Monthly Archives: Oct 2022

စစ်ကောင်စီခန့် ချင်းပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း နယ်မြေစိုးမိုးရေးအတွက် စစ်ကောင်စီတပ်အင်အားဖြည့်တင်းပေးရန် တောင်းခံ

စစ်ကောင်စီခန့် ချင်းပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အတွင်း နယ်မြေစိုးမိုးရေးအတွက် စစ်ကောင်စီတပ်အင်အားဖြည့်တင်းပေးရန် တောင်း ခံခဲ့ကြောင်း ပြီးခဲ့သည့် စက်တင်ဘာ လဆန်းပိုင်းက ထွက်ရှိလာသည့် အစီရင်ခံစာ အရသိရသည်။

ထွက်ရှိလာသည့် အစီရင်ခံစာတွင် ကျေးရွာချင်းဆက်လမ်းများ လုံခြုံရေးအတွက် နယ်မြေရှင်းလင်းရေးနှင့် လုံခြုံရေးကိစ္စများဆောင်ရွက်နိုင်ရေးအတွက် လုံလောက်သည့် တပ်မတော်အင်အားဖြည့်တင်းဆောင်ရွက်ပေးရန် စစ်ကောင်စီခန့် ချင်းပြည်နယ် ဝန်ကြီးချုပ်က ပြည်ထောင်စုသို့ တင်ပြတောင်းခံခဲ့ကြောင်းသိရသည်။

လက်ရှိချင်းပြည်နယ်တွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ပေါင်း ၁၉ ဖွဲ့ရှိနေပြီး စစ်ကောင်စီမှ စိုးမိုးထားသည့်နယ်မြေစုစုပေါင်းမှာ ပြည်နယ်တစ်ခုလုံး၏ ၆၁.၄၄ ရာခိုင်နှုန်းသာစိုးမိုးထားနိုင်သည်ဟုလည်း အဆိုပါ အစီရင်ခံစာတွင်ဖော်ပြထားသည်။

ထို့အပြင်ချင်းပြည်နယ်သည် တခြားသောတိုင်းဒေသကြီး ပြည်နယ်များနှင့်မတူဘဲ နယ်မြေလုံခြုံရေးအား စစ်ကောင်စီတပ်နှင့်ရဲ တို့ကသာ တာ ဝန်ယူဆောင်ရွက်နေရပြီး စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် ၊ စစ်မှုထမ်းဟောင်း၊ ရဲမှုထမ်းဟောင်းနှင့် မီးသတ်ထုတ်နုတ်အင်အားမရှိကြောင်း သိရသည်။ mizzima

ရေဦး-တန့်ဆည် အစပ်တွင် PDF ရဲဘော် ၃ ဦး ကျဆုံးပြီး ၄ ဦးပျောက်ဆုံး၊ ဝက်လက်တွင်လည်း ဒလန်သတင်းပေးမှု ကြောင့် PDF စခန်း ဝင်စီးခံရပြီး ၈ ဦး ကျဆုံး

စစ်ကိုင်းတိုင်း၊ ရေဦး-တန့်ဆည်မြို့နယ်အစပ် တက်သစ်(မ)ကျေးရွာအနီးတွင် ယမန်နေ့ ဖြစ်ပွား‌သောတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၆ ဦးသေ ဆုံးသကဲ့သို့ PDF ဘက်မှာလည်း ရဲဘော် ၃ ဦးသေဆုံးပြီး ၄ ဦးပျောက်ဆုံးလျက်ရှိကြောင်း ဒေသကာကွယ်ရေးတပ်များထံမှ သိရှိရသည်။

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြိုနယ်၊ တက်သစ်(မ)ရွာသို့ ရောက်ရှိနေသော စစ်ကောင်စီတပ်သားများကို အောက် တိုဘာလ ၇ ရက် နေ့လယ်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် SSTF (MRDA ခင်ဦးတပ်ခွဲ)က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၆ ဦး သေဆုံးကြောင်း ၊ တိုက်ပွဲအတွင်း သေဆုံးသွားသော စစ်ကောင်စီတပ်သား ၆ဦး၏ အလောင်းများကို တန့်ဆည်မြို့ဘက်သို့ ပြန် လည်သယ်ဆောင်သွားခဲ့ကြောင်း၊ အောက်တိုဘာလ ၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန် တန့်ဆည်မြို့နယ်၊ တပ်သစ်(မ)ရွာမှ ထွက်လာသော စစ်ကောင်စီတပ် သားများကို ကလဇင်ရွာနှင့်ဒယ်ရောက်ရွာကြားတွင် မြောက်ပိုင်းမဟာမိတ်(ဓူဝံ)၊ MDF- Hydra Force နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ၄၅မိနစ်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲများတွင် PDF များဘက်မှလည်း ရဲဘော် ၃ ဦးသေဆုံးပြီး ၄ ဦးပျောက်ဆုံးလျက်ရှိကြောင်း သိရှိရသည်။

“ကျနော်တို့ဘက်က ရဲဘော် ၃ဦးကျဆုံးခဲ့ပါတယ်။ ကျနော်တို့ရေဦးနယ်အဖွဲ့က ရဲဘော် သူရအောင် နဲ့ တန့်ဆည်နယ်အဖွဲ့က ရဲဘော် ၂ယောက် ကျဆုံးခဲ့ပြီး အခုချိန်အထိ ရဲဘော် ၄ယောက် ပျောက်ဆုံးနေဆဲပါ။ ကျဆုံးရဲဘော် သူရအောင်နဲ့ အတူတူပါသွားတဲ့ သူရဆွေလည်း ပျောက်ဆုံးနေဆဲပါ။ ပျောက်ဆုံးရဲဘော် ၄ဦးမှာ တစ်ဦးက ကျနော်တို့ရေဦးနယ်ကာကွယ်ရေးအဖွဲ့က သူရဆွေပါ။ ကျန်၃ဦးက တန့်ဆည်နယ်အဖွဲ့ကပါ။ စစ်တပ်နဲ့တိုက်ပွဲဖြစ်ပြီး ပြန်ဆုတ်ချိန်မှာ ဆင်ထားတဲ့မိုင်းကို သွားပြန်ဖြုတ်တဲ့အချိန် ရေဦး-တန့်ဆည်နယ်စပ် ရွာဗုကြီးရွာထဲမှာ ဝပ်နေတဲ့ ခွေးကင်းပုန်းနဲ့တွေ့ပီး ခေါင်းပစ်သတ်ခံလိုက်ရပါတယ်။ တန့်ဆည်နယ်အဖွဲ့ ကျဆုံးရဲဘော် ၂ဦးကတော့ ထိတွေ့မှုဖြစ်နေတဲ့အချိန်မှာ ပြည်သူတွေကို လက်နက်ကြီးမထိအောင် ကာဗာပေးရင်း ကျဆုံးသွားခဲ့ရတာပါ။ ခွေးတွေဘက်က ၆ကောင်လောက်ကျတာတော့ မှန်ပါတယ်။ ကျနော်တို့ရေဦးနယ်ကာကွယ်ရေးအဖွဲ့ ရဲဘော် သူရဆွေကတော့ ဖမ်းမိသွားလား တနေရာရာပြေးရင်း ရောက်နေတာလားဆိုတာ အခုထိစုံစမ်းနေဆဲပါ။ ကျဆုံးရဲဘော် သူရအောင်ကို ကျနော်တို့ရေဦးနယ်ဘက် Dead body ပြန်သယ်လာနိုင်ပြီး မနေ့ကညနေပိုင်း ၆နာရီခန့်လောက်မှာ ခရစ်ယန်ထုံးတမ်းဆင်လာအရ ဂူသွင်းသဂြိုလ်ပေးခဲ့ပါတယ်။ တန့်ဆည်နယ်အဖွဲ့က ကျဆုံးရဲဘော် ၂ဦးကိုလည်း ပြန်သယ်နိုင်ပီး သဂြိုလ်လိုက်ပြီ” ဟု ရေဦး PDF က ပြောသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဘုရားလေးကျေးရွာအနီးရှိ PDF စခန်းကို စစ်တပ်က တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် ပစ်ခတ်ပြီး စစ်အင်အား ၁၀၀ ဝန်းကျင်ဖြင့် ဝင်ရောက်စီးနင်းရာ PDF ရဲဘော် ၈ ဦး ကျဆုံး ခဲ့ရကြောင်း ဒေသခံများထံမှ သိရှိရသည်။

“အခု PDF စခန်းတစ်ခုကို စစ်တပ်က မြေပုံနဲ့ကို တက်သိမ်းတာ။ အတော်များများ လွတ်ပေမယ့် ၈ ဦးလောက်တော့ ကျဆုံးပါတယ်။ ဒလန်သတင်းပေးလို့ အတိအကျ ဝင်စီးတာပါ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ khit thit

စစ်တပ်စစ်ကြောင်းထိုးနေသဖြင့် မုံရွာတောင်ပိုင်းက ဒေသခံ ၂၀၀၀ နေရပ် မပြန်နိုင်သေး

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်တောင်ပိုင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ရှာဖွေ ဖမ်းဆီးနေတာကြောင့် ဒေသခံ ၂ ထောင်ကျော် နေရပ် မပြန်ရဲသေးဘဲ ဖြစ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နေရပ်မပြန်ရဲသေးတဲ့ ဒေသခံတွေဟာ မုံရွေးရွာ၊ ကြေးမုံရွာ၊ ကုန်းရွာ၊ ကူတောရွေနဲ့  မင်းရွာ တွေက ဒေသခံတွေ ဖြစ်တယ်လို့ သိရပါတယ်။

မုံရွေးဒေသခံပြည်သူ တဦးက “အောက်တိုဘာ ၄ ရက်ကနေ ဒီနေ့အထိ ရွာတွေထဲ လက်နက်ကြီးနဲ့ ပစ်ပြီး ဝင်လိုက်၊ ထွက်လိုက်လုပ်နေလို့ မပြန်ရဲသေးဘူး။ ဒီကောင်တွေက PDFနဲ့ တိုက်ပွဲ ဖြစ်ပြီးရင် ဒေသခံတွေ ဖမ်းပြီး သတ်ဖြတ်ကြတယ်” လို့ ပြောပါတယ်။

နေရပ် မပြန်ရတာဟာ ဒီနေ့ဆို ၆ ရက်လောက်ရှိနေပြီး  အများစုကတော့ ကျေးရွာအနီးအနားက ကျေးရွာတွေနဲ့ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းမှာ ခိုလုံနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ကတော့ မုံရွေးကျေးရွာကနေ စစ်ကြောင်းထိုးပြီး အောက်တိုဘာ ၄ရက် နဲ့ ၅ ရက် တွေမှာ ဒေသခံ နေအိမ် ၇ လုံး ထက်မနည်း မီးရှို့ခဲ့ကြပါတယ်။‌  DVB

ဝက်လက်မြို့နယ်တွင် စစ်ကောင်စီတပ် ရ ဟတ်ယာဉ်ဖြင့်တိုက်ခိုက်၊ ၈ဦးထက်မနည်းသေဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ပိုင်း ဘုရားလေးကုန်းကျေးရွာအနီးတွင် စစ်‌ကောင်စီတပ်ဖွဲ့က ရဟတ်ယာဥ်ရှစ်စီးဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ကာကွယ်ရေးတပ်သားများ အပါအဝင် ဒေသခံ ရှစ်ဦးထက်မနည်း သေဆုံးပြီး အများအပြားဒဏ်ရာရရှိကြောင်း သိရသည်။

ယမန်နေ့ အောက်တိုဘာလ ၈ ရက်နေ့ နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့က ရဟတ်ယာဥ်‌ ခြောက်စီးဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ရဟတ်ယာဥ်နှစ်စီးဖြင့် တပ်သားများချသွားကြောင်း ဒေသခံများထံက သိရသည်။

ရဟတ်ယာဥ်ဖြင့် ပစ်ခတ်တိုက်ခိုက်သည့်နေရာသည် ဝက်လက်မြို့နယ် တပ်ရင်းတစ်ခု၏ သင်တန်းပေးသည့်နေရာဖြစ်ပြီး သင်တန်းပေးနေစဥ် တိုက်ခိုက်ခဲ့ကာ လက်နက်နှင့်ပစ္စည်း အများအပြားသိမ်းဆည်းခဲ့ကြောင်း စစ်ကောင်စီဘက်မှလည်း ထုတ်ပြန်ထားသည်။

“အလောင်း ရှစ်လောင်းတွေ့ထားတယ်။ကွန်မန်ဒိုတပ်တွေချသွားတာ။ဒဏ်ရာရတဲ့သူတွေ၊ပျောက်ဆုံးနေတဲ့သူတွေလည်း ရှိသေးတယ်။ရဟတ်ယာဥ်နဲ့လာပစ်တဲ့အချိန် ဘာမှပြန်မလုပ်နိုင်ဘူး။ကျည်ဆန်က ဘယ်နေရာကထွက်လို့ ထွက်နေမှန်းကိုမသိဘူး။တရစပ်အပစ်ခံရတာ “ဟု ကာ ကွယ်ရေးတပ်ဖွဲ့တစ်ခုထံမှ သိရသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်သားများသည် ရေလည်မော်ကျေးရွာအနီး ဒူထင်တောင်တွင် တပ်စွဲထားပြီး ရေလည်မော်ကျေးရွာနှင့် ဘု ရားလေးကုန်းကျေးရွာကြားရှိ နေအိမ်များလည်း မီးရှို့ဖျက်ဆီးခံထားရကြောင်း သိရသည်။

ရဟတ်ယာဥ်ဖြင့် လာရောက်တိုက်ခိုက်စဥ် ဆင်နင်းကျေးရွာ စာသင်ကျောင်းကိုပါ တိုက်ခိုက်သွားခဲ့သဖြင့် စာသင်ကျောင်းပျက်စီးသွားကြောင်း သိရသည်။ mizzima

ဗန်းမောက်၊ စီးမော်ရွာနှင့် သောင်ကြီးရွာကို စစ်တပ်က လေယာဥ်ဖြင့် ပစ်ခတ်ပြီး မီးတင်ရှို့၊ နေအိမ် ၃၁ လုံးနှင့် ဝန်ထမ်း အိမ်ယာ အပါအ ဝင် အုပ်ချုပ်ရေးမှူးရုံးပါ ပြာကျ

စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ် စီးမော်ရွာနှင့် သောင်ကြီးရွာကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ပစ်ခတ်ပြီး မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ပြည်သူများထံမှ သိရသည်။

အကြမ်းဖက် စစ်တပ်သည် စီးမော်ရွာနှင့် သောင်ကြီးရွာကို အောက်တိုဘာလ ၇ ရက်နေ့နှင့် ၈ ရက်နေ့တို့တွင် ဂျက်ဖိုက်တာ ၃ စီးဖြင့် ပစ်ခတ်ခဲ့ပြီး ဒေသခံ ပြည်သူများ ကျေးရွာအတွင်းမှ ထွက်ပြေးတိမ်းရှောင်စဥ် စစ်တပ် စစ်ကြောင်းများ ဝင်ရောက်လာပြီး ပြည်သူပိုင် နေအိမ် ၃၁ လုံးနှင့် ဝန်ထမ်း အိမ်ယာ အပါအဝင် အုပ်ချုပ်ရေးမှူးရုံးကိုပါ မီးရှို့ဖျက်ဆီး သွားကြောင်း သိရသည်။

” ၇ ရက်နေ့နဲ့ ၈ ရက်နေ့တွေမှာ ဗန်းမောက်မြို့ စီးမော်ကျေးရွာနဲ့ သောင်ကြီး ကျေးရွာကို စစ်ခွေးတွေ ၂ ရက်ဆက်တိုက် ဂျက်ဖိုက်တာတွေနဲ့ လာပစ်တယ်။ စီးမော်ကျေးရွာထဲက ပြည်သူပိုင် နေအိမ် ၂၄ လုံး၊ ပညာရေးဝန်ထမ်း အိမ်ယာ ၇ လုံး၊ ကျေးရွာအုပ်ချုပ်ရေးရုံး ၁ ရုံးနဲ့ သောင်ကြီးရွာက ပြည်သူပိုင် နေအိမ် ၇ လုံးကို မီးရှို့ ဖျက်ဆီးသွားတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။ khit thit

ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ

‌ကန့်ဘလူမြို့နယ် အရှေ့မြောက်ပိုင်းမှာ အင်အား ၈၀ ပါ စစ်ကောင်စီစစ်ကြောင်းကို အောက်တိုဘာ ၉ ရက် မနက်ပိုင်းက ဆွဲမိုင်း ၅ လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်း တော်လှန်ရေးအဖွဲ့ဝင် တဦးက ပြောပါတယ်။

အခုလို တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၇ ဦးထက်မနည်းသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၈ ရက် ညနေပိုင်းက  ကန့်ဘလူမြို့နယ်၊ ဇင်းရွာအနီး စစ်ကောင်စီစစ်ကြောင်းကို ကန့်ဘလူ တပ်ရင်း(၃)နဲ့ ပကဖတွေက  လိုက်လံပစ်ခတ်ရာမှာ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ Kawlin Info အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ချိန် စစ်တပ်က လက်နက်ကြီးနဲ့ပြန်ပစ်တာကြောင့် အရပ်သား ၂ ယောက်ဖြစ်တဲ့ အသက် ၂၅ နှစ်အရွယ် ရဲမင်းဝေနဲ့ လှိုင်ဇော်ဦးတို့ လက်နက်ကြီးထိမှန်သေဆုံးခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးရှိပေမဲ့ စုံစမ်းမရသေးဘူးလို့ သိရပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက် ထိခိုက်ကျဆုံးမှု စာရင်းကိုတော့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို ထုတ်ပြန်တာလဲ မတွေ့ရသေးပါဘူး။ DVB

PST တပ်ခွဲမှ သီတင်းကျွတ်လပြည့်နေ့အကြို စစ်ဘေးရှောင်များအတွက် စားသောက်ကုန်များ လှူဒါန်း

ရှမ်းတောင်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သော ချိုးဖြူပြောက်ကျားတပ်ဖွဲ့(PST)တပ်ခွဲမှ သီတင်းကျွတ်လပြည့်နေ့အကြို ကု သိုလ်ကောင်းမှုအနေဖြင့် စစ်ဘေးရှောင်ပြည်သူများအား ဆန်၊ဆီ၊ဆားအပါအဝင် အခြားသော အခြေခံစားသောက်ကုန်များဖြင့် အောက်တို ဘာလ ၇ ရက်နေ့က သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

အရေးပေါ်စားနပ်ရိက္ခာများ လိုအပ်လျက်ရှိနေသော စစ်ဘေးရှောင်ပြည်သူများအား လှူဒါန်းနိုင်ရန်အတွက် ချိုးဖြူတပ်ဖွဲ့ သို့ လှူဒါန်းထားသော အလှူငွေများအား ခြိုးခြံချွေတာသုံးစွဲပြီး ထမင်းတစ်နပ်၊ဟင်းတစ်ခွက်လျှော့စားကာ စစ်ရှောင်ပြည်သူများအား ပြန်လည်မျှဝေလှူဒါန်းခြင်းဖြစ် ကြောင်း ချိုးဖြူတပ်ဖွဲ့ဝင်များက ပြောသည်။

ယခုကဲ့သို့လှူဒါန်းနိုင်ရန်အတွက် ဦးဉာဏ်ဦး(US) မိသားစုမှ အမေရိကန်ဒေါ်လာ ၃၀၀ နှင့်Young (TGI) မှ မြန်မာငွေ ၁သိန်း၅သောင်းကျပ်အား ချိုးဖြူပြောက်ကျားတပ်ဖွဲ့သို့ ပါဝင်လှူဒါန်းထားကြောင်းလည်း သိရသည်။

”ပြည်သူမှာ ပြည်သူတွေပဲရှိတဲ့အတွက်ကြောင့် ပြည်သူတွေအနေနဲ့ မိမိတတ်နိုင်တဲ့ဘက်က ဝိုင်းဝန်းကူညီပါဝင်ပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ တော်လှန်သီတင်းကျွတ်ရက်လေးမှာ ဓမ္မကသာနိုင်ပြီး အဓမ္မမှုတွေ လောင်ကျွမ်းပြာကျစေဖို့ မိမိတို့ချိုးဖြူတပ်သားများမှ သီတင်း ကျွတ်အခါသမယနေ့မှာ ဆုတောင်းပါတယ်ဗျ”ဟု ချိုးဖြူပြောက်ကျားတပ်ဖွဲ့ (JPGF) မှ ရဲဘော်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၄ ရက်နေ့နှင့် သြဂုတ်လ ၁၃ ရက်နေ့တို့တွင်လည်း ရှမ်းတောင်ရှိ စစ်ဘေးရှောင်ပြည်သူများအတွက် အရေးပေါ်လိုအပ်လျက်ရှိသော မိုးကာ၊စောင်၊အနွေးထည်၊အခြေခံစားသောက်ကုန်များနှင့် ဆေးဝါးများ၊ကျောင်းသုံးစာအုပ်၊ခဲတံများကို ချိုးဖြူပြောက်ကျားတပ်ဖွဲ့မှ သွားရောက်လှူဒါန်းခဲ့သေးသည်။ mizzima

မန္တလေး၊ မွန်နှင့် စစ်ကိုင်းတို့တွင် စစ်တပ်နှင့်သက်ဆိုင်သော နေရာများ ဗုံးခွဲ ပစ်ခတ် တိုက် ခိုက်မှုများ ဖြစ်ပွားပြီး ထိခိုက် မှုများရှိ

မန္တလေးတိုင်း၊ မွန်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့နှင့်ပတ်သက်သော နေရာများကို ဗုံး ဖောက်ခွဲ၊ ပစ်ခတ် တိုက်ခိုက်မှုများ ရှိပြီး ထိခိုက် ဒဏ်ရာ ရရှိမှုတချို့ ရှိကြောင်း ကာကွယ်ရေး တပ်ဖွဲ့ဝင်များထံမှ သိရသည်။

ကျောက်ပန်းတောင်းမြို့ပေါ်တွင် ဗုံးပေါက် ထိခိုက်မှုများရှိ

===================================

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့ အထက ၂ ကျောင်းရှေ့တွင် ယနေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း KPG Update Newsက သတင်းဖော်ပြသည်။

ဗုံးပေါက်ကွဲမှု ဖြစ်စဥ်အတွင်း ထိခိုက်ဒဏ်ရာ ရရှိသူများရှိပြီး အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက အထက ၂ ကျောင်းရှေ့တွင် ပိတ်၍ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း၊ အဆိုပါ ဗုံးပေါက်ကွဲမှုသည် PDF များလက်ချက်မဟုတ်ကြောင်း၊ ပြည်သူတစ်ဦး အနည်းငယ်ထိခိုက်ဒဏ်ရာရကြောင်း KPG Update Newsက ဆိုသည်။

ရေးမြို့ စစ်တပ် စစ်ဆေးရေး ဂိတ်စခန်း ပစ်ခတ်ခံရပြီး ၃ ဦး ထိခိုက် ဒဏ်ရာရ

===========================================

မွန်ပြည်နယ် ရေးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် ရေးတံတားကြီး စစ်ဆေးရေးဂိတ်ကို MSRO တပ်ဖွဲ့က ၄၀ မမများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် ရေးတံတားကြီး စစ်ဆေးရေးဂိတ်ကို မွန်ပြည်နယ် အခြေပြု တော်လှန်ရေးတပ်ဖွဲ့ (MSRO)က ၄၀ မမ လောင်ချာများဖြင့် ယနေ့ အောက်တိုဘာလ ၉ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦး ထိခိုက် ဒဏ်ရာရရှိကာ လူနာတင်ယာဥ်နှင့် လာရောက်သယ်ယူသွားကာ သေဆုံးခြင်း ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

ကျွန်းလှမြို့ ဆင်စွယ်ရဲကင်းစခန်း ဒရုန်းဖြင့် တိုက်ခိုက်ခံရ ထိခိုက် ဒဏ်ရာ ရရှိမှုများရှိ

===========================================

စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ် ဆင်စွယ် ရဲကင်းစခန်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဆင်စွယ် ရဲကင်းစခန်းကို အောက်တိုဘာလ ၉ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း (၁၆) ရွှေဘို နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၁) တပ်ခွဲ (၄) ကန့်ဘလူခရိုင်တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် ရဲကင်းစခန်းကို ၄၀ မမ ဗုံးသီး ၁ လုံး၊ လက်လုပ် ဗုံးသီး ၁ လုံးဆို့ကို Drone ဖြင့် ချိတ်ဆွဲကာ ပျူစောထီးနှင့် စစ်သားများ နားနေသော သစ်ပင်ရိပ်အောက် တည့်တည့်ကို ဗုံးသီးချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း ကာကွယ်ရေး တပ်ဖွဲ့များ ထံမှ သိရသည်။

ချမ်းအေးသာစံမြို့နယ်တွင် စစ်ကောင်စီ လှည့်ကင်းကားကို မိုင်းဆွဲ တိုက်ခိုက်သော်လည်း ပေါက်ကွဲမှုမရှိ

==========================================

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်တွင် ကင်းလှည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ပဒေသာမိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်သော်လည်း ပေါက် ကွဲမှု မရှိကြောင်း GZP မြို့ပြ ပြောက်ကျား တပ်ဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ ကင်းလှည့် DC ကားတွင် စစ်ကောင်စီ တပ်သား ၈ ဦးပါဝင်ပြီး ၆၂ လမ်း၊ ၂၇ လမ်းနှင့် ၂၈ လမ်းကြားတွင် Generation Z Power (Mandalay) မြို့ပြပြောက်ကျား တပ်ဖွဲ့က ပဒေသာမိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့သော်လည်း DC ကားပေါ်တွင် ဖောက်ခွဲရေး ဖောက်ခွဲရေး ပိတ်ဆို့နိုင်သည့် စက်ကိရိယာများ ပါဝင်သောကြောင့် ဖောက်ခွဲတိုက်ခိုက်မှု မအောင်မြင်ခဲ့ကြောင်း GZP တပ်ဖွဲ့က ထုတ်ပြန်ထားသည်။ khit thit

စစ်တွေမြို့တွင် ALP/ALA အဖွဲ့က ဒေသခံ ၂ ဦးကို ပစ်ခတ်ဖမ်းဆီး

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ အောက်တိုဘာလ ၉ ရက် မနက်ပိုင်းက ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP/ALA) အဖွဲ့ဝင်တွေက ပြည်သူ ၂ ယောက်ကို ပစ်ခတ်ဖမ်းဆီးခဲ့ တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နာဇီရွာက ကုန်စုံဆိုင်မှာ ဒီနေ့ မနက် ၁၁ နာရီ မိနစ် ၄၀ လောက် ALP အဖွဲ့ဝင်တယောက် အရက်လာဝယ်တဲ့အချိန် ဆိုင်ပိုင်ရှင်ရဲ့ သမီးဖြစ်သူက အရက်ကြွေး ၂၅၀၀ ကျပ်တောင်းတာကို မဖွယ်မရာလုပ်ပြတဲ့အတွက် ဆိုင်ရှင်ရဲ့သားနဲ့ ယောက်ဖြစ်သူက ရိုက်နှက်ပြီး လွှတ်လိုက်တယ်လို့ စစ်တွေမြို့ခံ တယောက်က ပြောပါတယ်။

ခဏအကြာမှာတော့ အဲဒီ ALP အဖွဲ့ဝင် ၈ ယောက် ကားတစီးနဲ့ သေနတ်တွေ သံတုတ်တွေ၊ ဓားမြောင်တွေနဲ့ ရောက်လာပြီး ဆိုင်ရှင် ဒေါ်အေးကျော့ယဥ်ရဲ့ သားမက် ကိုခင်မောင်ဝင်းအား သေနတ်နဲ့  ၄ ချက်ပစ်ခတ်လိုက်ခဲ့တာကြောင့် ဝမ်းဗိုက်၊ ပေါင်၊ လက်နဲ့ တင်ပါးတို့မှာ သေနတ်ဒဏ် ရာတွေ ရရှိခဲ့သလို သားဖြစ်သူ ရန်နောင်စိုးမှာလည်း ရိုက်နှက်ခံရတာကြောင့် ဦးခေါင်း ဒဏ်ရာရရှိကာ ကားပေါ်ကို ဆွဲတင်သွားကြတယ်လို့ သိရပါတယ်။

သူတို့ ALP ရုံးကိုရောက်တော့လည်း ရိုက်နှက်နှိပ်စက်တာတွေလုပ်နေလို့ ကိုခင်မောင်ဝင်းရဲ့ ဇနီးဖြစ်သူ မငုံချေက စစ်တွေမြို့မစခန်းမှူးကို အ ကူညီတောင်းတော့မှ ပြန်လွှတ်ပေးလိုက်ပြီး စစ်တွေပြည်သူ့ဆေးရုံကြီးမှာ အရေးပေါ်ဆေးဝါး ကုသမှု ခံယူနေရတယ်လို့ ဆွေမျိုးတော်စပ်သူ တယောက်က ပြောပါတယ်။

ALP အဖွဲ့ဟာ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းပြီး  နာဇီရွာ(စက်ရုံစု) ရပ်ကွက်၊ မီးလောင်ကွင်းမှာလည်း အောက်တိုဘာ ၆ ရက် မနက်ပိုင်းက အ သက် ၄၁ နှစ်အရွယ် ဦးလယ်အောင်သိန်းနဲ့ ဇနီးဖြစ်သူ အသက် ၃၉ နှစ်အရွယ် ဒေါ်ဦးခင်သိန်း(ခ)ဆိုးမတို့ကို ဖမ်ဆီးခဲ့သလို အောက်တိုဘာ ၃ ရက်မှာလည်း ဒေသခံ ၄ ယောက်ကို သံတုတ်တွေနဲ့ ဝိုင်းဝန်းရိုက်နှက်ခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီ ALP/ALA အဖွဲ့ဟာ စစ်ကောင်စီနဲ့ NCA လက်မှတ်ရေးထိုးထားပြီး နာဇီရွာ စက်ရုံစု ရပ်ကွက်မှာ ဌာနချုပ်ရုံးဖွင့်လှစ်ကာ စစ်တွေမြို့ခံတွေကို နည်းမျိုးစုံနဲ့ ဒုက္ခပေးနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ DVB

« Older Entries