပ်နှံထားကြောင်း သိရှိရသည်။

ပင်းပက် သံမဏိစက်ရုံနှင့် တီကျစ်ကျောက်မီးသွေး စီမံကိန်းများကြောင့် ဟိုပုံးတွင် မြေသိမ်းခြင်း၊ စွန့်လွှတ်မြေယာများ မူလတောင်သူထံ ပြန် လည် မရောက်သေးခြင်းတို့ ကြုံတွေ့နေရပြီး ဆီဆိုင်မြို့နယ်တွင်လည်း မြေသိမ်းခြင်း၊ စွန့်လွှတ် မြေယာများ မူလတောင်သူထံ ပြန်လည် မရောက်သေးခြင်းတို့ အပါအဝင် သိမ်းဆည်းခံ မြေယာနှင့် ပတ်သက်ပြီး မူလပိုင်ရှင်တောင်သူများကို မြေသိမ်း ဆည်းသူ အကြမ်းဖက်စစ် စစ် တပ်မှ တရားစွဲဆိုခြင်းများလည်း ရှိကြောင်း သိရှိရသည်။khit thit

မြောက်ဦးမြို့တွင် ဆေးဆိုင်ပိုင်ရှင် ၁ ဦးကို စစ် တပ်က ဖမ်းဆီး

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှာ အောက်တိုဘာ ၃ ရက် မနက်ပိုင်းက ဆေးဆိုင်ပိုင်ရှင် တယောက်ကို စစ်ကောင်စီတပ်က  ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တောင်ရပ်ကွက် မြို့မစျေးမှာ ဆေးဆိုင်ဖွင့်ထားတဲ့ ဦးဘကျော်(ခ)ဦးမောင်မြသိန်းကို မနက် ၁၀ နာရီခွဲလောက်က စစ်ဆေးမေးမြန်းစရာရှိလို့ဆိုပြီး ဖမ်းဆီးသွားတာလို့ မြောက်ဦးမြို့ခံ တယောက်က ပြောပါတယ်။

အသက် ၅၉ နှစ်ရှိ ဦးဘကျော်ဟာ ဘားဘူတောင်၊ တောင်ရပ်ကွက်မှာ ဇနီး၊ သား နှစ်ယောက်၊ သမီးတယောက်နဲ့ အတူနေထိုင်ကာ သူ့ကို ခမရ ၃၇၇ တပ်ရင်းကို ခေါ်သွားကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ ရခိုင်ပြည်နယ်အတွင်းက ဒေသခံတွေ၊ သတင်းထောက်တွေနဲ့ ရခိုင်လူမျိုး ဝန်ထမ်းတွေကို ULA/AA နဲ့ ဆက်စပ်တယ်လို့ စွပ်စွဲကာ ဖမ်းဆီးနေသလို ရပ်ကွက်၊ ကျေးရွာတွေကိုလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဆက်တိုက်ပစ်ခတ်နေတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ရက္ခိုင်တပ်တော်(အေအေ)တို့ တကျော့ပြန် စစ်ပွဲ ဖြစ်တာ အခုဆို တလကျော်လာပြီဖြစ်ပြီး စစ်ဘေးရှောင် ဦးရေဟာလည်း ၂၀၂၂ ခုနှစ်  စက်တင်ဘာ ၅ ရက်အထိ ၇၁၉၄၂ ဦး နေရပ်စွန့်ခွာနေကြရပါတယ်။

ဒီအထဲမှာ မြောက်ဦး၊ ကျောက်တော်နဲ့ စစ်တွေမြို့နယ်တို့မှာ  အသစ်ထပ်မံ နေရပ်စွန့်ခွာလာရသူ စစ်ဘေးရှောင် ၄၉၅၉ ဦးရှိကြောင်း ကုလ သမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) စက်တင်ဘာ ၂၆ ရက် ထုတ်ပြန်ချက်မှာ  ဖော်ပြပါတယ်။ DVB

« Older Entries