Monthly Archives: Oct 2022

ရခိုင်တွင် စက်လှေများကို ရေတပ်က ဖမ်းဆီးငွေညှစ်၊ နေရပ်ပြန်စစ်ဘေးရှောင်များကို စစ် တပ်က တားမြစ်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှာ အောက်တိုဘာ ၂၁ ရက် နေ့လယ်က စစ်ကောင်စီရေတပ်က ပြည်သူပိုင် စက်လှေတွေကို ဖမ်းဆီးပြီး ငွေညှစ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်တွေမြို့ မြို့မစျေး ဆိပ်ကမ်းကနေ စစ်ကောင်စီရေတပ်က မနေ့က နေ့လယ်ပိုင်းမှာ စက်လှေတွေကို လိုက်လံစစ်ဆေးပြီး စက်လှေ တစီးကို ကျပ် ၁ သိန်းမှ  ၂ သိန်းအထိ ငွေညှစ်နေတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။

“စစ်ကောင်စီရဲ့ ရေတပ်က စျေးကြီးဆိပ်ကမ်းနားကနေ မနေ့က ညနေ ၅ နာရီလောက်မှာတော့ စက်လှေအကြီးတစီးကို ဖမ်းဆီးပြီး စစ်တွေမြို့ ရွှေမင်းဂံ ဆိပ်ကမ်းကိုခေါ်သွားကြတယ်။ အဲဒီစက်လှေပေါ်မှာ ဘာကုန်ပစ္စည်တွေပါတယ်ဆိုတာကို အတိကျမသိရပေမဲ့ စစ်ကောင်စီဘက်ကတော့ စားနပ်ရိက္ခာ၊ဆေးဝါးနဲ့ လူသုံးကုန်ပစ္စည်းတွေကို မတရားဖမ်းဆီးတာတွေ ဆက်တိုက်ပြုလုပ်နေတယ်။”

အဲဒီလို ငွေညှစ်ခံရတဲ့အထဲ ခရီးသည်တင်စက်လှေတွေနဲ့ ငါးဖမ်းစက်လှေတွေပါဝင်ပြီး အများစုကတော့ ငါးဖမ်းစက်လှေတွေဖြစ်ကာ ကျပ် ၂ သိန်းကျပ်တောင်းပေမဲ့ တချို့စက်လှေတွေကတော့ မပေးနိုင်တဲ့တွက်  ကျပ် ၁ သိန်းနဲ့ အဆင်ပြေခဲ့တာလည်းရှိတယ်လို့ စစ်တွေဒေသခံတယောက်က ပြောပါတယ်။

မောင်တောမြို့နယ်မှာတော့ တိုက်ပွဲတွေမရှိတော့လို့ နေရပ်ပြန်တဲ့ စစ်ဘေးရှောင်တွေကို စစ်ကောင်စီ နယ်ခြားစောင့်တပ်စခန်းဌာနချုပ်က ပိတ်ဆို့ထားလို့ ရွာသားတချို့  အိမ်မပြန်နိုင်ဘဲ အခက်အခဲကြုံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မောင်တောမြို့နယ်မြောက်ပိုင်း ဒေသခံ အမျိုးသမီးတယောက်က “ကျမတို့ ရွာဘက်တွေမှာတော့ လက်နက်ကြီး ပစ်ခတ်သံတွေ မကြားရတာ ၁၀ ရက်ကျော်လောက် ရှိနေပြီး နေရပ် ပြန်လာနိုင်တဲ့ သူတွေ ရှိသလို စစ်ကောင်စီရဲ့ နယ်ခြားစောင့်ဌာနချုပ်က ပိတ်ဆို့ထားလို့ မပြန်နိုင်တဲ့သူတွေလည်း ရှိနေတယ်” လို့  ပြောပါတယ်။

စစ်ကောင်စီတပ်တွေက လမ်းတွေ ပိတ်ဆို့ထားလို့ စားနပ်ရိက္ခာနဲ့ ကုန်ပစ္စည်း စျေးနှုန်းတွေ မြင့်တက်နေပြီး စားဝတ်နေရေး အခက်အခဲ ကြုံတွေ့နေရတယ်လို့လည်း ဆိုပါတယ်။

ဒေသခံ တဦးက “နယ်ခြားစောင့်ဌာနချုပ်က လုံးဝမလွှတ်ဘူး။ ဆရာတော်ထောက်ခံချက်၊ အုပ်ချုပ်ရေးမှူး ထောက်ခံချက်တွေနဲ့ သွားတာလည်း လုံးဝမလွှတ်ဘူး။ ဒါကြောင့်မို့ စားဝတ်နေရေးတွေ အခက်အခဲ ကြုံနေရတဲ့အတွက် လမ်းတွေကို ပြန်ဖွင့်ပေးပြီး စျေးဝယ်တဲ့ကားတွေကို ဖြတ်သန်း သွားလာခွင့်ပေးဖို့ တောင်းဆိုချင်တယ်။”လို့ ဆိုပါတယ်။

တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် လယ်စိုက်ခင်းတွေကို ပစ်ထားခဲ့ရကာ စပါးခင်းတွေကို နွားစားတာတွေ၊ ပေါင်းမထိုးနိုင်တာတွေကြောင့် ပျက်ဆီးဆုံးရှုံးကြရပြီး စပါးအထွက်နှုန်းတွေ လည်း လျော့နည်းသွားခဲ့သလို စပါးသီးနှံ မရလိုက်တဲ့သူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်ရတာက အခက်အခဲမရှိပေမဲ့ ကိုယ့်အိမ်မှာနေရတာက ပိုကောင်းတဲ့အတွက် နေရပ်ပြန်ဖို့ ကြိုးစားကြတာဖြစ်ပြီး စစ်ရှောင်စခန်းတွေမှာ အလှူရှင်တွေ မရှိရင် အခက်အခဲတွေ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ တိုက်ပွဲတွေ ဖြစ်ပွားနေလို့ နေရပ်စွန့်ခွာ ထွက်ပြေးလာတဲ့ အရင်စစ်ဘေးရှောင်ပြည်သူ ၈၀,၀၀၀ ကျော် အထိရှိနေပါတယ်။

သြဂုတ်လအတွင်းကစလို့ တကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားတဲ့အတွက် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်လာသူတွေအတွက် စားနပ်ရိက္ခာ၊ အဝတ်အထည်၊ စောင်၊ ခြင်ထောင်၊ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အရေးပေါ် အကူအညီတွေ လိုအပ်နေပါတယ်။ DVB

တရုတ်ထုတ် လိင်ဖျော်ဖြေရေးအရုပ်မ ၂ ခုကို မယ်တော်ကြီး ဟုအမည်တပ်ကာ ရွှေတိဂုံစေ တီတော်ကားပါကင်တွင် လူအများ၏ ကန် တော့ခံနေမှု လူမှုကွန်ရက်မှုတွင် ဝေဖန်မှုများမြင့်တက်

တရုတ်နိုင်ငံထုတ် လိင်ဖြေဖျော်ရေးအရုပ်မ ၂ ခုကို မယ်တော်ကြီး ၂ ပါးဟုဆိုကာ ရွှေတိဂုံစေတီတော်ကားပါကင်တွင် လူအများ ကန်တော့ခံနေသည့် ဓာတ် ပုံများ လူမှုကွန်ရက်မှုတွင် ပြန့်နှံ့လာပြီးနောက် ပြည်သူများအကြား ဝေဖန်မှုများမြင့်တက်လျက်ရှိသည်ကို တွေ့ရသည်။

အင်းဝိဇ္ဇာဓိုရ် ဆိုသူက တစ်ရုပ်လျှင် အမေရိကန်ဒေါ်လာ ၂၄၀၀ တန် တရုတ်နိုင်ငံထုတ် လိင်ဖြေဖျော်ရေးအရုပ် ၂ ရုပ်ကို မြန်မာအဝတ်အစားများ ဝတ်ဆင်ပေးပြီး အရိယာ သောတာပန် သူရဿတီ မယ်တော်ကြီး နှင့် သီရိဒေဝီ မယ် တော်ကြီးအမည်တပ်၍ ကားဖြင့်ပင့်ဆောင်ပြီး ရွှေ တိဂုံစေတီကားပါကင်တွင် ရင်ငွေ့လှုံ အသက်သွင်းသည်ဟုဆိုကာ လူအများကို ကန့်တော့ခိုင်းခြင်းများ ပြုလုပ်နေခြင်းဖြစ်ကြောင်း၊ ရွှေတိ ဂုံစေတီလုံခြုံရေးနှင့် ဂေါပကအဖွဲ့များက လည်း ၀ိုင်းရံ ခွင့်ပြုပေးထားကြောင်း သိရှိရသည်။

ထိုကဲ့သို့ လိင်ဖြေဖျော်ရေးအရုပ်များကို မယ်တော်ကြီးဟု အမည်တပ်၍ ကန် တော့ခံနေမှုသည် သာသနာညိုးနွမ်းစေသည့်အပြင် အများအ မြင်လည်း မတင့် တယ်ကြောင်း၊ ပြည်တွင်း၊ ပြည်ပ မြန်မာများအတွက် ရယ်စရာဟာသတစ်ခုအဖြစ် လည်းကောင်း ဝေဖန်မှုများစွာ လူမှုကွန်ရက်တွင် တဟုန်ထိုးမြင့်တက်လျက် ရှိသည်ကို မြင်တွေ့ရသည်။ khit thit

ပေါက်ခေါင်းမြို့နယ် လျှပ်စစ်ရုံး မိုင်းပေါက်ကွဲမှု (၂ ) ကြိမ်ဖြစ်ပွါး၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးနိုင်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် မြို့နယ်လျှပ်စစ်ရုံးတွင် အောက်တိုဘာလ၂၀ရက် ည ၈ နာရီခန့်က မိုင်းပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းမိုင်းပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်ဖွဲဝင်များ သေဆုံးနိုင်ကြောင်း ပေါက်ခေါင်းလွတ်မြောက်ရေးအင်အားစုထံက သိရသည်။

“လျှပ်စစ်ရုံးအတွင်းထဲကို ၇နာရီ၄၅ မိနစ်။ အပြင်ကိုက ၈နာရီ၁၅မှာခွဲတယ်။ နာရီဝက်ခြားပြီး အထဲကို အရင်ခွဲတာ remote(အဝေးထိန်းခလုတ်) နဲ့ ထိန်းချုပ်ပြီးခွဲတာ။ ရဲတွေဆိုင်ကယ်နဲ့ အုံလာမှ နောက်တစ်လုံးထပ်ခွဲတယ်။ မီးတွေပါ ထတောက်တယ်”ဟု ပေါက်ခေါင်းလွတ်မြောက်ရေးအင်အားစုမှ တာဝန်ခံ ဗိုလ်ဒိုင်ကြီးက ပြောသည်။

အဆိုပါ မိုင်းပေါက်ကွဲမှုကို မြို့ပြလူကြီးလူကောင်းများအဖွဲ့က မြို့ပြကျောက်ခဲဟင်းညို စစ်ဆင်ရေးအမည်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဒေါက်တိုင်များဖြစ်သည့် ဌာနဆိုင်ရာများနှင့် Non-CDMများကို ပစ်မှတ်ထားသည့် စစ်ဆင်ရေးဖြစ်ကြောင်း ပေါက်ခေါင်းလွတ် မြောက်ရေးအင်အားစုက ထုတ်ပြန်ထားသည်။

ယင်းအဖွဲ့သည် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ပေါက်ခေါင်းမြို့နယ် လဝကရုံးနှင့် စည်ပင်ရုံးတို့ကိုလည်း မိုင်းဖောက်ခွဲမှုပြုလုပ်ခဲ့သေးသည်။ mizzima

ဟားခါးမြို့နယ်၌ စစ်ကောင်စီတပ်၏ ကျောဘုတ်စစ်ဆေးရေးစခန်းကို CDF က တိုက်ခိုက်

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှာ ဟားခါး-မတူပီကားလမ်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ရဲ့ ကျောဘုတ်စစ်ဆေးရေးစခန်းကို အောက်တိုဘာ ၂၁ ရက် မနက်ပိုင်းက CDF (ဟားခါး)အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးသွားတယ်လို့ Senthang Council ဆဲန်ထန်ကောင်စီက ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၁၉ ရက်က ဘွန်လုံးကျေးရွာမှာ ကျေးရွာပြည်သူတွေကို စစ်ကောင်စီတပ်ဖွဲ့က ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်မှုအတွင်း မူလတန်းကလေးငယ် ၂ ဦးသေဆုံးမှုနဲ့ ၁ ဦး အပြင်းထန်ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပေါ် ပြန်လည်လက်တုံ့ပြန်တာလို့ ဆိုပါတယ်။

ဆဲန်ထန် ကောင်စီ တာဝန်ရှိသူတစ်ဦးက “သူတို့စစ်ဆေးရေးစခန်းကို တိုက်ခဲ့တာဟုတ်ပါတယ်။ ကျောင်းပြန်လာတဲ့ ကလေးနှစ်ယောက် သူတို့ ဒရုန်းနဲ့ ဗုံးချလို့ အသက်ဆုံးရှုံးခဲ့ရတဲ့အပေါ် လက်စားခြေတိုက်ခိုက်တာပါ။ အဲ့ဒီမှာတင် စစ်ကောင်စီတပ်ဘက်က ၅ ယောက်သေတယ်။ မိမိတို့ဘက်မှာတော့ အထိခိုက်တစုံတရာတော့ မရှိခဲ့ပါဘူးခင်ဗျ ” လို့ ပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို ချင်းပြည်နယ်ကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ CDF – Hakha Battalion 2 (Senthang) မှ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်

တိုက်ခိုက်မှုဟာ သေဆုံးသွားတဲ့ စစ်သားတွေရဲ့ အလောင်းတွေကို စစ်ကောင်စီတပ်ဖွဲ့က စစ်ကားအကြီး ၂ စီး၊ ကားအသေး ၃ စီးနဲ့ သယ် ဆောင်သွားကြတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အောက်တိုဘာ ၁၉ ရက်က ဘွန်လုံးကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်မှုမှာ မူလတန်းကျောင်းသူ တယောက် အပြင်းထန်ဒဏ်ရရှိခဲ့ကာ အသက် ၆ နှစ်အရွယ် မောင်ဟင်နရီဘွေလျန်းနဲ့ အသက် ၇ နှစ်အရွယ် မောင်ဂျိမ်းစ်ရှမ်ဇအုပ်တို့ သေဆုံးသွားခဲ့ပါတယ်။ DVB

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်မည့် နိုင်ငံတော်သံဃာ မဟာနာ ယကအဖွဲ့၏ ဩဝါဒခံယူပွဲ ရွှေတိဂုံစေတီရင် ပြင်တွင် လုံခြုံရေး စိတ်မချရ၍ စစ်တပ်ဓမ္မာရုံသို့ ချက်ချင်း ပြောင်းရွှေ့ ၊ ဆရာတော်ကြီးတ ချို့ ပွဲတက်ရန် ငြင်းဆန်သော်လည်း အတင်း အကျပ် ပင့်ဆောင်ခံရ

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်ရန် ရှိနေသည့် နိုင်ငံ တော်သံဃာမဟာနာယကအဖွဲ့၏ ဩဝါဒခံယူပွဲ ရွှေတိဂုံစေတီရင်ပြင်တွင် လုံခြုံရေး စိတ်မချရ၍ စစ်တပ်၏ မင်းဓမ္မ ဓမ္မာရုံသို့ ချက်ချင်း ပြောင်းရွှ့ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။

YMBA ခေါ် ဗုဒ္ဓကလျာဏယု၀အသင်းက ဦးဆောင်ပြုလုပ်သည့် နိုင်ငံတော်သံဃာမဟာနာယကအဖွဲ့ ၏ ဩဝါဒခံယူပွဲကို မူလက ရွှေတိဂုံ စေ တီတော် ရင်ပြင်တွင် ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း ဒရုန်းဖြင့် လာရောက် တိုက်ခိုက်နိုင်ခြင်း၊ အများသူငှာများ ရောနှောနေခြင်း အပါအဝင် လုံခြုံရေးစိုးရိမ်ချက်များကြောင့် ချက်ချင်းပင် မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ စစ်တပ်က ဆောက်လုပ်လှူဒါန်းထားသော သီရိမင်္ဂလာမဟာသာသနာ့ဗိမာန်တော်သို့ အားချင်း ပြောင်းရွှေ့ကျင်းပ ကြောင်း သိရှိရသည်။

“မူလက ဆရာတော်ကြီးတွေကို ဖိတ်တာက ရွှေတိဂုံစေတီတော်ရင်ပြင်တန်ဆောင်းမှာ ဖိတ်တာ။ နောက်တော့ လုံခြုံရေးစိတ်မချရလို့ စစ်တပ် မင်းဓမ္မ ဓမ္မာရုံကို ချက်ချင်းပြောင်းတာ။ ဆရာတော်ကြီးတွေကိုလည်း ချက်ချင်း အဲဒီကို ကြွခိုင်းတယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်း မြစ်က ပြောသည်။

မင်းအောင်လှိုင်နှင့် YMBA အဖွဲ့က ပြုလုပ်သည့် ဩဝါဒခံယူပွဲသို့ ဆရာတော်ကြီးတချို့ တက်ရန် ငြင်းဆန်သော်လည်း အတင်းအကျပ် ပင့် ဆောင်ခံရကြောင်း၊ ငြင်းပယ်မရ၍ ဆရာတော်ကြီးတချို့က စိတ်လက်မကြည်မသာဖြင့် လက်ခံလိုက်ရကြောင်း သိရှိရသည်။

အကြမ်းဖက်မင်းအောင်လှိုင်သည် YMBA အသင်း၏ နာယကအဖြစ် ဆောင်ရွက်နေသူဖြစ်သည်။ khit thit

မှတ်ပုံတင်နံပါတ်တစ်ခုထက်ပို ကိုင်ဆောင်ထားသူများ၏ ဘဏ်စာရင်းများ ပယ်ဖျက်ခံရမည်ဟုဆို

အပိုကိုင်‌ဆောင်ထားသည့် မှတ်ပုံတင်နံပါတ်နှင့် သန်းခေါင်စာရင်းများကို ပယ်ဖျက်သွားမည်ဖြစ်ပြီး ပယ်ဖျက်ခံရသည့် မှတ်ပုံတင်နံပါတ်ဖြင့် ဖွင့်လှစ်ထားသည့် ဘဏ်အကောင့်များကိုပါ နိုဝင်ဘာလ ၁ရက်မှ စတင်ကာ ပယ်ဖျက်မည်ဖြစ်ကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် Database အစီအစဉ်မှာ ပြီးစီးနေပြီဖြစ်သည့်အတွက် နိုဝင် ဘာလ ၁ ရက်မှ စတင်ကာ software စနစ်များ စတင်မည်ဖြစ်ကြောင်းလည်း သိရသည်။

ယင်းကဲ့သို့ စတင်ပါက အမည်တစ်ခုတည်းဖြင့် မှတ်ပုံတင်နံပါတ်နှစ်ခု ကိုင်ဆောင်ထားလျှင် တစ်ခုကို Software စနစ်မှ အလိုအလျောက် ဖျက်သိမ်းသွားမည်ဖြစ်ပြီး ဖျက်သိမ်းခံရသည့် မှတ်ပုံတင်နံပါတ်များကို ဘဏ်များသို့ပေးပို့ အကြောင်းကြားသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပယ်ဖျက်ခံရသည့် မှတ်ပုံတင် နံပါတ်ဖြင့် ဖွင့်လှစ်ထားသည့် ဘဏ်အကောင့်များမှာ နိုဝင်ဘာ ၁ရက်မှ စတင်ကာ ငွေသွင်းငွေထုတ် လုပ်ဆောင်၍ ရမည်မဟုတ်ဘဲ ပယ်ဖျက်ခံရမည်ဖြစ်ကြောင်း မဇ္ဈိမ ၏ သတင်းရင်းမြစ်များထံက သိရသည်။

ထို့အပြင် ပိုင်ဆိုင်မှုများ၊ မြေများ၊ အိမ်၊ ကားနှင့် အခြားသော ပိုင်ဆိုင်မှုများကိုလည်း နိုဝင်ဘာလ ၁ ရက် နောက်ပိုင်းမှစတင်ကာ လွှဲပြောင်း၊ ရောင်းချ၊ ဝယ်ယူခြင်းများ လုပ်ဆောင်ခွင့်ရမည် မဟုတ်တော့ကြောင်း သိရသည်။

ထို့အပြင် သန်းခေါင်းစာရင်း တစ်ခုအထက် ရှိသူများအနေဖြင့်လည်း တစ်ခုတည်းသာ ထားရှိရမည်ဖြစ်ပြီး အပိုများအား Software စနစ်ဖြင့် အလိုအလျှောက်ဖျက်သိမ်းသွားမည် ဖြစ်သည်ဟုသိရသည်။

စစ်ကောင်စီအနေဖြင့် ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုအနေဖြင့် လူဦးရေ၊ သန်းခေါင်စာရင်းနှင့် အမျိုးသားမှတ်ပုံတင်ကတ်ပြားများ စီစစ်စစ်ဆေးခြင်းနှင့် Database လုပ်ငန်းများကို နိုင်ငံတစ်ဝန်း ဆောင်ရွက်နေခြင်းဖြစ်ပြီး လက်ရှိတွင် ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။ mizzima

လောင်းလုံးတွင် CDM ဝန်ထမ်း အပါအဝင် အန်အယ်လ်ဒီ ထောက်ခံသူ ၇ ဦး ဖမ်းဆီးခံရ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်မှာ အောက်တိုဘာ ၂၁ ရက် ည ၈ နာရီလောက်က နေအိမ် ၁၀ ကျော်လောက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ပြီး CDM ကျန်းမာရေးဝန်ထမ်း အမျိုးသမီးတဦး အပါအဝင် မြို့ခံ ၇ ဦးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသက် ၂၀ နဲ့ ၆၀ အကြား အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၃ ဦးကို နေအိမ်အသီးသီးမှာပဲ ဝင်ရောက်ဖမ်းဆီးသွားခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ လောင်းလုံးမြို့မရဲစခန်းမှာ ဖမ်းဆီးစစ်ဆေးနေပါတယ်။

အဖမ်းခံရတဲ့သူတွေထဲ အန်အယ်လ်ဒီပါတီ အမာခံထောက်ခံသူအများစု ပါဝင်ပြီး ဘာလို့အခုလို ဖမ်းဆီးခံရတာလဲဆိုတာကိုတော့ အသေး စိတ်မသိရသေးပါဘူး။

အဖမ်းခံရသူတွေရဲ့ မိသားစုဝင်တွေနဲ့ နီးစပ်သူတဦးက “စစ်ဆေးစရာရှိလို့ ခဏလိုက်ခဲ့ဆိုပြီး ခေါ်သွားကြတယ်။ မြို့ပတ်ပြီး လိုက်ဖမ်းနေတာ ၁၀ နာရီလောက်မှ နားတာ။ နာမည်စာရင်း အတိအကျနဲ့လာကြတာ၊ အိမ်မှာမရှိတဲ့သူတွေတော့ လွတ်သွားတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

အဲဒီဖမ်းဆီးမှုတွေကို အောက်တိုဘာ ၂၁ ရက် မနက်ကမှ လောင်းလုံးမြို့ကို အင်အားဖြည့်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ လောက်နဲ့ လောင်းလုံးမြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းလုပ်ဆောင်တာလို့  လောင်းလုံးမြို့နယ် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီနဲ့ အခြေခံ ပ ညာကျောင်းသားများသပိတ်ကော်မတီ(လောင်းလုံးမြို့နယ်)က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နောက်ထပ်ဖမ်းဆီးမှုတွေလုပ်ဖို့ ကြိုးပမ်းနေတာကြောင့် ပြည်သူတွေအနေနဲ့ လုံခြုံရေးသတိရှိကြဖို့ တိုက်တွန်းထားပြီး အောက်တိုဘာ ၂၂ ရက် မနက်ပိုင်းမှာလည်း အဖမ်းခံရသူတချို့ရှိနေပေမယ့် အတည်တော့မပြုနိုင်သေးပါဘူး။

ပြီးခဲ့တဲ့ ဇွန်လအလယ်လောက်ကလည်း လောင်းလုံးမြို့ခံ ၂၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး လက်ရှိ သူတို့ကတော့ ထားဝယ်အကျဥ်းထောင်မှာ ထောင်ဒဏ်အသီးသီး ကျခံနေရပါတယ်။

လောင်းလုံးမြို့နယ်ဟာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ အားကောင်းတဲ့ ဒေသတွေထဲကတခုဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အင်အားသုံးဖမ်းဆီးမှုတွေလည်း မကြာခဏ ရှိနေပါတယ်။ DVB

အမေရိကန်ဒေါ်လာ ၄၂ သန်းတန် ကိုရီးယားစစ်သင်္ဘော လွှဲပြောင်းရောင်းချမှုအတွက် တာဝန်ရှိသူတွေကို အမြန်ဆုံး စွဲချက်တင်ဖို့ တောင်းဆို

မြန်မာ့ရေတပ်ကို ကိုရီးယားနိုင်ငံထုတ် စစ်သင်္ဘောတစ်စင်း ၂၀၀၉ ခုနှစ်အတွင်းက ရောင်းချလွှဲပြောင်းခဲ့မှုအတွက် တာဝန်ရှိတဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်းစီကို တရားစွဲ အရေးယူဆောင်ရွက်ပေးဖို့ Justice for Myanmar နဲ့ Korean Civil Society in Support of Democracy in Myanmar အဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။

လက်ရှိမှာတော့ စစ်သင်္ဘော ရောင်းချမှုအတွက် Posco International၊ Daesun Shipbuilding & Engineering နဲ့ ကိုရီးယားကာကွယ်ရေး ဝန်ကြီးဌာနတို့ကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီး၊ ဒါကို Justice For Myanmar နဲ့ Korean Civil Society in Support of Democracy in Myanmar တို့က ကြိုဆိုတယ်လို့ ယမန်နေ့က ထုတ်ပြန်ပြောဆိုခဲ့တာပါ။

တရားစွဲဆို အရေးယူခြင်းဖြင့် မြန်မာစစ်တပ်ကို စစ်လက်နက်တင်သွင်းရောင်းချမှုအတွက် အရေးယူတာဝန်ခံစေဖို့၊ ကိုရီးယားသမ္မတနိုင်ငံက နောက်ထပ်စစ်လက်နက် တင်သွင်းရောင်းချမှုတွေကို တားဆီးနိုင်ဖို့တွေမှာ တွန်းအားဖြစ်စေမှာဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံကို တောင်ကိုးရီးယားရဲ့ တရားမဝင်စစ်လက်နက်တင်ပို့မှုတွေ

============

ကိုရီးယားနိုင်ငံပိုင် စီးပွားရေးလုပ်ငန်း Eximbank က အများစုပိုင်ဆိုင်ထားတဲ့ Daesun Shipbuilding & Engineering ကုမ္ပဏီဟာ ၂၀၁၇ ခုနှစ်မှာ Landing Platform Dock (LPD) အမျိုးအစား စစ်သင်္ဘောတစ်စင်း တင်ပို့ဖို့ ခွင့်ပြုချက် တောင်းခံခဲ့ပါတယ်။ LPD ဆိုတာ ကုန်းရေ နှစ်သွယ်သုံး စစ်သင်္ဘောအမျိုးအစားဖြစ်ပြီး စစ်တပ်စစ်ဆင်ရေးတွေအတွက် စစ်သည်တွေ နေရာချပေးဖို့နဲ့ စစ်လက်နက်ပစ္စည်းတွေ သယ်ယူပို့ဆောင်ပေးဖို့ ဒီဇိုင်းဆွဲထားတာဖြစ်တယ်။

ဒါပေမဲ့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနရဲ့ Defense Acquisition Program Administration က အဲ့ဒီတင်ပို့ခွင့်တောင်းခံချက်ကို ခွင့်မပြုပဲ ငြင်းပယ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း နောက်ငါးလအကြာမှာ Posco International ကုမ္ပဏီက လူသားချင်း စာနာထောက်ထားမှု အကူအညီပေးအပ်ရေးနဲ့ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးတို့အတွက် အသုံးပြုဖို့ ဘက်စုံသုံးထောက်ပံ့ရေးသင်္ဘော ‘Multi-Purpose Support Vessel (MPSV)’ တစ်စင်း တင်ပို့ရောင်းချဖို့ ခွင့်ပြုချက်တောင်းခံလွှာတစ်စောင်ကို တင်သွင်းခဲ့ပြီး၊ အဲ့ဒီ သင်္ဘောကို အရပ်ဘက် အသုံးပြုမှုအတွက် တည်ဆောက်တာဖြစ်ကြောင်း ပြောခဲ့တယ်။

ဒီတခေါက်မှာတော့ ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ မြန်မာ့ရေတပ်က ကုန်းရေနှစ်သွယ်သုံး တိုက်ခိုက်ရေး သင်္ဘောတစ်စင်းကို ဝယ်ဖို့ကြိုးပမ်းနေတာ၊ အဲ့ဒီ သင်္ဘောကို မြန်မာ့ရေတပ်ကပဲ အသုံးပြုမှာကို သိလျက်နဲ့ တင်ပို့ခွင့်ပေးခဲ့ပါတယ်။

လျှို့ဝှက်ပေါက်ကြားလာတဲ့ ကာကွယ်ရေးဦးစီးချုပ်(ရေ)က မြန်မာစစ်တပ်ရဲ့ ပစ္စည်းဝယ်ယူမှု ညွှန်ကြားရေးမှူးရုံးဆီ ပေးပို့ခဲ့တဲ့ ၂၀၁၇ ခုနှစ် အစည်းအဝေးအကြောင်းကြားစာတစ်စောင်မှာ တချိန်က Posco Daewoo လို့ခေါ်တဲ့ Posco International က တင်ပြလာတဲ့ MPSV စစ်ရေယာဉ်ဝယ်ယူရေး စီစဉ်ထားတဲ့အကြောင်းကို ဖော်ပြထားပါတယ်။

မြန်မာ့ရေတပ်က ပြည်သူ့အာဏာဖီဆန်ရေးလုပ်ရှားမှု (CDM) မှာ ပါဝင်လာသူ ရေတပ်တပ်ကြပ်ကြီး မြတ်မင်းသူက တောင်ကိုရီးယားရဲတပ်ဖွဲ့ဆီ တရားဝင်တင်သွင်းခဲ့တဲ့ သက်သေအထောက်အထား တွေမှာ သင်္ဘောရဲ့ မူလဒီဇိုင်းပုံတွေအရ အဲ့ဒီ သင်္ဘောကိုစစ်ဘက်အသုံးပြုမယ့် ကုန်းရေနှစ်သွယ်သုံး တိုက်ခိုက်ရေး စစ်သင်္ဘောအဖြစ် တည်ဆောက်ခဲ့တာဖြစ်ကြောင်း၊ Posco International က တင်ပို့ရောင်းချခွင့်တောင်းဖို့ တင်သွင်းခဲ့တဲ့ MPSV ဒီဇိုင်းတွေက ဒီဇိုင်းမှားတွေဖြစ်ကြောင်း သက်သေပြနေပါတယ်။

မြတ်မင်းသူက အရင် LPD စစ်သင်္ဘောရဲ့ အမှုထမ်းတစ်ဦးဖြစ်ခဲ့ပြီး၊ တောင်ကိုရီးယားနိုင်ငံမှာ သင်တန်းတက်ရောက်ခဲ့ပါတယ်။ သူဟာ စစ်တပ်ရဲ့ တရားမဝင်အာဏာသိမ်းကြိုးပမ်းမှုနောက် မကြာမှီမှာပဲ LPD စစ်သင်္ဘောနဲ့ ပတ်သက်တဲ့ သက်သေအထောက်အထား ဖိုင်အများအပြားကို သူနဲ့အတူ ယူဆောင်ပြီး ပြည်သူ့အာဏာဖီဆန်ရေးလုပ်ဆောင်မှု (CDM) မှာ ပါဝင်လာခဲ့သူ ဖြစ်တယ်။

အဲ့ဒီ သင်္ဘောတည်ဆောက်ရေးဒီဇိုင်းပုံစံတွေမှာ သေနတ် ၅ လက် ပါဝင်ကြောင်း Justice For Myanmar၊ Korean Civil Society in Support of Democracy in Myanmar နဲ့ Myanmar Now တို့ဆီ မြတ်မင်းသူက ပေးပို့ခဲ့ပြီး၊ ပထမဆုံးအကြိမ် အများပြည်သူရှေ့ ထုတ်ပြန်ခဲ့တဲ့ သင်္ဘော ဒီဇိုင်းပုံတွေက ပြသနေပါတယ်။ Daesun Shipbuilding နဲ့ metadata တို့က ထုတ်ဝေတဲ့ စာရွက်စာတမ်းတွေမှာ အရပ်ဘက်သုံးရေယာဉ်တစ်စင်း တည်ဆောက်ဖို့အတွက် တင်ပို့ရောင်းချဖို့ ခွင့်ပြုချက် ရရှိပြီးနောက်ပိုင်း ၂၀၁၈ ခုနှစ်မှာ အဲ့ဒီသေနတ်တွေပါဝင်တဲ့ ဒီဇိုင်းတွေကို ရေးဆွဲခဲ့တဲ့အကြောင်း ဖော်ပြနေပါတယ်။

အဲ့ဒီသေနတ်တွေကို မြန်မာနိုင်ငံကို သင်္ဘောလွှဲပြောင်းပေးအပ်ပြီးနောက်ပိုင်း ၂၀၁၉ ခုနှစ်မှာမှ တပ်ဆင်ခဲ့တာဖြစ်ပေမယ့် သေနတ်တွေ အတွက် လျှပ်စစ်ကြိုးတွေနဲ့ ဆက်သွယ်ရေးစနစ်တွေကိုတော့ Daesun Shipbuilding & Engineering က တောင်ကိုရီးယားနိုင်ငံမှာ တပ်ဆင်ခဲ့ကြောင်း လျှို့ဝှက်ပေါက်ကြားလာတဲ့ တည်ဆောက်ရေး ဒီဇိုင်းအစီအစဉ်တွေအရ သိရပါတယ်။

လျှို့ဝှက်ပေါက်ကြားလာတဲ့ စာရွက်စာတမ်းတွေက အဲဒီသင်္ဘောကို စစ်သည်တွေနဲ့ စစ်လက်နက် ပစ္စည်းတွေ သယ်ယူပို့ဆောင်ဖို့နဲ့နေရာချဖို့ ဒီဇိုင်းရေးဆွဲထားကြောင်းကိုလည်း ဖော်ပြပါတယ်။

၁.၁ F သင်္ဘောကုန်းပတ်ကို အရာရှိ ၆၉ ဦးကို သယ်ယူပို့ဆောင်ဖို့ ဒီဇိုင်းရေးဆွဲထားပြီး၊ အထူးဧည့်သည်တော်ခန်းတစ်ခု ပါပါတယ်။

၂.၂ G သင်္ဘောကုန်းပတ်ကို စစ်သည် ၂၆၁ ဦးနှင့် ဟယ်လီကော်ပတာ ၃ စင်းအထိ သယ်ယူပို့ဆောင်ဖို့ ဒီဇိုင်းရေးဆွဲထားပါတယ်။ အဲဒီကုန်းပတ်မှာ ဟယ်လီကော်ပတာဆင်းသက်ကွင်း ၂ ကွင်း Mi-2, Bell-412 သို့မဟုတ် Airbus Eurocopter AS365 တို့လို လေယာဉ်တွေ ဆင်းသက်ဖို့ ကွင်းတစ်ကွင်းပါပါတယ်။ LPD စစ်သင်္ဘောတွေမှာ Mi-17 လေယာဉ်တွေ ယာယီဆင်းသက်နိုင်ပါတယ်။

၃.၃ H သင်္ဘောကုန်းပတ်ကို စစ်သည် ၄၅ ဦးနှင့် Sinotruk သို့မဟုတ် Tata trucks ၁၃-၁၅ စီး သယ်ယူပို့ဆောင်နိုင်ဖို့ ဒီဇိုင်းရေးဆွဲထားပါတယ်။

၄.၄ J သင်္ဘောကုန်းပတ်ကို စစ်သည် ၁၈၂ ဦး သယ်ယူပို့ဆောင်နိုင်ဖို့ ဒီဇိုင်းရေးဆွဲထားပါတယ်။

၅.၅ K သင်္ဘောကုန်းပတ်ကို T-72S တင့်ကား ၁၂ စီးနှင့် BTR-3U သံချပ်ကာလူသယ်ယာဉ် ၄ စီးတို့ သယ်ဆောင်နိုင်ဖို့ ဒီဇိုင်းရေးဆွဲထားပါတယ်။

သင်္ဘောဒီဇိုင်းမှာ မြန်မာစစ်တပ်ရဲ့ ထရပ်ကားတွေ၊ တင့်ကားတွေနဲ့ သံချပ်ကာလူသယ်ယာဉ်တွေ၊ ယာဉ်ရွှေ့ပြောင်းပင့်စက်တစ်ခုနဲ့ ၂၃ မီတာ ကမ်းတက်ရေယာဉ် ၂ စီးတို့တွေနဲ့ ကိုက်ညီအောင် ဒီဇိုင်းရေးဆွဲထားတဲ့ ယာဉ်ထိန်းသိမ်းသိုလှောင်ရာနေရာတွေ ပါရှိပါတယ်။

မြတ်မင်းသူဆီက ပေးပို့တဲ့ စာရွက်စာတမ်းတွေအရ ယင်းသင်္ဘောရဲ့တန်ဖိုးက အမေရိကန်ဒေါ်လာ ၄၂.၃ သန်းဖြစ်ကြောင်း သိရပါတယ်။

၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလမှာ Justice For Myanmar၊ Korean Civil Society in Solidarity with Rohingya နဲ့ Korean Transnational Corporation Watch တို့က မြန်မာစစ်တပ်ကို ပံ့ပိုးကူညီ နေကြတဲ့ Daesun Shipbuilding & Engineering, Posco International နဲ့ အခြားစီးပွားရေး လုပ်ငန်းတွေကို တိုင်ကြားတဲ့ တိုင်ကြားစာတွေကို ကိုရီးယားနိုင်ငံရှိ OECD နိုင်ငံအဆင့် တိုင်ကြားချက်ဌာနနဲ့ ကိုရီးယားလူ့အခွင့်အရေးကော်မရှင်တို့ဆီ တင်သွင်းတိုင်ကြားခဲ့ပါတယ်။

အဲ့ဒီတိုင်ကြားမှုကြောင့် LPD တင်ပို့ရောင်းချမှုအပေါ် စုံစမ်းစစ်ဆေးခြင်းနဲ့ ရဲတပ်ဖွဲ့က အမှုဖွင့် စုံစမ်းစစ်ဆေးတာတွေ ဆောင်ရွက်ခဲ့တယ်။ အခုနောက်ပိုင်းမှာ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုတွေကို မြတ်မင်းသူရဲ့ ပူးပေါင်းဆောင်ရွက်မှုကတဆင့် ကူညီပံ့ပိုးပေးခဲ့ပါတယ်။

၂၀၂၁ ခုနှစ်မှာ ကိုရီးယားရုပ်သံ MBC က သတင်းဖော်ပြပြီးနောက် ကိုရီးယား Defense Acquisition Program Administration က မြန်မာစစ်တပ်ကို LPD တင်ပို့ရောင်းချတဲ့ကိစ္စအပေါ် “အလွန်စိတ်မကောင်း” ဖြစ်ရကြောင်း၊ တင်ပို့မှုစစ်ဆေးခြင်းလုပ်ငန်းတွေကို တိုးမြှင့်လုပ်ဆောင်ဖို့နဲ့ တင်ပို့မှု သဘောတူညီချက်တွေကို ချိုးဖောက်ထားတဲ့နိုင်ငံတွေကို အရေးယူနိုင်ရေး ဆွေးနွေးမှု လုပ်ဆောင်သွားဖို့ ကတိပြုကြောင်း ဖော်ပြထားတဲ့ ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက ၎င်းတို့အနေနဲ့ ပြင်ဆင်ရေးသားထားတဲ့ တင်ပို့ရောင်းချမှုလျှောက်လွှာကို ဘယ်လိုလက်ခံခဲ့ပြီး၊ မြန်မာစစ်တပ်ဆီ စစ်သင်္ဘောတစ်စင်း လွှဲပြောင်းပေးအပ်ဖို့ ဘယ်လိုခွင့်ပြုခဲ့တယ်ဆိုတာကို ဖြေရှင်းတာ မရှိပါဘူး။

မြန်မာ့ရေတပ်ပါဝင်ခဲ့တဲ့ ၂၀၁၇ ခုနှစ် ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုစစ်ဆင်ရေး လုပ်ဆောင်ပြီးနောက်ပိုင်း LPD သင်္ဘောကို မြန်မာနိုင်ငံဆီ လွှဲပြောင်းရောင်းချခဲ့တာ ဖြစ်ပါတယ်။ မြန်မာ့ရေတပ်အဖွဲ့ဝင်တွေက ၂၀၁၉ ခုနှစ်၊ ဇွန်လမှာ Posco International၊ Daesun Shipbuild-ing & Engineering တို့နဲ့အတူ ကျင်းပခဲ့တဲ့ သင်္ဘောရေချပွဲအခမ်းအနားကို တက်ရောက်ဖို့အတွက် တောင်းကိုရီးယားနိုင်ငံသို့ သွားရောက်ခဲ့ကြပါတယ်။

အဲ့ဒီ LPD သင်္ဘောကို မင်းအောင်လှိုင် ပါဝင်တင်ရောက်ခဲ့တဲ့ ၂၀၁၉ ခုနှစ် အခမ်းအနားတစ်ခုမှာ စစ်ရေယာဉ်မုတ္တမ (၁၅၀၁) အဖြစ် တပ်တော်ဝင်ခဲ့တယ်။ အခမ်းအနားဗွီဒီယိုရုပ်သံမှာ သင်္ဘောပေါ်မှာ စစ်သားတွေ၊ အထူးတပ်ဖွဲ့တွေ၊ တင့်ကားတွေနဲ့ သံချပ်ကာလူသယ်ယာဉ်တွေ အပြည့်နဲ့ တိုက်ပွဲဝင်ဖို့ အသင့်အနေအထားနဲ့ ရှိနေတာကို တွေ့ရပြီး၊ အဲ့ဒီအချက်တွေက ဒီဇိုင်းစာရွက်စာတမ်းတွေနဲ့ ကိုက်ညီနေတာကို တွေ့ရပါတယ်။

အခုနှစ်အစောပိုင်းမှာ စစ်လက်နက်သတင်းတွေဖော်ပြတဲ့ Janes သတင်းစာက မြန်မာစစ်တပ်ဟာ ရခိုင်ပြည်နယ်အတွင်း သူရဲ့ စစ်သည်တွေ ဖြည့်တင်းမှုမှာ ပံ့ပိုးကူညီဖို့ မုတ္တမစစ်ရေယာဉ်ကို အသုံးပြုနေတဲ့အကြောင်း သတင်းရေးသားဖော်ပြခဲ့တယ်။ အဲ့ဒီစစ်သည်တွေက ရိုဟင်ဂျာတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ရာမှာ ပါဝင်ခဲ့ကြတာပါ။

မြန်မာစစ်တပ်ရဲ့ ကာလရှည်ကြာလက်တွဲနေတဲ့ စီးပွားရေး မိတ်ဖက်တစ်ဦးဖြစ်တဲ့ Posco International ဟာ ရွှေဓါတ်ငွေ့စီမံကိန်းကို ကြီးကြပ်လုပ်ကိုင်‌နေသလို တရုတ်နိုင်ငံကို ဓါတ်ငွေ့တင်ပို့တဲ့ ပိုက်လိုင်းစီမံကိန်းမှာလည်း ရင်းနှီးမြှုပ်နှံထားပြီး အဲ့ဒီစီမံကိန်းက မြန်မာစစ်ကောင်စီအတွက် အကြီးဆုံးနိုင်ငံခြားဝင်ငွေရင်းမြစ်တွေထဲက တစ်ခုဖြစ်ပါတယ်။

ဒါ့အပြင် Posco International ဟာ စစ်ထောက်ချုပ်ရုံးဆီက ငှားရမ်းထားတဲ့မြေနေရာမှာ ငှားရမ်းတည်ဆောက်လုပ်ကိုင်နေတဲ့ Lotte Hotel Yangon မှာလည်း အဓိကရင်းနှီးမြှုပ်နှံထားသူ ဖြစ်ပါတယ်။

၂၀၀၆ ခုနှစ်မှာ Posco International ဟာ သူရဲ့ နာမည်ဟောင်း Daewoo International အနေနဲ့ မြန်မာစစ်တပ်၊ စစ်လက်နက်ထုတ်လုပ်ရေးအရာရှိချုပ်ရုံးရဲ့ အမြောက်ထုတ်လုပ်ရေးအတွက် စက်ပစ္စည်းတွေနဲ့ နည်းပညာတွေကို တရားမဝင် တင်ပို့ရောင်းချခဲ့ပါတယ်။

မြန်မာစစ်တပ်ကို LPD စစ်သင်္ဘောကို လွှဲပြောင်းရောင်းချမှုမှာ တာဝန်ရှိသူတွေကို အရေးယူတာဝန်ခံစေဖို့နဲ့ ကိုရီးယားကုမ္ပဏီတွေအနေနဲ့ မြန်မာစစ်ကောင်စီကို ပံ့ပိုးကူညီနေတာတွေကနေ တားဆီးကာကွယ်ဖို့အတွက် ကိုရီးယားအာဏာပိုင်တွေကို တောင်းဆိုပါတယ်လို့ Justice For Myanmar နဲ့ Korean Civil Society in Support of Democracy in Myanmar တို့ပူးတွဲထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။khit thit

ပြင်ဦးလွင် မီးပုံးပျံပွဲတော် ကျင်းပရန် စစ်ကောင်စီ စီစဉ်နေ

မန္တလေးတိုင်း၊ ပြင်ဦးလွင်တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို မကျင်းပသင့်ကြောင်း ဝေဖန်မှုများရှိနေသည့်ကြားမှ စည်ကားသိုက်မြိုက်စွာကျင်းပသွားရန် စစ်ကောင်စီက ညွှန်ကြားထားကြောင်း သိရသည်။

“ဒီအချိန်ဒီကာလ မလုပ်သင့်ကြောင်း ဝေဖန်နေတာတွေ ကျွန်တော်တို့လည်းပြန်ကြားပါတယ်။ ဒါပေမဲ့လည်း ညွှန်ကြားချက်က ထွက်ထားပြီးပြီ။ မဖြစ်ဖြစ်အောင် မစည်ကား စည်ကားအောင်လုပ်ရမယ်ဆိုလို့၊ ပြင်ဆင်သင့်တာ တွေပြင်ဆင်နေကြတာ” ဟု ပြိုင်ပွဲ၀င်အသင်းတစ်ခုနှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။

နှစ်စဉ် တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့်အတူ ကျင်းပလေ့ရှိသည့် မီးပုံးပျံပွဲတော်ကို လာမည့် နို၀င်ဘာလ ၄ ရက်နေ့မှစ၍ ၈ ရက်နေ့အထိ ငါးရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ ပွဲတော်ကျင်းပရေးကော်မတီက ကြေညာထားသည်။

ပြင်ဦးလွင်တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို ပြည်တွင်း COVID-19 ရောဂါဖြစ်ပွားစဉ်နှင့် စစ်အာဏာသိမ်းသည့်နှစ်တို့တွင် ကျင်းပနိုင်ခြင်းမရှိခဲ့ဘဲ ယခုနှစ်တွင်မှ ပွဲတော်စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရန် စစ်ကောင်စီက အပူတပြင်း စီစဉ်ထားခြင်းဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီနှင့် နီးစပ်သူများထံက သိရသည်။

“မလုပ်ဖြစ်တော့ဘူးလို့တောင် မှတ်တာပါ။ အနားနီးမှ လုပ်ဟေ့လုပ်ဟေ့ဆိုပြီး၊ ချက်ချင်းကြီး ပြင်ဆင်ခိုင်းတာ။ အခါကြီး ရက်ကြီးတွေမှာ ဘုရားဖူးအလည်အပတ်တွေများပြားနေတော့ ဒီပွဲလည်း လူစည်မယ်လို့ မျှော်လင့်တာ ထင်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် ပြင်ဦးလွင်မြို့ ကန်တော်ကြီးအမျိုးသားဥယျာဉ်ပန်းပွဲတော်ကိုလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပသွားရန် ညွှန်ကြားထားကြောင်း သိရသည်။ mizzima

« Older Entries