Monthly Archives: Oct 2022

ကျောက်ဆည်မြို့နယ် ရေပြစ်ရွာရှိ ဒေသခံပြည်သူကို စစ်ကောင်စီတပ် ပစ်ခတ်ဖမ်းဆီး

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ ရန်ဘက်လုံရွာ(ရေပြစ်)တွင် နေထိုင်သူ ဒေသခံပြည်သူတစ်ဦးကို စစ်ကောင်စီတပ်က ယမန်နေ့ အောက်တိုဘာလ ၅ ရက် နံနက် ၁၁ နာရီခန့်တွင် ပစ်ခတ်ဖမ်းဆီးသွားကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီတပ်၏ ပစ်ခတ်ဖမ်းဆီးခံရသူမှာ အသက် ၄၀ ဝန်းကျင်ရှိ ကိုကျော်မင်းလွင်ဖြစ်ပြီး စစ်ကောင်စီတပ်သားအင်အား ၃၀ ခန့်က ကားငါးစီးဖြင့် နေအိမ်အတွင်း ဝင်ရောက် ပစ်ခတ်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

”သူက အရင်ကတော့ NLD ထောက်ခံ သူပါ။ ဒလန်ကြောင့် အပစ်ခံလိုက်ရတာ။ သေနတ် ၁၅ ချက်လောက်ထိ ပစ်ခတ်ပြီး ဖမ်းဆီးသွားတာပါ။ ပေါင်ကို ကျည်ထိမှန် ဒဏ်ရာရပါတယ်” ဟု ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

ပစ်ခတ်ဖမ်းဆီးခံရသူ ကိုကျော်မင်းလွင်အား ကျောက်ဆည်မြို့နယ်၊ စမာရွာ အခြေစိုက် စစ်ကောင်စီဂိတ်စခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး ညနေပိုင်းတွင် ရွာသား အချို့ ကို ထပ်မံဖမ်းဆီးခဲ့ကြောင်း ဒေသခံများက သိရသည်။

”စစ်ကောင်စီတပ်သားတွေက ညနေခင်းမှာ တစ်ခေါက်ပြန်ရောက်လာပြီးတော့ အသက် ၅၀ ဝန်းကျင်ရှိတဲ့အုပ်ကြီး(အုပ်ချုပ်ရေးမှူး)နဲ့ အသက် ၃၀ ဝန်းကျင်ရှိတဲ့ အရပ်သား တစ်ယောက်ကို ထပ်ပြီး ဖမ်းခေါ်သွားတယ်”ဟု ဒေသခံက ထပ်မံပြောကြားသည်။

စစ်ကောင်တပ်သားများသည် ပြီးခဲ့သည့် အောက်တိုဘာလ ၂ ရက်နေ့ ည ၁၂ နာရီခန့်က ရေပြစ်ရွာနှင့် နှစ်မိုင်ခန့်သာဝေးသည့် တံတားဦးကုန်းရွာမှ ဒေါ်သိန်းဌေး အသက် (၄၇) နှစ်ကို ဖမ်းဆီးခဲ့ပြီး အောက်တိုဘာလ ၄ ရက်နေ့ နံနက်ပိုင်းတွင် ၎င်း၏ အလောင်းကို သွားရောက်ယူဆောင်ခဲ့ရကြောင်း ဒေသခံများထံက သိရသည်။

မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ယခုနှစ် စက်တင်ဘာလကုန် အထိ စစ်ကောင်စီတပ်၏ ညှဉ်းပန်းနှိပ်စက်မှုနှင့် ပစ်ခတ်ဖြတ်မှုကြောင့် ကျဆုံးသူ ၂,၃၃၆ ဦးရှိသည်။

၂၀၂၂ အောက်တိုဘာလ ၄ ရက်နေ့အထိ စစ်ကောင်စီ၏ ဖမ်းဆီးချုပ် နှောင်ခြင်း ခံထားရသူ ဦးရေ ၁၂,၅၆၃ ဦးရှိပြီဖြစ်ကြောင်း နိုင်ငံရေး အ ကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြုစုထားသည့် စာရင်းများအရ သိရသည်။ mizzima

ခင်ဦးတွင် စစ်တပ်က လမ်းပိတ်ထား၍ ကားမျိုးစုံ ၁၂၇ စီးနှင့် ခရီးသည် ၃၀၀ ကျော် ၇ ရက်ကျော် ပိတ်မိနေပြီး ဆိုင်ကယ်များအား လုံး သိမ်းဆည်းခံရ၊ ဖြတ်လေးဖြတ်ကြောင့် ခင်ဦးတွင် စားသောက်ကုန်၊ စက်သုံးဆီ၊ စားသုံးဆီများ စတင် ပြတ်တောက်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်တပ်က လမ်းများပိတ်ဆို့ထား၍ ကားမျိုးစုံ ၁၂၇ စီးနှင့် ခရီးသည် ၃၀၀ ကျော် ၇ ရက်ကျော် ပိတ်မိနေကြောင်း ခင်ဦးဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ရွှေဘိုခရိုင် ခင်ဦးမြို့နယ်မှဖြတ်သွားရသည့် ရေဦး-ညောင်ပင်ကြီးစု-ညောင်ပင်သာ-ရွှေဘို ကားလမ်းကို စက်တင်ဘာလ ၃၀ ရက်နေ့ မှစတင်ပြီး ရွှေဘိုမြို့နယ် ညောင်ပင်သာ စိုက်ပျိုးရေး ကျောင်းတွင် တပ်စွဲထားသော စစ်တပ်က ပိတ် ဆို့ထားကြောင်း၊ သဲအိတ်များဖြင့် လမ်းမကြီးကို ပိတ်ကာထားကြောင်း၊ ရေဦး- ရွှေဘို လမ်းပေါ်တွင် သွားလာနေသော ကားများ ခင်ဦးမြို့နယ်အတွင်းပိတ်မိနေသည်မှာ ၇ရက်ရှိခဲ့ပြီဖြစ်ရာ ကုန်ကား အိမ်စီးကား ခရီးသွားလိုင်းကား အပါ အဝင် ကားအစီးရေ ၁၂၇ စီး စုစုပေါင်း လူဦးရေ ၃၀၀ ကျော် ဒုက္ခရောက်နေကြကြောင်း သိရှိရသည်။

“ပိတ်မိနေတဲ့ ပြည်သူတွေကို အနီးအနားရွာတွေက ထမင်း တစ်နပ်ကို ၁၀၀၀ နှုန်းနဲ့ စီစဉ်ပေးကြတယ်။ အလှူရှင်ရှိရင်လည်း ကျွေးပေးတယ်။ အနီးအနားရွတွေက ကူညီစောင့်ရှောက်ပေးနေရတယ်” ဟု ခင်ဦးဒေသခံတစ်ဦးက ဆိုသည်။

စစ်တပ်က ခင်ဦးမြို့နယ်ကို ဆက်သွယ်ရေး၊ အစား အသောက်၊ ရိက္ခာ ကုန် ပစ္စည်း လမ်းကြောဖြတ်တောက်သည့် အနေဖြင့် အောက်တိုဘာလ ၅ ရက်နေ့ ရွှေဘို ခင်ဦး မဟာနန္ဒာ ကန်တော်လမ်း(OMCမူးဘောင်)တွင် ကန်တော်မှ သီးကုန်းရွာအထိ လမ်းတစ်လျှောက် တွေ့ရှိသောဆိုင်ကယ်အားလုံး၊ အိမ်ရှေ့၊ဆိုင်ရှေ့တွင် ရပ်ထားသည့်ဆိုင်ကယ်ပါမကျန်ကို အစီးရေ ၆၀ ကျော်ကို ကား ၃စီးဖြင့် စစ်တပ်က သိမ်းဆည်းယူဆောင်သွားကြောင်း၊ လိုင်စင်ပါသောဆိုင်ကယ်များ ပြန်ရွေးလိုလျှင် တစ်စီး ၂သိန်းကျပ်ဖြင့် ပြန်ရွေးခိုင်းပြီး လိုင်စင်မပါသောဆိုင်ကယ်များကို ပြန်မပေးတော့ကြောင်း သိရှိရသည်။

“အခုဆိုရင် ခင်ဦးမြို့နယ်မှာ စက်သုံးဆီ စားသုံးဆီနဲ့ စားသောက်ကုန်များ လည်း အချို့ပြတ်တောက်နေပီလို့သိရပါတယ်။ စစ်တပ်က ခင်ဦးကို ရိက္ခာဖြတ်၊ ဆက်သွယ်ရေးဖြတ်၊ ငွေကြေးဖြတ်၊ လမ်းကြောင်းဖြတ်၊ အင်အားဖြတ်တောက် တာတွေ လုပ်နေတာထင်သာမြင်သာတယ်” ဟု ခင်ဦးဒေသခံက ဆိုသည်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်သည် စစ်ကောင်စီတပ်ကို ဆန့်ကျင်တိုက်ခိုက်နေသည့် မြို့နယ်တစ်ခုဖြစ်ပြီး စစ်တပ်က လည်း ခင်ဦးတွင် ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း အပါအဝင် စစ်ရာဇဝတ်မှုများ ကျူးလွန်လျက်ရှိကြောင်း ဒေသခံများက ဆိုကြသည်။ khit thit

သာယာဝတီထောင်တွင် နိုင်ငံရေးအချုပ်သား ၂၀ ကျော် အလုပ်ကြမ်း ခိုင်းစေခံနေရ

ပဲခူးတိုင်း၊ သာယာဝတီထောင်မှာ CDM ဝန်ထမ်းတွေ အပါအဝင် နိုင်ငံရေးအကျဉ်းသား ၂၀ ကျော်ကို စစ်ကောင်စီက အလုပ်ကြမ်းတွေစေခိုင်းပြီး အကြမ်းဖက် ရိုက်နှက်နေတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအချုပ်သားတွေဟာ တရားစွဲဆိုခံထားရပြီး အမှုရင်ဆိုင်နေရတုန်း အဆင့်မှာပဲ အလုပ်ကြမ်းတွေ စေခိုင်းခံနေရတာ၊ အကြမ်းဖက် ရိုက်နှက်ခံနေရတာတွေဟာ အကျဉ်းထောင်ဥပဒေတွေနဲ့ ညီညွတ်မှုမရှိတဲ့အတွက် အပြင်းအထန် ကန့်ကွက်တယ်လို့ အချုပ်သားတယောက်ရဲ့ မိသားစုဝင်တဦးက ပြောပါတယ်။

“အထဲကိုရောက်နေတဲ့ ကျနော့်မိသားစုဝင်ကတော့ နိုင်ငံရေးအကျဉ်းသားတွေအတွက် Speak Out လုပ်ပေးဖို့ လူကြုံမှာလိုက်တယ်။ အိမ်သာကျင်းတူးခိုင်းတာတို့၊ ထမင်းစားရတာ သောက်ရတာလည်း ဆိုးဆိုးရွားရွားကြီးကို ဆက်ဆံခံရတယ်ပေါ့ဗျာ။ အဲ့လိုမျိုးတွေ ပြောခိုင်းတယ်ဗျ။ သူ့တယောက်တည်းအတွက်တော့ မဟုတ်ဘူးပေါ့ဗျာ။ နိုင်ငံရေး အကျဉ်းသားတွေကို ပြစ်ဒဏ်မချခင်မှာ ဒီလိုမျိုးတွေ မတရားခိုင်းစေတာတွေ အနိုင်ကျင့်တာတွေက ဘယ်လိုဥပဒေမှလည်း မရှိခဲ့ဘူးဆိုတော့လေ။ ဒါမျိုးတွေက မဖြစ်သင့်ဘူးပေါ့လေ။ သူတို့ရဲ့ စီမံအုပ်ချုပ်မှုက အရမ်းညံ့ ဖျင်းတယ်ပေါ့။ အဲဒီလိုပဲ ပြောရမယ်။”

သာယာဝတီထောင်မှာ ထောင်ဝင်စာတွေ့ခွင့်ကို ထောင်အာဏာပိုင်တွေက ကန့်သတ်ထားပြီး ၂ ပတ်မှာ ၁ ကြိမ်သာ တွေ့ဆုံခွင့်ပေးမယ်လို့ စက်တင်ဘာလကုန်ပိုင်းက ထုတ်ပြန်ထားပါတယ်။ တွေ့ဆုံရာမှာလည်း ၁၅ မိနစ်ကနေ မိနစ် ၂၀ အထိပဲ အများဆုံးတွေ့ဆုံခွင့်ရမှာဖြစ်ပြီး အကျဉ်းသားတဦးကို တလ ငွေကျပ် ၁ သိန်းထက်ပိုပြီး မိသားစုက မပေးဖို့လည်း ကန့်သတ်ထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်းမှာ စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုတာခံရသူ ၁၂,၅၀၀ ကျော်ရှိနေတယ်လို့ နိုင်ငံရေးအကျဉ်း သားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အောက်တိုဘာ ၅ ရက်နေ့အထိ မှတ်တမ်းတွေက ဖော်ပြပါတယ်။

မိသားစုနဲ့ အဆက်အသွယ်ပြတ်ပြီး စာရင်းပျောက်နေတဲ့လူငယ်တွေ၊ ဘယ်အကျဉ်းထောင် ဘယ်စစ်ကြောရေးကို ရောက်နေတယ်ဆိုတာ သတင်းမရတဲ့ ပြည်သူတွေလည်း အများအပြား ရှိနေခဲ့တာပါ။

ဖမ်းဆီးထိန်းသိမ်းခံရသူတွေဟာ ဥပဒေရဲ့ အကာအကွယ်ကို မရကြဘဲ စစ်ကောင်စီက စီမံချင်သလို စီမံပြီး တရားစွဲဆို ထောင်ချတာတွေကို ရင်ဆိုင်နေကြရပါတယ်။ DVB

မန္တလေး-ပြင်ဦးလွင်လမ်းပေါ် မိုင်းဆွဲတိုက်ခိုက်မှုတွင် ပြည်သူကိုငဲ့ညှာလိုက်ရသဖြင့် စစ်ဆင် ရေး အပြည့်အ၀ မအောင်မြင်ခဲ့

မန္တလေး-ပြင်ဦးလွင်လမ်း၊ ထုံးဘိုကျေးရွာအနီး၊ စစ်ကောင်စီယာဉ်တန်းအား မိုင်းဆွဲတိုက်ခိုက်သည့် စစ်ဆင်ရေးတွင်၊ ပြည်သူ ကိုငဲ့ညှာလိုက်ရသဖြင့်၊ စစ်ဆင်ရေးအပြည့်အ၀ မအောင်မြင်ဖြစ်ခဲ့ရကြောင်း၊ ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)သတင်း ထုတ်ပြန်ချက်အရ သိရသည်။

ပုသိမ်ကြီးမြို့နယ် မန္တလေး-ပြင်ဦးလွင်လမ်း ထုံးဘိုကျေးရွာ မိုင်တိုင်(၁၁) အနီးတွင်၊ ယမန်နေ့ အောက်တိုဘာ ၆ ရက် ညနေပိုင်းက၊ ပြင်ဦးလွင်မြို့မှဆင်းလာသည့် စစ်ကောင်စီယာဉ်တန်းကို၊ ပကဖအဖွဲ့က မိုင်းသုံးလုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ရန် စီစဉ်ခဲ့သည်။

ထိုသို့စီစဉ်ခဲ့သော်လည်း မိုင်းတစ်လုံးသာ ဖောက်ခွဲနိုင်ခဲ့ကြောင်း ၎င်းအဖွဲ့ကဆိုသည်။

“ကြိုတင်စီမံထားသော ပဒေသာမိုင်းသုံးလုံးဖြင့်၊ ဖောက်ခွဲတိုက်ခိုက်ရန်ကြိုးပမ်းခဲ့ပါသည်။ အခြေအနေအရ တစ်လုံးသာဖောက်ခွဲနိုင်ခဲ့ပြီး၊ စခ(စကစတပ်သား)များ သေနေ့မစေ့သေးသောကြောင့် ထိခိုက်မှုအနည်းငယ်သာရရှိသွားကြောင်း” ဟု ပကဖသတင်းထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ပေါက်ကွဲမှုဖြစ်ခဲ့ပြီးနောက် စစ်ယာဉ်တန်းပေါ်လိုက်ပါလာသည့် စစ်သားများသည် ပတ်၀န်းကျင်ကို ကြောက်လန့်တကြားဖြင့် သေနတ်အချက်ရေ နှစ်ဒါဇင်ခန့် ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း အနီး၀န်းကျင်နေထိုင်သူများကဆိုသည်။

“နောက်နောင်တွင်လည်း စကစကျွန်များအား အလျဉ်းသင့်သလို တိုက်ခိုက်သွားမည်ဖြစ်သောကြောင့် မိဘပြည်သူများအနေနဲ့ စစ်ခွေးရဲခွေးယာဉ်တန်းများနှင့်ခပ်ခွာခွာနေပေးကြပါ” ဟူ၍လည်း ပကဖ(ပုသိမ်ကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့) က မေတ္တာရပ်ခံတောင်းဆို သတိပေးထုတ်ပြန်ထားသည်။ mizzima

ဂျပန်နိုင်ငံသား မှတ်တမ်း ရုပ်ရှင်ရိုက်ကူးသူ Kubota ကို စစ်​ကောင်စီက ထောင်ဒဏ် ၁၀ နှစ်ချမှတ်

ရန်ကုန်တိုင်း၊ တောင်ဒဂုံတွင် ဂျပန်နိုင်ငံသား မှတ်တမ်း ရုပ်ရှင်ရိုက်ကူးသူ Toru Kubota ကို စစ်အာဏာရှင် ဆန့် ကျင်ရေး ဆန္ဒပြသူများနှင့်အတူ ဇူလိုင်လ ၃၀ ရက်နေ့တွင် ဖမ်းဆီးပြီးနောက် အောက်တိုဘာလ ၅ ရက်နေ့တွင် စစ်တပ်ကထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်ကြောင်း AFP သတင်းအရ သိရှိရသည်။

ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်တွင် ဇူလိုင်လ ၃၀ ရက်နေ့ ဂျပန်နိုင်ငံသား Toru Kubota အပါ အဝင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသူများကို စစ်တပ်က အကြမ်းဖက် ဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေ ၊ နိုင်ငံအကြည်ညိုပျက်စေမှု အပါအဝင် ပုဒ်မများဖြင့် ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူကို ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်ခြင်းဖြစ် ကြောင်း၊ ဆက်လက်၍ လ၀က ဥပဒေချိုးဖောက်မှုဖြင့် ဆက်လက် အရေးယူထားကြောင်း ဂျပန်သတင်းတချို့ကဆိုသည်။ khit thit

စစ်ကောင်စီလုပ်မည့် ရွေးကောက်ပွဲတွင် မပူးပေါင်းရန် မအူပင် PDF သတိပေး

အာဏာသိမ်းစစ်ကောင်စီကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲကို ပူးပေါင်းဆောင်ရွက်တာ၊ တာဝန်ယူတာတွေမပြုလုပ်ကြဖို့ မအူပင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြည်သူတွေကို သတိပေးစာ ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ ၂၀၂၃ ရွေးကောက်ပွဲလမ်းကြောင်းမှာ ပါဝင်နေသူတွေကို တမျိုးသားလုံးရဲ့ ဘုံရန်သူအဖြစ် သတ်မှတ်မယ်လို့ မအူပင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

မအူပင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက “အဓိက ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မြို့နယ်၊ ရပ်/ကျေး ကော်မရှင်မှာ ပါဝင်ကြမယ့်သူတွေက အဓိကဖြစ်တယ်။ ကော်မရှင်က တင်ဒါခေါ်နေတာ တွေ့ရတယ်။ စီးပွားရေးအရ ပူးပေါင်းပါဝင်တယ်ဆိုတာ လေ့လာစိစစ်မယ်၊ နောက် ဒေါက်တိုင်တွေရဲ့ လုပ်ဆောင်နေမှုတွေအပေါ် ကျနော်တို့ရဲ့ scout team တွေက လေ့လာသုံးသပ် စိစစ်မှုတွေလုပ်မယ်။ ပူးပေါင်းဆောင်ရွက်သူတွေကို အကြောင်းထပ်ကြားမယ်။ မလိုက်နာရင် ကျနော်တို့ဘက်က တိုက်ခိုက်မှုတွေ မလွဲမသွေ ရှိလာပါလိမ့်မယ်။ တရားမျှတမှုလိုလားတဲ့ ပြည်သူတွေအတွက် ကျနော်တို့ တိုက်ပွဲဝင်သွားမှာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပြည်သူတွေ လက်နဲ့ရေးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ခြေနဲ့ဖျက်ပစ်ဖို့ ၂၀၂၃ ခုနှစ်မှာ ရွေးကောက်ပွဲကျင်းပနိုင်ရေး အာဏာသိမ်းစစ်ကောင် စီက လုပ်ဆောင်နေကြောင်း တွေ့နေရတယ်လို့ သတိပေးစာမှာ ထည့်သွင်း ဖော်ပြထားပါတယ်။

မအူပင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က အောက်တိုဘာ ၅ ရက်နေ့မှာ ပြည်သူတွေကို အချက် ၅ ချက် သတိပေးစာ ထုတ်ပြန်ထားပါတယ်။

မအူပင်မြို့နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ ရွေးကောက်ပွဲနဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ အနိုင် ရရှိခဲ့ပါတယ်။ DVB

ဟားခါးဆေးရုံ၌ လူနာ၊ လူနာစောင့်နှင့် COVID-19 ရောဂါ ကာကွယ်ဆေးထိုးရန် စောင့်ဆိုင်းသူများကို စစ်ကောင်စီတပ်က ဖမ်းဆီး စစ်ဆေးပြီး ပြန်လွှတ်

ချင်းပြည်နယ် ၊ဟားခါးမြို့ ပြည်သူ့ဆေးရုံတွင် တက်ရောက် ဆေးကုသနေသည့် လူနာ၊လူနာစောင့်များနှင့် COVID-19 ရောဂါ ကာကွယ်ဆေးထိုးရန် စောင့်ဆိုင်းနေသူ စုစုပေါင်း ၁၉ဦး ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အောက်တိုဘာလ ၄ရက်နေ့ ညနေပိုင်းက ဖမ်းဆီးပြီး ရဲစခန်းသို့ ပို့လိုက်ကြောင်း သိရသည်။

ဖမ်းဆီးခံရသူ၁၉ဦးတွင် အမျိုးသမီး လေးဦးနှင့်အမျိုးသား၁၅ဦး ပါဝင်ပြီး ၎င်းတို့ကို အဆိုပါနေ့ ညနေ ၆ နာရီကျော်တွင် ရဲစခန်းမှ ပြန်လွှတ် ပေးခဲ့ကြောင်းလည်း သိရသည်။

”ဖမ်းသွားတဲ့သူတွေကို ချက်ချင်းတော့ ပြန်လွတ်ပေးလိုက်တယ်။ ဘာကြောင့်ဖမ်းတာလဲဆိုတော့ ဆေးရုံထဲမှာ စစ်ကောင်စီတပ်တွေက ပစ္စည်း ဝေနေတဲ့ပုံတွေ၊ သူတို့စခန်းချနေတဲ့ ပုံတွေ၊သူတို့လှုပ်ရှားမှုတွေ ချင်းမီဒီယာတွေမှာ သတင်းတက်လာတာတွေ့ပြီး ဒါဆေးရုံထဲကရှိတဲ့သူတွေထဲကရိုက်ပြီး ချင်းမီဒီယာတွေကို ဖြန့်တာဆိုပြီး ဆေးရုံထဲမှာရှိတဲ့သူတွေကို ဖမ်းခေါ်သွားကြတာ။ရဲစခန်းမှာကျတော့ ဖုန်းတွေစစ်ဆေးပြီးပြန်လွှတ်ပေးလိုက်ကြတယ်” ဟု ဖမ်းခံရသူနှင့် နီးစပ်သူများထံမှ သိရသည်။

ပြီးခဲ့သည့် လပိုင်းကလည်း ချင်းအဆိုတော်တစ်ဦးက ဟားခါးချင်းရိပ်သာ မီးလောင်သည့်ပုံကို ၎င်း၏နေအိမ်မှရိုက်ပြီး ဖေ့ဘွတ် လူမှုကွန်ရက် My dayတွင်တင်ထား၍ စစ်ကောင်စီ ဖမ်းဆီး ခဲ့သေးသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က ဟားခါးပြည်သူ့ဆေးရုံဝန်းထဲ၌ တပ်စွဲထားပြီး ယခင်တာဝန်ကျဆရာဝန်များ အခန်းအတွင်း ဝင်ရောက်နေထိုင်ခြင်းများ ရှိနေကြောင်းလည်း သိရသည်။ mizzima

ကရင်၊ စစ်ကိုင်း၊ ကရင်နီဒေသများသို့ သိန်း ၁၀၀၀ စီ ပံ့ပိုးမည့် iPhone 14 ၊ ရွှေလက် ဆောင်နှင့် ပန်းချီကားများ ဆုမဲများပါဝင်သော သီတင်းကျွတ်- တန် ဆောင်တိုင် လက်ဆောင်မြိုင်မြိုင် ကမ်ပိန်းပြုလုပ်မည်

ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ကရင်နီပြည်နယ်များသို့ ငွေကျပ် သိန်း ၁၀၀၀ စီ စီးဆင်းမည့် သီတင်း ကျွတ်-တန်ဆောင်တိုင် လက်ဆောင်မြိုင်မြိုင် ကမ်ပိန်း ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။

မြန်မာ၊ ထိုင်း၊ စင်ကာပူ၊ အမေရိက၊ ဂျပန်၊ ထိုင်ဝမ်၊ တောင်ကိုရီးယား၊ ဩစတြေးလျနှင့် မလေးရှားနိုင်ငံတို့သို့ ရောက်ရှိနေသည့် ပြည်သူများ အားလုံးပါဝင်နိုင်မည်ဖြစ်ပြီး ကံစမ်းမဲလက်မှတ် ဆုမဲများမှာ iPhone 14၊ ငါးမူးသား ရွှေလက်ဆောင်များနှင့် ပန်းချီကားများ ပါဝင်ကြောင်း ကမ်ပိန်းစီစဉ်သူများထံမှ သိရှိရသည်။

ကမ်းပိန်း Target ကို ကျပ်သိန်း ၃၀၀၀ သတ်မှတ်ထားပြီး ကရင်၊ စစ်ကိုင်းနှင့် ကရင်နီပြည်နယ်များသို့ ကျပ်သိန်း ၁၀၀၀ ကျပ်စီ စီးဆင်းမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့တွင် လက်မှတ်ဖြတ်ပိုင်းများအနေနှင့် ရောင်းချသွားမည်ဖြစ်ပြီး ကျန်နိုင်ငံများမှာ Digital Ticket အနေနှင့် ရောင်းချမည်ဖြစ်သည်။

ကံစမ်းမဲ လက်မှတ်များ ဝယ်ယူလိုပါက မြန်မာနိုင်ငံပြည်တွင်းတွင်ဝယ်ယူရန် – UVS FUNDRAISING TEAM (https://www.facebook.com/uvsfundraisingteam )နှင့် သီတင်းကျွတ် တန်ဆောင်တိုင် လက်ဆောင်မြိုင်မြိုင် (https://www.facebook.com/ktjgamecom/) ၊ ကိုရီးယားနိုင်ငံအတွင်းဝယ်ယူရန် – We Love Mother Land-Korea (https://m.facebook.com/wlmlk1/ ) , Myingyan GZ Group (https://www.facebook.com/profile.php?id=100076628962324 ) , Rise Again Myanmar

https://m.facebook.com/riseagainmyanmar/) , အသုက သုခအဖွဲ့ (https://www.facebook.com/profile.php?id=100078303035321 ) , KTJ SUPPORTING GROUP (https://www.facebook.com/www.ktjgroup.org/ ) ၊ ထိုင်ဝမ်နိုင်ငံတွင်းဝယ်ယူရန် – Taiwan Alliance For Myanmar (https://www.facebook.com/TaiwanAllianceforMyanmar ) ၊ စင်င်္ကာပူနိုင်ငံအတွင်း ဝယ်ယူနိုင်ရန် – Spring Helpers Singapore ( https://www.facebook.com/Spring-Helpers-104745258727140/ )၊

USA နှင့် Australia နိုင်ငံများအတွင်းဝယ်ယူရန် – Ko Htoo (https://www.facebook.com/toototoo)

တို့တွင် လက်မှတ်များ စတင်ဝယ်ယူနိုင်မည်ဖြစ်သည်။

ကံစမ်းမဲစျေးနှုန်းများမှာ နိုင်ငံအသီးသီးငွေစျေးများနှင့် ကိုက်ညှိ၍ သတ်မှတ်ထားပြီး မြန်မာငွေ ၁၀၀၀၀ ကျပ်၊ ထိုင်း ၂၀၀ ဘတ်၊ စင်ကာပူဒေါ် လာ ၁၀ ၊ အမေရိကန်ဒေါ်လာ ၁၀ ၊ ဂျပန်ယန်း ၁၅၀၀၊ ထိုင်ဝမ်သုံးငွေ ၂၀၀၊ တောင်ကိုရီးယားဝမ် ၁၅၀၀၀ ၊ ဩစတြေးလျဒေါ်လာ ၁၅၀၀ နှင့် မလေးရှား ရင်ဂစ် ၃၅ သတ်မှတ်ထားကြောင်း သိရှိရသည်။ khit thit

ဗန်းမောက်မြို့နယ်၌ တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီတပ်က ဂျက်လေယာဉ်ဖြင့်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်တောင်ပိုင်း ကျောက်မဲတောင်ခြေမှာ စစ်ကောင်စီတပ်တွေနဲ့  ဒေသခံ KIA နဲ့ PDF ပူးပေါင်းတပ်တွေအကြား တိုက်ပွဲပြင်းထန်ဖြစ်ပွားပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံကသိရပါတယ်။

ကျောက်အိုင်၊ ပေပင်နဲ့ တောင်ကြီးရွာနားမှာရှိတဲ့ ကျောက်မဲတောင်ခြေမှာ အောက်တိုဘာ ၄ ရက် မနက် ၉ နာရီလောက်စပြီး အင်းတော်ဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ KIA၊PDF၊ ပ.က.ဖ ပူးပေါင်းတပ်ဖွဲ့တွေ တစ်နေ့လုံးတိုက်ပွဲဖြစ်ပွားခဲ့တာမှာ ညနေ ၆ နာရီလောက်မှာတော့  စစ်ကောင်စီလေတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့  နီးစပ်သူတစ်ဦးက ပြောပါတယ်။

“တိုက်ပွဲဖြစ်တဲ့အသံတွေတော့ မနက်ကတည်းကနေ ကြားနေရတယ်။ တစ်နေကုန်နီးပါးပဲ၊ ညနေ ၆ နာရီထိုးခါနီးလောက်ထင်တယ် လေယာဉ်ဝဲပြီး  ဗုံးတွေလာကြဲသွားတယ်။ တိုက်ပွဲဖြစ်တဲ့နေရာနားဘက်မှာပဲ။”

လေယာဉ်နဲ့ဗုံးကြဲမှုကြောင့် ကျေးရွာကို ထိခိုက်မှုရှိ မရှိ မသိရသေးဘဲ တိုက်ပွဲဖြစ်ပွားတဲ့နေရာနဲ့နီးတဲ့ ကျေးရွာက ပြည်သူတွေကလည်း ထွက် ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“မနေ့ကတည်းကနေ စစ်ကြောင်း(စကစ)တက်လာတယ်ကြားတော့ကျေးရွာက ပြည်သူတွေက ကြိုပြီး ထွက်ပြေးတိမ်းရှောင်နေကြပြီ၊ ရွာသုံးရွာလုံးမှာ ဘယ်သူမှမရှိလောက်တော့ဘူး၊ နီးစပ်တဲ့ကျေးရွာတွေကို ပြေးတဲ့သူကပြေးပေါ့။”

စစ်ကောင်စီစစ်ကြောင်းဟာ အင်းတော်ဘက်ကနေ အင်းအား ၁၅၀ ကျော်နဲ့ တက်လာဖြစ်ပြီး ကျောက်မဲတောင်ခြေအရောက်မှာ ထိတွေတိုက် ပွဲဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲဖြစ်ပွားတဲ့နေရာနဲ့ နီးတဲ့ ကျောက်အိုင်၊ စီးမော်ရွာ၊ ပေပင်ရွာနဲ့ တောင်ကြီးရွာတွမှာ ခန်းမှန်း အိမ်ခြေ ၁၀၀၀ ကျော် ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့အောက်တိုဘာ ၃ ရက်ကလည်း  အင်းတော်မြို့နယ်နဲ့ ဗန်းမောက်မြို့နယ် နယ်စပ်နားက ကျေးရွာနားမှာလည်း စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။ DVB

ဘုရားသုံးဆူမြို့နယ်ခွဲ၊ မက္ကသာကျေးရွာကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်များ ခိုလှုံရာ ဘုန်း ကြီးကျောင်း ထိမှန်ပျက်စီး

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးခရိုင်၊ ဘုရားသုံးဆူမြို့နယ်ခွဲ၊ မက္ကသာကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက အောက်တိုဘာလ ၆ ရက် ယနေ့နံနက် ၃ နာရီဝန်းကျင်တွင် လေကြောင်းမှတဆင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် မက္ကသာ ဘုန်းကြီးကျောင်း ထိမှန်ပျက်စီးခဲ့ကြောင်း သ တင်းရရှိသည်။

ယခင်က အဆိုပါ ဘုန်းကြီးကျောင်းတွင် ဒေသခံရွာသားများ ခိုလှုံနေကြသော်လည်း ယခု စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ချိန်တွင် လူထိခိုက်မှု မရှိခဲ့ကြောင်း သိရှိရသည်။

“ဒီဒေသတွင်းမှာ တိုက်ပွဲတွေဖြစ်တော့ ကျောင်းထိုင်ဘုန်းကြီးက အရင်ရက်တွေကတည်းက ရှောင်သွားပြီ၊ ဘုန်းကြီးရှောင်သွားတော့ ပြည်သူတွေလည်း ဘုန်းကြီးကျောင်းကို မသွားကြတော့ဘူး၊ အဲဒါကြောင့် ပြည်သူတွေ မထိတာ” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

အခြားဒေသခံတစ်ဦး၏ ပြောဆိုချက်အရ ယင်းဘုန်းကြီးကျောင်းမှ ကိုရင်နှစ်ပါး ပျောက်ဆုံးနေကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်၏ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဘုန်းကြီး ကျောင်းအတွင်းရှိ ကျောင်းဆောင်တစ်ခုပျက်စီးကြောင်း ရန်ကုန်ခေတ်သစ်က အတည်ပြုနိုင်ပြီး အခြားထိခိုက်ပျက်စီးမှုများကို အသေးစိတ်သိရှိနိုင်ရန် ဆက်လက်စုံစမ်းလျက်ရှိသည်။

အဆိုပါဒေသသည် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆၊ ဒူးပလာယာခရိုင် အုပ်ချုပ်နယ်မြေအတွင်း တည်ရှိပြီး စစ်တပ်နှင့် KNL A ပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲများ နေ့စဉ်နီးပါး ဖြစ်ပွားလျှက်ရှိသည်။

ဘုရားသုံးဆူမြို့အနီး ဘုရားတောင်စစ်တပ်စခန်းကို KNLA ပူးပေါင်းအဖွဲ့က စက်တင်ဘာလ ၂၈ ရက်နံနက်တွင် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် အကြမ်းဖက်စစ်ကောင်စီသည် ကြာအင်းဆိပ်ကြီးအခြေစိုက် တပ်ရင်းများမှတဆင့် လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်ခြင်း၊ ကင်းထောက်နှင့် တိုက်လေယာဉ်များ မကြာခဏ ဝဲပျံခြင်း၊ ဗုံးကျဲပစ်ခတ်ခြင်းများ ပြုလုပ်နေသည်။ khit thit

« Older Entries